• လူထုဒေါ်အမာ၊ မန္တလေးသူ မန္တလေးသားများ
  • ကြီးပွားရေးစာအုပ်တိုက်၊ ဒုတိယအကြိမ်။
  • ၂၀၁၉ ၊ ဧပြီလ။
  • မန္တလေးသူ မန္တလေးသားတို့၏ ရုပ်ပုံလွှာများ။

လူထုဒေါ်အမာရေးမှ၊ မန္တလေးသားတစ်ယောက် မန္တလေးအကြောင်း ကောင်းကောင်းကန်းကန်း သိရသည်။ မန္တလေးပထဝီအရ ရေးဖွဲ့သည်များ ရှိသလို၊ မင်းနေပြည်တော်ဖြစ်သည့်အတွက် မြို့ပြလူနေမှုသဘော ရေးတာတွေ လည်း ဖတ်ဖူးသည်။ ယခု လူထုဒေါ်အမာ၏ မန္တလေးသူ မန္တလေးသားများ စာအုပ်မှာ၊ ရုပ်ပုံလွှာများဟု ပြောနိုင်ပါ သည်။ ပြောရပါမည်။ လူထုဒေါ်အမာသည် အတ္ထုပ္ပတ္တိအရေးကောင်းသူဖြစ်သည်။ ထိုခေတ်က သဘင်အနုပညာရှင် များ၏ အတ္ထုပ္ပတ္တိများကို လူထုဒေါ်အမာက ရေးခဲ့သည်။ ရွှေမန်းတင်မောင်၏ အတ္ထုပ္ပတ္တိကို လူထုဒေါ်အမာ ရေးခဲ့ သည်မှာ တကယ့် ထူထူထဲထဲ၊ စနစ်တကျ။ ကျနော်သည် ရုပ်ပုံလွှာများကို သဘောကျသည်။ ဒဂုန်တာရာ၏ ရုပ်ပုံလွှာ။ ထို့နောက် ဖြတ်ခနဲတွေ့ရသော ရုပ်ပုံလွှာကားချပ်များ။ ဒေါက်တာမောင်မောင်၏ သက်ရှိရာဇဝင် (Profiles)။ မြသန်းတင့်၏ ခေတ်ပြိုင်ရုပ်ပုံလွှာများ နှင့် အညတရရုပ်ပုံလွှာများ။ ကျော်ရင်မြင့်၏ ဘဝဇာတ်ခုံ အဖုံဖုံ။ ယခု လူထုဒေါ်အမာ၏ မန္တလေးသူ မန္တလေးသားများ။ မန္တလေးသားများ၏ ရုပ်ပုံလွှာသည် မန္တလေး၏ သမိုင်းလည်း ဖြစ်ပါသည်။

လူထုဒေါ်အမာ၏ မန္တလေးသူ မန္တလေးသားများထဲတွင် …

  • မြို့မငြိမ်း မပါပါ။
  • ဝင်းဖေ မပါပါ။
  • ပေါ်ဦးသက် မပါပါ။

ဒါဆို ဘယ်သူတွေ ပါပါသလဲ။

  • ပန်းကန်သည် ဒေါ်မြ။ သူဌေး ဦးသက်ရှေနဲ့ သားဦးကျော်။ ရတနာပုံဆီစက် ဦးသိန်း။ နဂါးဒေါ်ဦး။ မိုက်သမား မိုက်သူကြီး ဦးမောင်ကြီး။ ဟင်္သပဒါးကျော်။ ကျောက်စာဝန်ဟောင်း ဦးမြ။ ကျားဘညိမ်း။ ဗန္ဓုလ ဦးဆိုင်။ မြန်မာဗိသုကာပညာရှင် ဆရာဆိုင်။ ပွဲကတော်ကြီးတွေ ဖြစ်တဲ့ ဒေါ်သီ၊ ဒေါ်သစ်၊ ဒေါ်ချစ်၊ ဒေါ်စီ။ ဒေါ်ဦးဇွန်း။ စတီးဦးကျော်လှ။ သစ်ပင်ဒကာကြီး ဆိုက်ကားသမားကြီး ဦးငွေ။

