၂၀၂၃ ဩဂုတ် ၂၉ ၊ ဗန်ကူးဘား ကနေဒါ။

  • ဆောင်းပါးအကျဉ်းချုပ်။။ ဒီဆောင်းပါးဟာ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် အလွယ်တကူ ရပ်တန့်ပြီးဆုံးနိုင် ဖွယ် မရှိကြောင်း ရေးသားတင်ပြထားတဲ့ ဆောင်းပါးတစ်ပုဒ်ဖြစ်ပါတယ်။ ဤအဆိုကို ထောက်ခံတင်ပြရမှာ၊ ဆောင်းပါးရှင်ဟာ အကြောင်းပြချက် (၄) ရပ်နဲ့ ပြဆိုရှင်းလင်းထားပါတယ်။

မြန်မာပြည်မှာ၊ ပြည်တွင်းစစ်က လုံးဝ ပြီးပြီးပြတ်ပြတ် ဖြစ်ဖို့ ခဲယဉ်းတယ်။ ကာလရှည်ကြာ ပြည်တွင်းစစ်နဲ့ အိပဲ့အိပဲ့ နှစ်ပါးသွားနေရမယ့် အခြေအနေမှာ ရှိနေပါတယ်။ ဘာလို့ အဲသည့်လို ပြောရသလဲဆိုတော့ အကြောင်းပြချက် (၄) ချက်ရှိပါတယ်။

နှစ်ဖက်တည်း မဟုတ် / အုပ်စု နှစ်ခုတည်း မဟုတ်

နံပါတ်တစ်အချက်က၊ မြန်မာနိုင်ငံထဲမှာ ဖြစ်ပျက်နေတဲ့ ပြည်တွင်းစစ်မှာ ပါဝင်သူ (stakeholders) တွေက ဘက်နှစ်ဖက်တည်း မဟုတ်သလို၊ အုပ်စု နှစ်စုတည်းလည်း မဟုတ်ဘူး။ နိုင်ငံငယ်သလောက် လက်နက်ကိုင်အုပ်စုတွေ များတဲ့တိုင်းပြည် ဖြစ်နေတယ်။ ဒီအချက်က တိုင်းပြည်ကို ပြည်တွင်းစစ် အမြစ်ပြတ်ဖြစ်စေဖို့ ခဲယဉ်းစေတဲ့ အဓိက အကြောင်းရင်းတစ်ချက်ဖြစ်ပါတယ်။ ပြည်တွင်းမှာ လက်နက်ကိုင်အုပ်စုတွေ အမြောက်အမြားရှိသလို၊ ၎င်းလက်နက်ကိုင်အုပ်စုတစ်ခုချင်းစီမှာလည်း သီးခြားအာဂျင်ဒါတွေ သက်သက်ရှိနေကြတယ်။ ဒါဟာ ပြည်တွင်းစစ်ရပ်ဖို့ တစ်ဖက်ဖက်က အဖြေပြတ်ပြတ်သားသား ပေးနိုင်မယ့် အခြေအနေကို ဟန့်တားထားတယ်။ အတိတ်က ဖြစ်ရပ်တွေကို ကြည့်ရင်လည်း၊ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် သက်ဆိုးရှည်ရခြင်း အကြောင်းက ဒီအချက်နဲ့ တိုက်ရိုက်သက်ဆိုင်နေတယ်။ ကမ္ဘာစစ်မှာ အဖြေပြတ်သားစွာ ထွက်လို့၊ အနိုင်အရှုံးပေါ်ပေမယ့် လွတ်လပ်ရေးရပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ ပြည်တွင်းစစ်ကတော့ အခုထိ မရပ်နိုင်သေးပါဘူး။ လက်နက်ကိုင်အဖွဲ့တစ်ခုချင်းစီဟာ တစ်ဖက်နဲ့တစ်ဖက် ပြတ်ပြတ်သားသား အနိုင်မတိုက်နိုင်ကြပေမယ့်၊ လက်နက်ကိုင်အဖွဲ့ ရှင်သန်ရပ်တည်ရေးအတွက်တော့ ရုန်းကန်နိုင်စွမ်းရှိကြတယ်။ ဒါ့ကြောင့် လက်နက်ကိုင်အဖွဲ့အစည်းတွေက သက်ဆိုးရှည်ကြတယ်။ ပြည်တွင်းက လက်နက်ကိုင်အဖွဲ့အစည်းတွေကို ကြည့်ရင်၊ တောင့်ခံနိုင်စွမ်း မြင့်ကြတယ်လို့ ပြောနိုင်တယ်။ စစ်အနိုင်တိုက်ရေးဆိုတာထက် တိုက်ပွဲတွေမှာ အားပြိုင် လွန်ဆွဲနေတာများတယ်။ မိမိတို့အဖွဲ့ ရှင်သန်ရပ်တည်နိုင်ရေးမှာ တောင့်ခံနိုင်ပေမယ့် စစ်ပွဲတစ်ခုလုံးရဲ့ ခြုံငုံရလဒ်ကို အလှည့်အပြောင်းဖြစ်အောင် ဘယ်လက်နက်ကိုင်အဖွဲ့ကမှ မစွမ်းနိုင်တာကလည်း ပြည်တွင်းစစ် ရပ်တန့်ဖို့ ခဲယဉ်းတဲ့ အဓိက အချက်အနေနဲ့ ပါဝင်နေပါတယ်။

