“ဒီကောင်၊ မင်းသေ့… စာအုပ်တွေ ခဏ ခဏ ထုတ်နေတာ အတော်ရောင်းရလို့ ဖြစ်မယ်”လို့ မိတ်ဆွေ သူငယ်ချင်း တချို့ ကတော့ ထင်ကောင်းထင်ကြလိမ့်မယ်။ မဟုတ်ပါဘူး။ ကျနော့် စာအုပ်တွေဟာ ခပ်နှေးနှေး၊ ခပ်ဖြည်းဖြည်း ချင်းသာ သွားတဲ့အမျိုးပါ။ တစ်ခါတည်း ပြိုက်ခနဲ ကုန်သွားတဲ့ စာအုပ်မျိုးတွေ မဟုတ်ပါဘူး။ မိတ်ဆွေ တချို့က ပြောတယ်။ “ခင်ဗျား စာတွေက လေးတယ်၊ တစ်ထိုင်တည်း ဖတ်လို့ မရဘူး၊ ဖြည်းဖြည်းချင်း ဖတ်ရတယ်”။ လေး တယ်ဆိုတာ အကြောင်းအရာက လေးတယ်၊ အရေးအသားက လေးတယ်၊ သဘောအနက်က လေးတယ်…. စသည်ဖြင့် ကွဲကွဲပြားပြား မှတ်ချက် မပေးကြပါဘူး။ လေးတယ်လို့ပဲ ပေးကြတယ်။ ဒါ့ကြောင့် ကျနော်လည်း စိတ်ထဲမှာ “ဪ… ငါ့စာတွေက လေးသကိုး” လို့ မှတ်ထားမိတယ်။

တချို့ကလည်း ပြောတယ်။ “ကိုမင်းသေ့ စာတွေက ကောင်းတယ်၊ အတွေးသစ် အမြင်သစ်ကို ပေးသတဲ့”။ ဒီတော့ လည်း ကျနော် ပြုံးမိ၊ ပျော်မိပြန်ရော။ ရေးဖို့ ခွန်အားသစ်တွေရ၊ ပီတိတွေ ဖြာပေါ့။

ကျနော့် စာအုပ်တွေက အခုလို အချိန်မှ၊ ခပ်နှေးနှေးသာ ထွက်ခွာတာ မဟုတ်ဘူး။ သာမန်တည်ငြိမ်အေးချမ်းနေချိန် တုန်းကလည်း ခပ်ဖြည်းဖြည်းသာ ခရီးနှင်တာတွေ့ရပါတယ်။ ဒါကိုလည်း ကျနော် နားလည်ထားပြီးသားဖြစ်ပါ တယ်။ ကိုဗစ်ကပ်ဘေးကို ဖြတ်ရ၊ အခု အာဏာသိမ်းတော့လည်း စစ်ဘေး စစ်ဒဏ်နဲ့ စားဝတ်နေရေးကြပ်တည်းမှု အပြင်၊ အသက်အန္တရာယ်ကို စိုးရိမ်ရဆိုတော့ စာအုပ်လောကဟာ ပျက်သလောက်ဖြစ်သွားတယ်။ ဒါပေမယ့် ကျနော် စာအုပ်တွေ ထုတ်ဖို့ အမြဲ ကြိုးစားတယ်။

