စာရေးဆရာတစ်ယောက်ဖြစ်ဖို့အတွက် သူ့မှာ မဖြစ်မနေ ပါလာရမယ့် ဉာဉ် တစ်ခု ရှိတယ်။ စာရေးဆရာမှ မဟုတ်ပါဘူး၊ အနုပညာသမားတိုင်းလိုလိုမှာ ဒီဉာဉ်လေးက ပါလာတယ်လို့ ထင်တယ်။ အဲဒါကတော့ storyteller လို့ ခေါ်တဲ့ ပုံပြင်ပြောတတ်စရိုက်ဉာဉ် လို့ ပြောချင်တယ်။ ဒီနေရာမှာ အရပ်သုံးစကားဖြစ်တဲ့ “ဒီကောင် ငါ့ကို ပုံပြင်ပြောသွားပြီ” ဆိုတဲ့ အသုံးနဲ့တော့ ထပ်တူ မပြုစေချင်ဘူး။ အဲဒါ မဟုတ်ဘူး။ 

စာရေးဆရာတစ်ယောက်ကို စာရေးအောင် တွန်းနေတဲ့ ဉာဉ်တစ်ခုက အခု ကျနော် ပြောနေတဲ့ storyteller စရိုက်ပါ။ ကျနော့်ကို ကျနော် ပြန်ကြည့်တဲ့အခါမှာ — ကျနော့်မှာ ဒီအချက်သွားတွေ့တယ်။ ဒါကို confirm လုပ်ပေးတာကတော့ ဆရာကြီး ဦးဝင်းဖေပါ။ ဆရာကြီး ဦးဝင်းဖေရဲ့ ဟောပြောချက်တချို့ကို နားထောင်ရင်း ကိုယ့်ကိုယ်ကို ပြန်တွေ့လိုက်တဲ့အရာပါ။ ဪ… ငါ့မှာလည်း ဒီလို စရိုက် တကယ်ရှိတယ်ဆိုတာကို မြင်လို့ ရေးတာပါ။ 

Storyteller တစ်ယောက်ရဲ့ စရိုက်က ဘယ်လိုလဲဆိုတော့ — ငါ တွေ့ခဲ့တာ၊ ငါ ကြားခဲ့တာ၊ ငါ သိခဲ့တာကို ပြန်ပြောပြချင်တယ်။ ဒါကတော့ ကောင်းတယ်၊ ဒါကတော့ မဆိုးဘူး၊ ဒါက သိပ်တော့ မနိပ်ပါဘူး ဆိုတာကို ပြန်ပြောပြချင်တယ်။ ငါ ဒါကို တွေ့ဖူးတယ်၊ ဒါက ဒီလိုတော့ မဟုတ်ဘူး၊ ဒီလို ဖြစ်သင့်တယ်၊ ဘယ်မှာ ဘယ်လို ဘာဖြစ်ခဲ့တယ်ဆိုတာကို ပြန်ပြောပြချင်တယ်။ စိတ်ထဲမှာ သိမ်းမထားတတ်ဘူး ။ ဖွင့်ဟချင်တယ်။ ဒါကတော့ ဒီလိုဖြစ်နေပြီနော်ဆိုတာကို သိလိုက်ရင် ဒါဟာ အများလည်း သိသင့်တဲ့ကိစ္စလို့ မှတ်ထင်ရင် ဒီအကြောင်းကို ရေးတော့တာပဲ။ တကယ်တော့ စတိုရီပြောပြချင်သူရဲ့ စရိုက်ဟာ သိစေချင်မှုထက် ကိုယ့်စိတ်ထဲက မနေနိုင်လို့ ပြောပြချင်စိတ်က ပိုပါတယ်။ ဒါပေမယ့် ကိုယ်ပြောချင်တိုင်းလည်း လူတိုင်းက နားထောင်ချင်မှ ဖြစ်တာလေ။ ဒီတော့ နားထောင်ချင်စဖွယ်ဖြစ်အောင် ပြောတတ်ရတာပေါ့။ အဲသည့်မှာ အနုပညာကို ထည့်တာ၊ အရေးအသား အတတ်ပညာကို ပေါင်းထည့်တာတွေ ဖြစ်တယ်။ 

