၂၀၂၃ ဩဂုတ် ၃၀ ၊ ဗန်ကူးဘား ကနေဒါ။

  • လစ်ဘရယ်ဒီမိုကရေစီရဲ့ အဓိက အနှစ်အသားတစ်ခုဖြစ်တဲ့ အထိန်းအထေစနစ်ကို ဘယ်လို ထည့်သွင်းမြှုပ်နှံပြီး အစိုးရကို ထိန်းကျောင်းသလဲဆိုတာကို ဒီဆောင်းပါးက ဖော်ပြထားပါတယ်။

ဒီမိုကရေစီကို ဘာလို့ ထောက်ခံတာလဲ၊ ဒီမိုကရေစီကို ဘာလို့ သဘောကျရသလဲလို့ ပြောရင် အဓိက အချက် (၂) ချက် ရှိတယ်။ key word ကို သုံးပြီးတော့ ပြောချင်တယ်။ check and balance (အထိန်းအထေ) နဲ့ freedom (လွတ်လပ်ခွင့်)။ ဒီစကားလုံးနှစ်လုံးက အင်မတန် အရေးကြီးပါတယ်။ ဒီမိုကရေစီမှာ အထိန်းအထေစနစ်ရှိတယ်။ ဒါကို check and balance mechanism လို့ အလွယ်နားလည်နိုင်ပါတယ်။ သူက အလွန်အကျွံတွေ မဖြစ်အောင် လုပ်ပေးတယ်။ ဒီနေရာမှာ အလွန်အကျွံတွေကို ထိန်းနိုင်တာ ဒီမိုကရေစီလို့၊ တိတိကျကျ ပြောဖို့ထက် လစ်ဘရယ်ဒီမိုကရေစီလို့ ပြောရင် ပိုမှန်မယ်။ ဒီမိုကရေစီဆိုတာ အများသဘော၊ လူထုသဘော၊ မဲများတဲ့အုပ်စုရဲ့ သဘောလို့ အတွေးခေါ်ဟောင်းက နားလည်ထားတော့၊ လစ်ဘရယ်ဒီမိုကရေစီလို့ ပြောမှ ပိုမှန်မယ် ထင်တယ်။ လစ်ဘရယ်ဒီမိုကရေစီက အထိန်းအထေစနစ်ကို သေချာ လုပ်ထားတယ်။ ပထမဆုံးပြောရရင်၊ နံပါတ်တစ်အချက်က အစိုးရကို ထိန်းတာ။ အဲသည့်မှာ အရေးကြီးတာက အာဏာသုံးရပ်ရဲ့ အခန်းကဏ္ဍဖြစ်တယ်။

