ထွက်ပေါက် အယူအဆနဲ့ သမိုင်းလိုအပ်ချက် ဟုတ် / မဟုတ်

***ဂုဏ်သိက္ခာရှိစွာ ထွက်ပေါက်ပေးရေးကိစ္စ [Honorable Exit]

၁။ တချိန်က မြန်မာစစ်တပ်ခေါင်းဆောင်တွေနဲ့ပတ်သက်ပြီး ဂုဏ်သိက္ခာရှိစွာ ထွက်ပေါက်ပေးရေး (honorable exit) ကိစ္စကို စဉ်းစားခဲ့ကြဖူးတာ ရှိတယ်။ စဉ်းစားတယ်ဆိုပေမယ့် ဒီအယူအဆဟာ ရေပန်းမစားပါဘူး။ အငြိုးအတေးနဲ့ အမုန်းတရား သိပ်ကြီးတဲ့ မြန်မာ့လူ့အဖွဲ့အစည်းမှာ ၊ ဒီလိုအယူအဆမျိုးက တိုးမပေါက်ခဲ့သလို အစွန်းရောက်နိုင်ငံရေးဓလေ့ အားကြီးတဲ့ ဗမာနိုင်ငံရေးအသိုင်းအဝိုင်းကြားမှာလည်း ရှုတ်ချစရာ အယူအဆဖြစ်ကောင်း ဖြစ်ခဲ့မှာပါ။ ဒါပေမယ့် ဒီအယူအဆကို စစ်တပ်ခေါင်းဆောင်တွေက လေ့လာခဲ့တယ်၊ ဖတ်ခဲ့တယ်၊ နားလည်အောင် ကြိုးစားခဲ့တယ်လို့ ယူဆရပါတယ်။ အထူးသဖြင့် ၂၀၁၀ နောက်ပိုင်း စစ်ယူနီဖောင်းချွတ်ပြီး အနားယူသွားတဲ့ စစ်ခေါင်းဆောင်ပိုင်း တချို့။ အဲသည့်အထဲမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလည်း ပါတယ်လို့ ပြောနိုင်ပါတယ်။ ဒီကိစ္စကို သေချာ စဉ်းစားပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေက [မဟာဗျူဟာထွက်ပေါက်] တစ်ခု ဖြစ်အောင် သေချာအကျအနစီမံခဲ့ပါတယ်။ တကယ်တော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ မြန်မာ့တပ်မတော်တစ်ခုလုံးကို မဟာဗျူဟာ ထွက်ပေါက်အနေနဲ့ အသက်ရှုချောင်အောင် ဂယ်ပေါက်တွေ အမြောက်အမြား ဖန်တီးတည်ဆောက်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် ယခု အခြေအနေမှာတော့၊ သူ့နောက်ဆက်ခံတဲ့ စစ်ဗိုလ်ချုပ်တွေက ဒီဂယ်ပေါက်တွေကို သူတို့ ကိုယ်တိုင် တစ်စတစ်စနဲ့ ပိတ်ပစ်နေတယ်ဆိုတာ တွေ့နေရပါတယ်။ လက်ရှိ မြန်မာစစ်ဗိုလ်ချုပ်တွေ ကိုယ်တိုင်က သူတို့ရဲ့ အကျိုးစီးပွားနဲ့ အာဏာကို အကန့်အသတ်ဘောင်ထဲမှာ၊ အသက်ရှုပေါက် ချောင်အောင် လုပ်ဖို့ မကြိုးစားဘဲ၊ အကန့်အသတ်မဲ့ အာဏာချဲ့ထွင်ရေးကိုပဲ အာရုံစိုက်လာတာတွေ့ရပါတယ်။ ဗမာ့နိုင်ငံရေးအသိုင်းအဝန်းမှာ မြန်မာစစ်ခေါင်းဆောင်တွေကို ဂုဏ်သိက္ခာရှိစွာ ထွက်ပေါက်ပေးရေး [honorable exit] အယူအဆလည်း တင်မယ့်သူ မရှိတော့သလို၊ မြန်မာစစ်ဗိုလ်ချုပ်တွေကိုယ်၌ကလည်း နိုင်ငံရေးထဲကနေ ထွက်ဖို့ လုံးဝ မစဉ်းစားတော့တာတွေ့ရပါတယ်။ အထူးသဖြင့် သူတို့ဟာ အာဏာအဝန်းအဝိုင်းကနေ ထွက်ဖို့ လုံးဝ မစဉ်းစားတော့ဘူးဆိုတဲ့ အချက်က အထူး ထင်ရှားနေပါတယ်။ ဒါ့ကြောင့်လည်း မြန်မာစစ်တပ်ထဲက ခေါင်းမာဂိုဏ်းသားတွေနဲ့ ဗမာ့နိုင်ငံရေးထဲက အစွန်းရောက်ဂိုဏ်းတို့အကြား အာဏာလွန်ဆွဲအားပြိုင်ပွဲဟာ တအိအိနဲ့ အပြိုင် ဖြစ်ကြအုံးမယ်ဆိုတာ ထင်ရှားနေပါတယ်။ ထပ်ဖြည့်ပြီး ပြောရမှာကတော့၊ မြန်မာစစ်ဗိုလ်ချုပ်တွေထဲမှာ ဂုဏ်သိက္ခာရှိစွာ ထွက်ပေါက်ယူဖို့ကိစ္စကို စဉ်းစားတဲ့သူ အင်မတန်ရှားလိမ့်မယ် ထင်ပါတယ်။ ဒါ့အပြင် ၎င်းစစ်ဗိုလ်ချုပ်တွေကိုယ်၌က ထွက်ပေါက်ဆိုတဲ့ကိစ္စကို စဉ်းစားခန်း မထုတ်တော့ သလောက်ဖြစ်ပါတယ်။ သူတို့ စဉ်းစားတာက အသက်ရှုပေါက် ဖြစ်ပါတယ်။ [အသက်ရှုပေါက်ချောင်ရေး] ကသာလျှင် သူတို့ရဲ့ အရေးပေါ် အာရုံပြုချက်တွေ ဖြစ်ကြောင်း တွေ့မြင်နေရပါတယ်။