ကျနော်က စတိုရီကို ပါးစပ်နဲ့လည်း ပြောတယ်၊ လက်နဲ့လည်း ပြောတယ်။ လက်နဲ့ ပြောတဲ့ စတိုရီကို စာရေးတယ်လို့ ပြောကြတာပေါ့။ တကယ်တော့ ကျနော် သိထား၊ နားလည်ထား၊ ခံစားမိတဲ့ စတိုရီတွေကို ပြန်ပြောပြနေတာပါ။ တခြား ထူးထူးထွေထွေ မဟုတ်ပါဘူး။ 

တကယ်တော့ storyteller စရိုက်က လူသားရယ်လို့ ဖြစ်လာရင် ပါပြီးသားလို့ ထင်တယ်။ လူတွေဟာ သူတို့ သွားခဲ့တာ၊ သူတို့ လာခဲ့တာ၊ သူတို့ တွေ့ခဲ့တာ၊ သူတို့ ကြုံခဲ့တာ၊ သူတို့ သိထားတာ၊ သူတို့နားလည်ထားတာ၊ သူတို့ ရှာဖွေထားတာတွေကို လူတွေကို ပြန်ပြန် ပြောပြလေ့ရှိတယ်။ တချို့က လက်လှမ်းမှီတဲ့ ကိုယ့်မိသားစု၊ မိတ်ဆွေ သူငယ်ချင်းတွေကို ပြောတယ်။ စာရေးဆရာကတော့ လူထုကို ပြောတယ်၊ လူအများကို ပြောတယ်။ လူအများသိအောင် နားလည်အောင် ပြန်ပြန် ပြောပြတယ်။ တကယ်တော့ စာရေးတယ်ဆိုတာ ပြန်ပြောပြနေတာပါ။ ဒီဉာဉ်လေးက စာရေးတဲ့အလေ့အကျင့်ကို ပိုစွဲမြဲအောင် လုပ်ပေးတယ်။ ဒီဉာဉ်လေးက လူတွေကို စာရေးပြီး ဘယ်လို ပြောပြရင် ကောင်းမလဲဆိုတာကို ကျေးဇူးပြုထောက်ပံ့ပေးတယ်။ 

စာရေးကောင်းတယ်ဆိုတာ တကယ်တော့ ပုံပြောကောင်းတာပါ။ တင်ပြတတ်တယ်၊ နားဝင်လွယ်အောင် ပြောတတ်တယ်။ ပြောတဲ့ စကားနဲ့ နားထောင်တဲ့သူရဲ့ နားနဲ့ ကိုက်အောင် ပြောတတ်တယ်။ စာကို ဖတ်သူ မျက်စိနဲ့ ကိုက်အောင် ရေးတတ်တယ်လို့ ပြောရတာပေါ့။ 

စာရေးဆရာတစ်ယောက်ဟာ သုတေသီတစ်ယောက်လို သုတေသနစည်းမျဉ်းစည်းကမ်း နည်းနာတွေနဲ့ ချုပ်တည်းခံထားရတဲ့လူ မဟုတ်လို့၊ သူ့အရေးအသားဟာ သုတေသီတစ်ယောက်ရဲ့ အရေးအသားထက် ပိုလွတ်လပ်တယ်။ စာရေးဆရာတစ်ယောက်ဟာ ပညာရှင်တစ်ယောက်လို ပညာရပ်ဆိုင်ရာသီအိုရီရှုထောင့်အမြင်တွေရဲ့ အချုပ်အနှောင်တွေကနေလည်း ကင်းလွတ်နေတယ်။ အဲသည့်တော့ စာရေးဆရာဟာ သုတေသီတစ်ယောက်ထက်၊ ပညာရှင်တစ်ယောက်ထက် ပိုပြီး လွတ်လွတ်လပ်လပ် ရေးခွင့်ရှိနေတယ်။ သူဟာ စာရေးဆရာပဲ။ စာရေးဆရာဆိုတာ generalist ပဲ။ ဒီတော့ ပညာရှင်တစ်ယောက်လို့ သီးသန့်အထူးပြုနယ်မှာ ကျောက်ချနေစရာမလိုဘူး။ သူဟာ နယ်ပယ်ကဏ္ဍအတော်များများကို ထိတွေ့ခွင့်ရှိသူဖြစ်နေတယ်။ ဒီတော့ ဖန်တီးနိုင်ခွင့်ဟာ ပိုလွတ်လပ်နေတယ်။ ဒီလိုပြောလို့ စာရေးဆရာဟာ သူရေးတဲ့စာကို ပရမ်းပတာ ရေးနေလို့ မရဘူး။ storyteller လို့ ပြောနေလို့ သူဟာ လက်လွှတ်စပယ် ရေးလို့ သားလို့တော့ မရဘူး။ ပရမ်းပတာ မရေးရဘူး။ 