အာဏာပိုင်းခြားခွဲဝေခြင်းနည်းနဲ့ ထိန်းကျောင်း

အာဏာသုံးရပ်ဖြစ်တဲ့ (ဥပဒေပြုအာဏာ၊ အုပ်ချုပ်ရေးအာဏာနဲ့ တရားစီရင်ရေးအာဏာ) ဒီအာဏာသုံးရပ်ကို တစ်စုတည်း တစ်စည်းတည်း တစ်ပေါင်းတည်း ထားလိုက်ရင် အထိန်းအထေ ပျက်တယ်။ လူတစ်ယောက်ယောက်က သော်လည်းကောင်း၊ လူတစ်စု လူတစ်ဖွဲ့ဖွဲ့ကသော်လည်းကောင်း အလွဲသုံးစား လုပ်နိုင်တယ်။ အာဏာသုံးရပ်စလုံးကို ချုပ်ကိုင်ပြီး ကိုယ့်ကိုယ်ကျိုးစီးပွား၊ ကိုယ့်အစုအဖွဲ့ရဲ့ ကိုယ်ကျိုးစီးပွားအတွက် အလွဲသုံးစား ပြုနိုင်တယ်။ လူဆိုတဲ့ အမျိုးကလည်း ဖောက်ပြန်တတ်တဲ့အမျိုးပဲ။ ဒီတော့ အာဏာတွေကို တစ်နေရာတည်းမှာ စုမထားဘဲ ခွဲထားဖို့ စီရင်ထားတယ်။ ဒီလို အာဏာတွေကို ခွဲဝေထားခြင်းသည်ပင်လျှင်၊ အထိန်းအထေစနစ်ကို အသက်ဝင်စေတယ်။ ငါတကောကောလို့ မရဘူး။ လုပ်ချင်ရာ လုပ်လို့ မရဘူး။ ကန့်သတ်ထားတယ်၊ ဘောင်ခတ်ထားတယ်။ အာဏာကိုင်ထားတဲ့သူကို ချုပ်ထားတဲ့သဘော။ လွှတ်ထားပေးတာမဟုတ်ဘူး။ ချုပ်ထားတာ၊ ကန့်ထားတာ။ အာဏာကိုင်ထားတဲ့သူကို ချုပ်ထားပြီး၊ လူထုကိုတော့ အာမခံချက်ရှိတဲ့ လွတ်လပ်ခွင့်ရနိုင်သလောက် ပေးဖို့ ကြိုးစားတာဟာ ဒီမိုကရေစီပါ။ ပိုတိတိကျကျ ပြောရရင် လစ်ဘရယ်ဒီမိုကရေစီပါ။

အာဏာတွေကို တစ်ယောက်တည်း၊ တစ်စုတည်း၊ တစ်ဖွဲ့တည်းရဲ့ လက်အောက်မှာ အကုန်ထားထားတဲ့အခါမှာ အာဏာအလွဲသုံးစား လုပ်လိမ့်မယ်။ ဒီတော့ အာဏာပေးထားတဲ့သူကို မယုံဘူး။ ယုံမှတ်လို့ ပုံအပ်တာမျိုး မလုပ်ဘူး။ ဒါ့ကြောင့် အာဏာကို ကြောင်းကျိုးဆီလျော်စွာနဲ့ လူထုအကျိုးစီးပွားအတွက် အသုံးချနိုင်အောင် အာဏာတွေကို ခွဲဝေထားတယ်။ ဒါကို separation of power လို့ ခေါ်တယ်။ အာဏာခွဲဝေခြင်းလို့ နားလည်နိုင်တယ်။

တန်းတူ ရေပြင်ညီအတိုင်း ထားမှသာ

ဒီနေရာမှာ အာဏာတွေကို ခွဲတဲ့အခါ၊ နည်းရှိတယ်။ အဲဒါကတော့ ဒေါင်လိုက်ခွဲတာ မဟုတ်ဘူး။ ရေပြင်ညီအတိုင်း ခွဲတာ။ ဒါကို horizontal division of power လို့ ခေါ်တယ်။ ဒီလိုမှသာ အာဏာမဏ္ဍိုင် သုံးရပ်ဖြစ်တဲ့ ဥပဒေပြုရေး မဏ္ဍိုင်က အုပ်ချုပ်ရေးကို ထိန်းလို့ ရမယ်၊ အုပ်ချုပ်ရေးကို တရားရေးမဏ္ဍိုင်က ထိန်းလို့ရမယ်။ လစ်ဘရယ်ဒီမိုကရေစီမှာ အစိုးရကို လူထုက ထိန်းသလို၊ အာဏာရထားပြီးသား အစိုးရကိုလည်း အာဏာခွဲဝေခြင်းဓလေ့ကို သုံးပြီး ထိန်းကျောင်းတယ်ဆိုတာ နားလည်အပ်တယ်။

