• ဦးအောင်ခင် ၊ လွတ်လပ်ချင်တဲ့စိတ် နှင့် လေလှိုင်းထဲက စာအုပ်စင်
  • လွင်ဦး စာပေ၊ ပထမအကြိမ်။
  • ၂၀၂၀၊ နိုဝင်ဘာ။
  • မြန်မာ့အရေးလေ့လာသုံးသပ်ချက်သုတေသနစာတမ်းနှင့်စာအုပ်များအား ပြန်လည်တင်ပြချက်။

ဒေါက်တာအောင်ခင် အာဘော်တွေနဲ့ပတ်သက်ပြီးတော့၊ မြန်မာပြည် စာဖတ်ပရိသတ်က စိမ်းနေမယ်လို့ မထင်ပါ။ ဒေါက်တာအောင်ခင်ဟာ ရန်ကုန်တက္ကသိုလ်၊ သမိုင်းဌာနက သမိုင်းကျောင်းဆရာဟောင်းဖြစ်ပါတယ်။ ဆိုရှယ်လစ် ခေတ်မှာ၊ ဗိုလ်နေဝင်းရဲ့ လုပ်ရပ်တွေကို မနှစ်မြို့လို့၊ မြန်မာပြည်ကနေ ထွက်ခွာသွားတဲ့ ပညာရှင်တစ်ယောက်ဖြစ် ပါတယ်။ တက္ကသိုလ်အောင်ခင်ဦး ဆိုတဲ့နာမည်နဲ့ သမိုင်းစာအုပ်တွေကို ရေးသားပြုစုပုံနှိပ်ခဲ့ဖူးပါတယ်။ ပြည်ပရောက်တဲ့အခါ၊ နိုင်ငံတကာသတင်းဌာနတွေမှာ အယ်ဒီတာလုပ်ရင်း၊ သုတေသီလုပ်ရင်း ဘဝကို ဖြတ်သန်းခဲ့ ပါတယ်။ အထူးသဖြင့် မြန်မာပြည်ရဲ့ စစ်အာဏာရှင်တော်လှန်ရေးအတွက် အထောက်အကူဖြစ်စေတဲ့ စာအုပ်တွေ ကို ရေးသားခဲ့ပါတယ်။ လေလှိုင်းထဲမှာလည်း မြန်မာပြည်အတွက် ကောင်းနိုးရာရာ စာအုပ်တွေ ရွေးချယ်ပြီး၊ လေလှိုင်းထဲက စာအုပ်စင်ကဏ္ဍမှာ ထုတ်လွှင့်ခဲ့ဖူးပါတယ်။ မြန်မာပြည်အရေးနဲ့ ပတ်သက်ပြီး၊ ယခုအချိန်အထိ နိုင်ငံတကာသတင်းမီဒီယာတွေကနေ သတင်းဆောင်းပါး၊ နိုင်ငံရေးသုံးသပ်ချက်ဆောင်းပါးတွေကို လေလှိုင်းထဲ ကနေ အမြဲ ထုတ်လွှင့်နေဆဲ သမိုင်းသုတေသီတစ်ယောက်ဖြစ်ပါတယ်။ ဒေါက်တာအောင်ခင်ဟာ မြန်မာပြည် အရေးနဲ့ ပတ်သက်ပြီး ဘယ်တော့မှ မျက်ခြေပြတ်ခဲ့တယ်လို့ မထင်ပါ။ မြန်မာပြည် စစ်အစိုးရခေတ်တစ်လျှောက် လုံးအပါအဝင် မြန်မာပြည် နိုင်ငံရေးအလှည့်အပြောင်းတွေကို မပြတ်သုံးသပ်ပြီး၊ မြန်မာ စာဖတ်ပရိသတ်အတွက် နိုင်ငံရေးအသိအမြင်တွေကို ဖွင့်ပေးသူတစ်ယောက်ဖြစ်ပါတယ်။