၂။ မြန်မာစစ်ဗိုလ်ချုပ်တွေက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စဉ်းစားခဲ့သလို၊ မဟာဗျူဟာ ထွက်ပေါက် [Strategic exit] နဲ့ ဂုဏ်သိက္ခာရှိစွာ အငြိမ်းစားယူရေး [Honorable retired] ဆိုတာကို မစဉ်းစားတော့ပါဘူး။ ဒါ့ကြောင့်လည်း ဗမာနိုင်ငံရေးအင်အားစုက အပြုတ်တိုက်ရေးလမ်းစဉ် အယူအဆ ခေတ်စားနေတာ သိပ်တော့ အပြစ်ဆိုဖွယ်ရာ မရှိပါဘူး။ မြန်မာစစ်တပ်ကို လက်နက်နဲ့မှ ကလှော်မထုတ်ရင် ထွက်တော့မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် အပြုတ်တိုက် အပြတ်ရှင်းလမ်းစဉ်ဟာ တဖြည်းဖြည်းနဲ့ အယူအဆ အင်အားကြီးမားလာတာကို တွေ့ရပါတယ်။ မြန်မာစစ်တပ်ထဲမှာ ပျော့ပြောင်းတဲ့ အယူအဆ ပြန်လည်ဖြစ်ထွန်းကို အချိန်တစ်ခု ထပ်ပြီး ယူရပါလိမ့်မယ်။

