(စာရေးတာကို တာဝန်တစ်ခုလို သဘောထားပါ)

  • မန္တလေးစာပေမျိုးဆက် (၄) ဆက်မှာတွေ့ရတဲ့ စာရေးခြင်းစိတ်ဇော ဘယ်လောက်ထက်သန်သလဲဆိုတာကို ဒီဆောင်းပါးမှာ ဖတ်ရှုရမှာ ဖြစ်ပါတယ်။
  • လူထုဒေါ်အမာ၊
  • လူထုစိန်ဝင်း၊
  • ဒေါက်တာခင်သစ်နှင်း၊
  • ထို့နောက်…..

လူထုရေမြေ

လူထုဒေါ်အမာ (၁၉၁၅ – ၂၀၀၈) နဲ့ လူထုစိန်ဝင်း (၁၉၄၀ – ၂၀၁၂)တို့မှာ တူတဲ့အချက် တစ်ခုရှိတယ်။ အမေမာရဲ့ ဆောင်းပါးတွေကို ဖတ်ရင် ရိုးရိုးနဲ့ သိပ်သွက်တာပဲ။ ဖတ်ရတဲ့သူမှာ တောင့်နေတယ်၊ ထောက်နေတယ်လို့ကို မရှိဘူး။ အမေမာဆိုရင် သူနဲ့ တွေ့ကြုံဆုံခဲ့ဖူးသူတွေအကြောင်းကို ပြန်ပြောင်းရေးပြတာဟာ နံဘေးမှာ ကိုယ့်ကို စကားလာထိုင်ပြောနေသလိုပဲ။ ပြီးတော့ ရိုးရိုးလေးနဲ့ စိတ်ဝင်စားအောင် ရေးတတ်လွန်းတယ်။ (ဆရာ) လူထုစိန်ဝင်းကျတော့၊ မန္တလေးလူထုတိုက်ထွက်မို့လား မသိ၊ စကားပြောအရေးအသားက တကယ့်ရိုးရိုးရှင်းရှင်း။

လူထုစိန်ဝင်းစာတွေ

ဆရာလူထုစိန်ဝင်းက လူငယ်တွေအတွက်ဆောင်းပါးတွေ ပိုအရေးများခဲ့တယ်။ အထူးသဖြင့် ဆရာလူထုစိန်ဝင်းက စာနယ်ဇင်းအရေးအသားနဲ့ပတ်သက်ပြီး လမ်းပြသွန်သင်တဲ့ဆောင်းပါး၊ သတင်းစာဆရာတစ်ယောက်ရဲ့ ကျင့်ဝတ်တွေ ရေးတယ်။ လူငယ်တွေအတွက် စိတ်ဓာတ်ခွန်အားမြှင့်တင်ပေးတဲ့ဆောင်းပါးတွေက လူကြိုက်အများဆုံးပဲ။ စိတ်ဓာတ်မြှင့်တင်ပေးတယ်ဆိုလို့ ဒီနေ့ခေတ်မှာတွေ့ရတဲ့ တက်ကျမ်းတွေလို မဟုတ်ဘူး။ ဆရာလူထုစိန်ဝင်းရဲ့ စိတ်ဓာတ်မြှင့်တင်ရေး၊ ကိုယ်ကျင့်တရားဖွံ့ဖြိုးရေး၊ အသိပညာရှာဖွေဆည်းပူးရေး၊ ကိုယ့်တိုင်းကိုယ့်ပြည်နဲ့ ကိုယ့်ရေကိုယ့်မြေကို ချစ်မြတ်နိုးပြီး ကိုယ့်နိုင်ငံ၊ ကိုယ့်လူထူ လေးစားတန်ဖိုးထားတတ်တဲ့စိတ်ဓာတ်တွေ ဖြစ်ထွန်းအောင် ရေးသားတာ တွေ့ရတယ်။

