ကျနော့် ဘဝကို ပြောင်းလဲစေခဲ့ဖူးတဲ့ စာအုပ် တစ်အုပ် 

ဆယ်ကျော်သက်ဘဝမှာ ကိုယ့်နံဘေးကအရာတွေရဲ့ တန်ဖိုးကို မြင်အောင် ပြပေးခဲ့တဲ့ စာအုပ်လေး တစ်အုပ်ရှိတယ်။ စာအုပ်ကလေးကတော့ ခပ်ပါးပါးပါပဲ။ လူအတော်များများ ဖတ်ခဲ့ဖူးလိမ့်မယ်။ မူရင်းက – ရပ်ဆယ်ကွန်းဝဲလ်ရေးတာ။ ဘာသာပြန်သူက ဆရာ ဖေမြင့်။ စာအုပ်နာမည်က စိန်မြေဧကပေါင်းများစွာ…တဲ့။ ဒီစာအုပ်ပါးပါးလေးက ဘဝမှာ အတော်လွှမ်းမိုးမှု အားကြီးခဲ့ပါတယ်။ 

ကျနော်တို့တတွေဟာ ကိုယ့်နံဘေးက အရာတွေကို ကျော်ကျော်မြင်တတ်လေ့ရှိတယ်။ ကိုယ့်နံဘေးမှာ ရှိတဲ့အရာတွေရဲ့ တန်ဖိုးကို မတွေ့မိကြဘူး။ မမြင်မိကြဘူး။ စိန်မြေဧကပေါင်းများစွာ စာအုပ်က ကိုယ့်နံဘေးက အရာတွေရဲ့ တန်ဖိုးကို မြင်အောင်ကြည့်ပြီး ကိုယ့်ဘဝ တိုးတက်ရာတိုးတက်ကြောင်းအတွက် လုပ်နိုင်ဖို့ ကျနော့်ကို သတိပေးခဲ့ပါတယ်။ ကျနော်တို့ မြန်မာစကားပုံထဲကလိုဆိုရင် — အမေကျော် ဒွေးတော် မလွမ်းတတ်အောင်ပေါ့။ ဒီလို ပြောရမလား မသိ။ 

အထူးသဖြင့် ကျနော်တို့ဟာ ကျနော်တို့နဲ့ အလှမ်းဝေးတဲ့အရာတွေကို တမ်းတမျှော်ရည်ပြီး နံဘေးရာအရာတွေရဲ့ တန်ဖိုးကို မေ့လျော့နေတတ်ကြတယ်။ ရပ်ဆယ်ကွန်းဝဲလ်ရဲ့ စာအုပ်က — ကိုယ်နဲ့ အလှမ်းမမှီသေးတဲ့ အဝေးက အရာတွေတင် တန်ဖိုးရှိတယ်လို့ ထင်စေတဲ့စိတ်ကို ဖျောက်ပေးတယ်။ မင်းနံဘေးမှာ ရှိနေတဲ့အရာ၊ မင်းဖင်ခုထိုင်ထားတဲ့အရာ တစ်ခုဟာ စိန်တွင်းကြီး ဖြစ်နေနိုင်တယ်၊ ရွှေတွင်းကြီးဖြစ်နေနိုင်တယ်၊ ငွေတွင်းကြီး ဖြစ်နေနိုင်တယ်… ဆိုတာ လက်တို့ သတိပေးပြီး သတိထားကြည့်ခိုင်းတယ်။ သူကတော့ သူ့စာအုပ်ထဲမှာ ဆင်တူကြောင်းကွဲ စတိုရီလေးတွေ  ပြောပြတာပေါ့။ စတိုရီလေးတွေက အကြောင်းအရာသာကွဲသွားမယ်၊ ဆိုလိုရင်းက အတူတူပဲ‌။ 

ဆယ်ကျော်သက်အရွယ်မှာပဲ ဒီစာအုပ်ပါးပါးလေးကို ထပ်ခါတလဲလဲ ဖတ်ခဲ့မိပါတယ်။ ဆရာဖေမြင့်ရဲ့ စာပေကျေးဇူးဟာ ကျနော်တို့ ဆယ်ကျော်သက်လူငယ်တွေအတွက် ကျေးဇူးပြု အထောက်အပံ့ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် စိန်မြေဧကပေါင်းများစွာ စာအုပ်ကနေ ရတဲ့ အတွေးအမြင်ကြောင့် အလှမ်းမမှီသေးတာတွေကို ကြည့်ပြီး ဝမ်းနည်းနေမယ့်အစား၊ ကိုယ့်နံဘေးမှာ ရှိတဲ့အရာနဲ့ ဖြစ်အောင် လုပ်ဖို့ တွန်းအားဖြစ်ခဲ့တယ်။ ရှိတာလေးနဲ့ လှအောင် ဝတ်တတ်ရမယ် …. ဆိုတဲ့ စကားရှိတယ် မဟုတ်လား။ 

