• တိုက်စိုး နှင့် မင်းယုဝေ၊ မြန်မာစာမိတ်ဖွဲ့
  • စိတ်ကူးချိုချိုစာပေ၊ စတုတ္ထအကြိမ်။
  • ၂၀၀၅ ဒီဇင်ဘာ။
  • မြန်မာစာပေကိုလေ့လာလိုက်စားသူတို့အတွက် လက်စွဲစာအုပ်။
  • “ဒီစာအုပ်က စာပေအညွှန်း၊ စာရေးဆရာဝေဖန်ချက်ပဲ။ စာမိတ်ဆက်၊ စာအုပ်မိတ်ဆက်၊ စာရေးဆရာ မိတ်ဆက် ဖြစ်တယ်။ စာကြီးပေကြီးကို ဝေဖန်ရေးထက် ဖတ်ချင့်စဖွယ်၊ အကောင်းကို ဖော်ထုတ်ရေးသား၊ အတုယူဖွယ်ကို မြင်အောင်ပြုလျက်…. စာပေနယ်ကို ကျေးဇူးပြုစေ၏။ (မင်းသေ့၊ ၂၀၂၀ အောက်တိုဘာ ၅)”

မြန်မာစာမိတ်ဖွဲ့စာအုပ်သည်၊ တိုက်စိုးနှင့် မင်းယုဝေတို့ နှစ်ယောက်ပေါင်း၍ ရေးသားထားသောစာအုပ်ဖြစ်ပါသည်။ ယခင်က ပထမတွဲ၊ ဒုတိယတွဲဟူ၍ နှစ်အုပ်ထွက်ရှိရာ၊ အခု ပေါင်းချုပ်၍ ထွက်လာပါသည်။ အခုဆိုတာ ၂၀၀၅ ခုနှစ်ကို ဆိုလိုခြင်းဖြစ်ပါသည်။ စိတ်ကူးချိုချိုစာပေက ပြန်လည်ပေါင်းစုထုတ်ဝေထားခြင်းဖြစ်ပါသည်။ မြန်မာစာပေထဲမှာ ဂန္ထဝင်လက်ရာ မြန်မာစာပေများကို သုံးသပ်ထားသောစာအုပ်ဟု ပြောလျှင် မမှား။ စာပေအညွှန်းဟုလည်း ဆိုနိုင်သည်။ စာပေရီဗျူး (စာပေသုံးသပ်ချက်) ဟု ပြောလျှင်လည်း ရနိုင်သည်။ တိုက်စိုးနှင့် မင်းယုဝေတို့သည် မြန်မာစာပေလောက၌၊ နာမည်ကြီးစာရေးဆရာကြီးများဖြစ်ပါသည်။ တိုက်စိုးနှင့် မင်းယုဝေ တို့၏ စာပေများသည် အတန်းကျောင်းမြန်မာဖတ်စာ စာအုပ်၌ပင် ထည့်သွင်းသင်ကြားခံရသော စာပေများဖြစ်ပါ သည်။ ဒီနေ့ခေတ် စာအုပ်အညွှန်းတွေ အွန်လိုင်းမှာ ရေးကြပေမယ့်၊ တို့ကနန်းဆိတ်ကနန်းသာ ရေးကြသည်။ မူရှိ ဟန်မတူ။ တချို့ စာအုပ်အညွှန်းများသည် စာအုပ်ကြော်ငြာသဘောပင် ဆောင်နေသည်ကို တွေ့ရသည်။ စာအုပ် အညွှန်းနှင့် စာအုပ်ရီဗျူးဆိုတာကိုလည်း ရောထွေးနားလည်နေကြသည်။ စာအုပ်ဝေဖန်ချက်ဟူ၍ အတော်ကို အတွေ့ရနည်းသည်။ တိုက်စိုးနှင့် မင်းယုဝေတို့၏ မြန်မာစာမိတ်ဖွဲ့ စာအုပ်သည်၊ မြန်မာစာပေထဲမှ ဝတ္ထု၊ ကဗျာ၊ ပြဇာတ်၊ စာအုပ်၊ စာရေးဆရာ… စသည်တို့ကို ဝေဖန်ချက်၊ ရှုမြင်ချက်၊ သုံးသပ်ချက်ရေးသားထားသော စာများဖြစ်ပါသည်။ အညွှန်းဆိုသည်ထက် သုံးသပ်ချက်သဘောပို၍ ဆောင်ပါသည်။ ဝေဖန်ချက်ဆိုသည်ထက် လေ့လာဆန်းစစ်ချက်ဟု ဆိုနိုင်ပါသည်။ စာပေဆောင်းပါးများဟု ပြောလျှင်လည်း မမှားနိုင်ပါ။ မြန်မာစာမိတ်ဖွဲ့ စာအုပ် (ပထမတွဲ) စာရေးသူ အမှာစာ၌မူ၊ “သွေးသောက်၊ ရှုမဝ၊ ငွေတာရီ၊ ကြေးမုံ၊ လုပ်သားပြည်သူ့နေစဉ်” စသည်တို့တွင် အခါအားလျှော်စွာ ရေးသားခဲ့သော ဆောင်းပါးများဖြစ်၍ မြန်မာစာပေနှင့် ပတ်သက်၍ ၎င်းတို့ ဖတ်ရှုလေ့လာမိသမျှ အထင်အမြင်၊ အယူအဆ၊ ခံစားချက်တို့ကို တတ်စွမ်းသမျှ တင်ပြချက်များသာ ဖြစ်သည်ဟု ဝန်ခံထားပါသည်။ အညွှန်းဟု မပြောပါ။ ရီဗျူးဟု မပြောပါ။ သုံးသပ်ချက်ဟု မပြောပါ။ ဝေဖန်ချက်လို့လည်း မသုံးပါ။ လွတ်လပ်သော ထင်မြင်ယူဆချက်နှင့်ခံစားချက်များသာ ဖြစ်သည်ဟု ဆိုပါသည်။ မြန်မာစာမိတ်ဖွဲ့ဟု ပေးထားခြင်းမှာလည်း၊ မြန်မာစာပေနှင့် ရင်းနှီးစေလို၍ ဖြစ်သည်ဟု ဝန်ခံပါသည်။ စာရေးဆရာကြီးများက၊ မြန်မာစာပေကောင်းများကို လူထုနှင့် နီးစပ်စေရန် တို့တိမိတ်ဆက်ပေးထားသော၊ လူထုနှင့် မြန်မာစာပေအကြား ချစ်ကြည်ရင်းနှီးစေလို၍ မိတ်ဖွဲ့ပေးထားသော စာများ (ဆောင်းပါးများ) ဟု နားလည်ရပါသည်။