ဘယ်သူကမှ ဘယ်သူ့အပေါ် အပြီးသပ် နိုင်ရလောက်အောင် အင်အားမရှိ

နံပါတ် နှစ်အချက်ကတော့ ၊ ပြည်တွင်းမှာ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာစစ်တပ်အကြားမှာ ဘယ်သူကမှ ဘယ်သူ့ကို အမြစ်ပြတ် မချေမှုန်းနိုင်ခြင်းအကြောင်းက အဓိကအကြောင်းအချက်အဖြစ် ပါဝင်နေပါတယ်။ မြန်မာစစ်ခေါင်းဆောင်အဆက်ဆက်က တော်လှန်ပုန်ကန်သူ သူပုန်ကို “ကျူပင်ခုတ် ကျူငုတ်ပါ မကျန်စေရ” ဗျူဟာနဲ့ ရှင်းလင်းချေမှုန်းတယ်လို့ ပြောပင်ပြောငြားသော်လည်း လက်တွေ့မှာ ကျူပင်တွေ အမြောက်အမြားသာ ထပ်မံပေါ်ထွက်လာတယ်။ ကျူငုတ်တွေလည်း ငေါလောပေါ်ထွက်နေတာချည်းပါပဲ။ မြန်မာစစ်တပ်က သူ့ကိုယ်သူ ဘယ်လောက်က ခေတ်မီလက်နက်တွေ တပ်ဆင်ပြီး ကြီးထွားအောင် လုပ်နေသည်ဖြစ်စေ၊ ဒေသခံကို ခြေကုတ်ယူပြီး သူပုန်တပ်ဖွဲ့ထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို အမြစ်ပြတ်အောင် ချေမှုန်းနိုင်ခြင်း မရှိပါဘူး။ ဒါ့အပြင် ခေတ်မီလက်နက်တွေ တပ်ဆင်ထားတယ်ဆိုတဲ့ မြန်မာစစ်တပ်ဟာ ပြောက်ကျားခုခံစစ်ဗျူဟာကို လွှမ်းမိုးနိုင်ခြင်း မရှိပါဘူး။ ဒါက မြန်မာစစ်တပ်ဘက်က ဝေဖန်ရရင် ထွက်လာတဲ့ အဖြေဖြစ်ပါတယ်။ လက်နက်ကိုင်အစုအဖွဲ့တွေအားလုံးကို ခြုံငုံကြည့်ရင်လည်း – လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေဟာ ကိုယ့်လူမျိုး၊ ကိုယ့်ဒေသကို အခြေခံပြီး ကိုယ်စားပြုတည်ဆောက်ထားကြတာ တွေ့ရတယ်။ တစ်ဖက်မှာ လူမျိုးစုဧရိယာအချင်းချင်း ထိစပ်ရာဒေသတွေမှာ လူမျိုးစုလက်နက်ကိုင်အဖွဲ့အချင်းချင်းအကြား ထိတွေ့တိုက်ပွဲတွေ ရှိတယ်။ လက်နက်ကိုင်အဖွဲ့အချင်းချင်း မြေပြင်မှာ ထိတွေ့ ပွန်းရှမှု ရှိတယ်။ ဒါ့အပြင် အနောက်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့မြောက်၊ အရှေ့ပိုင်းနဲ့ တောင်ပိုင်း