ဘယ်အချိန်မှာ စာရေးဆရာဖြစ်တယ်လို့ သတ်မှတ်နိုင်သလဲ။ စာမရေးရ မနေနိုင်တဲ့ အချိန်မှာ စာရေးဆရာတစ်ယောက်ဖြစ်ပြီလို့ သတ်မှတ်နိုင်ပါပြီ။ ဒီအဖြေကို စာဖတ်ရင်း တွေ့တာ မဟုတ်ပါ။ စာရေးရင်း တွေ့တာပါ။ ဘယ်မှာတွေ့သလဲဆိုတော့ ကိုယ့်ကိုယ်မှာ တွေ့တယ်။ တခြားသော စာရေးဆရာတွေမှာလည်း ကိုယ်စီ ရှုထောင့် ရှိလိမ့်မပေါ့။ ဒါပေမယ့် ကျနော့်အတွက်တော့ — စာကို ရူးသွပ်စွာ ရေးနိုင်ဖို့ ကြိုးစားတဲ့ လူတစ်ယောက်မှာ စာမရေးရ မနေနိုင်တဲ့အချိန်ကာလ တစ်ခုကို ရောက်ကို ရောက်လာတယ်။ အဲသည့်အချိန်ဟာ အဲသည့်လူ စာရေးဆရာ စဖြစ်တဲ့ အချိန်ပဲ။ 

တချို့ကလည်း ပြောလိမ့်မယ်။ ပရိသတ်အခြေပြုပြောတဲ့ အဖြေတချို့ ရှိလိမ့်မယ်။ စာဖတ်ပရိသတ်က စာရေးဆရာလို့ စွဲမှတ်ခေါ်ယူအသိအမှတ်ပြုချိန်မှာ၊ အဲသည့်လူ စာရေးဆရာဖြစ်တယ်လို့ ပြောလိမ့်မယ်။ ဒါက ဗဟိဒ္ဓကိစ္စ။ အခုဟာက အဇ္ဈတ္တကိစ္စ။ စာရေးဖို့ ကြိုးစားနေသူတစ်ယောက်ဟာ ကိုယ့်အဇ္ဈတ္တထဲမှာ တကယ့် စာရေးဆရာစစ်စစ် တစ်ယောက်ရဲ့ ဝိညာဉ်ဟာ ဘယ်အချိန်မှာ ကိန်းအောင်းနေသလဲဆိုတာကို သတ်မှတ်ဖို့အတွက် ဒီအချက်ကို ဖမ်းမိဖို့ လိုတယ်လို့ ထင်တယ်။ အဲဒါဟာ ဘယ်အခြေအနေလဲဆိုတော့ — စာမရေးရ မနေနိုင်တဲ့အခြေအနေ။ 

စာရေးဆရာအမည်ခံတွေ ခပ်များများ ရှိပါတယ်။ သူတို့ဟာ စာရေးတဲ့အလုပ်ကို လုပ်ချင်ရင် လုပ်တယ် မလုပ်ချင်ရင် မလုပ်ဘူး။ ပစ်ထားလေ့ရှိတယ်။ တခါတရံ စိတ်ပါမှ ထလုပ်တယ်။ စာမရေးရ မနေနိုင်တဲ့သူက စာရေးဖို့ စိတ်ပါအောင်လည်း လုပ်နေသလို၊ သဘာဝ အလေ့အထမှာကိုက စာရေးဖို့ စိတ်ပါနေတယ်။ စာမရေးရ မနေနိုင်တဲ့အခြေအနေတစ်ရပ်ကို ရောက်လာပြီဆိုရင် အဲသည်လူဟာ စာရေးချင်တဲ့စိတ် အလိုလိုကို ဖြစ်နေတော့တာပဲ။ စာရေးချင်တဲ့အချိန်မှာ လက်တွေ့ ရေးလိုက်ရမှ။ သို့မဟုတ်ရင် အဲသည့်လူဟာ ဂနာမငြိမ်ဘူး။ လှုပ်လှုပ်ခတ်ခတ် ဖြစ်နေတယ်။ ဘိန်းစွဲတဲ့ကောင်တွေ ယင်းထသလို ဂနာမငြိမ်ဖြစ်နေတယ်။ စာအုပ်နဲ့ ရေးတဲ့သူဆိုရင်လည်း စာအုပ် မရှိ၊ ခဲတံဘောပင် မရှိတဲ့အချိန်မှာ လုံးဝ ဂနာမငြိမ် ဖြစ်နေတော့တာပဲ။ ကွန်ပြူတာနဲ့ ရေးနေကျလူဆိုရင်လည်း ကွန်ပြူတာက အနီးနားမှာ မရှိရင် အလိုလို ပြာယာခတ်နေတယ်။ တကယ် လက်ထဲက ရှိတာတွေကို သွန်ချလိုက်ရမှ — လူက ဂနာငြိမ်တော့တယ်။ ဒီလို အခြေအနေကို ကျနော် ကိုယ်တွေ့ကြုံဖူးတယ်။ အစတုန်းက အဲဒီလို ဖြစ်လိမ့်မယ်လို့ ကိုယ့်ဘာသာကို မထင်ထားဘူး။ တကယ်လက်တွေ့ကြုံမှ သိတာ။ အခု အဲသည့်အဖြစ်အပျက်ကို တဖြည်းဖြည်းနဲ့ တစိမ့်စိမ့် စဉ်းစားလေလေ၊ ပိုနားလည်လာလေလေပဲ။

