လူ့ကံကြမ္မာကို ပြဋ္ဌာန်းတဲ့နေရာမှာ – ဗီဇနဲ့ ပတ်ဝန်းကျင်ရဲ့ သက်ရောက်မှုက အတော်ကြီးတယ်။ အသက်အရွယ် ပိုကြီးပြင်းလာလေလေ၊ ပတ်ဝန်းကျင်ရဲ့ သက်ရောက်မှုကို ပိုခံလာရလေလေ။ လူတွေကြားထဲ တိုးဝင်မှုများလာလေလေ ပတ်ဝန်းကျင်ရဲ့ ပုံသွင်းမှုကို ကိုယ်က ပိုခံရလာလေလေပဲ။ တခါတရံ ကိုယ့်ဘဝကံကြမ္မာကို ပြဋ္ဌာန်းတာဟာ ပတ်ဝန်းကျင်က ရိုက်ခတ်တဲ့အရာတွေက ပုံဖော်နေတာပါ။ ဒီနေ့ဒီအချိန်အခါမှာ ပတ်ဝန်းကျင်ကောင်းကို ကျနော်တို့ ရမထားဘူး။ ခေတ်ဆိုး ခေတ်ပျက် ခေတ်ကျပ်ချိန်ကို ကြုံနေရတယ်။ ဒီလို ဝန်းကျင်ကောင်း ဆုတ်ယုတ်တဲ့အခြေအနေမှာ တတ်နိုင်သရွေ့ ကိုယ့်နံဘေးမှာ ကောင်းတဲ့ဓာတ်တွေနဲ့ ဝန်းရံထားဖို့ လိုတယ် ထင်တယ်။ ခေတ်ကာလက မကောင်းပါဘူးဆိုမှ ကိုယ့်ကို ဆိုးယုတ်အောင်၊ မရိုးဖြောင့်အောင်၊ ချောက်ကျအောင်၊ ဒုက္ခတွေ့အောင်၊ အကျပ်အတည်းဆိုက်အောင် တွန်းအားပေးနေတဲ့အရာတွေနဲ့ ဝေးဝေးက ရှောင်တာ ကောင်းလိမ့်မယ်။ ကိုယ့်နံဘေးမှာ ကောင်းတဲ့ဓာတ်တွေကို ဦးစားပေးထားတာ ကောင်းလိမ့်မယ်။ တခါတရံလည်း ကိုယ်ဟာ ကောင်းတဲ့ဓာတ်တွေ ရှိတဲ့ ဝန်းကျင်ကို ပြောင်းရွှေ့သင့်က ပြောင်းရွှေ့သင့်တယ်။ ဘယ်လိုမှ ကောင်းလာဖို့ မျှော်လင့်နိုင်ဖို့ ခဲယဉ်းတဲ့ ဝန်းကျင်မျိုးကို စွန့်ခွာခဲ့သင့်တယ်။ လူဟာ ကိုယ်မတတ်တာတွေ အများကြီးပါ။ ကိုယ်မစွမ်းတာတွေလည်း ခပ်များများပါပဲ။ ကိုယ့်ကိုယ်ကို ပြောင်းလဲလို့ ရနိုင်တာတွေ ရှိပေမယ့် ကိုယ့်ဝန်းကျင်ကို ဘယ်လိုပဲ ကြိုးစားကြိုးစား ပြောင်းလဲဖို့ ခဲယဉ်းနေတာတွေ ရှိပါလိမ့်မယ်။ ဖြစ်နိုင်ရင်တော့ အတတ်နိုင်ဆုံး ဇွဲနပဲနဲ့ ကြိုးစားပြောင်းလဲကြည့်ဖို့ လုပ်ရမှာပဲ။ ဒါပေမယ့် နောက်ဆုံး မျှော်လင့်လို့ မရနိုင်တော့ဘူးဆိုတဲ့ အခြေအနေမျိုး ရောက်ခဲ့ရင်တော့ ထားခဲ့လိုက်တော့။ မကောင်းတဲ့ဓာတ်တွေနဲ့ သိုင်းဝိုင်းထားတဲ့ ဝန်းကျင်မှာ မနေနဲ့တော့။ ထားခဲ့လိုက်တော့။ စွန့်ပစ်ခဲ့လိုက်တော့။ 