အဓိက ကျနော် လုပ်ခဲ့တာက — နိုင်ငံရေးသိပ္ပံဘာသာရပ်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ တစိုက်မတ်မတ် လေ့လာခဲ့တယ်။ 

ကျနော်ဟာ ဇနပုဒ်မကျတကျ မြို့နယ်ကလေးတစ်ခုမှာ မွေးပါတယ်။ မန္တလေးမြို့တော်ကြီးနဲ့ သိပ်အလှမ်းမဝေးဘူးဆိုပေမယ့် အသိပညာအခွင့်အလမ်းနဲ့ ပညာရေးအခွင့်အလမ်း အင်မတန် နည်းပါးတဲ့နေရာလေး တစ်ခုမှာ ကျနော် ကြီးပြင်းခဲ့တယ်။ အထူးသဖြင့် ကျနော် ဆယ်ကျော်သက်အရွယ်မှာ၊ တက္ကသိုလ်က ကျောင်းစာထက် ပြင်ပစာပေတွေကို နှစ်ခြိုက်ခဲ့ပါတယ်။ မြန်မာစာပေတွေကို အလှမ်းမှီရာ ရှာဖွေဖတ်ရှုရင်း ကျနော့် နှလုံးသားကို စွဲညှို့စေတဲ့ဘာသာရပ် တစ်ခုကို သွားတွေ့တယ်။ အဲဒါက နိုင်ငံရေးသိပ္ပံ ဘာသာရပ်ပါ။ 

မွေးဖွားကြီးပြင်းရာ ဇာတိနဲ့ ပညာရည်နို့သောက်စို့ရာ ကျောင်းတော်ကြီးက ကျနော် သိနားလည်ချင်တဲ့ နိုင်ငံရေးသိပ္ပံ အကြောင်းအရာတွေနဲ့ သိပ်အလှမ်းဝေးလွန်းလှတယ်။ ကျနော် ဘယ်သူ့ကို မေးမြန်းရမှန်းလည်း မသိသလို၊ ဘယ်လို စာအုပ်တွေ ရှိတယ်ဆိုတာလည်း မသိပါဘူး။ ဘယ်လိုအကြောင်းအရာတွေကို လေ့လာရမှန်းလည်း မသိခဲ့ဘူး။ ငါ သိချင်တဲ့အကြောင်းအရာတွေကို ဘယ်တက္ကသိုလ် ၊ ဘယ်ဆရာက သင်ကြားပေးနိုင်မှာလဲ… ဆိုတဲ့ အတွေးနဲ့ စိတ်ဓာတ်ကျနေချိန်၊ ရပ်ဆယ်ကွန်းဝဲလ်ရဲ့ စိန်မြေဧကပေါင်းများစွာ စာအုပ်ကလေးက ကျနော့် အသိကို လင်းလက်စေခဲ့တယ်။ 

ကျနော် အောက်စဖို့တက္ကသိုလ် မသွားနိုင်ပါဘူး။  

ကျနော် ကိန်းဘရစ်တက္ကသိုလ်လည်း မတက်နိုင်ပါဘူး။ 

ကျနော် ဆယ်ကျော်သက်ဘဝတုန်းက ကိုယ်နေတဲ့ ဝန်းကျင်နဲ့ ဌာနကလည်း စကော်လားရှစ်တွေ ၊ ပြင်ပသင်တန်းတွေဆိုတာနဲ့ အလှမ်းဝေးလှတယ်။ 

စာပေနဲ့ နိုင်ငံရေးကို နီးစပ်သူလည်း မရှိပါဘူး။ 

ဒါ့ကြောင့် ကျနော့်ကို သွန်သင်လမ်းပြလုပ်ပေးနိုင်သူလည်း မရှိပါဘူး။ 

စိန်မြေဧကပေါင်းများစွာ စာအုပ်ကို ဖတ်ပြီး အတွေးတစ်ခု ရတယ်။ 

နိုင်ငံရေးသိပ္ပံဘာသာရပ်ကို သိဖို့ အောက်စဖို့ သွားနိုင်မှ ရမှာလား၊ ကိန်းဘရစ်သွားမှ ရမှာလား။ 