  • ကိုးခန်းပျို့နှင့် မြန်မာ့အသက်သွေးခဲ။ တောင်ပေါ်သားနှင့် ရှင်ဥတ္တမကျော်။ ဦးကုလားနှင့် ပံသကူမထေရ်။ ပဒေသရာဇာနှင့် ထန်းတက်သမား။ အားမာန်နှင့် မြန်မာကဗျာ။ ဦးဩ၏ စစ်ချီရတု။ မောင်းထောင်းသီချင်း များ။ ပါပဟိန်။ တောင်ပေါ်သားနှင့် ဦးကြင်ဥ။ ဦးပုညနှင့် ကာကဝလိယမယား။ ဦးပုည၏ တေးထပ် တစ်ပုဒ်။ ဥတုဘောဇနကျမ်းနှင့် သိပ္ပံစကားပြေ။ ဘိုးဝဇီရနှင့် သူ့ခေတ်။ ချဉ်ပေါင်ရွက်သည် မောင်မှိုင်းနှင့် မစ္စတာမောင်မှိုင်း။ ဦးဖိုးကျား၏ စာ။ မြန်မာ့မျက်ပွင့်။ ပထမမြန်မာခေတ်စမ်းကဗျာ။ ဇော်ဂျီ၏ ဘဝအမြင်။ မင်းသုဝဏ်၏ ကျေးလက်တောကဗျာများ။ မောင်ထင်နှင့် တောဖွဲ့။ ဝတ္ထုတိုဆရာ သိန်းဖေမြင့်။ မောင်ထင်၏ ငဘ။ အတ္ထုပ္ပတ္တိရေးသားမှု။