ဒေါက်တာအောင်ခင်ဟာ၊ လွတ်လပ်ချင်တဲ့စိတ်နှင့် လေလှိုင်းထဲက စာအုပ်စင်… စာအုပ်မှာ ဒေါက်တာကို ဖြုတ်ပြီး ဦးအောင်ခင်လို့ပဲ ဖော်ပြဖို့၊ ထုတ်ဝေသူ ကိုလွင်ဦးကို လန်ဒန်ကနေ ပို့တဲ့စာကို ဖတ်ရပါတယ်။ ဒေါက်တာတွေ ထောင်းနမောင်းထနေတာများလို့၊ ငြီးငွေ့ပြီး တိုကျိုတက္ကသိုလ်ကနေ ယူလာတဲ့ ပါရဂူဘွဲ့ကို လျစ်လျှူရှုထားဟန် တူပါတယ်။ ထားတော့….။

ပထမပိုင်း

ဒေါက်တာအောင်ခင်ရဲ့ စာအုပ်မှာ၊ အကြမ်းဖျင်းအားဖြင့် အပိုင်း (၂) နှစ်ပိုင်းပါဝင်ပါတယ်။ ပထမပိုင်းဟာ လွတ်လပ်ချင်တဲ့စိတ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ အကြောင်းအရာခွဲတွေနဲ့ အသံလွှင့်ခဲ့တဲ့ဆောင်းပါးတွေ ဖြစ်ပါ တယ်။ ဒီအပိုင်းမှာ၊ နိုင်ငံရေးဒဿနပိုင်းနဲ့ နိုင်ငံရေးလှုပ်ရှားမှုပိုင်းတွေကို လေ့လာတင်ပြထားတာတွေ့ရပါတယ်။ နိုင်ငံရေးအတွေးအခေါ်ပိုင်းမှာ၊ အနောက်တိုင်းဒဿနရဲ့ ကနဦးဖြစ်တဲ့ ဆိုကရေတ္တီနဲ့ ပလေတိုတို့ရဲ့ ဒဿနအမြင် တွေကို အရှေ့တိုင်းဒဿနတွေနဲ့ နှိုင်းယှဉ်သုံးသပ်ထားတကိုလည်း ဖတ်ရပါတယ်။ ခေတ်သစ်နိုင်ငံရေးအတွေး အခေါ်ရဲ့ အဓိကမဏ္ဍိုင်တစ်ခုဖြစ်တဲ့၊ ဂျွန်လော့ခ်ရဲ့ လူမှုပဋိညာဉ် သဘောတရားကိုလည်း လစ်ဘရယ်ဒီမိုကရေစီနဲ့ ချိတ်ဆက်တင်ပြထားတာတွေ ဖတ်ရပါတယ်။ နိုင်ငံရေးအတွေးအခေါ် လွတ်လပ်မှုကနေတစ်ဆင့် နိုင်ငံရေး လှုပ်ရှားမှု​​တွေ ဖြစ်ပေါ်လာပုံကိုလည်း တင်ပြပါတယ်။ မြန်မာပြည်ရဲ့ ယဉ်ကျေးမှုအတွေးအခေါ်ကို အများဆုံး လွှမ်းမိုးတဲ့ ဗုဒ္ဓအတွေးအခေါ်တွေကိုလည်း ဆန်းစစ်တင်ပြပါတယ်။ လွတ်လပ်ချင်တဲ့စိတ်ကဏ္ဍဟာ ဒေါက်တာ အောင်ခင်ရဲ့ တိုက်ရိုက်အာဘော်တွေဖြစ်ပါတယ်။