လူထုဒေါ်အမာရေးတဲ့ မန္တလေးသူ မန္တလေးသားတွေထဲမှာ၊ အားလုံးဟာ အတုယူစရာ စိတ်နေစိတ်ထား ရှိကြသည်။ အတုယူစရာ အပြုအမူများ တစ်ခုမဟုတ်တစ်ခု ရှိသည်ချည်းဖြစ်သည်။ လူထုဒေါ်အမာ ရေးတဲ့စာတွေမှာ စံရှိသလို၊ ရွေးတဲ့လူတွေအပေါ်မှာ စံတစ်ခု ရှိပါလိမ့်မည်။ ကျနော် သိမြင်နားလည်သလောက် ဖောက်သည်ချပါမည်။

အာဂအမျိုးသမီးတွေ

လူထုဒေါ်အမာက အမျိုးသမီးတစ်ယောက်ဖြစ်သည်မို့၊ အမျိုးသမီးတို့၏ အားမာန်ကို တမင်တကာ တကူးတက ကြည့်၍ စာများရေးသည်ဟု နားလည်ပါသည်။ ဒါကို လူထုဒေါ်အမာရဲ့ ရေးသူ့အမှာစာမှာလည်း တွေ့ရပါသည်။ မန္တလေးသည် တရုတ်လူဦးရေတိုးဝင်ပျံ့နှံ့သည် မြို့တော်ဖြစ်ပါသည်။ တရုတ်လူ့အဖွဲ့အစည်း၌ ကွန်ဖြူးရှပ်ဓလေ့ ထွန်းကားပါသည်။ ဒါ့အပြင် မြန်မာပြည်နှင့် ကပ်လျက် အိန္ဒိယနိုင်ငံကြီးရှိပါသည်။ လူထုဒေါ်အမာရေးသည်ကို ကြည့်ပါ။

  • “ကျွန်မတို့မှာ တစ်ဖက်က သားကို သခင်၊ လင်ကို ဘုရား သဘောထားပြီး မိန်းမဆိုတာ ယောက္ခမအိမ်မှာ ကျွန်အကြီးဆုံးအဖြစ်နဲ့ နေရတယ်ဆိုတဲ့ ကွန်ဖြူးရှပ်ယဉ်ကျေးမှုကြီး ဖိစီးလွှမ်းမိုးတဲ့နိုင်ငံကြီးရှိပါတယ်။”
  • “တစ်ဖက်မှာလည်း လင်ယောက်ျားကို မိန်းကလေးရှင်က ငွေနဲ့ ပေးဝယ်ရပြီး လင်ရတာနဲ့ တစ်ပြိုင်နက် အိမ်တွင်းပုန်းရ ခေါင်းမြီးခြုံရတဲ့ အစဉ်အလာကြီး ဖိစီးထားတဲ့နိုင်ငံကြီးရှိပါတယ်။”