၂၀၂၁ ခုနှစ်ထဲကတော့ အဟောင်း (၁) အုပ်၊ အသစ် (၁) အုပ်ပဲ ထုတ်နိုင်တယ်။ အဟောင်းက “မင်ခြစ်ကောက်ကြောင်းများ” စာအုပ်၊ တတိယအကြိမ်ထုတ်။ အသစ်က “လက်ရွေးစင်စာများ”။ တစ်အုပ်က ၂၀၂၁ ဇန်နဝါရီ။ တစ်အုပ်က ၂၀၂၁ ဒီဇင်ဘာ။ ပြီးခဲ့တဲ့ ၂၀၂၁ တစ်နှစ်လုံးကတော့ စာချည်းပဲ ရေးတဲ့ နှစ်လို့ ပြောနိုင်လိမ့် မယ်။ “စာရေးခြင်းအလုပ်ကို တာဝန်တစ်ခုလို သဘောထားပြီး လုပ်နေတဲ့သူ တစ်ယောက်” အတွက်၊ အကြောင်း ကောင်းတွေ ဖန်တီးထားခဲ့ပါမှ၊ အကျိုးကောင်းတွေ ဖြစ်ထွန်းပေါ်ပေါက်လာမယ်ဆိုတာ နားလည်ပါတယ်။ ဒါ့ကြောင့် စာရေးခြင်းအလုပ်ဟာ လူ့အဖွဲ့အစည်းအတွက် အကြောင်းကောင်းတွေ ဖန်တီးတဲ့အလုပ်ပဲလို့ မှတ်ယူလို့ ဖြစ်တယ်။

ရေးသားတဲ့စာကို စခရင်ပေါ်မှာလည်း ဖော်ပြတယ်။ ပုံနှိပ်စက္ကူပြင်ပေါ်မှာလည်း ဖော်ပြတယ်။ နှစ်ခုစလုံးက သူ့တန်ဖိုးနဲ့ သူ ရှိတယ်လို့ ထင်တယ်။ သူ့တန်ဖိုးနဲ့ သူ၊ သူ့အရာရောက်မှုနဲ့ သူ။ သူ့အကျိုးနဲ့ သူ။ မြန်မာပြည်ရဲ့ စာဖတ်ဓလေ့ဟာ ၂၀၁၂ – ၂၀၁၃ နောက်ပိုင်း တဖြည်းဖြည်း ပြောင်းလာတယ်။ ယခင်တုန်းက စခရင်ပေါ်မှာ ဖတ်ရရင် အားမရတဲ့သူတွေက အခု စခရင်ပေါ်မှာလည်း ဖတ်ပျော်လာတယ်။ စက္ကူပေါ်မှာလည်း ဖတ်ပျော်လာ တယ်။ ယခင် ဘာစာမှ မဖတ်ဖြစ်တဲ့သူတွေက စခရင်ပေါ်က စာကိုတော့ ကောင်းကောင်း ဖတ်ကျင့်ရလာတယ်။ ဒါတွေက အားသာချက်တွေ ဖြစ်တယ်။ ဒါပေမယ့် အားနည်းချက်တစ်ခုလည်းသွားတွေ့တယ်။ ယခင်က စာအုပ် ကျကျနန စာဖတ်တဲ့သူတွေရဲ့ အကျင့်ဟာ၊ စခရင်ပေါ်က အာရုံတွေကြောင့် စူးစိုက်မှု အားကျလာတယ်။ တနည်း အားဖြင့် စာအုပ်ကို စိမ်ပြေနပြေ ဖတ်တဲ့အချိန်တွေထဲက စခရင်က ဖဲ့ယူခြင်းခံလိုက်ရတယ်။ ဒါ့ကြောင့် စာအုပ်ကို ကောက်ကိုင်မိတဲ့ အဆင့်ကို ပြန်လျှောကျသွားတယ်။ နံဘေးနားက ဖုန်းစခရင်ကို ကောက်ကောက်ကိုင်မိပြီး အာရုံ ကစားတဲ့အကျင့်တစ်ခု တိုးလာတယ်။ ဒီတော့ စာအုပ်ကို စိမ်ပြေနပြေ ဆက်တိုက် အာရုံစူးစိုက်ပြီး ဖတ်လာခဲ့တဲ့ အကျင့်က ပြန်ယုတ်လျော့သွားတယ်။ ဒါက အားနည်းချက်။