လစ်ဘရယ်ဒီမိုကရေစီမှာ အရေးကြီးတဲ့ အချက် တစ်ခုက၊ အာဏာကိုင်ထားတဲ့သူကို မယုံဘူး၊ အစိုးရကို မယုံဘူး။ မယုံလို့လည်း အစိုးရဆိုတဲ့ကောင်က မဟုတ်တာ လုပ်လို့ မရအောင် ပုံစံအမျိုးမျိုး၊ ဒီဇိုင်းအမျိုးမျိုး၊ အသွင်အမျိုးမျိုးနဲ့ အာဏာကို ထိန်းကျောင်းဖို့ စနစ်တစ်ခု ထည့်ထားတာပဲ။ ဒါကို check and balance mechanism လို့ ခေါ်တယ်။ အထိန်းအထေစနစ်ပေါ့။ လစ်ဘရယ်ဒီမိုကရေစီကို ယုံကြည်တယ်ဆိုရင် အထိန်းအထေစနစ်ကို နားလည်ရမယ်။ အထိန်းအထေစနစ်ရဲ့ သက်ဝင်မှုနဲ့ အရေးပါမှုကို အလေးထားရမယ်။

လစ်ဘရယ်ဒီမိုကရေစီစနစ်မှာ အာဏာခွဲဝေခြင်းနည်းနဲ့ အစိုးရအာဏာကိုင်ထားတဲ့သူကို ထိန်းကျောင်းရုံနဲ့ မလုံလောက်သေးဘူး၊ ဥပဒေနဲ့လည်း ထိန်းကျောင်းတယ်၊ အင်စတီကျူးရှင်းနဲ့လည်း ထိန်းကျောင်းတယ်။ ဒီနေရာမှာ အရေးပါတဲ့ အချက်တွေ ရှိလာပြီ။ ဥပဒေနဲ့ ထိန်းကျောင်းတဲ့ အထိန်းအထေစနစ်ကိုလည်း အသက်ဝင်အောင် လုပ်ထားတယ်၊ အင်စတီကျူးရှင်းနဲ့ ထိန်းကျောင်းတဲ့ အထိန်းအထေစနစ်ကိုလည်း အသက်ဝင်အောင် လုပ်ထားတယ်။ ဒီတော့ အစိုးရအာဏာကို ကိုင်ထားတဲ့ကောင်တွေက မဟုတ်တာ လုပ်ချင်ရင်တောင် အလွယ်တကူ လုပ်လို့ မရတော့ဘူး။ စောင့်ကြည့်ခံရတယ်၊ စစ်ဆေးခံရတယ်။ ဒီလိုမျိုး စောင့်ကြည့်နိုင်စွမ်းရှိအောင်လည်း အာဏာမဏ္ဍိုင်တွေကို ရေပြင်ညီအတိုင်း ခွဲထားတာဖြစ်ပါတယ်။ သို့မဟုတ်ရင် တစ်ဖက်ဖက်က အပေါ်စီးက ရှိနေရင် မလွတ်လပ်မှာစိုးလို့၊ ထိန်းကျောင်းမှုကို တန်းတူဖြစ်အောင် ထားတာ။ တန်းတူ (လယ်ဗယ်တူ) ထားမှလည်း အထိန်းအထေစနစ်က အောင်မြင်တာပါ။