ထိုနည်းလည်းကောင်း အနောက်တိုင်းစော်နံတဲ့သူတွေကို ထိုးနှက်ဝေဖန်ပြီး မထောက်မညှာရေးတာတွေ ဖတ်ရတယ်။ စစ်အစိုးရရဲ့ လုပ်မှားကိုင်မှားတွေကိုလည်း ရဲရဲဝံ့ဝံ့ ထောက်ပြရေးသားတာတွေ ဖတ်ရတယ်။ အငုံ့စိတ်နဲ့ မြန်မာတွေဟာ နိုင်ငံခြားကို အထင်ကြီးလွန်းတာ၊ ကိုယ့်လူမျိုးကို အထင်သေးတာတွေကို ဆုံးမသွန်သင်တယ်။ မြန်မာလူမျိုးမှာ မလိုလားအပ်တဲ့ အကျင့်စရိုက်တွေကိုလည်း ပြုပြင်ဖို့ အထူးသတိပေးရေးသားခဲ့တယ်။

စာရေးတာကို တာဝန်တစ်ခုလို လုပ်ပါ

ကျနော် အသက် (၂၀) ကျော် လူငယ်ဘဝမှာ ဆရာလူထုစိန်ဝင်းရဲ့စာတွေကို စွဲလမ်းခဲ့တယ်။  ဆရာလူထုစိန်ဝင်းကို လူကိုယ်တိုင် အပြင်မှာ မတွေ့ဖူး၊ မဆုံဖူးခဲ့ပေမယ့် လူချင်းတွေ့သကဲ့သို့လမ်းပြသွန်သင်ခံရသလို ကျနော် ခံစားမိပါတယ်။ ဆရာ လူထုစိန်ဝင်းရဲ့ သွန်သင်ချက်တွေထဲက သတိတရရှိနေတာတွေ အများကြီးပါ။ အဲသည့်အထဲက အမေလူထုဒေါ်အမာက ဆရာ လူထုစိန်ဝင်းကို အမြဲတမ်း သွန်သင်လက်ဆင့်ကမ်းသတိပေးတဲ့ စကားလေးကို သိပ် သတိရတယ်။ ကျနော်လည်း စာရေးသူ တစ်ယောက်ဖြစ်လို့ ထင်ပါတယ်။ အမေမာက လူထုစိန်ဝင်းကို အခုလို သတိပေးတယ်။

  • စာရေးတာကို တာဝန်တစ်ခုလို သဘောထားပါ၊ မရေးချင်လည်း ရေးပါ…တဲ့။

လူထုစိန်ဝင်းရဲ့စာတွေကို လွန်ခဲ့တဲ့ လေးငါးဆယ်နှစ်လောက်ကတည်းက ဖတ်ခဲ့တာဖြစ်ပေမယ့်၊ အမေမာ ပြောတဲ့ သတိပေးစကားလေးကို သိပေမယ့်၊ သတိမရမိဘူး။ အခု ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ နောက်ပိုင်းကျမှ ဒီစကားလေးကို ဆယ်ခါထက်မနည်း သတိရမိတယ်။ စာရေးတာကို တာဝန်တစ်ခုလို သဘောထားပါ…တဲ့။