ဘယ်လိုပဲ ဖြစ်ဖြစ် – အွန်လိုင်းစခရင်ပေါ်မှာ စာတွေ ရေးနေခြင်းဟာ ကောင်းတဲ့အလုပ်။ ရှေ့ပိုင်းကာလတွေမှာ အွန်လိုင်းပလက်ဖောင်းပေါ် စာရေးခြင်းအတွက် ကောင်းတဲ့အကျိုးရလဒ်တွေကို ကျနော် ဆောင်းပါးတွေ ရေးခဲ့ဖူး ပြီးပြီ။ ကျနော့် အနေနဲ့ ကတော့ ရေးတဲ့စာကို စခရင်ပေါ်မှာ ဖတ်ခွင့်ပေးလိုက်တာကို သဘောကျတယ်။ ဒါ့ကြောင့် လည်း ကျနော်ကိုယ်တိုင် ရေးသမျှ စာအားလုံးလိုလိုကို အွန်လိုင်းပေါ် တင်ပေးတယ်။ တချို့က စာအုပ်အနေနဲ့ ကိုင် ဖတ်ဖို့ မလွယ်တဲ့ အခြေအနေတွေ ရှိတယ်။ “တစ်လုံးသိ အကျိုးရှိ” လို့ စကား ရှိတယ် မဟုတ်လား။ ကိုယ်လုပ်သမျှ လုပ်ရပ်တိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်။ ဘယ်လို လုပ်ရပ်မျိုး၊ ဘယ်လို ကြိုးပမ်းမှုမျိုးကမှ အဟောသိကံ ဖြစ်သွားတယ်လို့ မရှိဘူး။ အကျိုးပေးကို ပေးတယ်။

  • ခပ်ဖြည်းဖြည်းသာ အကျိုးပေးသလား၊
  • ခပ်နှေးနှေးသာ အကျိုး ပေးသလား၊
  • နောက်များကျမှ အကျိုးပေးသလားဆိုတာတော့ မသိဘူး။
  • အကြောင်းအကျိုးညီညွတ်တဲ့အချိန်မှာ၊ အကျိုးပေးတယ်။
  • ဒါကို ကျနော် ယုံကြည်လက်ခံထားတယ်။

စာဖတ်သူလူထုဟာ စာကို စခရင်ပေါ်မှာပဲ ဖတ်ဖတ်၊ စာအုပ်နဲ့ပဲ ဖတ်ဖတ်။ ဖတ်ဖြစ်တယ်ဆိုရင်ကို အကြောင်းသတ္တိ တစ်ခု ကိန်းအောင်းတယ်။ ဒီအကြောင်းသတ္တိဟာ လူ့အဖွဲ့အစည်းထဲမှာ တနည်းနည်းနဲ့ ကျေးဇူးပြုတယ်။ အဟောသိကံ ဖြစ်မသွားဘူး။ ဒီတော့ အကြောင်းသတ္တိကောင်းတွေကို ဓာတ်အားပြည့်အောင် စာပေနဲ့ ဖြည့်ဆည်း ခြင်းဟာ လုပ်သင့်တဲ့အလုပ်၊ လုပ်ရမယ့် အလုပ်ဖြစ်တယ်။ ဒီလိုနားလည်ပြီး ကျနော်ဟာ စာတွေကို ရေးတယ်။ ရေးသမျှစာတိုင်းကို အွန်လိုင်းစာမျက်နှာပေါ်မှာ (အခမဲ့) ဖြန့်ဝေတယ်။ နောက်… စာအုပ်ဖြစ်အောင် ကြိုးစားတယ်။