တိုင်းနိုင်ငံတွေနဲ့ လူ့အဖွဲ့အစည်းတွေဟာ လွတ်လပ်မှုအတွက် ဘယ်လို ရုန်းကန်လှုပ်ရှားခဲ့ကြတယ်ဆိုတာကို တင်ပြထားပါတယ်။ အင်္ဂလန်မှာ သက်ဦးဆံပိုင် ပဒေသရာဇ်စနစ်ကနေ ဘယ်လို ရုန်းကန်ထွက်မြောက်ခဲ့သလဲ ဆိုတာကို တင်ပြပါတယ်။ ပါလီမန်ဒီမိုကရေစီဖြစ်ထွန်းဖို့ မင်းဆိုးမင်းညစ်ကို တော်လှန်ပြီး ပါလီမန်သဘောနဲ့ အုပ်ချုပ်လို့ရအောင် ဘယ်လို တော်လှန်ရေးတွေ ဆင်နွှဲခဲ့တယ်ဆိုတာကို တင်ပြပါတယ်။ ဥရောပမှာ ကားမတ်ခ်ပေါ်လာပြီး အရင်းရှင်စနစ်ကနေ လွတ်မြောက်အောင် ဘယ်လိုနိုင်ငံရေးအိုင်ဒီယော်လိုဂျီတွေဖြန့်ကျက် ခဲ့သလဲဆိုတာကိုလည်း တင်ပြပါတယ်။ ဘာသာရေးလို့ ပြောလို့ ရနိုင်ပေမယ့်၊ လူ့အဖွဲ့အစည်းရဲ့ အစဉ်အလာ အတွေးအခေါ်ကို ဖောက်ထွက်တော်လှန်ခဲ့တဲ့ ဗုဒ္ဓ နဲ့ ယေရှုတို့ရဲ့ အတွေးအခေါ်တော်လှန်ရေးတွေကိုလည်း ထပ်မံတင်ပြပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးက အမျိုးသမီးလွတ်မြောက်ရေးလှုပ်ရှားမှုပါမကျန် လေ့လာရပါတယ်။ ခြုံပြီးကြည့်လိုက်ရင်…. လွတ်လပ်ချင်တဲ့စိတ် မှာ ပါဝင်တဲ့ အကြောင်းအရာခွဲတွေ အားလုံးဟာ… လူ့အဖွဲ့အစည်းရဲ့ အတိတ်သမိုင်းထဲက လွတ်လပ်ချင်တဲ့စိတ်နဲ့ ဖောက်ထွက်တော်လှန်ခဲ့ကြတဲ့ ဒဿနလှုပ်ရှားမှုနဲ့ နိုင်ငံရေးလှုပ်ရှားမှု ဖြစ်ရပ်တွေကို လေ့လာနိုင်မှာဖြစ်ပါတယ်။

ဒုတိယပိုင်း

နောက် ဒုတိယပိုင်းကတော့ လေလှိုင်းထဲက စာအုပ်စင်ဖြစ်ပါတယ်။ မြန်မာပြည်အရေးနဲ့ပတ်သက်ပြီး နိုင်ငံခြားသား ပညာရှင်တွေ ရေးသားထုတ်ဝေထားတဲ့စာအုပ်တွေကို မြန်မာလူထုနဲ့ ပြန်လည် မိတ်ဆက်တင်ပြထားချက်တွေ ဖြစ်ပါတယ်။ မူရင်းစာအုပ်ပါ အကြောင်းအရာတွေကို ထုတ်နှုတ်တင်ပြပြီး၊ မြန်မာလူထုရဲ့ နိုင်ငံရေးအသိအမြင်ပို ပိုလို့ တိုးအောင် ချဲ့ပေးတဲ့သဘောဖြစ်ပါတယ်။ ထပ်မံလေ့လာချင်သူတွေအတွက်၊ ပညာရပ်ဆိုင်ရာ စာအုပ်တွေကို ထပ်တိုးလေ့လာနိုင်အောင် စာအုပ်အညွှန်းပေးခြင်းလို့လည်း နားလည်နိုင်ပါတယ်။ ဒါ့ကြောင့် နိုင်ငံရေးစာအုပ် အညွှန်းလို့ ကျနော် နာမည်တပ်လိုက်ပါတယ်။

မင်းသေ့ မှတ်ချက်

၂၀၂၁ ဇူလိုင်လ (၁၉) ရက်နေ့ နံနက် ၉ နာရီမှာ၊ ကျနော် ရေးခဲ့တဲ့ မှတ်ချက် ရှိပါတယ်။ ဒေါက်တာအောင်ခင်ရဲ့ စာအုပ် ရှေ့စာမျက်နှာအလွတ်မှာ ရေးခဲ့တဲ့ မှတ်ချက်ဖြစ်ပါတယ်။