ပုခုံးပေါ် တင်ပေးလိုက်တဲ့ သမိုင်းတာဝန်

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ရှေ့ပိုင်းကာလတွေ တစ်လျှောက်လုံးမှာ၊ ကျနော်ဟာ စာကို ဝါသနာပါလို့ ရေးပါတယ်။ ရေးချင်လို့ ရေးပါတယ်။ တာဝန်ကြီးတစ်ခုလို၊ သမိုင်းပေးတာဝန် တစ်ရပ်လို သဘောထားတယ်လို့ လုံးဝ သဘောမထားမိပါဘူး။ သို့သော်လည်း ၂၀၂၁ ဖေဖော်ဝါရီလ နောက်ပိုင်းကာလတွေမှာ၊ ကျနော်ဟာ စာကို ဝါသနာပါလို့ ရေးနေတာ မဟုတ်တော့ပါဘူး။ စာကို ရေးချင်လို့ပဲ ရေးတာ မဟုတ်တော့ပါဘူး။ စာကို မရေးချင်လည်း ရေးတယ်။ စာကို ဝါသနာတစ်ခုအနေနဲ့ ရေးတာ မဟုတ်တော့ဘဲ၊ စာရေးတာကို တာဝန်တစ်ခုလို သဘောထားပါတယ်။ ဗန်းမော်တင်အောင် (၁၉၂၀ – ၁၉၇၈) ပြောခဲ့ဖူးသလို။  လူတစ်ယောက်ရဲ့ တန်ဖိုးဟာ သူ ဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ပုခုံးပေါ်တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူ…. ဘယ်လောက် သယ်ပိုးထမ်းရွက်ခဲ့တယ်ဆိုတဲ့ အချက်နဲ့  တိုင်းတာရမှာပဲ ဆိုတဲ့စကားလို ဖြစ်ပါတယ်။ ကျနော့်အတွက် စာရေးခြင်းအလုပ်ဟာ တာဝန်တစ်ခုလို ဖြစ်ခဲ့ပါတယ်။ ကျနော်ကိုယ်တိုင်ကလည်း စာရေးခြင်းအလုပ်ကိ တာဝန်တစ်ခုလို မှတ်ယူပါတယ်။ ဒီနေ့အချိန်အထိတော့ စာကို ရေးချင်လို့ ရေးနေတာဖြစ်ပါတယ်။ အခုအချိန်အထိ မရေးချင်ဘဲ ရေးတဲ့စာ မရှိသေးပါ။

မန္တလေး ချက်မြှုပ်

စာရေးတာကို တာဝန်တစ်ခုလို သဘောထားပါ… ဆိုတဲ့ အမေမာရဲ့ သွန်သင်ချက်ကို ဆရာလူထုစိန်ဝင်းက ဆောင်းပါးတွေထဲမှာ ခဏ ခဏ ထည့်ရေးတာဖတ်ဖူးပါတယ်။ အမေမာ့သွန်သင်ချက်အတိုင်း ဆရာလူထုစိန်ဝင်းက လိုက်နာတာလည်း တွေ့ရပါတယ်။ လူထုဒေါ်အမာက မန္တလေးသူ။ လူထုစိန်ဝင်းကလည်း  မန္တလေးသား။ ကျနော် (မင်းသေ့) ကလည်း မန္တလေးသား။ မန္တလေးသူ မန္တလေးသားတွေက ဓာတ်သဘောတွေ တူတာလည်းဖြစ်ကောင်းဖြစ်မယ်။

လူထုစိန်ဝင်း ဘဝ

လူထုစိန်ဝင်းကို ၁၉၄၀ ၊ ဩဂုတ်လ ၁၃ မှာ မွေးတယ်။ ဆရာက မန္တလေး ဖာသာလဖုန်းကျောင်းထွက်။ မန္တလေးတက္ကသိုလ်ကျောင်းထွက်၊ ရန်ကုန်တက္ကသိုလ်ကျောင်းထွက်။ မန္တလေးလူထုသတင်းစာတိုက်မှာ သတင်းထောက်လုပ်တယ်၊ နောက်တော့ အယ်ဒီတာဖြစ်လာတယ်။ လူထုဦးလှနဲ့ လူထုဒေါ်အမာတို့ကို သူ့ရဲ့ ဒုတိယမိဘတွေလို သဘောထားတယ်။ လူထုမောင်နှံဟာ သူ့အဖို့ ကန့်ကူလက်လှည့်ဆရာတွေလည်း ဖြစ်တယ်လို့ ဆိုတယ်။ အထူးသဖြင့် အမေမာရဲ့ သွန်သင်ဆုံးမမှုတွေအောက်မှာ ရှိခဲ့တဲ့ ဘဝကို ဆရာလူထုစိန်ဝင်းက အမြဲတမ်းအောက်မေ့သတိရတယ်။ ဒေါ်ဒေါ်ဟာ သူ့ကို ဘယ်လို ဘယ်ကဲ့သို့ သွန်သင်တယ်၊ ဆုံးမတယ်၊ လမ်းညွှန်တယ်၊ သတိပေးတယ်ဆိုတာကို နောက်မျိုးဆက်တွေဆီ လက်ဆင့်ကမ်းတဲ့အနေနဲ့ လူထုစိန်ဝင်းက ဆောင်းပါးတွေထဲမှာ ထည့်ရေးတယ်။ ဆရာ လက်ဆင့်ကမ်းတဲ့ သွန်သင်ချက်တွေကို ကျနော်တို့ ရပါတယ်၊ ရကြပါတယ်။ ကျနော့်နည်းတူ တခြားသော လူငယ်တွေလည်း ရကြမယ်လို့ ယုံကြည်ပါတယ်။