တစ်နေ့တစ်နေ့ ကိုယ့်ကို ဘယ်လိုမှ အကောင်းမမြင်နိုင်တော့မယ့် ဝန်းကျင်ကို ထားခဲ့လိုက်တော့။ အဲသည့် ဝန်းကျင်က ထွက်ခွာခဲ့လိုက်တော့။ လူဟာ ကိုယ့်ကိုယ်မှာ ဓာတ်ခံကောင်းတွေ ဖြည့်ကျင့်နေရမှာ ဖြစ်သလို ဓာတ်ခံကောင်းတွေ ရှိတဲ့နေရာမှာ ရွေးချယ်နေထိုင်ဖို့လည်း လိုတယ်။ ဗုဒ္ဓအဟောကျမ်းလာ မင်္ဂလသုတ်တော်မှာလည်း ပတိရူပဒေသကို ရွေးချယ်နေထိုင်ဖို့ တိုက်တွန်းတယ် မဟုတ်လား။ ကိုယ့်အတွက် သင့်တင့်လျောက်ပတ်တဲ့နေရပ်ဒေသဆိုတာဟာ ကောင်းတဲ့ဓာတ်ခံတွေ ဝန်းရံထားတဲ့ ဝန်းကျင်တော့ ဖြစ်သင့်တယ် မဟုတ်လား။ တရုတ်ဒဿနတွေးခေါ်ရှင် ကွန်ဖြူးရှပ်က လည်း အခုလို မိန့်ဆိုဖူးတယ်။ လူတစ်ယောက်ဟာ စိတ်ထားကောင်းမြတ်တဲ့သူတွေ ရှိတဲ့နေရာမှာ ရွေးချယ်ပြီး မနေဘူးဆိုရင် အဲဒီလူကို ဘယ်လိုလုပ် ပညာရှိများစာရင်းမှာ သွင်းနိုင်မှာလဲ….တဲ့။ ဒီစကားလေးက သိပ်လှတယ်နော်။ 

ကွန်ဖြူးရှပ်မိန့်မှာခဲ့ဖူးတဲ့ မိန့်မှာချက်မှာ — စိတ်ထားကောင်းမြတ်သူတွေ ရှိတဲ့နေရာမှာ ရွေးချယ်နေသင့်တယ် ဆိုတာကို ပြောတယ် မဟုတ်လား။ စိတ်ထားကောင်းမြတ်သူတွေ ရှိတဲ့နေရာဟာ ကောင်းတဲ့ဓာတ်ခံရှိတဲ့ ဝန်းကျင်ပေါ့။ ကောင်းတဲ့ဓာတ်တွေရှိတဲ့ ဝန်းကျင်မှာ စိတ်ထားကောင်းမြတ်သူတွေ ရှိတယ်။ စိတ်ထားကောင်းမြတ်သူတွေ ရှိတဲ့နေရာဟာ ကောင်းတဲ့ဓာတ်ခံရှိတယ်။ ဒီလိုနေရာမှာ ရွေးချယ်နေထိုင်သင့်တယ်။ 

လူ့ဘဝဟာ နေရတာ သိပ်ကို တိုတောင်းလွန်းလှပါတယ်။ တိုတောင်းလှတဲ့လူ့ဘဝသက်တမ်းအတွင်းမှာ ကိုယ့်ကို ရှုတ်ချနေတဲ့၊ ကိုယ့်ကို နိမ့်ကျစေတဲ့၊ ကိုယ့်ကို ယုတ်နိမ့်စေတဲ့ အပြုအမူစရိုက်တွေ ဖြစ်အောင် ဖိအားပေး ဆွဲခေါ် ပုံသွင်းနေတဲ့ ဝန်းကျင်ကနေ ထွက်ခဲ့သင့်တယ်။ ပေကပ် မနေသင့်ဘူး။ ဒါဟာ ပတိရူပဒေသ မဟုတ်ဘူး။ ဓာတ်ခံကောင်းတွေ ရှိတဲ့ နေရာဌာန မဟုတ်ဘူး။ လူဟာ ကုသိုလ်စိတ်တွေ များများဖြစ်ဖို့ ကောင်းတဲ့ဓာတ်ခံအာရုံတွေရှိတဲ့ ဝန်းကျင်မှာ နေထိုင်ရမယ် မဟုတ်လား။ အကုသိုလ်ဓာတ်ခံတွေ များတဲ့ ဝန်းကျင်မှာ ဘယ်လိုလုပ် ကုသိုလ်စိတ် ဖြစ်ဖို့ များများစားစား မျှော်လင့်နိုင်မှာလဲ။ အဲသည်လိုနေရာမှာ အနေကြာရင် အကုသိုလ်စိတ်တွေပဲ နေ့စဉ်လိုလို အချိန်တိုင်းဖြစ်နေလိမ့်မယ်။ အကုသိုလ်စိတ်တွေဟာ လိုသည်ထက် ပိုပြီး ဖြစ်နေပြီဆိုရင် အဲသည့်လူဟာ အကုသိုလ်ကောင်ဖြစ်လာတော့မှာ ကြိမ်းသေပါပဲ။ 

ဒါကို သတိချပ်ပြီး ရှောင်ရှား ရုန်းထွက်ခဲ့ကြဖို့ပါ။ 

မင်းသေ့ 

နံနက် ၄း၅၈ 

၂၈၊ စက်တင်ဘာ၊ ၂၀၂၂။

Previous post ဘယ်အချိန်မှာ စာရေးဆရာဖြစ်သလဲ
Next post ဝပြည်နယ်ကိစ္စ