• အိမ် မသာ လို့
  • ဧည့် မလာ
  • လာတဲ့ ဧည့်သည် လူမိုက်နှယ်
  • ဧည့်မျှော် လူပါး
  • ဧည့်လာ ရှား
  • ဟွန်ဆန်နဲ့သာ ညား။

၂၀၂၁ ဖေဖော်ဝါရီလ အာဏာသိမ်းမှုအစမှာ၊ စစ်ကောင်စီဟာ သံခင်းတမန်ခင်း ရှေ့တန်းစစ်မြေပြင်မှာ အောင်နိုင်ဖို့ ကြိုးစားမှု ပြင်းပြခဲ့တာတွေ့ရပါတယ်။ သို့သော်လည်း ထင်သလောက် မလွယ်ကူတာကို တွေ့ရတဲ့အခါ၊ စစ်ကောင်စီရဲ့ နောက်ဆုံးကျည်တောင့်ဖြစ်တဲ့ ရုရှားဆီကိုပဲ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားတာတွေ့ရပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေခေတ်ကလို၊ တရုတ်နဲ့တောင် စီးစီးပိုးပိုး ပူးကပ်တာမျိုး မလုပ်နိုင်ဘူး။ တရုတ်ကလည်း စစ်ကောင်စီကို ခြေတစ်လှမ်းသာ ရပ်ထားပေးတယ်။ နောက်ခြေတစ်လှမ်းက စစ်ကောင်စီ မသိတဲ့ ခြေတစ်ဖက်။ ဘယ်ဘက်ကို လှမ်းနေသလဲဆိုတာကို ဝေခွဲရခက်လှတယ်။ အာဆီယံမှာလည်း ထိုနည်းလည်းကောင်း။ စစ်ခေါင်း ဆောင်တွေဟာ အာဏာရှင်သက်ဆိုးရှည် ဘိုးအေ ဟွန်ဆန်ကိုသာ ရလိုက်တယ်။ အာဆီယံကို မရလိုက်ဘူး။ ကမ္ဘောဒီးယားကို စစ်ကောင်စီဘက် ပေးလိုက်ပါ။ ကျန် (၈) နိုင်ငံက မြန်မာပြည်သူလူထုဘက်မှာပါ။ အိုင်ဒီယော် လိုဂျီနဲ့ ဂိုဏ်းဖွဲ့တဲ့ နိုင်ငံတကာအခင်းအကျင်း မဟုတ်တော့ဘူး။ အကျိုးစီးပွားတစ်ခုတည်းနဲ့သာ ဂိုဏ်းဖွဲ့တဲ့ နိုင်ငံ တကာအခင်းအကျင်း မဟုတ်တော့ဘူး။ ဂုဏ်သိက္ခာနဲ့ မိတ်ဖွဲ့တဲ့ နိုင်ငံတကာအခင်းအကျင်းဖြစ်လာတယ်ဆိုတာကို ထင်ထင်ရှားရှားသိမြင်နေရတယ်။ အကျိုးစီးပွားကိုပဲ ရှေ့တန်းတင်ပြီး လက်တွေ့ကျကျ လုပ်တတ်တဲ့ တရုတ် တောင် နိုင်ငံတကာမှာ အိုးမည်းသုတ်ခံရမယ့်၊ အလွန်အကျွံ ရုပ်ပျက်မှုမျိုးကို ရှောင်တယ်။ ဒါ့ကြောင့်လည်း တရုတ် ဟာ စစ်ကောင်စီကို ခြေတစ်ဖက်သာ မျှရပ်ထားပေးတာတွေ့ရတယ်။ အထူးသဖြင့် တရုတ်အနေနဲ့ လက်ရှိ မြန်မာ စစ်တပ်နဲ့ ယခင်ကလို အလုပ်ဆက်လုပ်လို့ မရဘူးဆိုတာ နားလည်တယ်။ သို့သော်လည်း တရုတ်အနေနဲ့ ရာနှုန်း ပြည့် ငြင်းဆန်နိုင်ဖို့ ခက်လှတယ်။ မြန်မာပြည်မှာ ချက်ချင်းလက်ငင်း ရွှေ့ပြောင်းဖို့ မလွယ်တဲ့ မြှုပ်နှံမှုတွေ တရုတ် မှာ ဒုနဲ့ ဒေး ရှိနေတယ်။ ဒါ့ကြောင့် ဘယ်မြင်းက ပြတ်ပြတ်သားသား နိုင်မယ်ဆိုတာ ခန့်မှန်းရခက်နေသေးတဲ့ အခြေအနေမှာ မြွေမသေ တုတ်မကျိုးပေါ်လစီကို ကိုင်စွဲထားတာ၊ သဘာဝကျတယ်။

