ကလေးတွေရဲ့ ကျောင်းသင်ရိုးမှာ၊ သမိုင်းကို ဘာသာရပ်အဖြစ် ထည့်သင်ကြားတာဟာ နှစ်ကာလအားဖြင့် ကြာ လှပြီ။ အာဏာရှင်ခေတ်မှာ၊ သမိုင်းသင်ရိုးတွေဟာ ဝါဒဖြန့်ချိရေးပြဌာန်းစာအုပ်တွေသာဖြစ်ပါတယ်။

• သမိုင်း သင်ရိုးကို ဘယ်လိုပြဌာန်းသလဲ။
• စာသင်ခန်းထဲက ဆရာ/ ဆရာမဟာ ကျောင်းသားကို သမိုင်း ဘယ်လိုသင်သလဲ။
• သင်တဲ့ဆရာ / ဆရာမရဲ့ သမိုင်းအမြင်က ဘာလဲ။
• သင်ကြားရေးမှာ သုံးတဲ့ သမိုင်းချည်းကပ်နည်းက ဘာလဲ။
• သမိုင်းဘာသာရပ် စာမေးပွဲမှာ ထုတ်တဲ့ မေးခွန်း ပုံစံက ဘယ်လိုလဲ။
• နိမိတ်ပြမေးခွန်းတွေနဲ့ ဒင်းကြမ်း ပြည့်နေတဲ့ စာမေးပွဲ မေးခွန်းတွေလား။
• စာမေးပွဲ အမှတ်ပေးစည်းမျဉ်းပုံစံက သမိုင်းဘာသာရပ်အပေါ်မှာ ဘယ်လိုပြဌာန်းသတ်မှတ်ထားသလဲ။
• သမိုင်းသင်ကြားရေးမှာ၊ ဆရာ / ဆရာမတွေဟာ ကျောင်းသားကို ဉာဏ် အလင်းပြစေသူလား။
• သို့မဟုတ် ကျောင်းသားရဲ့ ဦးနှောက်ကို သင်းသတ်တဲ့ ဝါဒဖြန့်ချိရေးဝန်ထမ်းလား။
• ဆရာ / ဆရာမဟာ ကျောင်းသားတွေအတွက် ဝေဖန်ပိုင်းခြားစိစစ်တဲ့ဉာဏ်ရည်ကို ဘယ်လောက်မြှင့် ပေးနိုင်သလဲ။

သမိုင်း ဘယ်လိုသင်မလဲဆိုတဲ့ကိစ္စကို မေးခွန်း အထပ်ထပ်မေးရပါမယ်။ အချိန်တိုင်း အချိန်တိုင်းမေးနေရပါ။ သမိုင်းအမြင်ဆိုတာကို ပစ္စုပ္ပန်မှာရှိတဲ့ အစိုးရပေါ်လစီက လွှမ်းမိုးသလား။ သမိုင်းဆိုင်ရာအမြင်ဟာ အတိတ်နဲ့ လက်ရှိပစ္စုပ္ပန်အကြား ဘယ်လောက် ကွာခြားသလဲ။ ပညာရှင်ဆိုသူတွေ ငြင်းခုန်သင့်တယ်။ ဝေဖန်သင့်တယ်။ ဆန်းစစ်ချက်တွေ ထုတ်ပြီး လေ့လာသင့်တယ်။ လေ့လာဆန်းစစ်ချက်စာအုပ်၊ စာတမ်းတွေ များများပေါ်ထွက်ဖို့ ကောင်းတယ်။ လက်ရှိ မြန်မာပြည်မှာတော့ ပညာရှင်တွေ ရှားတယ်။ တတ်ယောင်ကားတွေများတယ်။ လေဖမ်း ဒါန်းစီးပြီး ရွတ်ဖတ်နေသူတွေသာ များတယ်။