  • နိုင်ငံရေးလေ့လာလိုက်စားနေတဲ့ လူငယ်မျိုးဆက်သစ်တွေ ဖတ်ဖို့ ကောင်းတယ်။ သမိုင်းအဆက်အစပ်ကို မသိရင် ဟိုတစ်ကွက် ဒီတစ်ကွက်လိုလိုဖြစ်နိုင်ပေမယ့်၊ သမိုင်းစဉ်ဇယားကို နားလည်သူအဖို့ နိုင်ငံရေး သမိုင်းအမြင်ကွက်လပ်တော်တော်များများကို ဖြည့်ပေးနိုင်လိမ့်မယ် ထင်တယ်။ နိုင်ငံခြားသားတွေ ရေးတဲ့ မြန်မာပြည်အကြောင်း စာအုပ်တွေကို ညွှန်းတာကြောင့် မျိုးချစ်စိတ်သိပ်ထက်သန်လွန်းတဲ့လူငယ်တွေ ဖတ်မိရင် မနှစ်မြို့စရာတွေ များစွာတွေ့နိုင်ကြောင်း လက်တို့သတိပေးချင်တယ်။ (မင်းသေ့၊ ၂၀၂၁ ဇူလိုင်)

စာအုပ်အညွှန်း (၆) အုပ်

ဒေါက်တာအောင်ခင် ညွှန်းတဲ့စာအုပ် (၆) အုပ်ရှိပါတယ်။ ပထမဆုံးစာအုပ်က မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ ဘာသာရေးအကြောင်း အပြန်အလှန်အမှီသဟဲပြု ဖြစ်တည်မှုတွေကို ရေးသားထားတဲ့စာအုပ်ဖြစ်ပါတယ်။ ဘာသာရေးနဲ့ နိုင်ငံရေးအကြားက အပြန်အလှန်ဆက်စပ်မှုတွေကို ဖော်ပြထားတာဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေး သမိုင်းထဲက ဘာသာရေးလွှမ်းမိုးတဲ့ အဖြစ်အပျက်တွေကို တင်ပြထားတာဖြစ်ပါတယ်။ ဒုတိယစာအုပ်က “၂၁ ရာစု နှစ်ဦး မြန်မာပြည်” ဖြစ်ပါတယ်။ ၂၀၀၂ ခုနှစ် ဆွီဒင်နိုင်ငံမှာကျင်းပတဲ့ မြန်မာ့ရေးရာလေ့လာရေးညီလာခံမှာ တင်သွင်းတဲ့စာတမ်းတွေကို စုစည်းထုတ်ဝေထားတဲ့စာအုပ်ဖြစ်ပါတယ်။ စာတမ်းရှင်တွေဟာ ​မြန်မာစာ၊ မြန်မာ စကားကို တတ်ကျွမ်းတဲ့ ပညာရှင်တွေလို့ ဒေါက်တာအောင်ခင်က တင်ပြထားပါတယ်။ သူတို့ဟာ မနုဿဗေဒ ပညာရှင်တွေဖြစ်တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် မြန်မာ့ရေးရာတွေကို စုံစုံလင်လင်ရေးသားတင်ပြထားတဲ့ သုတေသနစာတမ်းတွေဖြစ်ပါတယ်။ ဒီသုတေသနစာတမ်းတွေကို မနုဿဗေဒပညာရှင်တွေ ရေးသားပြုစုထားတာ ကြောင့် အကြောင်းအရာ စုံစုံလင်လင်ပါဝင်နေပါတယ်။ အထူးသဖြင့် မြန်မာ့ဓလေ့နဲ့ ဆက်စပ်နေတဲ့ မြန်မာ့ နိုင်ငံရေးတွေ ပါဝင်နေပါတယ်။ လူမှုရေး၊ ဘာသာရေးနဲ့ မြန်မာ့ဓလေ့၊ မြန်မာ့အမူအကျင့်၊ စာပေ၊ ဂီတ၊ အနုပညာတွေနဲ့ ဆက်စပ်နေတဲ့ မြန်မာ့နိုင်ငံရေးအခြင်းအရာတွေ ပါဝင်နေပါတယ်။ တတိယစာအုပ်ကတော့ တရုတ် – မြန်မာ မူးယစ်ဆေးမှောင်ခိုလုပ်ငန်း အကြောင်းရေးထားတဲ့စာအုပ်ဖြစ်ပါတယ်။ မြန်မာပြည်ဟာ တတိယ မြောက် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုအများဆုံး နိုင်ငံတစ်ခုလို့ နိုင်ငံတကာက မှတ်ချက်ပြုပါတယ်။ အထူးသဖြင့် တရုတ်မြန်မာနယ်စပ်အကြားမှာ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု အကြီးအကျယ်ရှိပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေ နဲ့ အနောက်နိုင်ငံတွေအထိ ပျံ့နှံ့ ဖောက်ကားမှု ရှိပါတယ်။ ဒီအကြောင်းကို ဒေါက်တာအောင်ခင်က တင်ဆက်ထား တာဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ ပြည်တွင်းစစ် သက်တမ်းရှည်ကြာမှုက မူးယစ်ဆေးဝါးထုတ်လုပ်မှုနဲ့ တိုက်ရိုက် သက်ဆိုင်နေပါတယ်။ လက်နက်ကိုင်ပဋိပက္ခ မချုပ်ငြိမ်းခြင်းဟာ မူးယစ်ဆေးဝါး ထုတ်လုပ်မှုနဲ့တိုက်ရိုက် သက်ဆိုင်နေပါတယ်။ စတုတ္ထစာအုပ်ကတော့ မဟာဒေဝီနဲ့ ရှမ်းပြည်အရေးကိစ္စဖြစ်ပါတယ်။ လွတ်လပ်ပြီးခေတ် မြန်မာလူမျိုးစုအရေးမှာ အထင်ကရဖြစ်ခဲ့တဲ့ ဖြစ်ရပ်တချို့ပါဝင်ပါတယ်။ ဖက်ဒရယ်ကိစ္စအပါအဝင် ဗမာစစ်အစိုးရ ရဲ့ လူမျိုးစုရေးအပေါ် လျစ်လျှူရှုမှု၊ ဖိနှိပ်မှုနဲ့ အကြမ်းဖက်မှုတို့ကို ရေးသားဖော်ပြထားပါတယ်။ လူမျိုးစု လက်နက်ကိုင်အရေးနဲ့ပတ်သက်ပြီးတော့ အရေးကြီးတဲ့ ဖြစ်ရပ်တွေထဲက တစ်ခုဖြစ်ပါတယ်။ ပဉ္စမမြောက်စာအုပ် ကတော့ “ဝ” ဌာနေ အတွေ့အကြုံ ဖြစ်ပါတယ်။ မြန်မာ ပြည်ရဲ့ ဘိန်းဘုရင်လို့ ပြောရတဲ့ဒေသဟာ ဝဒေသ ဖြစ်ပါတယ်။ ဒီစာအုပ်ကို ဂျပန်နိုင်ငံသားတစ်ယောက်က ရေးသားပါတယ်။ သူကိုယ်တိုင် ဝဒေသနဲ့ ဝလူမျိုးစုတွေ အကြား သွားလာနေထိုင်ရင် တွေ့ရှိခဲ့တဲ့ မျက်မြင်အတွေ့ အကြုံတွေကို အစီရင်ခံစာတစ်ခုလို ရေးသားတင်ပြထား တဲ့စာအုပ်ဖြစ်ပါတယ်။ ဝလူမျိုးတွေရဲ့ နေထိုင်မှုပုံစံနဲ့ ဘိန်း စိုက်ပျိုးခြင်းနဲ့ အသက်မွေးဝမ်းကြောင်း ပြုပုံတွေကို ရေးသားတင်ပြထားပါတယ်။ ဘိန်းကို ဝလူမျိုးတွေဟာ ဘယ်လို ပုံစံနဲ့ အသုံးချတယ်၊ သုံးစွဲတယ်ဆိုတာကို ရေးသားတင်ပြထားပါတယ်။ နောက်ဆုံး ဆဋ္ဌမမြောက်စာအုပ် ကတော့ မြန်မာ့သစ်တောသမိုင်း ဖြစ်ပါတယ်။ ၁၈၂၄ နဲ့ ၁၉၉၄ အထိ ကာလအပိုင်းအခြားကို ပြသထားပါတယ်။ ဒေါက်တာအောင်ခင်က မြန်မာသစ်တော ကာကွယ်ရေးလို့ တိုက်ရိုက်ဘာသာပြန်ရင် သင့်တော်တယ်ဆိုပေမယ့်၊ မြန်မာ့သစ်တောသမိုင်းလို့ သုံးနှုန်းပါတယ်။ နှစ်ပေါင်း (၁၇၀) သစ်တောသမိုင်းကို ဆန်းစစ်ထားတဲ့စာအုပ်လို့ ဆိုပါတယ်။ ကိုလိုနီခေတ်မှာ သစ်ထုတ်လုပ်ရေးကို ဘယ်လိုလုပ်သလဲဆိုတာကို ဂဃနဏ ရှင်းလင်းတင်ပြထားတာ ဖတ်ရပါတယ်။ ကိုလိုနီစနစ်ဝင်ရောက်လာခြင်းနဲ့ မြန်မာပြည်ရဲ့ သယံဇာတကိစ္စဟာ ဆက်စပ်နေပါတယ်။ ပထမ အင်္ဂလိပ် မြန်မာစစ်ပွဲကို ကြည့်ရင်လည်း သစ်ထုတ်လုပ်ရေးနဲ့ပတ်သက်ပြီး မကျေမနပ်ဖြစ်ရာက စစ်ပွဲစတင်လာ ရတယ်လို့ နားလည်ရပါတယ်။ မြန်မာ့နိုင်ငံရေးသမိုင်းနဲ့ သစ်တောသမိုင်းဟာ ဆက်စပ်ကြည့်မြင်စရာတွေ အများကြီး ရှိနေပါတယ်။ ဒါကို ဒေါက်တာအောင်ခင်က ရှင်းလင်းစွာ တင်ပြထားတာ တွေ့ရပါတယ်။

