စာဖတ်တဲ့သူက၊ စာကို နှလုံးသားနဲ့လည်း ဖတ်တယ်။ ဦးနှောက်နဲ့လည်း ဖတ်တယ်။ ဒါ့ကြောင့် စာရေးတဲ့သူဟာ နှလုံးသားစံကိုလည်း မှီအောင် ကြိုးစားရတယ်။ ဦးနှောက်စံကိုလည်း မှီအောင်ကြိုးစားရတယ်။ ဒီနေရာမှာ နှလုံး သားစံဆိုတာ ရေးသူရဲ့စေတနာကို ညွှန်းချင်ပါတယ်။ ဦးနှောက်စံဆိုတာကတော့ စာပေဝမ်းစာ ဘယ်လောက် ဖြည့်ထားသလဲ၊ ဘယ်လောက် စိတ်နှစ်ပြီး လေ့လာဆည်းပူးစူးစမ်းထားသလဲဆိုတဲ့ကိစ္စဖြစ်ပါတယ်။ နှလုံးသားစံ ကိစ္စကို ပြောချင်ပါတယ်။ စေတနာ ကိစ္စပါ။

နှလုံးသားစံ

စာဖတ်သူဟာ အတွေးတိမ်တဲ့သူဖြစ်ချင်ဖြစ်မယ်၊ စာဖတ်ပေဖတ်နည်းတဲ့သူ ဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် စာဖတ် သူက စာတစ်ပုဒ်ကို အာရုံစိုက်ပြီး ဖတ်လိုက်ရင်၊ ဒီစာရေးတဲ့သူဟာ သူရေးတဲ့စာအပေါ် ဘယ်လောက် စေတနာ ပါသလဲဆိုတာကို အလိုလို ခံစားရတယ်။ သတိထားကြည့်ရင် သိတယ်။ စာဖတ်ပေဖတ် မများတဲ့ စာဖတ်သူ တစ်ယောက်ကတောင် ရေးသူရဲ့ စေတနာကို ခံစားကြည့်မိနိုင်တယ်ဆိုရင်၊ စာဖတ်ပေဖတ်များတဲ့ စာသမား တစ်ယောက်ဆို မပြောနဲ့တော့။ ပိုလို့တောင် သိနိုင်တယ်။ နားလည်နိုင်တယ်။ ခံစားနိုင်တယ်။

တကယ်စာဖတ်ပေဖတ်များတဲ့ စာသမားတစ်ယောက်ဟာ၊ ရေးသူဟာ သူရေးတဲ့စာအပေါ် ဘယ်လောက် စေတနာထည့်ထားသလဲဆိုတာကို သိတယ်။ နားလည်တယ်။ ဘယ်လောက်အချိုးအစားရှိကြောင်းပါ အကဲခတ် နိုင်လောက်တဲ့အထိ ပြောနိုင်တယ်။ အကြောင်းကတော့ စာဖတ်များလာရင်၊ ရေးသူရဲ့ အဇ္ဈတ္တကို အလိုလို နား လည်နိုင်တဲ့အစွမ်းက အလိုအလျောက်ရလာလို့ဖြစ်ပါတယ်။ စာဖတ်သူကို အထင်မသေးသင့်ဘူး။ သူ့တို့မှာ ခံစားနိုင်တဲ့စွမ်းအားမြင့်မြင့် ရှိတယ်။ ဒါ့ကြောင့် စာရေးတဲ့သူဟာ စေတနာကို တမင်တကာထည့်တယ်ဆိုတာ ထက် ၊ သဘာဝအတိုင်း စေတနာပါလို့ကို ရေးတာဖြစ်ရမယ်။ ဖြစ်သင့်တယ်။ အဲသည့်လိုမှ မဟုတ်ရင် စာပေမှာ ခံစားမှုစံ လျော့တယ်။ နှလုံးသားစံလျော့တယ်။