ဒီအသုံးအနှုန်းမှာ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံက အမျိုးသမီးတွေလို့ တိုက်ရိုက်မသုံးစွဲထားပါ။ သို့သော်လည်း ဒီနိုင်ငံ ကြီး နှစ်နိုင်ငံကို ညွှန်းမှန်း သိသာထင်ရှားပါသည်။ ဘယ်လောက်ပဲ လူဦးရေများပြားပြီး၊ နိုင်ငံကြီးဖြစ်နေပါစေ မြန်မာအမျိုးသမီးများအပေါ်မှာ ဒီယဉ်ကျေးမှုတွေ ၊ ဒီစရိုက်သကန်တွေ အရိပ်ထိုးခြင်း မရှိဘူး၊ လွှမ်းမိုးခြင်း မရှိဘူး၊ သက်ရောက်ခြင်း မရှိဘူး၊ ရောင်ပြန်ဟပ်ခြင်း မရှိဘူး… ဆိုတာကို ထင်ထင်ရှားရှား ပြသချင်ခဲ့ဟန်တူပါသည်။ ဒါ့ကြောင့်လည်း လူထုဒေါ်အမာရေးတဲ့ မန္တလေးသူတွေထဲမှာ၊ ပန်းကန်သည် ဒေါ်မြ၊ နဂါးဒေါ်ဦး၊ ဒေါ်ဦးဇွန်းနဲ့ ပွဲစား ကတော်ကြီးတွေဖြစ်တဲ့ ပွဲကတော် ဒေါ်သီ၊ ဒေါ်သစ်၊ ဒေါ်ချစ်၊ ဒေါ်စီတို့အကြောင်းကို ကျကျနန ရေးသားတင်ပြတာ ကို သတိထားမိပါသည်။ မြန်မာအမျိုးသမီးတွေဟာ လင်ယောက်ျားကို မှီခိုကပ်ရပ်ပြီး အိမ်ရှင်မ လုပ်နေတာ မဟုတ်ဘူး၊ မှီခိုလုပ်နေတာ မဟုတ်ဘူး…လို့ နားလည်စေချင်ဟန်တူသည်။ မြန်မာအမျိုးသမီးတွေမှာ၊ ကိုယ်စွမ်း ကိုယ်စရှိတယ်၊ ကိုယ်ပိုင်အလင်းရောင်ရှိတယ် … ဒီမှာကြည့်….လို့  ပြသလိုက်သလို ထင်ရပါသည်။ ပန်းကန်သည် ဒေါ်မြ၊ နဂါးဒေါ်ဦးနှင့် ပွဲကတော်ကြီးများသည် စီးပွားရေးကို ဦးစီးဦးဆောင်လုပ်နေကြသည့် အမျိုးသမီးများဖြစ်ပါ သည်။ ပွဲကတော်ကြီးများသည် ပွဲစားကြီးများ၏ ဇနီးများဖြစ်သော်လည်း၊ ပွဲစားယောက်ျားကြီးများကဲ့သို့ တတ်သိ ကျွမ်းကျင် ပါးနပ်၍ လုပ်ရည်ကိုင်ရည်ရှိသော အမျိုးသမီးများဖြစ်ကြောင်း လူထုဒေါ်အမာ၏ ရုပ်ပုံလွှာထဲမှာ သိသာ ထင်ရှားနေပါသည်။ မြန်မာအမျိုးသမီးတွေ ဦးဆောင်သည့် စီးပွားရေးလုပ်ငန်းသည် ဘယ်လောက် အောင်မြင်ကြီး ပွားခဲ့ကြောင်း လူထုဒေါ်အမာက စာဖြင့် သိမ်မွေ့စွာ မှတ်တမ်းတင်ထားသည်ကို ဖတ်ရပါသည်။

ကိုယ်စွမ်းကိုယ်စနှင့် လူ

လူထုဒေါ်အမာရေးသည့် မန္တလေးသားများအကြောင်းမှာ၊ ထူးခြားချက်များ ထပ်မံတွေ့ရပါသည်။ လူထုဒေါ်အမာ က ဘယ်လိုလူတွေကို ရုပ်ပုံလွှာအဖြစ် မှတ်တမ်းတင်ရေးသားခဲ့ပါသလဲ။

လူထုဒေါ်အမာရေးတဲ့ မန္တလေးသားတွေထဲမှာ၊ စေတနာ သဒ္ဓါတရားကြီးများ ထက်သန်သူတွေကို တွေ့ခဲ့ရသည်။ ထို့အပြင် သူတို့လုပ်သည့်အလုပ်တစ်ခုကို ပီပီပြင်ပြင် ကျကျနန ပရော်ဖက်ရှင်နယ်ဆန်ဆန် စေတနာထား၍ ကျယ်ကျယ်ပြန့်ပြန် ပေါက်ပေါက်မြောက်မြောက်လုပ်ခဲ့သူတွေ ဖြစ်ကြောင်း တွေ့ခဲ့ရသည်။ ဒီလိုလူများသည်၊ ကိုယ်စွမ်းကိုယ်စနှင့် လူများဖြစ်သည်။ ကိုယ့်အလင်းနှင့် ကိုယ် ထွန်းတောက်နေသည့် လူများဖြစ်ပါသည်။ ထို့နောက် မထင်မရှား လူသူတော်စင်များဟု ပြောနိုင်လောက်သည့် လူများဖြစ်ပါသည်။ ဥပမာ – စတီးဦးကျော်လှ။