စခရင်နဲ့ စာအုပ်ဟာ သူ့သတ္တိနဲ့ သူ ရှိတယ်လို့ ထင်တယ်။ သတ္တိချင်းက မတူတာတွေ ရှိတယ်။ စာအုပ်စျေးကွက် ပျက်သလိုလို ရှိနေတဲ့အချိန်မှာတောင် စာအုပ်တွေ ဖြစ်အောင် ကြိုးစားနေခြင်းမှာ ရည်ရွယ်ချက်ရှိပါတယ်။ ဒါဟာ ကျနော့်ရဲ့ ဘဝဒဿနနှလုံးသွင်းမှုနဲ့ ဆိုင်ပါတယ်။ ကျနော်ဟာ “ငါ မနက်ဖြန် သေသွားခဲ့ရင်” ဆိုတဲ့ အတွေးကို အမြဲတမ်း နှလုံးသွင်းပါတယ်။ ဒါ့ကြောင့် ကျနော်ဟာ “တွေးမိသမျှ အမြင်” ကို စာတစ်ပုဒ်ဖြစ်အောင်၊ ကြိုးစား တယ်။ “ရေးပြီးသမျှ စာ”ကို စာအုပ်ဖြစ်အောင် ကြိုးစားတယ်။

“သေဆုံးပြီးသား ရုပ်ခန္ဓာကို မီးရှို့သင်္ဂြုလ်” တဲ့ မြင်ကွင်းမျိုးကို ကျနော် ငယ်ငယ်လေးကတည်းက တမင်တွေ့ကြုံ အောင် လုပ်ခဲ့တယ်။ အသုဘတစ်ခုကို လိုက်ပို့ပေးရင်း၊ သင်္ချိုင်းကနေ နောက်ဆုံးမှ ကျနော် ပြန်တယ်။ သုဘရာဇာ နံဘေးမှာ “စကားရော ဖွဲရော ပြောရင်း” မီးရှို့ပြာကျတဲ့ ရုပ်အလောင်းကို ဘယ်လို ဖြစ်တာလဲလို့ အမြဲတမ်း စောင့် ကြည့်ခဲ့တယ်။ ၂၀၂၁ ဩဂုတ်လမှာ ကျနော့် အမေကွယ်လွန်တော့လည်း အမေ့ရုပ်အလောင်း မီးကျွမ်းပြာဖြစ်တဲ့ အထိ ကျနော် စောင့်ကြည့်တယ်။ အသက် ငယ်ငယ် (၅) တန်း (၆) တန်းနှစ်ကတည်းက စတင်မြင်ခဲ့ဖူးတဲ့ အသုဘတစ်ခုမှာ မီးကျွမ်း ပြာကျတဲ့ ရုပ်အလောင်းဟာ ကျနော့်ရဲ့ နေ့စဉ်ဘဝရဲ့ နှလုံးသွင်းမှုအပေါ် ရိုက်ခတ်မှု ရှိခဲ့တယ်။ ဒါဟာ “ငါသေရင် ဘာချန်ခဲ့မလဲ” ဆိုတာ ဖြစ်ပါတယ်။ ဒီစိတ်ကြောင့်ပဲ စာတွေ ရေးပြီး၊ စာအုပ်တွေ ထုတ်ဖို့ ဖြစ်လာပါတယ်။