ရေးတဲ့သူရဲ့စာကို ကြည့်ပြီး၊ စာဟာ သာမန်ကာလျံကာရေးထားတာ ဟုတ် မဟုတ် သိနိုင်တယ်။ ရေးတဲ့စာကို အာရုံစိုက်ပြီး ဖတ်ရင် ရေးသူရဲ့ အဇ္ဈတ္တကို ဖမ်းနိုင်တယ်။ အတွေးအခေါ်ကို ဖမ်းနိုင်တယ်။ စရိုက်ကို အကဲခတ် နိုင်တယ်။ ဘာလို့လဲဆိုတော့ ရေးတဲ့စာဟာ ရေးသူရဲ့ ဘဝနဲ့ ဆက်စပ်နေလို့ဖြစ်တယ်။ ဘယ်လိုအကြောင်း အရာမျိုးကိုပဲ ရေးရေး၊ ရေးသူရဲ့ စေတနာ အတိုင်းအဆကို သိနိုင်တယ်။ ခံစားနိုင်တယ်။ စေတနာ ဘယ်လောက်ထည့်သလဲဆိုတာ တခါတရံ စာပေတန်ဖိုး ဖြစ်သွားတယ်။

တချို့စာတွေကို ဖတ်ကြည့်ရင် ၊ စာပေအတတ်ပညာအရ နိမ့်နေတယ်။ ချို့တဲ့နေရတယ်။ သို့ပေမယ့် စေတနာ အားဖြင့် အတိုင်းအထက်အလွန် ပိုလွန်နေတယ်။ ဒါ့ကြောင့် စာမှာ ချို့ယွင်းချက် ရှိနေသည့်တိုင် စာဟာ ဖတ် ကောင်းနေတယ်။ တန်ဖိုးရှိနေတယ်။ တန်ဖိုးရှိတဲ့စာဖြစ်နေတယ်။

တချို့စာတွေကို ဖတ်ကြည့်ရင်၊ စာပေအတတ်ပညာအရ ကျွမ်းကျင်ပိုင်နိုင်တာကို တွေ့ရပေမယ့်၊ စေတနာချို့ တဲ့တာကို တွေ့ရတယ်။ ဒါ့ကြောင့် ရေးသူဟာ အရေးအသားပိုင်းမှာ အလေ့အကျင့်များပေမယ့်၊ စေတနာချို့တဲ့ တာကြောင့် စာပေတန်ဖိုး မထိုက်ဘူး။ စာပေဂုဏ်အင် မမြင့်ဘူး။ သာမန်စာဖြစ်ရုံအဆင့်နဲ့ပဲ ကျေနပ်လိုက်ရ တယ်။

နောက်တစ်ခုက ဦးနှောက်စံ။

စာဖတ်သူဟာ ရေးသူရဲ့စိတ်ဇောကို အကဲခတ်နိုင်တယ်။ ခံစားနိုင်တယ်။ တစ်ဖက်မှာလည်း စာဖတ်သူဟာ ဉာဏ်ရည်မြင့်တဲ့ စာဖတ်သမား၊ ပါးရည်နပ်ရည်ရှိတဲ့စာဖတ်သမား၊ စာပေဝမ်းစာပြည့်တဲ့စာဖတ်သမား၊ စာဖတ်နာတဲ့ စာဖတ်သမား တစ်ယောက်ဖြစ်တယ်ဆိုရင် ရေးသူရဲ့စာပါ အကြောင်းအရာကို ခွဲခြမ်းနိုင်တယ်။ စိတ်ဖြာနိုင်တယ်။ သုံးသပ်နိုင်တယ်။ အကဲဖြတ်နိုင်တယ်။ သည်လိုစာဖတ်သမားတစ်ယောက်ဟာ စာဖတ်ခန်း ထဲက ပညာရှင်အဆင့်ရှိသူတောင်ဖြစ်နိုင်တယ်။ ဒါ့ကြောင့် စာဖတ်သူကို အထင်မသေးသင့်ဘူး။