သိုသိပ်သော သူတော်ကောင်း

စတီးဦးကျော်လှသည် စတီးဘရားသားကုမ္ပဏီ၊ မန္တလေးရုံးခွဲတွင် ရုံးအုပ်ကြီး လုပ်ခဲ့သူဖြစ်၍ စတီးဦးကျော်လှဟု အမည်တွင်ခြင်းဖြစ်ပါသည်။ စတီးဦးကျော်လှက သိုသိုသိပ်သိပ် နေထိုင်သည်။ ထင်ထင်ပေါ်ပေါ် မနေ။ အသားစား ရှောင်ကြဉ်ရေးအဖွဲ့၏ ဥက္ကဌဖြစ်သည့်အပြင် ဗုဒ္ဓသာသနာ နိုင်ငံခြားမှာ ထွန်းကားဖို့ ငွေအားလူအား စိုက်ထုတ်ခဲ့သူ ဖြစ်သည်။ မန္တလေးတောင်ခြေက ဘိုးဘွားရိပ်သာဆိုလျှင် ဦးကျော်လှ၏ လုံ့လကြောင့်၊ စေတနာကြောင့် ပေါ်ပေါက် လာသည်ဟု လူထုဒေါ်အမာက ရေးသည်။ ဦးကျော်လှအကြောင်းကို လူထုဒေါ်အမာက သူမှ မရေးရင်၊ မေ့မေ့ ပျောက်ပျောက်ဖြစ်မှာစိုးလို့၊ ရွက်ပုန်းသီးသူတော်စင်ကြီးလို့ ခေါင်းစဉ်တပ်ပြီး မှတ်မှတ်ရရ မှတ်တမ်းတင် ရေးသား ခြင်းဖြစ်ပါသည်။ ဦးကျော်လှသည် သူ့ကိုယ်သူ နှိမ့်ချသည်။ ဘာမှ မဟုတ်တဲ့ အညတရတစ်ယောက်လို ခံယူထား သည်။ သူ့ကိုယ်သူလည်း လူသိမှာ စိုးရိမ်သည်။ ဤသို့သော်သူမျိုးကို တမင်ဖော်ထုတ်မှတ်တမ်းတင်ရခြင်းဖြစ် သည်။ စာရေးဆရာတစ်ယောက်၏ တာဝန်မှာ ဤအချက်လည်း ပါဝင်နေသည် မဟုတ်လား။ ပညာရှိသူတော် ကောင်းမှန်လျှင် နောက်လူတို့ အတုယူဖို့၊ မှတ်တမ်းတင် ရေးသားရမှာ ဓမ္မတာ မဟုတ်ပါလား။

ဆိုက်ကားသမားကြီး ၊ သစ်ပင်ဒကာကြီး ဦးငွေ

နောက်… ပူပြင်းသည့် မန္တလေးမှာ သစ်ပင်ပေါင်း ၅၀၀ ကျော်ကို ကိုယ်တိုင် ရေလောင်းပြီး စိုက်သွားသည့် ဆိုက်ကားဆရာကြီး ဦးငွေလို လူမျိုးဖြစ်ပါသည်။ ဦးငွေသည် ဆင်းရဲသည်။ သာမန်ဆင်းရဲသားတစ်ယောက်ဖြစ်ပါ သည်။ ဆိုက်ကားနင်း၍ အသက်မွေးရသည်။ မန္တလေးမှာ ပူအိုက်လွန်းသလို၊ နွေအပူရှိန်ပြင်းလွန်း၍ မန္တလေး၌ မီးကြီးခတတ်စမြဲ ဖြစ်သည်။ ဤသက်ရောက်မှုကို နည်းနိုင်သမျှ နည်းစေရန်၊ မန္တလေး၏ ဥတုပူပြင်းမှုကို လျှော့၍ မန္တလေးသူ မန္တလေးသားများကို သစ်ပင်၏ အေးရိပ်၌ ငြိမ်းအေးစေရန် သစ်ပင်များကို ကြိုးစားစိုက်ခဲ့သူဖြစ်သည်။ ဦးငွေလို ဆိုက်ကားသမား၊ ဆင်းရဲသားကြီးတစ်ယောက်၏ လုပ်ရပ်ကို လူထုဒေါ်အမာက မှတ်တမ်းတင်ခဲ့ပါသည်။ မန္တလေးသားတွေဟာ ဒီလိုလူတွေဟု ပြလိုက်သည့် သဖွယ်။