လွတ်လပ်သောအေဂျင်စီတွေနဲ့ ထိန်းကျောင်း

ဒီလို ထိန်းကျောင်းပေမယ့်လည်း အစိုးရအာဏာကိုင်ထားတဲ့ကောင်တွေကို လစ်ဘရယ်ဒီမိုကရေစီစနစ်ကို မယုံနိုင်သေးဘူး။ အာဏာကိုင်ထားတဲ့ကောင်တွေက ဆီလိုအပေါက်ရှာပြီး အလွဲသုံးစားလုပ်တတ်တယ်ဆိုတာကို သူက သိနေတယ်။ ဒါ့ကြောင့် အစိုးရဆိုတဲ့ကောင်တွေနဲ့ လုပ်ပိုင်ခွင့်ရထားတဲ့ကောင်တွေကို ထပ်ပြီး ထိန်းကျောင်းဖို့ ကြိုးစားသေးတယ်။ အဲဒါကို ဘာနဲ့ လုပ်သလဲဆိုတော့ independence agencies လို့ ခေါ်တဲ့ လွတ်လပ်သောအေဂျင်စီတွေ ထူထောင်ပြီး ထိန်းကျောင်းပြန်တယ်။ လွတ်လပ်သောအေဂျင်စီတွေဆိုတာဟာ လွတ်လပ်သောအစုအဖွဲ့တွေကို ခေါ်တာဖြစ်ပါတယ်။ ဥပမာအားဖြင့် ဘယ်သူတွေပါသလဲဆိုတော့ — ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ထိန်းကျောင်းတည့်မတ်ဖို့၊ ရွေးကောက်ပွဲ ကော်မရှင် ရှိတယ်။ ငွေရေးကြေးရေးကိစ္စမှာ အစိုးရရဲ့ စွက်ဖက်မှုနဲ့ အလွဲသုံးစားလုပ်လို့ မရအောင် ဗဟိုဘဏ်ဆိုတာကို သီးခြားလွတ်လပ်သော အေဂျင်စီအနေနဲ့ ထားတယ်။ ဥပဒေတွေ အသက်ဝင်ပြီး ဥပဒေနဲ့၊ မူနဲ့ ထိန်းကျောင်းတဲ့ စနစ်မျိုးဖြစ်ထွန်းအောင် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို ထားတယ်။ လူ့အခွင့်အရေးလေးစားလိုက်နာမှုကို စောင့်ကြည့်ထိန်းကျောင်းစစ်ဆေးဖို့အတွက် လွတ်လပ်သော လူ့အခွင့်အရေးကော်မရှင်ဆိုတာမျိုး ဖွဲ့စည်းထားတယ်။ အာဏာနဲ့ လုပ်ပိုင်ခွင့်ကို ကိုင်ပြီး သုံးရတဲ့လူတွေနဲ့ ဌာနတွေကို အကျင့်ပျက် ခြစားမှု မရှိအောင် စောင့်ကြည့်စစ်ဆေးဖို့ သီးခြားလွတ်လပ်သော အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်လို အဖွဲ့အစည်းမျိုးကို ဖွဲ့စည်းတည်ထောင်ထားတယ်။ ဒီအစုအဖွဲ့တွေဟာ အစိုးရနဲ့ အာဏာပိုင်တွေကို ထိန်းကျောင်းဖို့၊ စောင့်ကြည့်ဖို့၊ အလွဲသုံးစား မပြုအောင် တည့်မတ်ဖို့အတွက် ထိန်းကျောင်းရေးယန္တရားတွေအနေနဲ့ ဖွဲ့စည်းထားတဲ့သဘောဖြစ်တယ်။ သူတို့ဟာ independence agencies တွေ ဖြစ်ကို ဖြစ်ရမယ်။ အဲသည့်လို မဖြစ်ဘဲ တက်လာတဲ့အစိုးရသစ်တိုင်းက ပြင်ဆင်ပြောင်းလဲဖွဲ့စည်းတယ်ဆိုရင် ဒါဟာ ဒီမိုကရေစီကို မလေးစားတာ၊ မလိုက်နာတာပါပဲ။