စာရေးဆရာ မှားလို့ လွဲလို့ ၊ ယုတ္တိမတန်လို့ ရတဲ့ အရေးအသားမျိုးတွေ ရှိတယ်။ ဥပမာ — ဒဏ္ဍာရီတွေကို ပြန်ပြောပြတာမျိုး၊ ဝတ္ထုဇာတ်လမ်းထဲမှာ စိတ်ကူးယဉ်ရေးသားဖန်တီးချက်မျိုးတွေ။ ဝတ္ထုဆိုတာ တကယ် မဟုတ်လို့ အပြင်နဲ့ ချွတ်စွတ်တူစရာ မလိုဘူး။ လွဲလို့ ရတယ်၊ အပြင်နဲ့ တကယ် မတူဘဲ မှားခွင့်ရှိတယ်။ ဒါပေမယ့် အကြောင်းအကျိုးညီညွတ်စွာ မှားခွင့် လွဲခွင့်သာ ရှိတယ်။ ဒဏ္ဍာရီဆိုတာတွေက တကယ် မဟုတ်ဘူး။ တကယ် မဟုတ်တာတွေကို ပြန်ပြောပြ ပြန်ရေးပြနေလို့ ယုတ္တိမတန်ဘူးလို့ ပြောစရာမလိုဘူး။ ဒါက ဒီလိုသဘောမို့၊ ဒီလိုဖြစ်တာ ရတယ်။ 

ဒါပေမယ့် စာရေးဆရာက သမိုင်းအကြောင်းကို ရေးပြီဆိုရင်တော့ ဒါဟာ မလွဲသင့်ဘူး၊ မမှားသင့်ဘူး။ အထောက်အထားအကိုးအကား မညီညွတ်ဘဲနဲ့ လက်လွှတ်စပယ် ရေးလို့ မရဘူး။ ဒါပေမယ့် အရေးအသားပိုင်းမှာ ကြိုက်သလို ကွန့်မြူးခွင့်ရှိတယ်။ ဒီနေရာမှာ အနက်အဓိပ္ပာယ်အားဖြင့် သွေဖီတာမျိုးရယ်လို့တော့ မဖြစ်သင့်။ 

ဘာပဲဖြစ်ဖြစ် ပြန်ပြောပြတတ်တဲ့စရိုက်ဉာဉ်ဟာ စာရေးဆရာ ဉာဉ်ပါ။ ဒါကို ဘယ်လိုနည်းနဲ့ ပြောမလဲဆိုတာတော့ တစ်ပိုင်း တစ်ကဏ္ဍပေါ့။ စတိုရီတွေကို လူအများထံ ကျယ်ကျယ်ပြန့်ပြန့် ရောက်ဖို့အတွက် စာရေးဆရာဟာ ရေးတဲ့စာကို တတ်နိုင်သမျှ လွတ်လွတ်လပ်လပ်၊ ရိုးရိုးသားသား၊ ဖြောင့်ဖြောင့်မတ်မတ်၊ ကျယ်ကျယ်ပြန့်ပြန့်၊ ရဲရဲရင့်ရင့်၊ မကြောက်မလန့်၊ နက်နက်နဲနဲ ရေးပါ သားပါ တွေး ပါ ရေးပါ၊ ဖန်တီးပါ။ ဒါဆိုရင် လူထုအတွက် အကျိုးများပါတယ်။ 

ကိုယ်သိထား နားလည်ထား ခံစားမိတာတွေကို လူထု နားမျက်စိနဲ့ လူထု နှလုံးသားနဲ့ ဦးနှောက်နဲ့ ကိုက်အောင် စာရေးခြင်းနည်းနဲ့ များများပြောပြနိုင်လို့ရှိရင် သူ့ကို စာရေးဆရာလို့ ပြောကြတာပါပဲ။ ဒီစာရေးဆရာဆိုတာ storyteller တစ်ယောက်ရဲ့ ဉာဉ်ကနေ တစ်ဆင့် ပြန်လည်ဆင်းသက်လာတာပါ။ 

မင်းသေ့ 

နံနက် ဝး၄၂ 

၃၀ ၊ စက်တင်ဘာ၊ ၂၀၂၂။

Previous post ကျနော့် ဘဝကို ပြောင်းလဲစေခဲ့ဖူးတဲ့ စာအုပ် တစ်အုပ် 
Next post ဘယ်အချိန်မှာ စာရေးဆရာဖြစ်သလဲ