ပြည်တွင်း – ပြည်ပ အမြင်မျှ၍

မြန်မာပြည်အရေးကို လေ့လာတဲ့နေရာမှာ၊ ကိုယ့်ပြည်တွင်းက နိုင်ငံရေးသမားတွေနဲ့ စာရေးဆရာတွေချည်းပဲ ရေးသားထားတဲ့စာအုပ်တွေကို ဖတ်လို့ မရပါဘူး။ ပြည်ပက ပညာရှင်တွေနဲ့ နိုင်ငံခြားသားတွေ ရေးသားပြုစုတဲ့ သုတေသနစာတမ်း၊ သမိုင်းဆိုင်ရာစာအုပ်တွေကို ဖတ်ရှုရပါလိမ့်မယ်။ ပြည်တွင်း – ပြည်ပ နှစ်ဖက်စလုံးက ရေးသား ထားတဲ့ စာအုပ်တွေကို ခပ်စုံစုံ ဖတ်မှ၊ မြင်ကွင်းကျယ်ကျယ်နဲ့ မြင်နိုင်သလို၊ သမားရိုးကျ ကြည့်မြင်နေကျ ရှုထောင့် ကနေ ခွဲထွက်ပြီး မြင်နိုင်မယ်လို့ ထင်ပါတယ်။ မြန်မာပြည်တွင်းက ရေးသားတဲ့စာအုပ်တွေမှာ ပညာရှင်စစ်စစ်တွေ ရေးတဲ့စာအုပ်ထက်၊ နိုင်ငံရေးစာရေးဆရာတွေ (တနည်း) နိုင်ငံရေးနယ်ကိုဖြတ်သန်းခဲ့ဖူးတဲ့စာရေးဆရာတွေ ရေးတဲ့ စာအုပ်တွေက များပါတယ်။ နိုင်ငံရေးသမားဖြစ်ခဲ့ဖူးတဲ့ စာရေးဆရာတွေ ရေးတဲ့စာအုပ်တွေမှာ၊ နိုင်ငံရေး ပယောဂတွေ ပါဝင်နိုင်ပါတယ်။ ဂတိအားဖြင့်လည်း မထူထဲရင်တောင် သိပ်ပါးလျမှု မရှိပါဘူး။ ဂတိပါးပါးလျလျနဲ့ ရေးသားတဲ့ ပြည်တွင်းက နိုင်ငံရေးစာရေးဆရာတွေ ရေးတဲ့စာအုပ်တွေဟာ အနည်းငယ်သာ ရှိပါတယ်။