အစိုးရစည်းဝိုင်းပြင်ပကနေ ထိန်းကျောင်း

ဒီလိုတွေ ထိန်းကျောင်းပါသော်လည်း လစ်ဘရယ်ဒီမိုကရေစီက အစိုးရအာဏာကိုင်ထားတဲ့သူတွေကို မယုံသေးပါဘူး။ သူတို့ဟာ ဖောက်ပြန်နိုင်ပါသေးတယ်။ အာဏာကို အလွဲသုံးစားလုပ်နိုင်ပါသေးတယ်။ အစိုးရရဲ့ လက်အောက်က ဗြူရိုကရေစီယန္တရားထဲက အရာရှိတွေက လုပ်ပိုင်ခွင့် အလွဲသုံးစားလုပ်နိုင်တာတွေ ရှိနိုင်ပါသေးတယ်။ ဒါ့ကြောင့် အစိုးရစည်းဝိုင်းအပြင်ဘက်ကနေ ထပ်မံ ထိန်းကျောင်းဖို့ စဉ်းစားပါတယ်။ ဒီလိုနဲ့ လွတ်လပ်သောမီဒီယာတွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးလာပါတယ်။ လွတ်လပ်သောမီဒီယာနဲ့ လွတ်လပ်စွာ ရေးသားဖော်ပြပိုင်ခွင့်တွေဟာ အစိုးရတွေကို ထိန်းကျောင်းဖို့နဲ့ ပိုကောင်းတဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့၊ လူထုအကျိုးစီးပွားအတွက် အစဉ်တစိုက် ရှေ့ရှုဖို့ ရည်ရွယ်ပါတယ်။ တစ်ဦးချင်းလွတ်လပ်ခွင့်တွေကို အာဏာပိုင်အစိုးရတွေက မထိပါးဖို့နဲ့ လူ့ဂုဏ်သိက္ခာကို လေးစားဖို့၊ အစိုးရက အစိုးရအလုပ်ကို စနစ်တကျနဲ့ စည်းမျဉ်းဥပဒေဘောင်ထဲကနေ လုပ်ကိုင်နိုင်ဖို့ လွတ်လပ်စွာ ရေးသားဖော်ပြပိုင်ခွင့်နဲ့ လွတ်လပ်သောမီဒီယာတွေနဲ့ ထိန်းကျောင်းပါတယ်။ ဒါကို freedom of expression နဲ့ media freedom လို့ ပြောပါတယ်။ သတင်းစာဆရာ တစ်ယောက်လည်းဖြစ်သလို၊ public intellectual တစ်ယောက်လည်းဖြစ်တဲ့ ဂျာနယ်ကျော်ဦးချစ်မောင်က သတင်းစာရဲ့ အရေးပါမှုကို အခုလို ပြောခဲ့ဖူးပါတယ်။ တကယ်တော့ သတင်းစာဆိုတာ တိုင်းပြည်ကို ကလောင်နဲ့ အုပ်ချုပ်တဲ့အစိုးရပဲ…လို့ ပြောခဲ့ဖူးပါတယ်။ တကယ်တော့ အာဏာကိုင်ထားတဲ့ အစိုးရတွေကို ကလောင်နဲ့ ပြန်လည် ထိန်းကျောင်းတဲ့သဘောဖြစ်ပါတယ်။ ဒီဘက်ခေတ်ကတော့ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းဆိုတဲ့ စာနယ်ဇင်းအဆင့်ထက် ပိုပြီး ကျော်လွတ်လာပါတယ်။ မီဒီယာလို့ ခြုံငုံပြောမှာ သင့်တော်ပါတော့မယ်။ မီဒီယာလွတ်လပ်ခွင့်ဟာ လစ်ဘရယ်ဒီမိုကရေစီစနစ်မှာ အလွန်အရေးကြီးပါတယ်။ အစိုးရနဲ့ အာဏာပိုင်တွေကို အာဏာအလွဲသုံးစားမလုပ်အောင်၊ မဖောက်ပြန်အောင် အစိုးရရဲ့ စည်းဝိုင်းပြင်ပကနေ ထိန်းကျောင်းတာဖြစ်ပါတယ်။ ဒီအထိန်းအထေစနစ်ကို လက်ခံမှသာလျှင် လစ်ဘရယ်ဒီမိုကရေစီကို လက်ခံတယ်လို့ ပြောနိုင်ပါတယ်။ လွတ်လပ်သောမီဒီယာတွေရဲ့ အခန်းကဏ္ဍက ဒီမိုကရေစီစနစ်မှာ အင်မတန်အရေးကြီးပါတယ်။ လွတ်လပ်စွာ ရေးသားဖော်ပြနိုင်ခွင့်ကလည်း ဒီမိုကရေစီမှာ အရေးကြီးပါတယ်။