ဘယ်သူတစ်ဦးတစ်ယောက်မှ နစ်နာအောင် စိတ်ယုတ်မာ မမွေးခဲ့သည့် ကျားဘညိမ်း

လူထုဒေါ်အမာက ကျားဘညိမ်းအကြောင်းရေးသည်။ ကျားဘညိမ်းက လက်ဝှေ့ကို အရူးအမူးစွဲလန်းသူ။ သူ ယုံကြည်သည့် လက်ဝှေ့အနုပညာကို တစ်ကသ်လုံး ဖက်တွယ်ထားခဲ့သည်။ “ဘညိမ်း စိတ်ယုတ်မာနဲ့ ဘယ်သူ့ အပေါ် ဘယ်လိုလုပ်ခဲ့တယ်လို့ လက်ညှိုးထိုးပြစရာ မရှိသူမို့ ဘညိမ်းကို မန္တလေးက ချစ်ကြတယ်၊ သူက လက်ဝှေ့ ဆိုတာ အနုပညာပါပဲတဲ့လေ။ အဲဒီအနုပညာကိုပဲ တစ်သက်လုံး သူ ဖက်တွယ်ထားတယ်။ လက်ဝှေ့မထိုးရရင် စာရေးမယ်၊ ၁၂ ကောင် ကျားထိုးမယ်၊ ပန်းချီဆွဲမယ်၊ စာဖတ်မယ်ဆိုတဲ့လူ။ ဒါ့​ကြောင့် ဘယ်သူ့ကိုမှ နစ်နာအောင် မလုပ်ခဲ့ဘဲ သူယုံကြည်ရာကို တစ်သက်လုံး လုပ်ဆောင်သွားသူ၊ လက်တွေ့အတွက် လူဖြစ်လာသူ” ဟု၊ လူထုဒေါ်အမာက ကျားဘညိမ်းအကြောင်း ဘာ့ကြောင့်ရေးရသလဲဆိုတာ ရေးခဲ့ပါသည်။

မြန်မာ့ဓလေ့ ရွှေမိုက်ထုတ်သူကြီး

မိုက်သူကြီး ဦးမောင်ကြီးအကြောင်းမှာ၊ မန္တလေးမဟာမြတ်မုနိဘုရားကြီး၌ နှစ်စဉ် အမှိုက်ထဲက ရွှေဖြစ်သည့် မိုက်ထုတ်သည့် အတတ်ပညာကို မှတ်တမ်းတင်ခြင်းလည်းဖြစ်သည်။ ထို့အပြင် ရွှေမိုက်ထုတ်သည့် အတတ်သည် မြန်မာမှု တစ်ခုဖြစ်သည့် အတတ်ဖြစ်၍ လူထုဒေါ်အမာက တကူးတက မှတ်တမ်းတင်ခြင်းလည်းဖြစ်ပုံရသည်။ မိုက်ထုတ်သည့်အတတ်ပညာသည် ဆန်းကြယ်သလို၊ သိမ်မွေ့သည်။ မြန်မာ့ဓလေ့၌ စေတီရုပ်ပွားတော်များကို ရွှေပြားကပ်သည့်ဓလေ့ရှိသည်ဖြစ်၍၊ ဤဓလေ့မှ ဆင်းသက်လာသည့် ရွှေမိုက်ထုတ်သည့် အတတ်ကို လူထုဒေါ် အမာက ရေးသားခြင်းဖြစ်ပါသည်။ ဓလေ့သမိုင်း ဟု ပြောလျှင် ရနိုင်သလို၊ ဓလေ့မှတ်တမ်းဟု ပြောလျှင်လည်း ရနိုင်ပါသည်။ ဤသို့သော အခြင်းအရာမျိုးကို သွားရောက်လေ့လာ မေးမြန်း စူးစမ်း၍ လူထုဒေါ်အမာက သီးသီး သန့်သန့် ရေးသားမှတ်တမ်းတင်သည်။ လူထုဒေါ်အမာ၏ မူများထဲမှ တစ်ခုဖြစ်ပါလိမ့်မည်။