ဒေါက်တာအောင်ခင်ရဲ့ လေလှိုင်းထဲကစာအုပ်စင် ကဏ္ဍ၊ ရေဒီယိုအသံလွင့်ချက်တွေဟာ မြန်မာ့အရေးနဲ့ပတ်သက် ပြီး နိုင်ငံတကာက သဘောထားအမြင်တွေကို လေ့လာနိုင်တဲ့ကဏ္ဍဖြစ်ပါတယ်။ ထိုနည်းလည်းကောင်း “ငါတို့ကို သူတို့ ဘယ်လို မြင်ကြသလဲ” ဆိုတာကို တွေ့နိုင်ပါတယ်။ နိုင်ငံတကာပညာရှင်တွေရဲ့ သုတေသနတွေ့ရှိချက်တွေ ဟာ သာမန်ပြည်သူလူထုနဲ့ ဝေးကွာတတ်ပါတယ်။ လေ့လာသုံးသပ်သူတွေနဲ့ ပညာရှင်တွေပဲ စားသုံးတဲ့ ပညာရပ် ဆိုင်ရာ သုတေသနတွေ့ရှိချက်စာတမ်းတွေကို သာမန်လူထုနဲ့ အလှမ်းမဝေးအောင်၊ သာမန်လူထုက စားသုံးနိုင် အောင် ဖြည်ထုတ်တင်ဆက်ထားတာဖြစ်ပါတယ်။ ဒီလို လုပ်ရပ်ဟာ စာပေအတွက်လည်း လိုအပ်တယ်၊ အသိပညာ အတွက်လည်း လိုအပ်တယ်၊ မြန်မာ့နိုင်ငံရေးအတွေးအခေါ် ကျယ်ပြန့်ရေးအတွက်လည်း အထူးလိုအပ်ပါတယ်။

နာဖူး ထပ်မံ

အထူးသဖြင့် ဒေါက်တာအောင်ခင်လို သမိုင်းသုတေသနပညာရှင်တစ်ယောက်ရဲ့ ပြန်လည်တင်ပြပုံဟာ သိပ် အဖိုးတန်ပါတယ်။ မသိသေးသူကို သိနားလည်စေတယ်။ သိထားပြီးသားသူကို ထပ်မံ၍ ကျယ်ပြန့်နက်နဲစေတယ်။ မြန်မာတွေ ပြောတဲ့ မြန်မာ့သမိုင်းဆိုတာထက်၊ နိုင်ငံတကာက ပြောတဲ့ မြန်မာ့သမိုင်းလည်းဖြစ်ပါတယ်။ ဒါပေမယ့် ငါ့စကားနွားရပြောတာမျိုးကို ပယ်ရမှာ ဖြစ်ပေမယ့်၊ အချက်အလက်နဲ့ ကြောင်းကျိုးညီညီ တင်ပြချက်တွေကိုတော့ ပယ်ရှားဖို့ မသင့်ပါဘူး။