ဒီလို လွတ်လပ်သောမီဒီယာနဲ့ လွတ်လပ်စွာ ရေးသားဖော်ပြနိုင်ခွင့်တွေနဲ့ ထိန်းကျောင်းပေမယ့် အာဏာရှိတဲ့သူတွေ၊ ဓနဥစ္စာရှိတဲ့သူတွေ၊ အုပ်စုအသင်းအဖွဲ့ အားကြီးတဲ့သူတွေက လူထုနဲ့ လူနည်းစုတွေအပေါ်မှာ အနိုင်ကျင့်တာ၊ ဗိုလ်ကျတာ၊ ခေါင်းပုံဖြတ်တာတွေ လုပ်တတ်ပါသေးတယ်။ ဒါ့ကြောင့်လည်း လစ်ဘရယ်ဒီမိုကရေစီက လူထုရဲ့ လွတ်လပ်ခွင့်နဲ့ လူထုရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးဖို့၊ နောက်ထပ် ထိန်းကျောင်းရေးစနစ်ကို ထပ်မံ ခွင့်ပြုပါသေးတယ်။ အဲဒါကတော့ သမဂ္ဂတွေနဲ့ လွတ်လပ်သောအရပ်ဘက်အဖွဲ့အစည်းတွေဖြစ်ပါတယ်။

သမဂ္ဂတွေ အသင်းအဖွဲ့တွေနဲ့ ထိန်းကျောင်း

လစ်ဘရယ်ဒီမိုကရေစီစနစ်မှာ လွတ်လပ်စွာ အသင်းအပင်းဖွဲ့ပိုင်ခွင့်နဲ့ လွတ်လပ်စွာ စုဝေးစုရုံးခွင့်က အလွန် အရေးပါပါတယ်။ ပြည်သူလူထုထဲမှာ ရှိတဲ့ လူတန်းစားအလွှာအလိုက်၊ နယ်ပယ်ကဏ္ဍအလိုက် ဖြစ်တည်နေတဲ့ လူထုရဲ့ အကျိုးစီးပွားကို အစိုးရနဲ့ အာဏာပိုင်တွေက လက်လွှတ်စပယ်မထိပါး၊ မနှောက်ယှက်အောင် လွတ်လပ်စွာ အသင်းအပင်းဖွဲ့ပိုင်ခွင့်နဲ့ ထိန်းကျောင်းထားပါတယ်။ ဒီထိန်းကျောင်းမှုဓလေ့ဟာ လစ်ဘရယ်ဒီမိုကရေစီမှာ အလွန်အရေးပါပါတယ်။ အလုပ်သမားသမဂ္ဂတွေ၊ ကျောင်းသားသမဂ္ဂတွေ၊ အမျိုးသမီးသမဂ္ဂတွေ၊ လယ်သမားသမဂ္ဂတွေနဲ့ စာပေအသင်း၊ သဘာဝပတ်ဝန်းကျင်ကာကွယ်စောင့်ရှောက်ရေးအသင်း၊ ကုန်သည်ကြီးများအသင်း၊ မသန်စွမ်းသူများအသင်း၊ သတင်းစာဆရာများအသင်း …. စတဲ့ သမဂ္ဂတွေနဲ့ အသင်းအဖွဲ့တွေဟာ လစ်ဘရယ်ဒီမိုကရေစီမှာ၊ အစိုးရက သက်ဆိုင်ရာ အလွှာနယ်ပယ်အသီးသီးက လူထုကို အနိုင်ကျင့်လွှမ်းမိုးတာမျိုး၊ အခွင့်အရေးတွေ ပိတ်ပင်တားဆီးတာမျိုး မလုပ်အောင် ထိန်းကျောင်းထားတဲ့သဘောဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်မှာ အစိုးရ လုပ်တဲ့သူကို မယုံဘူး။ ဒါ့ကြောင့်လည်း အာဏာရလာတဲ့ အစိုးရကို ဒီနည်းတွေနဲ့ ထိန်းပါတယ်။

