ဖတ်သူက စာကို ဖတ်တဲ့နေရာမှာ၊ အခြေခံ (၂) မျိုးခွဲခြားကြည့်နိုင်တယ်။

၁) စာကို ဖတ်တာ
၂) ကလောင်ကို ဖတ်တာ

◾ စာကို ဖတ်တာ

စာကိုဖတ်တယ်ဆိုတာ၊ စာကိုပဲကြည့်တယ်။ ကလောင်ကို မကြည့်ဘူး။ ကလောင်က ဘယ်လိုကလောင်ပဲဖြစ် ဖြစ်၊ ဘယ်လိုလူကပဲ ရေးရေး။ ကလောင်ကို စိတ်မဝင်စားဘူး။ ကလောင်ကို အာရုံမပြုဘူး။ စာကိုသာ အာရုံပြု တယ်။ စာက ခေါင်းတပ်တဲ့ ခေါင်းစဉ်ကိုသာ စိတ်ဝင်စားတယ်။ စာမှာပါတဲ့ အကြောင်းအရာကိုသာ စိတ်ဝင်စား တယ်။ စာမှာတင်ပြတဲ့ အချက်အလက်ကိုသာ စိတ်ဝင်စားတယ်။ စာအသွားအလာကိုသာ ဖတ်တယ်။ စာအရေး အသားကိုသာ ကြည့်တယ်။ စကားလုံးအသုံးအနှုန်းနဲ့ ဝါကျတည်ဆောက်ပုံကိုသာ ကြည့်တယ်။ ဒါက စာကို ဖတ်တာ…..

◾ကလောင်ကို ဖတ်တာ

နောက်တစ်ခုက ကလောင်ကို ဖတ်တာ။ စာဆိုတာထက် ကလောင်ကို ပိုစိတ်ဝင်စားတယ်။ ရေးသူက ဘယ်သူ ဆိုတာကို ပိုစိတ်ဝင်စားတယ်။ ရေးသူက ဘယ်လို တွေးသလဲဆိုတာကို ပိုစိတ်ဝင်စားတယ်။ ကလောင်ရှင်က ဘယ်ထောင့်ကကြည့်သလဲဆိုတာကို ပိုစိတ်ဝင်စားတယ်။ ရေးသူက ဘယ်လိုခံစားသလဲ၊ ဘာ့ကြောင့် ခံစား သလဲဆိုတာကို အာရုံပြုပြီးဖတ်တယ်။ ရေးတဲ့အကြောင်းအရာကို စိတ်ဝင်စားတာလို့ ဆိုတာထက် ကလောင်ရှင် ကို စိတ်ဝင်စားလို့ ဖတ်တယ်။ ရေးသူရဲ့ဖြတ်သန်းမှုကို သိချင်လို့ဖတ်တယ်။ ရေးသူရဲ့ အတွေးအခေါ်ကို သိချင်လို့ ဖတ်တယ်။ ရေးသူရဲ့ ဘဝကို စိတ်ဝင်စားလို့ဖတ်တယ်။ ရေးသူကို ချစ်ခင်လို့ဖတ်တယ်။ ရေးသူကို ယုံကြည်လို့ဖတ်တယ်။ ရေးသူရဲ့ ထင်ပေါ်ကျော်ကြားမှုကြောင့် ဖတ်တယ်။ ရေးသူအပေါ် စေ့ဆော်တဲ့ တွန်းအား ကြောင့် ဖတ်တယ်။ ဒီကလောင်နာမည် မြင်လိုက်လို့ကို ဖတ်တယ်။ ဘယ်အကြောင်းအရာကိုပဲရေး ရေး၊ ရေးသူကို ကြိုက်ပြီးသားဖြစ်လို့ကိုဖတ်တယ်။

ဒါက ကလောင်ကို ဖတ်တာ။

◾နှစ်ခုပေါင်း

ရေးတဲ့အကြောင်းအရာကိုလည်း ကြိုက်လို့၊ ကလောင်ကိုလည်း နှစ်သက်လို့ ဖတ်တာလည်း ရှိတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီနှစ်မျိုးကို အခြေခံပြီး ဖြစ်ထွန်းလာတာဖြစ်လို့ နောက်တစ်မျိုး အသစ် မထပ်ထည့်တော့ပါ။

အဲသည့် အမျိုးတွေထဲမှာ မပါတဲ့ ဖတ်ခြင်းတွေလည်း ရှိပါအုံးမယ်။ ဘယ်ရယ် မဟုတ် ဖတ်လိုက်တာ။ နဘေးက သူငယ်ချင်းက တိုက်တွန်းလို့ ဖတ်တာ။ ပျင်းလို့ ကောက်လှန်ချင်ရာ ကောက်လှန်ဖတ်တာ။ လူပြောသူပြောများ လို့ဖတ်တာ။ မဖတ်ချင်ပေမယ့်၊ ရာထူးအတွက်၊ တည်မြဲရေးအတွက်၊ အကျိုးအမြတ်၊ အမြတ်အစွန်း၊ အခွင့် အလမ်း တစ်ခုခုအတွက် ဖတ်တာ။ အမျိုးမျိုးရှိနိုင်ပါသေးတယ်။ ဒါပေမယ့် ဒါတွေက တကူးတက ထည့်ရေးသင့် တဲ့ အကြောင်းတွေ မဟုတ်လို့ မရေးပါ။ ဒီလောက်ဆို ရပြီ။

မင်းသေ့
နံနက် ဝ း ၄၇
၁၆ ၊ မေလ၊ ၂၀၂၀။
ရန်ကုန်မြို့၊ ဘားလမ်းတိုက်ခန်း။

Previous post ◾သမိုင်းဘယ်လိုသင်မလဲ…
Next post ◾ စာပေစံ