ဤကား…၊ မြန်မာစာမိတ်ဖွဲ့ ပထမတွဲ၌ ပါဝင်သော မာတိကာများဖြစ်ပါသည်။ ဤစာအုပ်အညွှန်းခေါင်းစဉ်ကို၊ ခေတ်ဟောင်းမြန်မာစာပေအညွှန်းဟု ပေးထားခြင်းသည် လွန်အံ့မထင်။ စာရေးသူ၏ အမှာစာ၌ ခေတ်အလိုက် ရှေ့နောက်အစီအစဉ် ပြုထားသည်ဟု ဆိုထားပါသည်။ ပထမဆုံးသော အပုဒ်ဖြစ်သည့်၊ ကိုးခန်းပျို့၏ ခေတ်ကာလ သက်တမ်းကို မှန်းဆတွက်ဆနိုင်ပါသည်။ ၂၁ ရာစုထဲကို ထဲထဲဝင်ဝင် ဝင်ရောက်လာပြီးဖြစ်သော ယနေ့ခေတ် ကျနော်တို့ အချိန်ကာလ၌၊ ဤစာပေများကို ခေတ်ဟောင်းမြန်မာစာပေစာရင်းထဲကို ထည့်လိုက်သည်မှာ လွန်အံ့ မထင်။ ကိုးခန်းပျို့ကို ဖွဲ့သူမား အင်းဝခေတ်စာဆို ရှင်မဟာရဋ္ဌသာရ (မြန်မာသက္ကရာဇ် ၈၃၀ – ၈၉၂) ဖြစ်ပါသည်။ ကိုးခန်းပျို့ကို ရေးသားပြီးစီးသည်မှာ ၈၈၈ ခုနှစ်ဟုဆိုပါသည်။ ယခု မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်ဖြစ်၍ လွန်ခဲ့သော နှစ်ပေါင်း ၅၀၀ နီးပါးက မြန်မာစာပေဖြစ်ပါသည်။ ယနေ့ခေတ် လူငယ်တွေ မပြောနှင့် လူကြီးတွေထဲမှာတောင်၊ ခေတ်ဟောင်းမြန်မာစာပေကို စိတ်ဝင်တစားလေ့လာသူ ရှားပါးပါလိမ့်မည်။ သို့သော် စာပေနှင့် သမိုင်းနှင့် ယဉ်ကျေးမှုနှင့် အစဉ်အလာကြီးမားခဲ့သော မြန်မာလူမျိုးတို့ကား ခေတ်ဟောင်းစာပေကိုလည်း မပစ်ပယ်သင့်။ သို့ကြောင့် လေ့လာဖို့၊ ဆည်းပူးဖို့၊ စူးစမ်းကြဖို့ ခေတ်ဟောင်းမြန်မာစာပေအညွှန်းကို ရေးသားရခြင်းဖြစ်ပါသည်။