မြန်မာမှုဗိသုကာပညာရှင် ဦးဆိုင်

နောက် ဗိသုကာဦးဆိုင် ဖြစ်ပါသည်။ မြန်မာ့ဓလေ့ကို မှတ်တမ်းတင်ခြင်းဖြစ်သည့်အပြင်၊ မန္တလေး၌ ဘုရားကျောင်း ကန် စေတီပုထိုးများ များပြားပါသည်။ အထူးသဖြင့် ဘုန်းကြီးကျောင်းများသည် မန္တလေး မြို့ပြင် မြို့နှံ့  တည်ရှိနေ ပါသည်။ အဆိုပါ ဘုန်းကြီးကျောင်းများသည် မန္တလေးမြို့၏ မြို့ပြသွင်ပြင်လက္ခဏာတစ်ခုလည်းဖြစ်ပါသည်။ ထိုနည်းလည်းကောင်း မြန်မာများ၏ ဓလေ့ယဉ်ကျေးမှု အဆောက်အအုံများလည်းဖြစ်ပါသည်။ တနည်းအားဖြင့် သာသနာ့အဆောက်အအုံများဟု ပြောနိုင်ပါသည်။ ဤသာသနာ့အဆောက်အအုံများကို ဆောက်လုပ်ပေးခဲ့သည့်၊ မြန်မာ့ဗိသုကာပညာရှင် ဦးဆိုင်အကြောင်းကို ရေးသားတင်ပြထားတာ ဖတ်ရပါသည်။ မြန်မာတွေဟာ မညံ့ဘူး၊ ဗိသုကာလက်ရာယဉ်ကျေးမှုတွေကို ပြောင်မြောက်စွာ တတ်ကျွမ်း ဖန်တီးနိုင်တဲ့ အစွမ်းအစရှိတယ်လို့ စာထဲမှာ ထည့်မပြောသည့်တိုင်၊ ထည့်ပြောသကဲ့သို့ နားလည်ရပါသည်။

သင်္ကန်းတစ်ခေတ် ပြောင်းခဲ့သူ ဗန္ဓုလ ဦးဆိုင်

မန္တလေးကို ဗုဒ္ဓသာသနာထွန်းကားတဲ့မြို့တော်လို့ လူသိများပါသည်။ မန္တလေး၌ ဘုန်းကြီးသံဃာအမြောက်အမြား ရှိပါသည်။ ဘုန်းကြီးသံဃာများ ဝတ်ရုံသည့် သင်္ကန်းနှင့်ပတ်သက်သည့်၊ သမိုင်းအချိုးအကွေ့ တစ်ခုကို လူထုဒေါ် အမာက မှတ်တမ်းတင်ပါသည်။ ဗန္ဓုလ ဦးဆိုင်က သင်္ကန်းများကို ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းဖြင့် အသက်မွေး သော်လည်း၊ သူ့အလုပ်အပေါ်မှာ စေတနာ ဘယ်လို ထားတယ်ဆိုတာကို ထင်ထင်ရှားရှားတွေ့ရပါသည်။ စီးပွားဖြစ် ရုံ၊ အမြတ်အစွန်းရရုံ ပဓာနထားသည် မဟုတ်။ သာမန် ပိန္နဲဆိုးဆေးများ သုံးစွဲရာမှ ဓာတ်ဆိုးဆေးနှင့် ပြောင်းလဲ၍ ရဟန်းတော်များ ဝတ်ရုံ၍ အဆင်ပြေအောင် ကြိုးစားလုပ်ဆောင်ခဲ့သည့် မှတ်တမ်းကို လူထုဒေါ်အမာက ရေးသားခဲ့ ပါသည်။

ရိုးသားကြိုးစားမှုနှင့် သဒ္ဓါတရား

သူဌေး ဦးသက်ရှေနဲ့ သားဦးကျော်အကြောင်းကတော့၊ သာမန်ဆင်းရဲသားတစ်ယောက် ဘဝကနေ သူဌေးကြီးဖြစ် လာသူ၏ အကြောင်းဖြစ်ပါသည်။ ဒါ့အပြင် ငွေကြေးကို အလှူအတန်းအတွက် ဘယ်လောက် ရက်ရက်ရောရော သဒ္ဓါတရားထက်ထက်သန်သန် ရှိသလဲဆိုတာကို ထင်ထင်ရှားရှားတွေ့ရပါသည်။ ရှမ်းပြည်က လာသည့် လက်ဖက် ခြောက်ကို အထမ်းလေးဖြင့်၊ လှည်းကလေးဖြင့် ရောင်းချ အသက်မွေးရာမှ တစ်ဆင့် လက်ဖက်ခြောက်၊ လက်ဖက်စိုလုပ်ငန်းနှင့် ဘယ်လိုကြီးပွားလာကြောင်း ရေးသားသည်ကို ဖတ်ရသည်။ ဤနေရာ၌ ဦးသက်ရှေ၏ ကြိုးစားရုန်းကန်ခဲ့ရပုံ၊ ဘယ်လို အပင်ပန်းခံခဲ့ရပုံကို ရေးသားခဲ့သည့်အပြင်၊ သူ့၏ ရိုးသားမှုကိုပါ ထင်ထင်ရှားရှား တွေ့လိုက်ရပါသည်။ ဘာသာရေးမှာလည်း ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်မှုမှာ ဘယ်လောက်ကြီးမားကြောင်း၊ သူ လှူခဲ့တန်းခဲ့သည့် အလှူများက သက်သေပြနေပါသည်။ ဤအခြင်းအရာများကို လူထုဒေါ်အမာက ရေးသားခဲ့ ပါသည်။