စာအုပ်ပါ ကောက်နုတ်ချက် တချို့ကို တင်ပြပါ့မယ်။

  • ဖိနှိပ်ချုပ်ချယ်မှု ပြင်းထန်လာလေလေ အာဇာနည်ဦးရေ များပြားလာဖို့ အခြေအနေ ပေးလေလေပါပဲ။ (စာ – ၅၄)
  • အစိုးရလုပ်တိုင်း မှန်တာမဟုတ်တဲ့အတွက် နိုင်ငံသားရဲ့ဆန့်ကျင်မှုနဲ့ မကျေနပ်မှုကို ခွင့်ပြုတဲ့ ဥပဒေရှိ ရမယ်လို့ ဆိုခရေတ္တိက တောင်းဆိုပါတယ်။ (စာ – ၃၂)
  • မြန်မာမင်းအုပ်ချုပ်ပုံစနစ်ဟာ လူမှုပဋိညာဉ်သဘောတရားအပေါ်မှာ အခြေခံပေမဲ့ အုပ်ချုပ်မင်းလုပ်သူက သက်ဦးဆံပိုင်လို အုပ်စိုးတာကို တိုင်းသူပြည်သူတွေက လက်ခံလာခဲ့လို့ မြန်မာပြည်မှာ အာဏာရှင်စနစ် သက်ဆိုးရှည်နေတာလို့လည်း သုံးသပ်ကြပါတယ်။ (စာ – ၁၉)
  • အစိုးရအမှုထမ်းကို အပြောင်းအရွှေ့လုပ်သလို ဗဟိုနာယကအဖွဲ့ဝင် သံဃာတွေကိုလည်း ပုံမှန် ပြောင်းရွှေ့နေတာကြောင့် ဘယ်ဆရာတော်မှ ကြာကြာနေရာမယူနိုင်ဘဲ သာသနာရေးဝန်ကြီးဌာနက ချယ်လှယ်တာကို ခံနေကြပါတယ်။ နိုင်ငံရေးကင်းရှင်းတဲ့ သံဃာနဲ့ သံဃာငယ်တွေကို ထိန်းနိုင်တဲ့ ဝါရင့် သံဃာတွေကို စစ်အစိုးရက ဘွဲ့ထူးဂုဏ်ထူးနဲ့ အဖိုးတန်ပစ္စည်း လှူဒါန်းပါတယ်။ (စာ – ၂၀၅)
  • ဗိုလ်ချုပ်နေဝင်း ကြီးစိုးတဲ့ မဆလ ဆိုရှယ်လစ်ခေတ်မှာ ရှမ်းပြည်က ထွက်တဲ့ ဘိန်းဖြူကို ထိုင်းနိုင်ငံ အရင်ပို့ပါတယ်။ အဲဒီကနေ ထိုင်းငါးဖမ်းလှေတွေက တစ်ဆင့် အမေရိကန်၊ ဥရောပနဲ့ ဩစတေးလျအထိ ဘိန်းဖြူတင်ပို့ပါတယ်။ ဘိန်းဖြူမှောင်ခိုလုပ်ငန်းတစ်ခုလုံးကို ဟောင်ကောင်၊ တရုတ်က ငွေကြေး ထောက်ပံ့ပြီး စီမံခန့်ခွဲပါတယ်။ တရုတ်ပြည်မှာ စျေးကွက်စီးပွားရေးစနစ် ကျင့်သုံးတာဟာ နယ်စပ်ကုန် သွယ်ရေးကို တံခါးဖွင့်ပေးလိုက်သလို ဖြစ်နေပါတယ်။ နယ်စပ်ကုန်သွယ်ရေး တိုးတက်ဖွံ့ဖြိုးလာတာနဲ့ အတူ နယ်စပ် မူးယစ်ဆေး မှောင်ခိုလုပ်ငန်းလည်း ရှင်သန်လာပါတယ်။ (စာ – ၂၃၄)
  • စစ်အစိုးရဟာ သစ်လုံးရောင်းစားဖို့သာ အာရုံစိုက်ပြီး သစ်တောပြုစု ပျိုးထောင်ထိန်းသိမ်းရေးကို ဂရုမစိုက်ပါဘူး။ (စာ – ၃၉၈)

ဒေါက်တာအောင်ခင်ရဲ့ လေလှိုင်းထဲက စာအုပ်စင်ကဏ္ဍက အစဆွဲထုတ်စရာတွေ အများကြီးတွေ့ခဲ့ရပါတယ်။ ဒါတွေကို ဆက်ပြီး ဆွဲဖို့ပါပဲ။ စာမြည်းတွေချည်းပဲ ဖတ်နေလို့တော့ မရပါ။ ကျမ်းအိပ်တွေနေစေအုံးတော့၊ စာအုပ် စင်ပေါ်ကနေ နှိုးပြီးတော့ ဖတ်မှ ရပါလိမ့်မယ်။ မြန်မာလူထုရဲ့ စာဖတ်အကျင့်ဟာ အိုင်တီခေတ်နဲ့ အွန်လိုင်းဓလေ့ အပေါ် မှီခိုလာတာများတာကြောင့်၊ တို့ကနန်းဆိတ်ကနန်းနဲ့ အပေါ်ယံဖတ်၊ အတိုအထွာကြိုက်တွေ ပိုများလာတာ တွေ့ရပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ အသိဉာဏ်အတိမ်အနက်ကို ဖျက်ဆီးမယ့် စရိုက်လို့ ထင်ပါတယ်။ အစတွေ ဆွဲမိဖို့ လက်တို့လိုက်ပြီး၊ ဆွဲမိတဲ့အစတွေကို ရေဆုံးမြေဆုံးလိုက်ပြီး လေ့လာဆည်းပူးကြဖို့လည်း တိုက်တွန်းလိုက်ရပါတယ်။

မင်းသေ့

နေ့လယ် ၃း၀၂

၁၁၊ ဒီဇင်ဘာ၊ ၂၀၂၁။

Previous post သုတေသနနည်းနာ
Next post ခေတ်ဟောင်းမြန်မာစာပေအညွှန်း