တိုက်စိုးနှင့် မင်းယုဝေတို့ ရေးသားသော မြန်မာစာမိတ်ဖွဲ့၌ ကျနော်တို့နှင့် ဝေးသောသူများ သိပ်မရှိပါ။ အားလုံး လိုလို နီးပြီးသားဖြစ်ပါသည်။ အထိအစပ်မများ၍ အကျွမ်းတဝင်မဖြစ်တာ ဖြစ်နိုင်ပါသည်။ ရှင်မဟာရဋ္ဌသာရကို ကျနော်တို့ သိပါသည်။ အတန်းကျောင်းမြန်မာဖတ်စာတွင် ကိုးခန်းပျို့မှ ပျို့ကဗျာအပိုင်းအစတစ်ချို့ကို​ ရွေးချယ် ပြဋ္ဌာန်းထား၍ ကျနော်တို့ အာဂုံရွတ်ခဲ့ဖူးပါသည်။ ကျက်မှတ်ခဲ့ဖူးပါသည်။ ကျနော်တို့သည် ရှင်မဟာရဋ္ဌသာရကို သိသည်။ ရှင်ဥတ္တမကျော်ကို သိသည်။ ရှင်မဟာသီလဝံသကို သိသည်။ ပေလေးပင် ရှင်လေးပါး၏ ကျော်ကြားသည့် မြန်မာရဟန်းစာဆိုများကို ကျနော်တို့ သိခဲ့ပါသည်။ ဦးကုလား၏ မဟာရာဇဝင်ကို ယခုထက်ထိ မြန်မာစာပေ လောကတွင် ပုံနှိပ်နေရဆဲဖြစ်သည်။ ဝန်ကြီးပဒေသရာဇာ၏ ထန်းတက်သမားကဗျာတွေကို ကျနော်တို့ ကျက်မှတ် ခဲ့ဖူးပါသည်။ ဘုန်းတော်ဘွဲ့ကဗျာတွေကိုသာ အတွေ့ရများ၍ တွင်ကျယ်စွာ စပ်ဆိုနေသော ခေတ်ကာလ၌ သာမန် ဆင်းရဲသားပြည်သူလူထု၏ ဘဝသရုပ်ကို ကဗျာဖွဲ့၍ မှတ်တမ်းတင်ခဲ့သော ဝန်ကြီးပဒေသရာဇာဖြစ်ပါသည်။ တနည်းအားဖြင့် စာပေကို လူ့မလိုင်အတန်းအစားအတွက် အသုံးပြုနေသည့်ခေတ်၌ အောက်ခြေနင်းပြား လူတန်းစားအလွှာအတွက် စာပေကို ရေးသားရေးစပ်ခဲ့သော စွန့်ဦးတီထွင် လုပ်ရပ်တစ်ခုဖြစ်ပါသည်။ ဦးကြင်ဥ၊ ဦးပုည။ ကျနော်တို့နှင့် မဝေးပါ။ ဦးပုညသည် မန္တလေးနန်းနေပြည်တော်၌ ကျင်လည်ကျက်စားခဲ့သူ မဟုတ်လား။ နိုင်ငံရေးဇာတ်ရှုပ်ကြားထဲတွင် ပဲလျှော်ကြား ဆားညပ်ခဲ့ရသူ မဟုတ်လား။ ခွေးအသတ်ခံလိုက်ရသော လူတစ်ယောက် မဟုတ်ပါလား။ ဥတုဘောဇနကျမ်းကို ဘယ်သူရေးပါသလဲ။ ရာဇဓမ္မသင်္ဂဟကျမ်းကို ရေးသူဟု ပြောလိုက်လျှင် ကျနော်တို့ တန်းသိပါသည်။ ယောမင်းကြီးဦးဘိုးလှိုင်ဖြစ်ပါသည်။ တိုက်စိုးက မြန်မာ့ခေတ်ဦး သိပ္ပံ စကားပြေအကြောင်းကို ယောမင်းကြီးဦးဘိုးလှိုင်၏ ကျမ်းများဖြင့် တွေ့ထိမိတ်ဖွဲ့ထားပါသည်။ ဇီဝဗေဒနှင့် ဓာတုဗေဒ အသုံးအနှုန်းများကို စတင်ခဲ့သည့် ကျမ်းများဟု ထင်ရှားစွာ တွေ့ရပါသည်။ ဦးဘိုးလှိုင်၏ ရာဇဓမ္မသင်္ဂဟ ကျမ်းဆိုလျှင် မြန်မာပြည်၏ လူမှုပဋိညာဉ်ကျမ်း၊ မြန်မာပြည်၏ စျေးကွက်စီးပွားရေးကို စတင်ဆော်ဩလိုက်သည့် ကျမ်း၊ မြန်မာပြည်၏ ပါလီမန်ဒီမိုကရေစီစနစ်ကို စတင်မျိုးစေ့ချလိုက်သည့် ကျမ်းဟုပင် ပြောရမည် ထင်ပါသည်။ တိုက်စိုးနှင့် မင်းယုဝေတို့၏ မြန်မာစာမိတ်ဖွဲ့စာများ၌ ပဒေသရာဇ်ခေတ် နှောင်းပိုင်း မြန်မာစာပေကို မိတ်ဆက် ထားပါသည်။ ထို့နောက် ကိုလိုနီခေတ်၏ စာပေအကျော်အမော်များ၊ နိုင်ငံရေးအကျော်အမော်များဖြစ်ခဲ့သည့် သခင်ကိုယ်တော်မှိုင်းနှင့် ဦးဖိုးကျားတို့၏ စာများ၊ ကဗျာများ။ ဇေယျ၊ မောင်ထင်၊ ဇော်ဂျီ၊ မင်းသုဝဏ်၊ သိန်းဖေမြင့်… စသည့် မြန်မာစာပေ၌ ထင်ရှားသော စာရေးဆရာများ၏ စာများပါဝင်သည်။