တို့မန္တလေးကွ

အချုပ်အားဖြင့် ခြုံငုံကြည့်လိုက်လျှင်၊ မန္တလေးသူ မန္တလေးသားများသည် အမျိုးသမီးဖြစ်နေသည့်တိုင်အောင်၊ ကိုယ်စွမ်းကိုယ်စဖြင့် ကိုယ့်အလင်းနှင့် ကိုယ် ရပ်တည်သူများ၊ စွမ်းရည်ရှိသူများ၊ ထူးချွန်သူများဟု နားလည်လိုက်ရ ပါသည်။ မန္တလေးသားများသည်လည်း ဘာသာရေးအပေါ်မှာ ဘယ်လို သက်ဝင်ယုံကြည်တယ်၊ သဒ္ဓါတရား ဘယ်လောက်ထက်သန်တယ်၊ ပရဟိတအလုပ် အများအကျိုးကို သယ်ပိုးရာမှာ ချမ်းသာမှ လှူဒါန်းတာ မဟုတ်ဘူး၊ မရှိဆင်းရဲသားဖြစ်သော်လည်း အများအကျိုးကို ဘယ်လောက် စေတနာထက်ထက်သန်သန်နဲ့ ဇွဲရှိရှိ လုပ်ဆောင်ခဲ့ တယ်ဆိုတာတွေကို တွေ့ရပါသည်။ ကိုယ်စွမ်းကိုယ်စနှင့် ကြီးပွားလာသူတွေမှာလည်း၊ ရိုးသားမှုအပေါ် အရင်းခံတယ်၊ ဖြတ်စားလှီးစား မလုပ်တတ်ဘူး၊ ရောင်းသူ ဝယ်သူ သဘောမျှလို့ ဝယ်သည် ဖြစ်သော်လည်း၊ ဝယ်သူအပေါ်မှာ ဘယ်လို စေတနာထားတယ်၊ ပွဲစားလုပ်သော်လည်း ဘယ်လို စေတနာထားတယ်၊ ဘယ်လို ဝန်ဆောင်မှုပေးပြီး ထိုက်သင့်တဲ့အကျိုးအမြတ်ကို ရယူတယ်ဆိုတာကို တွေ့ရသည်။ နောက် မန္တလေးသားများ ၏ လုပ်ငန်းကျွမ်းကျင်မှု၊ ပရော်ဖက်ရှင်နယ်ဆန်မှုနှင့် မြန်မာ့ယဉ်ကျေးမှုများကို တည်ဆောက်ဖန်တီးနိုင်စွမ်းရှိမှု စသည်များကို ထင်ထင်ရှားရှားတွေ့လိုက်ရပါသည်။

ကျနော်သည် လူထုဒေါ်အမာ၏ မန္တလေးသူ မန္တလေးသားများ စာအုပ်ကို ဖတ်၍ “ဒါ…တို့ မန္တလေးကွ” ဟု ဇာတိ၊ ပဝတ္ထိစိတ်ဖြင့် ကြွေးကြော်လိုက်ချင်ပါသည်။

မင်းသေ့

ည ၁၀း၀၉

၁၁၊ ဒီဇင်ဘာ၊ ၂၀၂၁။

Previous post ခေတ်ဟောင်းမြန်မာစာပေအညွှန်း
Next post စာအုပ်တွေကြားက အကျဉ်းသား