ပါဝါအပျော့ရဲ့ အစွမ်း

အနောက်နိုင်ငံတွေ အားလုံးလိုလိုက မြန်မာပြည်သူလူထုဘက်မှာ ရှိတယ်။ ရုရှားဟာ စစ်ရေးအင်အားကြီးနိုင်ငံ ဖြစ်ပေမယ့်၊ တရုတ် အမေရိကန်နဲ့ ယှဉ်ရင် တစ်ဆင့်နိမ့်နေပါသေးတယ်။ နောက် အနောက်နိုင်ငံတွေနဲ့ ကွာတာက၊ နိုင်ငံတကာကို soft power နဲ့ လွှမ်းမိုးနိုင်မှုအားက အနောက်နိုင်ငံတွေနဲ့ ယှဉ်ရင် ရုရှားက အရာမရောက်ဘူး၊ ပေါက်ပေါက်ရောက်ရောက် မရှိဘူး။ ဒီတော့ ကုလသမဂ္ဂမှာ ဗီတိုကိုင်ထားနိုင်တဲ့ အာဏာရှိပေမယ့်၊ နိုင်ငံတကာမှာ soft power အရ ယှဉ်ရင် အနောက်နိုင်ငံတွေရဲ့ အင်အားကို မယှဉ်နိုင်ဘူး။ လက်ရှိ မြန်မာစစ်တပ်နဲ့ ရုရှားအကြား ဆက်ဆံရေးကိုကြည့်ရင်လည်း စစ်ရေးအရ စီးနှောင်မှုသာ ရှိတယ်။ ယဉ်ကျေးမှုအရ စည်းနှောင်မှု မရှိ။ အတွေး အခေါ်အရ စည်းနှောင်မှု မရှိ။ ယခင်က မက့်စ်လီနင်ဝါဒကြောင့် ဗမာကွန်မြူနစ်တွေနဲ့ ဆက်နွှယ်ကောင်း ဆက်နွှယ်ခဲ့လိမ့်မယ်။ ဒါကလည်း မြန်မာစစ်တပ် မဟုတ်။

တရုတ်ကွန်မြူနစ်ပါတီတောင် ဗိုလ်နေဝင်းခေတ် တစ်လျှောက်လုံးလိုလိုမှာ၊ ဗမာပြည်ကွန်မြူနစ်ပါတီဘက် ယိမ်းခဲ့တာကြည့်။ ၁၉၈၀ လောက်မှ ဆက်ဆံရေး ပြယ် တယ်ဆိုပေမယ့်၊ မြန်မာစစ်အစိုးရနဲ့လည်း အစေးကပ်ခဲ့တာ မဟုတ်ဘူး။ မြန်မာပြည်မှာ ၈၈ အရေးအခင်း၊ တရုတ် ပြည်မှာ တီယံမင်အရေးအခင်း ဖြစ်ကျတော့မှသာ မြန်မာ – တရုတ် ကျောချင်းကပ်နိုင်ကြတာ မဟုတ်လား။ ဒါပေမယ့် ဦးသိန်းစိန်ခေတ် မြစ်ဆုံကိစ္စဟာ တရုတ် – မြန်မာအကြား ခပ်ကြီးကြီး ခွာပြဲတဲ့ စမှတ်လို့ ပြောနိုင်တယ်။ အဲသည့်ကနေ စပြီးတော့ တရုတ်က မြန်မာစစ်တပ်ကို သံသယမှန်ပြောင်းနဲ့ စကြည့်လာတယ်။ မြန်မာစစ်တပ်ဟာ အားကိုးမရှိလို့သာ တရုတ်ကို ကပ်နေတာ။ အားကိုးရှိလိုက်တာနဲ့ တရုတ်ကို ကာပြန်မယ်ဆိုတာ ကောင်းကောင်း ကြီးနားလည်သွားတယ်။ ဦးသိန်းစိန်အစိုးရဆိုတာလည်း စစ်ယူနီဖောင်းချွတ်အစိုးရပဲ မလား။ ဒီတော့ တရုတ်ဟာ မြန်မာ့အရေးကို ကိုင်တွယ်ရင် အမြဲတမ်း နှစ်ဖက်ခွပြီး ကိုင်တယ်။ မြန်မာတွေက ငါးရံနှစ်ကောင် တစ်ပြိုင်နက် တည်း မဖမ်းနဲ့လို့ ပြောလေ့ရှိပေမယ့်၊ တရုတ်အတွက်ကတော့ လက်ကြီးကြီးရှိလို့ ငါးရံနှစ်ကောင် တစ်ပြိုင်နက် တည်း ဖမ်းနိုင်စွမ်းရှိနေတယ်။