  • မောင်ထင်ကို ငဘ နှင့် တွဲ၍ သိသည်။
  • ဇော်ဂျီကို ဗေဒါလမ်းကဗျာများနှင့် တွဲ၍ သိသည်။
  • သိန်းဖေမြင့်ကို အရှေ့ကနေဝန်းနှင့်တွဲ၍ သိသည်။
  • မင်းသုဝဏ်ကို ခေတ်စမ်းကဗျာများဖြင့် တွဲ၍ သိသည်။

ကျနော်တို့ အသိသည် မနည်းပါ။ အမှုမဲ့ အမှတ်မဲ့နေသောကြောင့်၊ မသိဟု နားမလည်ဟု ထင်နေရခြင်းဖြစ်ပါသည်။ မြန်မာစာမိတ်ဖွဲ့ (ဒုတိယတွဲ) ၌ မူ။

  • ပုဂံသား၏ စကားအသုံးအနှုန်း။ ရွှေစက်တော်သွားတောလား။ ရာဇဓိရာဇ် အရေးတော်ပုံကျမ်း။ ပထမ အင်္ဂလိပ် – မြန်မာ အဘိဓာန်ဆရာ။ ဦးလတ်။ သခင်ကိုယ်တော်မှိုင်း၏ ကဗျာတစ်ပုဒ်။ ရှားလော့ဟုမ်း နှင့် မောင်စံရှား။ ပီမိုးနင်း၏ စာပေအမြင်။ ဇေယျ၏ အညတရ။ သိပ္ပံမောင်ဝ၏ စေတနာ။ လူငယ်ကြိုက်နှင့် လူကြီးကြိုက်။ ဇော်ဂျီနှင့် ဟာသ။ ဗေဒါလမ်း။ ဇော်ဂျီနှင့်အားမန်။ ဖိုးမောင်လာပြီ။ မင်းသုဝဏ်၏ လယ်တောနှင့် လယ်သမားကဗျာများ။ အရှေ့ကနေဝန်းထွက်သည့်ပမာ။ တွေးတစ်စိမ့်စိမ့်မှ မိန်းမဖွဲ့။ ဝတ္ထုတိုဆရာ သော်တာဆွေ။ လွတ်လပ်ရေးနှင့် ကဗျာဆရာများ။ ဖက်ဆစ်မှတ်တမ်း။ မြန်မာ့ပုံပြင်များ။