ဪ….. စာမရေးရ မနေနိုင်တဲ့အချိန် ဆိုတာ ဒါကိုး။ ဒီအချိန်ရောက်နေပြီဆိုတာကို ခပ်စောစောကာလမှာ သတိမထားမိပါဘူး။ စာတွေတော့ ရေးနေတာပဲ။ ဒါပေမယ့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ ဒီဖြစ်ရပ်ကို ကိုယ်တွေ့ ကြုံတယ်။ တကယ်တော့ အဲသည့်တုန်းက မင်းကွန်း အရိယမဂ္ဂင်ချောင်မှာ၊ သင်္ကန်းသွားဝတ်နေတဲ့ ကာလ။ ကွန်ပြူတာလည်း ယူမသွားဘူး။ တစ်ပါးတည်း သတင်းသုံးတယ်။ တစ်နေ့ကို တစ်နပ်တည်းသောဆွမ်းစားပြီး တစ်ခွက်တည်းစားတဲ့ ပတ္တပိုဏ်ဓုတင်ကို ဆောင်နေချိန်။ လူက စာမဖတ်ရ မနေနိုင်တဲ့ စိတ် ဖြစ်တယ်။ အဆိုးဆုံးကတော့ ကွန်ပြူတာနဲ့ အသားကျနေတဲ့ကောင်။ ကွန်ပြူတာ နံဘေးမှာ မရှိဘူး။ သင်္ကန်းဝတ်နဲ့ ကွန်ပြူတာ ဘာဆိုင်သလဲ ဆိုတဲ့ စိတ်နဲ့ ထားခဲ့ပြီး အရိယမဂ္ဂင်ချောင်ကို ရောက်လာတဲ့ကောင်။ အဲသည့်မှာ ကိုယ့်ကိုယ်ကို သိတော့တာပဲ။ ငါ့မှာ စာမရေးရ မနေနိုင်တဲ့ ရောဂါ ရှိနေပြီ။ အဲသည့်မှာ ကိုယ့်ရဲ့ စာရေးချင်တဲ့စိတ်အာသာချင်ခြင်းကို ပြေဖို့အတွက် ရတဲ့ စာအုပ်လွတ်ကို ရှာကြံပြီး ဘောပင်နဲ့ လေးငါးခြောက်မျက်နှာလောက် မနားတမ်းရေးတယ်။ ငါးမျက်နှာ ခြောက်မျက်နှာလောက်ရောက်မှ လူက ငြိမ်သွားတယ်။ လူက ဘိန်းရှူဖူးတဲ့ကောင်တော့ မဟုတ်ဘူး။ ဒါပေမယ့် ခံစားလို့ ရတယ်။ ဘိန်းစွဲတဲ့ကောင်တွေ ဘိန်းမရှူရရင် ယင်းထပြီး ပြာယာခတ်နေတာ ဒါမျိုး ထင်တယ်လို့။ အဲသည့်မှာလည်း ကိုယ့်ကိုယ်ကို စာရေးခြင်းအလေ့အထနဲ့ပတ်သက်ပြီး ပြန်မြင်လိုက်ရတာ တစ်ချက်။ ဒါကို Know thyself လို့ ခေါ်တယ် မဟုတ်လား။ ဒီနေရာမှာ ကိုယ့်ကိုယ်ကို ပြန်မြင်လိုက်ရတာပဲ။ ငါ တကယ်အဲသည်လို ဖြစ်နေသလားဆိုတာ ကြုံလိုက်ရမှ သိတာ။ စဉ်းစားပြီး သိအောင် လုပ်ရင် မထင်ရှားဘူး။ အခုတော့ ထင်ထင်ရှားရှား သိလိုက်ရပြီ။ 

ဒါဟာ ကျနော် နားလည်လိုက်တဲ့ ကိုယ်တွေ့ အဇ္ဈတ္တဖြစ်တည်မှု တစ်ခုဖြစ်ပါတယ်။ စာရေးဆရာတွေရဲ့ ဘဝဇာတ်ကြောင်းနဲ့ သူတို့ရဲ့ အမြင်အယူအဆတွေကို ခပ်များများ လေ့လာကြည့်တော့လည်း၊ ဒါကို သွားတွေ့ပြန်တယ်။ စာမရေးရ မနေနိုင်တဲ့အချိန်။ ဒီအခြေအနေဟာ တကယ့် စာရေးဆရာတွေဟာ ဖြတ်ခဲ့ရတာပဲ။ 

မနေ့က (စက်တင်ဘာ ၂၇ ၊ ၂၀၂၂) တုန်းက ကမာရွတ်မီဒီယာက စီစဉ်တင်ဆက်တဲ့ အစီအစဉ်တစ်ခုမှာ၊ မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ အင်တာဗျူးခန်းကို သေချာနားထောင်ဖြစ်တယ်။ မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ ဘဝရုပ်ပုံလွှာမှာလည်း စာမရေးရ မနေနိုင်တဲ့အချိန်ကို ဖြတ်ခဲ့တာပဲဆိုတာကို သူက ပြောသွားတယ်။ အဲသည့်မှာ ထပ်ပြီး သိလိုက်ပြန်တယ်။ ဪ… ဒါ သေချာပြီပဲ… ဆိုတာမျိုး။ 

မင်းသေ့ 

နံနက် ၆း၁၁

၂၈ ၊ စက်တင်ဘာ၊ ၂၀၂၂။

Previous post ပုံပြောတဲ့ အကောင် 
Next post အကုသိုလ်ကောင် အဖြစ်မခံနဲ့