◾ပထမဆုံး မေးခွန်းထုတ်ရမယ်

သမိုင်းကို ဘယ်လိုသင်မလဲ။ သမိုင်းကို သင်တဲ့နေရာမှာ၊ အဖြေထုတ်တတ်အောင် မသင်စေသင့်သေးဘူး။ မေးခွန်းထုတ်တတ်အောင် အရင် သင်ဖို့ လိုတယ်။ သမိုင်းပြဌာန်းစာအုပ်ထဲမှာရှိတဲ့ ဖြစ်ရပ်တွေ၊ အကြောင်း အချက်တွေကို ဘယ်လောက် မေးခွန်းထုတ်နိုင်သလဲ ဆိုတာနဲ့ စရမယ်။ မေးခွန်းထုတ်တဲ့အခါမှာလည်း ဘယ် လောက် ချက်ကျလက်ကျ ရှုမြင်နိုင်သလဲဆိုတာ ဆန်းစစ်ရမယ်။ ထောင့်ပြောင်းပြီး ဘယ်လောက်ကြည့်နိုင် သလဲဆိုတာကို ဆန်းစစ်ရမယ်။ အကြောင်းအချက်တွေ၊ ဖြစ်ရပ်တွေအပေါ်မှာ တိမ်မြုပ်တာတွေကို ဘယ်လောက်ဖော်နိုင်သလဲ။ ဖြစ်တန်စွမ်းတွေကို ဘယ်လောက် မြင်နိုင်သလဲ။ မြုပ်ကွက်တွေကို ဘယ်လောက် ဆန်းစစ်နိုင်သလဲ ဆိုတာ အရေးကြီးတယ်။ သမိုင်းကို မေးခွန်းတွေနဲ့ စသင်ရမယ်။ အဖြေတွေနဲ့ အရင် မသင် သင့်ဘူး။ အဖြေဆိုတာ နောက်ဆုံးမှ လာရမှာ။ မေးခွန်းဆိုတာ အရင်လာရမှာ။ မေးခွန်းထုတ်တတ်အောင် သင် ကြားရေးဟာ သမိုင်းလေ့လာရေးဖြစ်စဉ်မှာ ဘယ်တော့မှ ဆုံးမယ် မထင်ဘူး။ ဘာလို့လဲဆိုတော့ မေးခွန်းတွေ ဟာ သမိုင်းကို ကိုင်လှုပ်နိုင်လို့ဖြစ်တယ်။

◾ ဒုတိယ စောဒကတက်ရဲအောင် လေ့ကျင့်ပေးရမယ်

ဒုတိယနည်းနာကတော့၊ သမိုင်းဖြစ်ရပ်ကို စောဒက တက်ရဲတဲ့ သတ္တိမျိုးကို မွေးပေးဖို့ ဖြစ်တယ်။ သမိုင်းအချက် အလက်ကို စောဒကတက်ရဲနိုင်တဲ့ ယုံကြည်မှုမျိုး တည်ဆောက်ပေးဖို့ ဖြစ်တယ်။ ဆရာတွေ ကိုယ်တိုင်တောင် ဘယ်လောက် စောဒက တက်ရဲတယ်ဆိုတာ လက်ရှိက သက်သေပါပဲ။ ဆရာက ရှေ့မဆောင်ဘဲနဲ့ ကျောင်း သားကို ရှေ့ဆောင်လို့ မရဘူး။ စောဒကတက်တယ်ဆိုတာ အာခံတာကို ဆိုလိုတာ မဟုတ်ဘူး။ တော်လှန်တာ မဟုတ်ဘူး။ ဝေဖန်တာ၊ ပိုင်းခြားတာ၊ စိစစ်တာ၊ လေ့လာမှု၊ ဆည်းပူးမှု၊ စူးစမ်းမှု ခိုင်မာတာ။ ဒီလိုလေ့လာတာ၊ ဆည်းပူးတာ၊ စူးစမ်းတာကို သေသေချာချာ နက်နက်နဲနဲ တကယ်လုပ်တဲ့သူမှသာ စောဒကတက်ရဲတဲ့ သတ္တိရှိ တယ်။ ဘာမှ မသိရင် ဘာမှ စောဒက မတက်ရဲဘူး။ ဘာမှ လေ့လာမထားရင် ဘာမှ စောဒက မတက်ရဲဘူး။ ဘာမှ နားမလည်ထားရင် စောဒကမတက်ရဲဘူး။ ပြောတာကိုပဲ လိုက်မှတ်နေတယ်။ အဖြေကိုပဲ နှုတ်တိုက် ကျက်နေလိမ့်မယ်။ ပေးထားတဲ့အဖြေကိုသာ တရားသေ မှတ်လိုက်လိမ့်မယ်။ လူရှေ့သူရှေ့မှာ ရဲရဲဝံ့ဝံ့ ထောက် ပြပြီး စောဒက တက်နိုင်ဖို့အတွက်ဆိုရင် တော်ရုံသတ္တိနဲ့ မရဘူး။ တော်ရုံယုံကြည်မှုရှိတာနဲ့ မရဘူး။ သေချာ ချက်ကျလက်ကျ အထောက်အထား၊ အကိုးအကားနဲ့ လေးလေးနက်နက် လေ့လာထားပြီးတဲ့သူသာ လုပ်နိုင်တဲ့ ကိစ္စ။ ဒါ့ကြောင့် သမိုင်းကို ဒီလိုဖြစ်အောင် သင်ဖို့ ဝေးသေးတယ် ထင်တယ်။