ဧရိယာတွေက လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေက သီးခြားစီဖြစ်နေတယ်။ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ စုဖွဲ့ လုပ်နိုင်တာမျိုး မတွေ့ရဘူး။ မြောက်ပိုင်းမဟာမိတ်အဖွဲ့ကတော့ ပူးတွဲဗျူဟာတွေ ရှိတယ်။ ပူးပေါင်းစစ်ဆင်ရေးတွေ ရှိတယ်။ မြောက်ပိုင်းမဟာမိတ်ရယ်လို့ စုဖွဲ့ထားတာ ရှိတယ်။ ဒါပေမယ့် ဒါက မလုံလောက်သေးဘူး။ ဖြစ်နိုင်မယ်ဆိုရင် ၊ လူမျိုးစုအဖွဲ့ကြီးတွေအားလုံးက တပ်ပေါင်းစု ဖွဲ့ပြီး မြန်မာစစ်တပ်ကို အမြစ်ပြတ်ချေမှုန်းနိုင်ရမှာ ဖြစ်တယ်။ ဒါပေမယ့် သူတို့ မလုပ်နိုင်ဘူး။ အကြောင်းကတော့ လူမျိုးစုအစွဲနဲ့ ဒေသစွဲ အားကြီးနေလို့၊ ကိုယ့်ဒေသနဲ့ ကိုယ့်လူမျိုးကိုပဲ အာရုံစိုက်တယ်။ တစ်နိုင်ငံလုံး သိမ်းကြုံးတိုက်ပွဲဆင်နိုင်ဖို့အတွက် သူတို့စိတ်မဝင်စားဘူး။ လက်နက်ကိုင်အဖွဲ့ကြီးတစ်ဖွဲ့ဖွဲ့က ကမကထလုပ်နိုင်တာမျိုးလည်း မရှိဘူး။ ဒါ့ကြောင့် တစ်နိုင်ငံလုံးချီ တပ်ပေါင်းစုဖွဲ့ရေးကိုလည်း မလုပ်နိုင်ဘူး။ နွေဦးတော်လှန်ရေးဖြစ်လာတော့၊ ဗမာတော်လှန်ရေးသမားအမည်ခံ ဗမာနိုင်ငံရေးသမားတွေက တစ်နိုင်ငံလုံးတပ်ပေါင်းစုဖွဲ့ရေး စဉ်းစားချက်ရှိပေမယ့်၊ ဗမာတွေကို လူမျိုးစုခေါင်းဆောင်တွေက မယုံဘူး။ သူတို့ကိုယ်တိုင်လည်း မလုပ်နိုင်သလို၊ ဗမာတွေကိုလည်း မယုံတော့ တပ်ပေါင်းစုဖွဲ့ပြီး မြန်မာစစ်တပ်ကို အမြစ်ပြတ်ချေမှုန်းနိုင်ဖို့ ဆိုတာ မလွယ်ကူဘူး။ စစ်ရေးအတွေ့အကြုံမရှိတဲ့ ဗမာနိုင်ငံရေးသမားတွေကို၊ စစ်ရေးအတွေ့အကြုံရင့်ကျက်တဲ့ လူမျိုးစုတိုင်းရင်းသားခေါင်းဆောင်တွေက မလေးစားတာလည်း အကြောင်းတော့ မဟုတ်ဘူး။ ဒါက ဖြစ်သင့်လို့ ဖြစ်တာလို့ ပြောနိုင်တယ်။ ဒီအချက်ကတော့ မြန်မာပြည်မှာ ပြည်တွင်းစစ်မပြီးနိုင်တဲ့ ဒုတိယအကြောင်းရင်းဖြစ်တယ်။