မင်းကို ပတ်ဝန်းကျင်က တွန်းတင်ပေးလို့ ဒီအခွင့်အရေးကို ရရင်တော့ ကောင်းတာပေါ့။ 

အဲသည့်အခွင့်အရေးကို မင်းမရလည်း မင်း ကိုယ်တိုင် ကြိုးစားလို့ မရဘူးလား…

စသည်ဖြင့် ကျနော့်အတွေးထဲမှာ စကားတွေ ပြောနေမိတယ်။ 

နောက်ပြီး သင်တန်းတွေ၊ တက္ကသိုလ်တွေနဲ့ စကော်လားရှစ်တွေကိစ္စ။ 

သူများတွေလို မင်းဟာ သင်တန်းတွေ တက်နိုင်တဲ့ ဝန်းကျင်မှာ မရှိဘူး။ 

ပညာသင်ဆုဆိုတာတွေလည်း ဘာမှန်း မသိပါဘူး။ 

တက္ကသိုလ်တွေမှာ နိုင်ငံရေးသိပ္ပံဘာသာရပ်ကို သင်ကြားဖို့ဆိုတာလည်း သင်ခွင့်မရှိတဲ့ စနစ်ကြီးအောက်မှာ။ 

ဒါတွေ မရလို့ မင်း နိုင်ငံရေးအကြောင်းကို မသိနိုင်တော့ဘူးလား၊ နားမလည်နိုင်တော့ဘူးလား။ 

မင်းသိချင်တဲ့ နိုင်ငံရေးအကြောင်းကို မင်းသိအောင် နားလည်အောင် မလုပ်နိုင်ဘူးလား…။ 

စသည်ဖြင့် ကျနော့်အတွေးထဲမှာ စကားတွေ ထပ်ပြောနေမိခဲ့တယ်။ 

မင်းဟာ သင်ပေးတဲ့သူ ရှိမှ တတ်မှာလား။ 

မင်း ပတ်ဝန်းကျင်မှာ ရှိတဲ့ ရတတ်သမျှ စာအုပ်တွေနဲ့ စပြီး လေ့လာရင်ရော မဖြစ်ဘူးလား။ 

ဒီလို ကိုယ့်နည်းကိုယ့်ဟန်နဲ့ လေ့လာလို့ နားလည်တာတွေလည်း ရှိမယ်။ နားမလည်တာတွေလည်း ရှိလိမ့်မယ်။ အနောက်နိုင်ငံက တက္ကသိုလ်ကြီးတွေမှာ သင်ယူခွင့်ရသူလောက် မင်း သိချင်မှ သိမယ်၊ မင်းတတ်ချင်မှ တတ်မယ်။ 

သူတို့တတွေလောက် အခွင့်အလမ်းမရှိလို့ မင်းဟာ သူတို့ တတ်သိနားလည်သလို အဆင့်အတန်းမျိုး မင်း ရချင်မှ ရမယ်။ ဒါပေမယ့် …. အခြေခံ Basic Concept တွေ သိအောင် နားလည်အောင်တော့ မင်း လက်လှမ်းမှီရာ စာအုပ်စာပေတွေဖတ်ရင်း မင်းဘာသာ လုပ်လို့ ရတယ်လို့ ထင်တယ်။ မင်း ကြိုးစားရင် ဖြစ်နိုင်တယ်။ မင်းနံဘေးက စာအုပ်တွေက မင်း သိချင်တဲ့ နိုင်ငံရေးသိပ္ပံဘာသာရပ်ကို အခြေခံသဘောတော့ နားလည်အောင် လုပ်ပေးနိုင်မှာပဲ။ အဲသည့်တော့ ဘာမှ အမြင့်ဆုံးကြီးတွေ မင်းမှာ မရတောင် လုံးဝ မရနိုင်တဲ့ အခြေအနေမျိုးတော့ မဟုတ်ဘူး။ အခြေခံသဘောတရားတွေကိုတော့ ကြေလည်အောင် မင်း သိနိုင်တယ်….။ 