***လက်နက်ကိုင်လမ်းစဉ်သည် သမိုင်းလိုအပ်ချက် ဟုတ် / မဟုတ် [Historical Necessity]

၃။ သမိုင်းလိုအပ်ချက် ဟုတ် / မဟုတ် စဉ်းစားတဲ့ မဟာဗျူဟာ စဉ်းစားချက် တချို့ရှိပါတယ်။ အထူးသဖြင့် အယူဝါဒ သုံးစွဲမှုနဲ့ပတ်သက်ပြီး တချိန်က ဆိုရှယ်လစ်စနစ်ကို သွတ်သွင်းတည်ဆောက်ရာမှာ သမိုင်းလိုအပ်ချက် ဟုတ် / မဟုတ် ဆိုတာကို စဉ်းစားခန်းဖွင့်ခဲ့ဖူးကြပါတယ်။ သမိုင်းလိုအပ်ချက် မဟုတ်ဘဲ ဇွတ်အတင်း သွတ်သွင်းခဲ့တဲ့ အရာတိုင်းဟာ တချိန်ချိန်မှာ မအောင်မြင်ဘဲ ကျရှုံးခန်း ရောက်ရလေ့ရှိပါတယ်။ အခုလည်း နွေဦးတော်လှန်ရေးအတွင်းက လက်နက်ကိုင်လမ်းစဉ်ဟာ သမိုင်းလိုအပ်ချက် ဟုတ် / မဟုတ် ဆိုတဲ့ ကိစ္စကို ပြန်လည် ဆန်းစစ်ဖို့ လိုပါတယ်။ နွေဦးတော်လှန်ရေးထဲမှာ ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်လမ်းစဉ်ဟာ အခြေအနေကြောင့် ပေါ်လာတယ်လို့ ပြောနိုင်ပါတယ်။ မြန်မာစစ်ဗိုလ်ချုပ်တွေကတော့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် [NLD] အနေနဲ့ နဂိုကတည်းက လက်နက်ကိုင်တိုက်ပွဲအတွက် ကြိုတင်ပြင်ဆင်ချက်တွေ ရှိခဲ့တယ်ဆိုတဲ့ လေသံမျိုးကို ၂၀၂၁ နှစ်လယ်ပိုင်းလောက်မှ ထုတ်လာခဲ့တာ တွေ့ရပါတယ်။ အန်အယ်လ်ဒီ  [NLD] အနေနဲ့ လက်နက်ကိုင်လမ်းစဉ်ကို လျှောက်ဖို့၊ ပြင်ဆင်မှုတွေ မရှိခဲ့ပါဘူး။ ဒါဟာ စွပ်စွဲချက်သက်သက်သာ ဖြစ်ပါတယ်။ တကယ်တော့ နွေဦးတော်လှန်ရေးရဲ့ လက်နက်ကိုင်လမ်းစဉ်ဟာ အခြေအနေကြောင့် [situational reason] ‌ကြောင့် ပေါ်ပေါက်လာတာဖြစ်ပါတယ်။ [situational reason] ဟာ သမိုင်းလိုအပ်ချက် ဟုတ် / မဟုတ် ဆိုတာကို ဒီ့ထက် နက်နက်နဲနဲ လေ့လာဆန်းစစ်ဖို့၊ လိုပါတယ်။