တစ်နိုင်ငံလုံးစာ စဉ်းစားတဲ့ စစ်ရေးဆန္ဒ မရှိ

နံပါတ် သုံး အချက်ကတော့ – လက်နက်ကိုင်အစုအဖွဲ့အသီးသီးဟာ ကိုယ့်အာဂျင်ဒါနဲ့ ကိုယ်  သီးခြားစီရှိနေကြတယ်။ အဲဒါကလည်း လူမျိုးစုတွေရဲ့ အမျိုးသားရေးအကျိုးစီးပွားကို အခြေခံတဲ့ အမျိုးသားရေးလိုလားချက်တွေဖြစ်နေတာကြောင့်၊ ကိုယ့်နယ်မှာ ကိုယ်ကိုယ်တိုင်က စစ်ရေးအားကောင်းလို့ နယ်မြေထိန်းချုပ်နိုင်စွမ်းမြင့်ကောင်းမြင့်နေပေမယ့် အစဉ်အမြဲ ဒုက္ခပေးနေတဲ့ မြန်မာစစ်တပ်ကို လုံးဝ အမြစ်ပြတ်သွားအောင် တော်လှန်ချေမှုန်းဖို့တော့ မျှော်လင့်လို့ မရဘူး။ သီးခြား အမျိုးသားရေးအာဂျင်ဒါတွေ ရှိနေတာက တစ်ဖက်မှာ အားသာချက်ဖြစ်သလို၊ တစ်ဖက်မှာလည်း အားနည်းချက်ဖြစ်နေတယ်။ လူမျိုးပေါင်းစုံ စုပေါင်းထားတဲ့ တစ်ခုတည်းသော အမျိုးသားတပ်ပေါင်းစုကြီး စုဖွဲ့မှုမှာ မျှော်လင့်ချက်ထားလို့ မရဘူး။ နည်းနည်း မျှော်လင့်နိုင်တာက၊ နွေဦးတော်လှန်ရေးမှာ ကိုယ့်နယ်အသီးသီးက စစ်ရေးအရှိန်မြင့်လာတော့ ကွဲပြားနေတဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့အချင်းချင်းအကြား ပုံမှန် ဆက်သွယ်ပြီး timing တိုက်ထားကြဖို့ နိုင်ငံရေးသတိ၊ စစ်ရေးသတိ ရှိလာတော့ ကောင်းတယ်။ ဒါပေမယ့် ဒါက ဒီလောက်နဲ့ ရပ်နေလို့ မရဘူး။ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေဟာ ကိုယ့်နယ်ကို ကျော်ပြီး စဉ်းစားတာမျိုး ရှိပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ လူမျိုးပိုင်နက်အတွက်ပဲ နယ်ချဲ့ဖို့ စဉ်းစားကြတာများတယ်။ တစ်နိုင်ငံလုံးအနေနဲ့ စုဖွဲ့လုပ်ဆောင်ပြီး တစ်မျိုးသားလုံးစာကို စဉ်းစားလုပ်ဆောင်တဲ့ နိုင်ငံရေးအမြော်အမြင်မျိုး သူတို့မှာ မရှိဘူး။ အဲသည့်လို အမြော်အမြင်မျိုးရှိတယ်ဆိုရင်တောင် လက်တွေ့လုပ်မယ်ဆိုတဲ့ နိုင်ငံရေးဆန္ဒ (political will) မရှိဘူး။ ဒီအချက်ကလည်း မြန်မာပြည် ပြည်တွင်းစစ်ကို သက်ဆိုးရှည်အောင် အကြောင်းပြုနေတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ အဲသည့်မှာ ထပ်ပြီး စဉ်းစားရမှာကတော့ ပြည်သူ့စစ်အမည်ခံ ဖွဲ့ထားတဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေနဲ့၊ နယ်ခြားစောင့်တပ်အဖြစ်နဲ့ ဖွဲ့ထားတဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့ တွေ ရှိနေသးတယ်။ သူတို့ကလည်း သူတို့ရဲ့ ကိုယ်စီအကျိုးစီးပွားရှိနေတယ်။ သူတို့ကိုတော့ တော်လှန်ရေးသမားလို့ ပြောလို့ မရဘူး။ လက်နက်ကိုင်အစုအဖွဲ့တွေ အဖြစ် ဖွဲ့ထားတဲ့ ဒေသစစ်ခေါင်းဆောင် အဆင့်ပဲ ပြောနိုင်တယ်။ သူတို့က မြန်မာစစ်တပ်ရဲ့ proxy ပုံစံမျိုး ရှိနေသလို၊ တစ်ဖက်မှာလည်း ဒေသခံလူထုအကျိုးအတွက် ကာကွယ်ပေးထားတဲ့ ပုံစံမျိုးနဲ့ ရပ်တည်နေတယ်။ တစ်ဖက်မှာလည်း စီးပွားရေး အခွင့်အလမ်း ပွင့်နေတော့၊ သူတို့ဟာ တည်ဆဲအခြေအနေမှာ “ပိုနေမြဲ ကျားနေမြဲ” နေချင်ကြတယ်။ အပြောင်းအလဲကို အလိုမရှိဘူး။ နီးစပ်ရာ လူမျိုးစုလက်နက်ကိုင်အဖွဲ့ကြီးတွေကလည်း အဲသည့်လို ပြည်သူ့စစ်အဖွဲ့တွေနဲ့ နယ်ခြားစောင့်တပ်အဖွဲ့တွေကို သိမ်းသွင်းတာမျိုး၊ လွှမ်းမိုးခြုံငုံပစ်လိုက်နိုင်တာမျိုး မရှိဘူး။