ကျနော် ကိုယ့်ကိုယ်ကို စိတ်ထဲမှာ အမြဲ ပြောဖြစ်တယ်။

  • “ငါသေသွားရင် စာအုပ်တွေ ချန်ခဲ့မယ်”
  • “စာအုပ်တွေက ငါ့ကိုယ်စား အလုပ်လုပ်ပေးလိမ့်မယ်”
  • “ငါသေသွားရင် ငါ့ရုပ်ခန္ဓာက ပြာဖြစ်သွားပြီ၊ မရှိတော့ဘူး”
  • “ဒီတော့၊ ဘာကိုမှလည်း သယ်ဆောင်မသွားနိုင်ဘူး၊ ယူဆောင်မသွားနိုင်တော့ဘူး”
  • “ငါ လုပ်ချင်တဲ့အလုပ်တွေကလည်း လုပ်ခွင့်မရတော့ဘူး”
  • “ဒီတော့ အသက်ရှင်နေတုန်း ငါ လုပ်ချင်တာတွေကို ငါ လုပ်ခဲ့မယ်”
  • “လုပ်သင့်လုပ်ထိုက်တာတွေကို ငါ လုပ်ခဲ့မယ်”
  • “သေသွားရင် ဘာမှ လုပ်လို့ မရတော့ဘူး”
  • “ဒီတော့ မသေခင် ပြီးနိုင်သမျှ ပြီးစီးအောင် လုပ်ခဲ့မယ်”
  • “အဲသည့်အလုပ်တွေထဲမှာ စာရေးခြင်းအလုပ်ဟာ နံပါတ် (၁)ပဲ”
  • “ငါ ဖြစ်စေချင်တဲ့ လူ့အဖွဲ့အစည်းကို ငါ မြင်ရချင်မှ ငါရလိမ့်မယ်”
  • “ငါ လိုလားတဲ့ လူ့အသိုင်းအဝိုင်းမျိုးကို ငါ မြင်ရချင်မှ ရလိမ့်မယ်”
  • “ငါ မြင်ချင်တဲ့ နိုင်ငံမျိုး ငါအသက်ရှိနေစဉ် မြင်ရချင်မှ မြင်ရမယ်”
  • “ကိစ္စ မရှိဘူး၊ အကျိုးသက်ရောက်မှုက သူ့ကိစ္စ”
  • “အကြောင်း ဖန်တီးခဲ့ဖို့က ငါ့ကိစ္စ”
  • “ဒီတော့ ငါ့အတွေးအခေါ်နဲ့ ငါ့အမြင်တွေကို စာအုပ်တွေထဲမှာ မြှုပ်နှံခဲ့မယ်”
  • “ဒါတွေကို တွေ့ချင်တဲ့သူလည်း တွေ့မယ်၊ မတွေ့ချင်တဲ့သူလည်း မတွေ့ဘူး”
  • “ကိစ္စ မရှိဘူး၊”
  • “လုပ်ရပ်တိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်”
  • “အကြောင်းရှိရင် အကျိုးဖြစ်လိမ့်မယ်”
  • “ကြိုးစားမှုတိုင်းက အဟောသိကံ မဖြစ်ဘူး”
  • “သူ့အကျိုးပေးချိန်တန်ရင် လူ့အဖွဲ့အစည်းအတွင်းမှာ ကျေးဇူးပြုလိမ့်မယ်”
  • “ဒါ ငါ လုပ်နိုင်တဲ့အလုပ်ပါပဲ”

ဒါတွေဟာ ကျနော်ရေးတဲ့စာ၊ ကျနော် ထုတ်ဝေဖို့ ကြိုးစားနေတဲ့ စာအုပ်တွေရဲ့ အဓိကနောက်ခံကားချပ်ပဲ ဖြစ်ပါတယ်။ သိပ်ကြီးကြီးကျယ်ကျယ် တွေးတယ်လို့ မဟုတ်ပါ။ ငါ စာဖတ်ချင်တယ်၊ ငါ စာရေးချင်တယ်၊ ငါ ရေးတဲ့ စာနဲ့ လူ့အဖွဲ့အစည်းကို ကျေးဇူးပြုခဲ့ချင်တယ်။ အကျိုးကြီးခြင်း မကြီးခြင်းက – “စေတနာနဲ့ အားထုတ်မှု” အပေါ်မှာ မူတည်လိမ့်မယ်။ လက်တွေ့မှာ တကယ်အလုပ်လုပ်နေဖို့က ငါ့တာဝန်ပဲ…လို့ ကိုယ့်ကိုယ်ကို သိမှတ်ထားတယ်။

ဒါဟာ ကျနော့် စာအုပ်တွေ ထုတ်ဖြစ်ဖို့ ကြိုးစားနေခြင်းရဲ့ အဓိကရည်ရွယ်ချက်ပါပဲ။

မင်းသေ့

ည ၈း၂၃

၁၃၊ ဇန်နဝါရီ၊ ၂၀၂၂။

Previous post ယဉ်ကျေးမှုမြေပုံနှင့် အမျိုးသားရေး
Next post လူမှုနိုင်ငံရေးဝေဖန်ချက် ဆောင်းပါးများ