၄။ ဒီနေရာမှာ ဗမာ့နွေဦးလက်နက်ကိုင်တော်လှန်ရေးနဲ့ ရက္ခိုင့်လက်နက်ကိုင်တော်လှန်ရေးကို အနည်းငယ် နှိုင်းယှဉ်ကြည့်ချင်တယ်။ လက်နက်ကိုင်တော်လှန်ရေး မွေးဖွားခြင်းနဲ့ပတ်သက်ပြီး ဥပမာ ပေးစရာ ရှိနေပါတယ်။ လက်နက်ကိုင်လမ်းစဉ်ဆိုတာ နေ့စေ့ လစေ့နဲ့ အခြေတည် မွေးဖွားလာတာလား၊ သို့တည်းမဟုတ် နေ့မစေ့ လမစေ့ဘဲ မွေးလာတာလား။ သို့တည်းမဟုတ် မွေးကတည်းက အသေလေး မွေးလာတာလား။ သေချာတာ တစ်ခုကတော့ ဗမာ့နွေဦးလက်နက်ကိုင်တော်လှန်ရေးဟာ [ကမန်းကတန်း] မွေးလာခဲ့တယ်လို့ ပြောနိုင်ပါတယ်။ နေ့စေ့လစေ့ မွေးလာတာ ဟုတ် / မဟုတ်ကတော့ အခု ရှင်သန်ကြီးထွားနှုန်းကို ကြည့်ပြီး ဆန်းစစ်ရမယ်လို့ ထင်ပါတယ်။ ရက္ခိုင့်လက်နက်ကိုင်တော်လှန်ရေးကတော့ နေ့စေ့လစေ့နဲ့ အခြေတည်ပြီး မွေးဖွားလာတယ်လို့ ပြောနိုင်ပါတယ်။ ဒါ့ကြောင့် နေ့စေ့လစေ့နဲ့ မွေးလာတဲ့ လက်နက်ကိုင်တော်လှန်ရေးနဲ့ ကမန်းကတန်း မွေးဖွားလာတဲ့ လက်နက်ကိုင်တော်လှန်ရေးတို့အကြား အဓိက ကွာဟချက်တွေ ရှိနေပါတယ်။ ပထမဆုံး သိမြင်နားလည်ရတဲ့ ကွာခြားချက်ကတော့ – လက်နက်ကိုင်တပ်စုဖွဲ့မှုကို [ကလနားသပ်နိုင်ခြင်း ရှိ / မရှိ] ဆိုတဲ့ အချက်နဲ့ တိုင်းတာနိုင်ပါတယ်။ ရက္ခိုင်လက်နက်ကိုင်တော်လှန်ရေးစုဖွဲ့မှုဟာ သေသပ်ကျစ်လစ်စွာနဲ့ တပ်စုဖွဲ့မှု၊ CoC [အမိန့်ပေးကွပ်ကဲနိုင်မှု] တည်ဆောက်တဲ့နေရာမှာ အတုယူဖွယ်ဖြစ်ပြီး၊ အမျိုးသားညီညွတ်ရေးအစိုးရ [NUG] ဦးဆောင်တဲ့ ဗမာ့လက်နက်ကိုင်တော်လှန်ရေးကတော့ တပ်စုဖွဲ့မှုမှာ ကလနားမသပ်နိုင်ပဲ ဖွာလန်ကြဲတာကို တွေ့ရပါတယ်။ ဒါဟာ လက်နက်ကိုင်လမ်းစဉ်ကို နေ့စေ့လစေ့ မဟုတ်ဘဲ၊ ကမန်းကတန်း မွေးဖွားလာရခြင်းရဲ့ အကျိုးအပြစ်လို့ နားလည်နိုင်ပါတယ်။ ဒါ့အပြင် [အမိန့်ပေးကွပ်ကဲနိုင်မှု] CoC တည်ဆောက်တဲ့နေရာမှာ၊ မြေပြင်ပေါ်က တော်လှန်ရေးစစ်ခေါင်းဆောင်တွေ ကွပ်ကဲတာနဲ့ နယ်ခြားရောက် ပြည်ပြေး နိုင်ငံရေးသမားတွေရဲ့ ကွပ်ကဲမှုက အတော်ကြီးကွာခြားတာတွေ့ရပါတယ်။ ဒီသဘာဝအရ ကွဲလွဲချက်ရှိနေတာကြောင့် လက်ရှိ ဗမာ့နွေဦး လက်နက်ကိုင်တော်လှန်ရေးမှာ အမျိုးသားညီညွတ်ရေးအစိုးရတွင်းက နိုင်ငံရေးသမားတွေဟာ ဒီခေါင်းဆောင်မှုအခြေခံသဘာဝကို မပြောင်းလဲနိုင်ရင်၊ အောက်ခြေတပ်ရင်းတပ်ဖွဲ့တွေရဲ့ လေးစားယုံကြည်မှုကို ရမှာ မဟုတ်ပါဘူး။ ဒီလိုဆိုရင်လည်း တပ်စုဖွဲ့မှုနဲ့ CoC တည်ဆောက်မှု (အမိန့်ပေးကွပ်ကဲမှု) ကျစ်လစ်ဖို့ဆိုတာလည်း မှန်းမျှော်လို့ ရနိုင်မှာ မဟုတ်ပါဘူး။ အခြေခံမူအားဖြင့် ကွဲလွဲနေတာကြောင့် ရလာတဲ့ အကျိုးမှာလည်း ကွာခြားတာ ဖြစ်ကြောင်း တွေ့နိုင်ပါတယ်။

မင်းသေ့

နံနက် ၇း၀၀

၆ ၊ စက်တင်ဘာ၊ ၂၀၂၃။

ဗန်ကူးဘား၊ ကနေဒါ။

Previous post *** [Public intellectual]
Next post အထိန်းအထေစနစ်နဲ့ ဒီမိုကရေစီ