ကိုယ့်နယ်ကို ကျော်ပြီး ကိုယ့်လက်နက်ခဲယမ်းမီးကျောက်ကို မသုံးချင်

နံပါတ်လေးအချက်ကတော့ ၊ လက်နက်ခဲယမ်းမီးကျောက်ကိစ္စဖြစ်တယ်။ မြန်မာစစ်တပ်ကို အမြစ်ပြတ်တိုက်ထုတ်ဖို့အတွက် လူမျိုးစုအဖွဲ့ကြီးတွေ အားလုံးပေါင်းပြီး လုပ်ရင် ဖြစ်နိုင်တယ်။ တစ်ဖွဲ့ချင်းစီ ပိုင်ဆိုင်ထားတဲ့ ကြည်းတပ် အားလုံးရဲ့ စုစုပေါင်း အင်အားဟာ မြန်မာစစ်တပ်ကို ချေမှုန်းနိုင်ဖို့အတွက် လုံလောက်တယ်လို့ ပြောနိုင်တယ်။ ဒီနေရာမှာ ပြည့်စုံတယ်လို့ မသုံးချင်ဘူး။ ဒါပေမယ့် ကိုယ့်ချွေးနဲစာနဲ့ ကိုယ့်ဘာသာ ခြစ်ခြစ်ကုတ်ကုတ် ဝယ်ယူစုဆောင်းထားတဲ့ လက်နက်ခဲယမ်းမီးကျောက်တွေကို အားလုံးသဘောညီပြီး စစ်ပွဲကြီးတစ်ပွဲ အပီအပြင်နွှဲဖို့ဆိုတာ ဘယ်သူမှ မစဉ်းစားဘူး။ အဲဒါကတော့ ဘယ်သူ ဦးဆောင်မလဲဆိုတာ ပြဿနာဖြစ်နေသလို၊ ဦးဆောင်သူအပေါ်မှာ ယုံမှတ်ပြီး ပုံအပ်ရလောက်အောင်လည်း ဖြစ်မလာနိုင်လို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာစစ်တပ်ကလည်း ရသမျှ ထိုးစစ်လုပ်လိုက်၊ ခံစစ်လုပ်လိုက်နဲ့ သူ့ရှင်သန်ရေးအတွက် တောင့်ခံနိုင်အောင် လုပ်နေမှာ ဖြစ်တယ်။ လူမျိုးစုခေါင်းဆောင်တွေကလည်း ကိုယ့်လူမျိုးစုနယ်ကိုကျော်ပြီး မစဉ်းစားဘူး။ လူမျိုးစုနယ်ကို ကျော်ပြီး သုံးရမယ့် လက်နက်ခဲယမ်းမီးကျောက်လည်း မဖြစ်ချင်ဘူး။ နွေဦးတော်လှန်ရေးမှာ ရက္ခိုင်၊ ကချင်၊ ကရင် တို့က ပေါ်လာတဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ငယ်လေးတွေထဲက တချို့ကို လက်နက်ခဲယမ်းမီးကျောက် ထောက်ပံ့ကူညီတာ ရှိတယ်။ ဒါကလည်း ဘယ်လောက်အထိ နိုင်ငံရေးအမြော်အမြင်ရှိသလဲဆိုတာ ပြောဖို့ ခက်တယ်။ အင်အားကြီးအဖွဲ့တွေက အဖွဲ့သစ်ငယ်တွေထဲက တပည့်မွေးဖို့လောက်ပဲ စဉ်းစားတယ်ဆိုတာလောက်လည်းဖြစ်နိုင်တယ်။ တစ်ဖက်မှာလည်း လက်နက်ကိုင်အဖွဲ့ကြီးအချင်းချင်းအကြားမှာ အင်အားတည်ဆောက်ရတာဖြစ်လို့၊ ကိုယ့်အင်အားကို အလားအလာရှိတဲ့ အဖွဲ့ငယ်တချို့မှာ ဩဇာလွှမ်းအောင် လုပ်ထားတယ်ဆိုတဲ့ အဆင့်လောက်လည်းဖြစ်နိုင်တယ်။ တစ်နိုင်ငံလုံးနဲ့ချီ တပ်ပေါင်းစုစစ်ဆင်ရေးကြီးအတွက် ရည်ရွယ်တယ်ဆိုရင်တော့ အတိုင်းအထက်အလွန်ပေါ့။ ဒါပေမယ့် လောလောဆယ် အဲသည့်လို အရိပ်အယောင်မျိုး မမြင်ရဘူး။ တစ်မျိုးသားလုံးအရေးမှာ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းဖို့ အတွက် ကိုယ့်ချွေးနဲစာနဲ့ စုဆောင်းထားတဲ့ လက်နက်ခဲယမ်းမီးကျောက်တွေကို ကိုယ့်လူမျိုးစုနယ်ကို ကျော်ပြီး သုံးဖို့ မမျှော်လင့်နိုင်တဲ့ အခြေအနေဟာ မြန်မာပြည်ပြည်တွင်းစစ် သက်ဆိုးရှည်ရခြင်းရဲ့ စတုတ္ထအကြောင်းအရင်းဖြစ်ပါတယ်။