မြန်မာစာမိတ်ဖွဲ့ ဒုတိယတွဲ၌ ပါဝင်သော ဆောင်းပါးမာတိကာများဖြစ်ပါသည်။ ခေတ်ဟောင်းမြန်မာစာပေ၏ အနှစ်သာကကို မြန်မာ့နိုင်ငံရေးဖြတ်သန်းမှုနှင့်အတူတွေ့နိုင်သည်။ ထို့အပြင် မြန်မာ့လူ့အဖွဲ့အစည်း၏ လူမှုစီးပွား ဘဝများကို ထင်ဟပ်သည့် စာပေများ၊ ကဗျာများကို တွေ့နိုင်သေးသည်။ မောင်ထင်၏ ဆင်းရဲသားနင်းပြား လူတန်း စား၏ သရုပ်ကို ပိုင်နိုင်စွာ ဖွဲ့ခဲ့သော လယ်သမားကြီး ငဘ၏ ဇာတ်လမ်းသည်၊ ဂျပန်ခေတ် ဆင်းရဲသားလူထု၏ သရုပ်သကန် အပြည့်အဝ ပါဝင်နေပါသည်။ ဇော်ဂျီ၏ ကဗျာများတွင် ဘဝအားမာန်နှင့် စိတ်ဓာတ်ခွန်အားကို ခံစားရပြီး၊ မင်းသုဝဏ်၏ ကျေးလက်ကဗျာများတွင် အောက်ခြေလူထု၏ ဘဝသရုပ်များကို သဘာဝအကြားတွင် လှပစွာတွေ့မြင်နိုင်ပါလိမ့်မည်။ သိန်းဖေမြင့်၏ အရှေ့က နေဝန်းထွက်သည့်ပမာ ဝတ္ထုရှည်ကြီးကို၊ မြန်မာ့နိုင်ငံရေး သမိုင်းနှင့် ယှဉ်တွဲကြည့်မြင်နိုင်သည်။ ထို့အပြင် သပိတ်မှောက်ကျောင်းသား ညိုထွန်းနှင့် နှိုင်းယှဉ်အကဲဖြတ်နိုင် သေးသည်။ နိုင်ငံရေးသမားဟူသည်ကား အဘယ်နည်း။ လူဟူသည်ကား အဘယ်နည်း။ ဤသို့ လေ့လာဆန်းစစ် နိုင်ပါသေးသည်။ သော်တာဆွေ၏ ဟာသဝတ္ထုတချို့ကို မြန်မာလူထုက အကျွမ်းဝင်ပြီးသား ဖြစ်မည်။ အမျိုးသား လွတ်မြောက်ရေးကြိုးပမ်းမှုကာလတွင် လူထုကို လှုံ့ဆော်ခဲ့သော၊ လမ်းပြခဲ့သော၊ သတိပေးခဲ့သော စာပေနှင့် ကဗျာများကိုလည်း တွေ့နိုင်သည်။ စာပေသည် အမျိုးသားလွတ်မြောက်ရေးကြိုးပမ်းမှုကြီးအတွက် ဝါဒဖြန့်ချိရေး ကိရိယာအဖြစ် ဘယ်လို ဖြစ်တည်ခဲ့သလဲ။ မြန်မာ့လူ့အဖွဲ့အစည်းတွင်းက၊ ဓလေ့စရိုက်နှင့် ဝိသေသလက္ခဏာများ ကို မြန်မာစာပေထဲ၌ ကောင်းစွာ တူးဆွနိုင်ပါလိမ့်မည်။ သည့်အတွက်၊ တိုက်စိုးနှင့် မင်းယုဝေတို့၏ မြန်မာစာမိတ်ဖွဲ့ စာအုပ်က အစပေါင်းများစွာကို ဆွဲထုတ်ပေးနိုင်လိမ့်မည်ဟု ယူဆပါသည်။

  • ယနေ့ခေတ် စာရေးဆရာနှင့် စာပေသုတေသီများကလည်း၊ ခေတ်သစ်မြန်မာစာပေအညွှန်းများကို စေတနာသန့်သန့်ဖြင့် ရေးသားညွှန်းဆို၍ မြန်မာလူထုနှင့် မြန်မာစာပေကို နီးကပ်နီးစပ်အောင် မိတ်ဖွဲ့ ပေးနိုင်ကြပါစေ။

မင်းသေ့

ည ၇း၂၀

၁၁၊ ဒီဇင်ဘာ၊ ၂၀၂၁။

Previous post နိုင်ငံရေးစာအုပ်အညွှန်း
Next post တို့မန္တလေး