◾တတိယ သမိုင်းရေးရဲသူဖြစ်အောင် လေ့ကျင့်ပေးရမယ်

• ငပျင်းတွေဟာ ကိုယ့်သမိုင်း ကိုယ် မရေးရဲဘူး။
• ငကြောက်တွေဟာ ကိုယ့်သမိုင်း ကိုယ် မရေးရဲဘူး။
• မရိုးသားသူတွေဟာ ကိုယ့်သမိုင်း ကိုယ် မရေးရဲဘူး။
• လုပ်ရပ်မကောင်းသူတွေဟာ ကိုယ့်သမိုင်း ကိုယ် မရေးရဲဘူး။

ဒီမှာ အဖြေက ပေါ်လာပြီ။ သမိုင်းကို သင်ဖို့အတွက်ဆိုရင် ကျောင်းသားတွေကို ဘယ်လိုစွမ်းရည်တွေ ရအောင် ပျိုးထောင်ပေးရမလဲ။ လေ့ကျင့်ပေးရမလဲ။ ကျောင်းသားတွေဟာ သမိုင်းကို နားလည်ပြီး လုပ်ချင်ကိုင်ချင်စိတ်၊ တိုးတက်ချင်စိတ်၊ ကြီးပွားချင်စိတ်ဖြစ်အောင် သင်ပေးဖို့ လိုတယ်။ ကျောင်းသားတွေဟာ သမိုင်းကို နားလည်ပြီး ပိုရဲရင့်အောင် သင်ပေးဖို့ လိုတယ်။ ကျောင်းသားတွေဟာ သမိုင်းကို သင်ပြီး တရားမှုနဲ့ မတရားမှုကို ခွဲခြားနား လည်အောင် သင်ပေးဖို့ လိုတယ်။ ကျောင်းသားတွေဟာ သမိုင်းကို နားလည်ပြီး သမိုင်းသစ်ရေးထွင်းချင်သူတွေ ဖြစ်အောင် အားပေးနိုင်ဖို့ လိုတယ်။

သမိုင်းသင်ကြားမှုဟာ အမှားအမှန်အကောင်းအဆိုး အကြောင်းအကျိုးကို ခွဲခြားနိုင်ဖို့အတွက် အကောင်းဆုံး ရေခံမြေခံဖြစ်ဖို့ လိုတယ်။ သမိုင်းဟာ သင်ခန်းစာယူဖို့အတွက်လည်းဖြစ်သလို၊ အတုယူဖို့အတွက်လည်းဖြစ် တယ်။ ဒါပေမယ့် သမိုင်းသင်ကြားမှုဟာ အလိမ်အညာတွေကို ဝါဒဖြန့်ချိရိုက်သွင်းတဲ့ဖြစ်စဉ်တော့ မဖြစ်သင့်ဘူး။