ဒါဟာ ကျနော် ဆယ်ကျော်သက်အရွယ်တုန်းက ပြောခဲ့ဖူးတဲ့ အတွေးစကားတွေပါ။ အခုအချိန်ထိ ကျနော် မှတ်မိနေသေးတယ်။ လက်ရှိအချိန်မှာ “တော်သေးတယ် …. ငါ စောစောစီးစီး ဒီလိုတွေးခဲ့မိလို့” ဆိုတာ ခဏ ခဏ ပြောနေမိပါတယ်။ 

ဒီနေရာမှာ ကျနော် ပြောချင်တာက လက်ရှိ ကျနော်တို့ ရှိနေတဲ့ နေရာဟာ ရပ်ဆယ်ကွန်းဝဲလ်ပြောသလို စိန်တွင်းကြီး ရှိနေတာတော့ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ မရှိပါဘူး။ ဒါပေမယ့် စိန်ပွင့်ကလေးတွေ၊ စိန်တုံးကလေးတွေတော့ ရှိပါတယ်။ ကျနော်တို့ဟာ ကိုယ့်နံဘေးက အရာတွေကို သတိထား ဂရုတစိုက်ကြည့်ပြီး တန်ဖိုးတွေကို မြင်နိုင်ဖို့၊ မြင်တတ်ဖို့ ဖြစ်ပါတယ်။ ဒီလိုတန်ဖိုးသိမှလည်း မသိသူကျော်သွား သိသူဖော်စားနိုင်မယ် မဟုတ်လား။ 

လောလောဆယ် ကျနော်တို့ရဲ့ အခြေအနေဟာ အခွင့်အလမ်း အကြီးအကျယ်တွေ မျှော်လင့်နိုင်ဖို့ ခဲယဉ်းလှပါတယ်။ ဒါပေမယ့် ကျနော်တို့ လက်လှမ်းမှီရာတွေထဲမှာ တန်ဖိုးတွေ ငုပ်လျှိုးပုန်းအောင်းနေပါတယ်။ အဲဒါတွေကို သတိထားကြည့်ပြီး ဖော်တတ်ကြဖို့ပါ၊ သုံးတတ်ကြဖို့ပါ။ 

တချို့သော ဘာသာရပ်တွေဟာ တက္ကသိုလ်ကြီးတွေကနေ လက်တွေ့လက်ထပ်သင်ကြားမှသာလျှင် တတ်မြောက်နိုင်တာတွေ ရှိပါတယ်။ သို့သော်လည်း တချို့သောဘာသာရပ်တွေကတော့ လက်လှမ်းမှီရာ စာအုပ်စာပေတွေ လိုက်လံဖတ်ရှုရင်း သိနားလည်အောင် လုပ်နိုင်ပါတယ်။ အထူးသဖြင့် ဝိဇ္ဇာဘာသာရပ်ဝန်းထဲမှာလည်း အကြုံးဝင်မှုရှိတဲ့ – နိုင်ငံရေးသိပ္ပံ၊ ဘောဂဗေဒ၊ ဒဿနိကဗေဒ၊ သမိုင်း၊ စိတ်ပညာ၊ မနုဿဗေဒ…. စတဲ့ဘာသာရပ်တွေကို လက်လှမ်းမှီရာ စာအုပ်စာပေတွေကို တစိုက်မတ်မတ် ဖတ်ရှုလေ့လာရင်း သိနားလည်အောင် လုပ်လို့ ရပါတယ်။ အဆင့်အမြင့်ဆုံးထိ သိနားလည်မှုဖြစ်ဖို့ အကန့်အသတ်‌တွေ ရှိကောင်း ရှိနေပါလိမ့်မယ်။ သို့သော်လည်း အခြေခံသဘောတရားတွေနဲ့ အခြေခံသီအိုရီတွေကို သိသင့်သိထိုက်တဲ့ case study တွေနဲ့ တွဲပြီးတော့ ကြေကြေညက်ညက် သိနားလည်အောင် လုပ်လို့ ရပါတယ်။ ဒါဟာ ငါတွေ့ကို ပြောနေတာပါ။ ကျနော်တို့ ရှေ့က ဆရာ့ဆရာကြီးတွေလည်း မြန်မာပြည်မှာ ဒီလိုပဲ ဖြတ်သန်းခဲ့ကြရဖူးပါတယ်။ 

ဒီနေရာမှာ လိုရင်း အနှစ်ချုပ် ပြောလိုတာက ….