တရုတ်အနေနဲ့ကလည်း အနောက်နိုင်ငံတွေထက် စီးပွားရေးအင်အား အသာစီးရ လာတယ်ဆိုပေမယ့်၊ soft power မှာ အနောက်နိုင်ငံတွေကို တိုးမပေါက်နိုင်ဘူး။ တရုတ်မျိုးနွယ်စုအသိုင်းအဝိုင်း တွေအပေါ်မှာသာ ယဉ်ကျေးမှုနဲ့ စည်းနှောင်နိုင်သေးတယ်။ တရုတ်ကုန်ပစ္စည်းတွေ စျေးချိုလို့ တရုတ်ပစ္စည်းတွေ သုံးနေတယ်ဆိုပေမယ့် နိုင်ငံတကာအသိုင်းအဝိုင်းကို အတွေးအခေါ်အရ လွှမ်းမိုးနိုင်စွမ်း နိမ့်နေသေးတယ်။ အနောက်နိုင်ငံတွေကတော့ soft power နဲ့ ဖြန့်ကျက်နိုင်မှုမှာ အားသာတယ်။ ဘက်ပေါင်းစုံမှာ ဖြန့်ကျက်ထားနိုင်တယ်။ ဒါ့ကြောင့် မြန်မာ ပြည်သူလူထုကို ဖိနှိပ်ညှင်းပန်းသတ်ဖြတ်နေတဲ့ စစ်ကောင်စီကို နိုင်ငံတကာနိုင်ငံတွေဟာ အနောက်နိုင်ငံတွေရဲ့ သဘောထားကို လွန်ဆန်ပြီးတော့ ရဲရဲတင်းတင်း ထောက်ခံအသိအမှတ်ပြုတာ မလုပ်ဝံ့ကြဘူး။ အနောက်နိုင်ငံတွေ နဲ့ ဝင်ရိုးစွန်းတစ်ဖက်ဖြစ်တဲ့ ရုရှားလို့ နိုင်ငံမျိုးကသာ လုပ်ဝံ့ကြတာ။

အဖော်မဲ့ အထီးကျန်

စစ်ကောင်စီရဲ့ ဒုတိယတန်းခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်နဲ့ တွေ့တဲ့အခါ၊  မိတ်ဆွေနည်းနည်းနဲ့ပဲ ဆက် လျှောက်မယ်လို့ ပြောခဲ့ဖူးတယ်။ ဒဏ်ခတ်ပိတ်ဆို့တာ တွေကို ကြံ့ကြံ့ခံပြီး အထီးကျန်စွာလည်း နေနိုင်တဲ့ဆိုတဲ့သဘော ပြောခဲ့တယ်။ ဒီတော့ အစွမ်းကုန် ဇွတ်မိုက်မယ် ဆိုတာ အထင်းသားပြနေပါတယ်။ မြန်မာစစ်ခေါင်းဆောင်တွေ တွက်ဆခဲ့တဲ့အတိုင်း၊ စစ်အာဏာသိမ်းမှု တစ်နှစ် ပြည့်ခါနီးချိန်မှာ အထီးကျန်အဖော်မဲ့နေတာကို တွေ့ရပါလိမ့်မယ်။ ရှားရှားပါးပါး ရောက်လာတဲ့ အာဏာရှင် သက်ဆိုးရှည် ဘိုးအေ ဟွန်ဆန်ကို ပြာပြာသလဲ ကြိုဆိုတာကို ကြည့်ရင်၊ ဧည့်လာရှားလို့ ဧည့်မျှော်နေတာ သိပ် သိသာလွန်းနေတယ်။ သံခင်းတမန်ခင်း လမ်းကြောင်းမှာ၊ နိုင်ငံတကာအသိအမှတ်ပြုမှုကို ကြိုးစားခဲ့ပေမယ့် နောက်ဆုံး စပျစ်သီး ချဉ်တယ် ပြောတဲ့ မြေခွေးလို နိုင်ငံတကာ ထောက်ခံမှု ရရ ၊ မရရ ငါတို့ ပြည်တွင်းရေးပဲ ငါတို့ ဘာသာ ဆုံးဖြတ်မယ်ဆိုတဲ့ ရပ်ခံချက်မှာတင် ရပ်တန့်သွားကြောင်း တွေ့မြင်လိုက်ရပြီ ဖြစ်ပါတယ်။

မင်းသေ့

နေ့လယ် ၁၁း ၁၉

၁၁၊ ဇန်နဝါရီ၊ ၂၀၂၂။

Previous post လူမှုနိုင်ငံရေးဝေဖန်ချက် ဆောင်းပါးများ
Next post စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု၏ နောက်ကွယ်က စာပေတွန်းအားများ