◾လူ့အဖွဲ့အစည်း

လူ့အဖွဲ့အစည်းရဲ့ အရည်အသွေးဟာ အတိတ်သမိုင်းနောက်ခံအကြောင်းတရားနဲ့ ဆက်စပ်နေပါတယ်။ သမိုင်း အမွေဆိုတာ လိုချင်ချင် မလိုချင်ချင် လူ့အဖွဲ့အစည်းက ဆက်ခံရတယ်။ ဒါပေမယ့် လက်မခံသင့်တာကိုတော့ ငြင်းပယ်ဖို့ လိုတယ်။ ပယ်ဖျက်ဖို့ လိုတယ်။ သမိုင်းအမွေကောင်းကိုသာ လက်ခံပြီး၊ သမိုင်းအမွေဆိုးကို ငြင်းပယ် ရမယ်။ သမိုင်း အမွေဆိုး ဟုတ် မဟုတ်ဆိုတာကို ပိုင်းခြားနိုင်ဖို့ ပညာလိုတယ်။ လူ့အဖွဲ့အစည်းထဲက လူသား ယူနစ်တစ်ခုချင်းစီမှာ ပညာဉာဏ်အလင်းတပ်ပေးရမယ်။ ပညာဉာဏ်အလင်း ပွင့်စေရမယ်။ တစ်ဦးချင်းစီက တကယ့်ပညာတတ်တွေဖြစ်မှ၊ လူ့အဖွဲ့အစည်းတစ်ခုလုံးဟာ ရီနေးဆန့်လူ့အဖွဲ့အစည်းကိုရမယ်။ ဉာဏ် အလင်းပွင့် လူ့အဖွဲ့အစည်းကို ရမယ်။

• ယဉ်ကျေးသော လူ့အဖွဲ့အစည်း၊
• ရင့်ကျက်သော လူ့အဖွဲ့အစည်း၊
• သိမ်မွေ့သော လူ့အဖွဲ့အစည်း၊
• ပဒေသာစုံသော လူ့အဖွဲ့အစည်း၊
• ဗဟုစုံလူ့အဖွဲ့အစည်း၊
• ဉာဏ်အလင်းလူ့အဖွဲ့အစည်း၊
• ငြိမ်းချမ်းလူ့အဖွဲ့အစည်း၊
• ဂုဏ်သိက္ခာရှိသော လူ့အဖွဲ့အစည်း ၊
• တိုးတက်သောလူ့အဖွဲ့အစည်း၊
• ခေတ်ရှေ့ပြေးသော လူ့အဖွဲ့အစည်း…

စတဲ့ လူ့အဖွဲ့အစည်း ဂုဏ်အင်အဆင့်အတန်းတွေ များစွာ ရှိပါတယ်။ သမိုင်းသင်ကြားရေး နည်းနာဟာ၊ သမိုင်းအမြင်နဲ့ ဆက်စပ်နေပါတယ်။ သမိုင်းအမြင်နဲ့ သမိုင်းရှုမြင်ချက်ဟာ လူ့အဖွဲ့အစည်းရဲ့အတွေးအခေါ် ကို ပြဌာန်းတယ်။ လူ့အဖွဲ့အစည်းရဲ့ ဓလေ့ကို ပြဌာန်းတယ်။ လူ့အဖွဲ့အစည်းရဲ့ အနာဂတ်ကို အဲသည့်လူ့ အဖွဲ့အစည်းရဲ့ စရိုက်အကျင့်က ပြဌာန်းပါတယ်။