ဖြစ်နိုင်ရင်တော့ ကိုယ်သိချင်လေ့လာချင်တဲ့ ဘာသာရပ်တွေကို သင်ယူခွင့်ရတဲ့ အခွင့်အလမ်းတွေ ရှိတာကောင်းပါတယ်။ သို့သော်လည်း လောလောဆယ်အားဖြင့် ကိုယ်နေတဲ့ ဌာနေဝန်းကျင်နဲ့ ကိုယ်ဖြတ်သန်းနေတဲ့ ခေတ်အခြေအနေမှာ ရနိုင်ဖို့ ခဲယဉ်းနေသေးတဲ့ အခွင့်အလမ်းတွေကို တွေးပြီး စိတ်ဓာတ်ကျနေမယ့် အစား၊ ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ်လက်လှမ်းမှီတဲ့အရာတွေရဲ့ တန်ဖိုးကို မြင်အောင်ကြည့်ပြီး ဖြစ်နိုင်ချေက စပြီး လုပ်နေဖို့ ဖြစ်ပါတယ်။ အဲသည့်အတွက် တော်ရုံစိတ်နဲ့တော့ မရပါဘူး။ ကောက်ရိုးမီးစိတ်နဲ့တော့ မရပါဘူး။ လောလောဆယ် ခင်ဗျားရဲ့ နံဘေးမှာ ခင်ဗျား သိချင် နားလည်ချင် တတ်မြောက်ချင်တဲ့ ဘာသာရပ်တစ်ခုခုကို အနည်းငယ်သိအောင် နားလည်အောင် လုပ်ပေးနိုင်တာတွေ ရှိမှာပါ။ ဒါတွေကို တန်ဖိုးသိအောင်ကြည့်ပြီး  ဖြစ်နိုင်ချေက စပြီး လုပ်ဖို့ပါ။ 

လောလောဆယ် အလှမ်းမမှီတာတွေကို ခေါင်းထဲက ထုတ်လိုက်ပါ။ ငါ့နံဘေးမှာ ဘာတွေရှိလဲဆိုတာကို အရင်ဆုံး ကြည့်ပါ။ ဒီအရာတွေရဲ့ တန်ဖိုးကို နားလည်ပါ။ ဒီလိုနဲ့ တဖြည်းဖြည်း ကိုယ့်အသိစက်ဝန်းကို ချဲ့နိုင်တယ်၊ ထို့နောက် နက်နဲအောင် လုပ်နိုင်ပါတယ်။ အကယ်၍ ကံကောင်းထောက်မလို့၊ ကိုယ့်အိမ်အောက်မှာ ရှိတဲ့အရာတွေမှာ စိန်ပွင့် စိန်တုံးကလေးတွေ မဟုတ်ဘဲ၊ စိန်တွင်းကြီး ရှိနေတာလည်းဖြစ်ချင် ဖြစ်နေနိုင်ပါတယ်။ အဓိကကတော့ ကိုယ့်နံဘေးက အရာတွေကို နည်းနည်း သတိထား ဂရုပြု ကြည့်ကြဖို့ပါ။ 

ရှိပါတယ်။ 

ခင်ဗျားလုပ်လို့ ရပါတယ်။ 

ဖြစ်နိုင်ချေက စစမ်းပါ။ 

လုပ်လို့ ရပါတယ်။ 

ကျနော်လည်း လုပ်ခဲ့တာပဲ။ 

အဲသည်လို လုပ်တဲ့အခါ ထိပ်ဆုံးထိ မရောက်တောင် 

အလယ်အလတ်တော့ မကပါဘူး။ 

ရောက်နိုင်ပါတယ်။ 

ဘာမှ လုပ်လို့ မရဘူး၊ ဘာမှ အလှမ်းမမှီပါဘူးဆိုပြီး

စိတ်ဓာတ်ကျနေပြီး ထိုင်နေလို့ကတော့ 

ဘာမှ ဖြစ်မှာ မဟုတ်ဘူး။ 

ခင်ဗျားနံဘေးက ကျောက်တုံးလေးကို သတိထားပြီး ကောက်ယူပွတ်သပ်ကြည့်စမ်းပါ။ 

အဲသည့် ကျောက်တုံးလေးဟာ စိန်တုံးတစ်တုံးဖြစ်နိုင်ပါတယ်။ 

လုပ်ကြည့်စမ်းပါ။ 

မင်းသေ့ 

နံနက် ၁း၃၆ 

၁၊ အောက်တိုဘာ၊ ၂၀၂၂။

Previous post ဝါသနာကို လိုက်ပါ
Next post ပုံပြောတဲ့ အကောင်