ရေးတဲ့သူဟာ သူရေးတဲ့စာကို ဦးနှောက်စံမှီအောင်လည်း ကြိုးစားရတယ်။ သူသုံးတဲ့ အချက်အလက်ဟာ ခိုင်မာ မှု ရှိရမယ်။ သူတင်ပြတဲ့အကြောင်းအရာဟာ အင်္ဂါစုံလင်ရတယ်။ သူ့ရှုမြင်ချက်ဟာ ကြောင်းကျိုးခိုင်လုံရတယ်။ ယထာဘူတကျရတယ်။ ဓမ္မဓိဌာန်ကျရတယ်။ သူ့သုံးသပ်ချက်ဟာ ကွက်ကွက်ကွင်းကွင်း ထင်ထင်ရှားရှား ဖြစ် ရတယ်။ ဝေဝါးနေတာ၊ လုံးချတာ၊ ရောချတာ၊ ဖြီးချ၊ ရွှီးချတာ မဖြစ်ရဘူး။ စာဖတ်သူကို မလိမ်ရဘူး။ မညာရဘူး။ မသိရင် မရေးနဲ့။ မသိဘူးဆိုတာ ဝန်ခံသင့်ရင် ဝန်ခံ။ ချွင်းချက်ရှိနိုင်တယ်လို့ စကားခံပြီး ရေးရင်ရေး။ ဒါမှမဟုတ် “ဖြစ်ဟန်တူတယ်” “ဖြစ်နိုင်ချေရှိတယ်” ဆိုတဲ့ စကားလုံးကို သုံးပြီးရေး။ “ကျနော်က တော့ မှားနိုင်တယ်၊ ဒါပေမယ့် ကျနော် ဒီလိုယူဆထားတယ်” လို့ ဆိုချင်ဆို။ ကိုယ့်အမြင်၊ ယူဆချက်မှာတော့ ကိုယ်က ခိုင်တယ်။ သို့ပေမယ့် သဘောကွဲနိုင်တာ ရှိရင်တော့ “လွတ်လပ်စွာ သဘောကွဲလွဲနိုင်ကြောင်း” ဆိုတာ နဲ့ အဆုံးသတ်။ ဒါဟာ စာရေးသူ ပါးနပ်ရင်ပါးနပ်သလောက် သုံးနှုန်းနိုင်တဲ့စကားလုံး ဝေါဟာရဝါကျတွေ ဖြစ်ပါ တယ်။

ဒီတော့ ရေးသူဟာ အချက်အလက်အားဖြင့် စုံအောင် တင်ပြဖို့ အခက်အခဲရှိနိုင်တယ်။ သို့ပေမယ့် ကိုယ်ဗဟိုပြု တဲ့ အကြောင်းအချက်ကို အာရုံစိုက်ပြီး အဖြည့်သင့်ဆုံးအချက်အလက်ကို ဦးစားပေးထည့်ရတယ်။ အချက် အလက်အားဖြင့် ထိထိရောက်ရောက်ထည့်နိုင်အောင်၊ ရှေ့ကတည်းက စာတွေကို ကြိုတင်ဖတ်မှတ်၊ လေ့လာ ထားဖို့ လိုတယ်။ ကိုယ်ဖတ်နေတဲ့စာတွေက ဆိုင်ချင်လည်း ဆိုင်ခဲ့မယ်၊ မဆိုင်ချင်လည်း မဆိုင်ခဲ့ဘူး။ သို့ပေမယ့် စာရေးမယ့်သူဟာ ဆိုင်မှ ဖတ်မယ်ဆိုတာ လုံးဝ မရဘူး။ ဆိုင်ဆိုင် မဆိုင်ဆိုင် ကိုယ်ဉာဏ်ကျက်စားသင့်တယ်လို့ ထင်တဲ့ စာအုပ်တွေကို ဖတ်ကို ဖတ်ရမယ်။ စာရေးသူဟာ လူထုကို ပညာသင်ပေးတဲ့ လောကကျောင်းဆရာ တစ်ယောက်ဖြစ်ပါတယ်။ ဒါ့ကြောင့် သူဟာ အသိပညာမှာ မချို့တဲ့သင့်ဘူး။ ဝမ်းစာကို အမြဲ ဖြည့်တင်းနေရ တယ်။ ဒါမှ ဦးနှောက်စံမှီတဲ့ စာမျိုးတွေကို များများရေးနိုင်လိမ့်မယ်။

စေတနာ မချို့နဲ့။ ဝမ်းစာဖြည့်မှု မချို့တဲ့နဲ့။

ဒါဟာ စာရေးသူတွေ သတိထားရမယ့်စံပါပဲ။ ဖတ်သူတွေကလည်း ရေးသူရဲ့စာကို ဝေဖန်ပိုင်းခြားစိစစ်နိုင်ဖို့၊ စံပေတံတချို့ရနိုင်ကောင်းတယ်လို့ ယူဆပြီး ရေးသားတင်ပြလိုက်ပါတယ်။

မင်းသေ့
နံနက် ဝ း ၃၅
၁၆ ၊ မေလ၊ ၂၀၂၀ ။

Previous post ◾ ဖတ်ခြင်း
Next post ပတိရူပ ဒေသဝါသောစ