အာဏာကို အချိန်ကာလနဲ့ ကန့်သတ်

နောက်ဆုံးအနေနဲ့ အစိုးရလုပ်တဲ့သူတွေကို ထိန်းကျောင်းတာကတော့ အာဏာရယူထားတဲ့အချိန် ကန့်သတ်ထားခြင်းပဲဖြစ်ပါတယ်။ အာဏာရှင်အစိုးရတွေနဲ့ သက်ဦးဆံပိုင်ဘုရင်စနစ်တွေမှာ အာဏာကို အသက်သေတဲ့အထိ အစိုးရတွေက ကိုင်ထားပါတယ်၊ ဘုရင်တွေက ကိုင်ထားပါတယ်။ လစ်ဘရယ်ဒီမိုကရေစီမှာတော့ လူထုက မလိုလားရင် အစိုးရဖြစ်ခွင့်မရှိပါဘူး။ လူထုလိုလားသော်လည်း လူထုလိုလားချက်က ပြောင်းနိုင်သေးတဲ့အတွက် အာဏာကို အချိန်အကန့်အသတ်နဲ့ပဲ ပေးထားပါတယ်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့ နိုင်ငံတွေရဲ့ သမ္မတနဲ့ ဝန်ကြီးအဖွဲ့တွေကို ကြည့်ရင်၊ တချို့က (၄) နှစ်သက်တမ်းပဲ ရှိပါတယ်၊ တချို့ကတော့ (၅) နှစ်ရှိပါတယ်။ တချို့ကတော့ (၆) နှစ်အထိ ထားကြပါတယ်။ များသောအားဖြင့်ကတော့ (၄) နှစ်နဲ့ (၅) နှစ်လောက်သာ ပျမ်းမျှထားကြပါတယ်။ ဒီ့ထက်ပိုကြာသွားရင် အာဏာပိုင်ကပဲ အာဏာနဲ့ ဥပဒေကိုပြန်ပြင်ပြီးတော့ အာဏာမြဲအောင် လုပ်ထားလို့ ဖြစ်ပါတယ်။ ဒီတော့ လူထုသဘောထားနဲ့ အမြဲတမ်း ထိန်းကျောင်းနိုင်အောင်၊ အစိုးရတွေကို ရွေးကောက်တင်မြှောက်တဲ့အခါ တစ်သက်လုံး မတင်မြှောက်ပါဘူး။ အချိန်အကန့်အသတ်ဘောင်တစ်ခုထားပြီးတော့ အာဏာပေးထားကြပါတယ်။ ဒီလိုနည်းနဲ့ အစိုးရအာဏာကိုင်ထားသူတွေ မဖောက်ပြန်အောင် ထိန်းကျောင်းတဲ့စနစ်ကို လစ်ဘရယ်ဒီမိုကရေစီမှာ ထည့်သွင်းမြှုပ်နှံစီရင်ထားခြင်း ဖြစ်ပါကြောင်း၊ ဒီလို ထိန်းကျောင်းမှုဓလေ့ အခိုင်အမာရှိမှသာ ပြည်သူလူထုရဲ့ လွတ်လပ်ခွင့်က အာမခံချက်ရှိသော လွတ်လပ်ခွင့်တွေ ရလာမှာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ် ခင်ဗျား….။  

မင်းသေ့

နံနက် ၅း၀၃

၃၀ ၊ ဩဂုတ်၊ ၂၀၂၃။

ဗန်ကူးဘား၊ ကနေဒါ။

Previous post ထွက်ပေါက် အယူအဆနဲ့ သမိုင်းလိုအပ်ချက် ဟုတ် / မဟုတ်
Next post ပြည်တွင်းစစ် နဲ့ မြန်မာပြည်