• အတိတ်ဟာ အာဃာတတွေနဲ့ ပြည့်နက်နေပါတယ်။
• အတိတ်ဟာ ဒဏ်ရာ ပရပွနဲ့ဖြစ်ပါတယ်။
• အတိတ်ဟာ အနာဆွေးတွေနဲ့ ဖြစ်ပါတယ်။
• အတိတ်ဟာ မကျက်သေးတဲ့အနာတွေနဲ့ဖြစ်ပါတယ်။
• အတိတ်ဟာ အမှိုက်တွေနဲ့ ဖြစ်ပါတယ်။
• အတိတ်ဟာ အငြိုးအတေးတွေနဲ့ဖြစ်ပါတယ်။
• အတိတ်ဟာ မလိုမုန်းထားမှုတွေနဲ့ ဖြစ်ပါတယ်။
• အတိတ်ဟာ အမုန်းတွေနဲ့ဖြစ်ပါတယ်။
• အတိတ်ဟာ ဘက်အစွဲတွေနဲ့ဖြစ်ပါတယ်။
• အတိတ်ဟာ နာကျည်းစရာတွေနဲ့ချည်းဖြစ်ပါတယ်။
• အတိတ်ဟာ အဆိုးတွေနဲ့ဖြစ်ပါတယ်။

အတိတ်မှာ အဆိုးတွေကြုံရပေမယ့်၊ အဆိုးတွေကြားက အကောင်းကို ရှာရပါမယ်။ သမိုင်းသင်ကြားမှုဟာ အဆိုးကို အကောင်းလုပ်ဖို့ မဟုတ်။ အမှားကို အမှန်လုပ်ဖို့ မဟုတ်ဘူး။ အဆိုးကို အဆိုးဖြစ်ကြောင်း မှန်မှန်ကန်ကန် ပြသနိုင်ဖို့။ အကောင်းကို အကောင်းဖြစ်ကောင်း မှန်မှန်ကန်ကန် ပြသနိုင်ဖို့။ အမှားကို အမှားဖြစ်ကြောင်း ဆင်ခြင် စဉ်းစားနိုင်ဖို့။ အမှန်ကို အမှန်ဖြစ်ကြောင်း ဆင်ခြင်ဉာဏ်ရှိဖို့။ သမိုင်းသင်ကြားရေး ဟာ အကြောင်းနဲ့ အကျိုးကို ပြဖို့ ဖြစ်ပါတယ်။ ဘယ်အရာက အကြောင်း၊ ဘယ်အရာက အကျိုးဆိုတာ ခွဲခြား နားလည်ဖို့ဖြစ်ပါတယ်။

အတိတ်ဟာ အတိတ်အတွက်တော့ မဟုတ်ဘူး။ သမိုင်းဟာ အတိတ်ဖြစ်တယ်။ သမိုင်းဟာ အတိတ်အတွက် မဟုတ်ဘူး။ အနာဂတ်အတွက်။ လူ့အဖွဲ့အစည်းရဲ့ အနာဂတ်အတွက်။ သမိုင်းဟာ နောက်ကြည့်မှန်။ သို့ပေမယ့် ရှေ့ခရီးအတွက် နောက်ကြည့်မှန်။ နောက်ပြန်လှည့်ဖို့ နောက်ကြည့်မှန် မဟုတ်ဘူး။ ဒါကို နားလည် သင့်တယ်။

• အနာဂတ်ဟာ အာဃာတတွေ ပြေရမယ်။
• အနာဂတ်ဟာ ဗဟုဝါဒဖြစ်ထွန်းရမယ်။
• အနာဂတ်ဟာ ပဒေသာစုံဖွံ့ဖြိုးရမယ်။
• အနာဂတ်ဟာ ငြိမ်းချမ်းကမ္ဘာဖြစ်ရမယ်။
• အနာဂတ်ဟာ တိုးတက်လူ့အဖွဲ့အစည်းဖြစ်ရမယ်။
• အနာဂတ်ဟာ အမုန်းတွေ ပျောက်၊ အချစ်တွေ ရောက်ရမယ်။

ရန်သူ မရှိ၊
မိတ်ဆွေသာရှိ။
မုန်းသူ မရှိ၊ ချစ်သူသာ ရှိ။
စစ် မရှိ၊ ငြိမ်းချမ်းသာ ရှိ။

မင်းသေ့
နံနက် ဝ း ၃၂
၁၆ ၊ မေလ၊ ၂၀၂၀။
ရန်ကုန်မြို့၊ ဘားလမ်းတိုက်ခန်း။

Previous post ☗ မြန်မာ့လူမှုစရိုက်
Next post ◾ ဖတ်ခြင်း