နိဂုံး ကောက်ချက်

ဒီအကြောင်းအချက်တွေကို ထည့်သွင်းစဉ်းစားပြီး အဖြေထုတ်တဲ့အခါမှာ၊ မြန်မာပြည်က ပြည်တွင်းစစ်က တော်ရုံနဲ့ မပြီးဆိုတဲ့ အဖြေထွက်တယ်။ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ခြေကုန်လက်ပန်းကျပြီး၊ တိုက်ပွဲတွေ ခဏ နား၊ စစ်ပွဲတွေ ခဏ ရပ်ဆိုတာမျိုးဖြစ်နေပေမယ့် အဲသည့်အချိန်က စစ်ပြုဖို့အတွက် စစ်ပြင်နေတာ၊ စစ်အင်အားပြန်ဖြည့်နေတာမျိုးသာ ဖြစ်နေပါလိမ့်မယ်။ အတိတ်တုန်းကလည်း ဒီလိုပဲ ဖြစ်ခဲ့ပါတယ်။ စစ်ပြင်နေဆဲ တဒင်္ဂ အခိုက်အတန့်ဟာ တည်ငြိမ်မှု ခဏ ရတဲ့ အချိန်ဖြစ်ပါတယ်။ ဒီအချိန်ကို ငြိမ်းချမ်းရေးရပြီလို့ မမှတ်သင့်သလို၊ အာမခံချက်ရှိသော တည်ငြိမ်မှုလည်း မဖြစ်ပါဘူး။ တည်ငြိမ်မှုကို ကာလရှည်ကြာစွာ ထိန်းထားနိုင်ရင်ကို၊ မြန်မာပြည်သူတွေအတွက် အသက်ရှုပေါက်ချောင်ပါတယ်။ ဒါပေမယ့် မြန်မာပြည် အခြေအနေက ပြည်တွင်းစစ်ထဲ ပြန်ပြီး လည်ထွက်သွားတဲ့ ပုံစံမျိုးနဲ့ပဲ ဆက်ရှိနေမယ်။ အပစ်ရပ်လိုက်၊ အင်အားဖြည့်လိုက်၊ စစ်ပွဲ ပြန်ဖြစ်လိုက်နဲ့ — ကြိုကြားစစ် / ပြောက်ကျားစစ် / ကွက်ကြားစစ်နဲ့ အိပဲ့အိပဲ့ ဖြစ်နေမှာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ် ခင်ဗျား….။

မင်းသေ့

နံနက် ၃း၂၂

၂၉ ၊ ဩဂုတ်၊ ၂၀၂၃။

ဗန်ကူးဘား၊ ကနေဒါ။

Previous post အထိန်းအထေစနစ်နဲ့ ဒီမိုကရေစီ
Next post ပြည်သူ့ရေးရာမူဝါဒကျောင်းသား