စာရေးဆရာ၏ တမန်တော်မှ တဆင့်

တကယ်တော့ လူထုဒေါ်အမာဆိုတာ ကျနော်တို့ အဖွားအရွယ်လောက်ရှိပါတယ်။ ဆရာလူထုစိန်ဝင်းက ကျနော့် အဖေထက် ကြီးပါတယ်။ ကျနော်ဟာ သူတို့တတွေကို အပြင်မှာ လူချင်း တွေ့ခွင့် မရလိုက်ပါ။ ဇနပုဒ်တောရွာသာသာ မန္တလေးရဲ့ ရှေ့ဘက်မြို့ကလေးမှာ မွေးတဲ့ ကျနော့်အတွက် စာပေအသိုင်းအဝန်းနဲ့ အလှမ်းဝေးလှပါတယ်။ နီးစပ်စရာအကြောင်းတရားလည်း မရှိခဲ့ပါ။ သို့သော်လည်း စာအုပ်စာပေတွေနေ တဆင့် ကျနော်ဟာ စာပေအသိုင်းအဝိုင်းထဲက သဘာကြီးဝါကြီး စာရေးဆရာကြီးတွေနဲ့ ထိတွေ့ခွင့် ရခဲ့ပါတယ်။ အဲသည့် အကျိုးကျေးဇူးကို ကျနော် အခု ပြန်ရပါတယ်။

သူတို့ ဇွဲနပဲ

အမေ လူထုဒေါ်အမာဟာ သူ့လက်က စာတွေ မရေးနိုင်တော့တဲ့အရွယ်မှာတောင် စာတွေ ရေးသွားခဲ့ပါတယ်။ နောက်ဆုံး လက်နဲ့ မရေးနိုင်တော့လို့ နှုတ်ကနေ ပြောပေးပြီး နံဘေးကလူတစ်ယောက် လိုက်ရေးရပါတယ်။ စာရေးခြင်းအလုပ်ကို တာဝန်တစ်ခုလို မပျက်မကွက် လုပ်ခဲ့ပါတယ်။ ဆရာ လူထုစိန်ဝင်းကို နိုင်ငံရေးမှုနဲ့ စစ်အစိုးရက ထောင်ချတယ်။ ကိုကိုးကျွန်းကို ပို့တယ်။ ဆရာလူထုစိန်ဝင်း လူလတ်ပိုင်းအရွယ် (၁၉၈၀ ခုနှစ်) အသက် (၄၀) လောက်မှာပဲ ခန္ဓာကိုယ်ညာဘက်တစ်ခြမ်းလုံး လေဖြတ်သွားတယ်။ ညာဖက်တစ်ခြမ်းလုံးလေဖြတ်သွားတော့၊ ညာသန် ဖြစ်တဲ့လူထုစိန်ဝင်းက စာလုံးဝ ​ရေးလို့ မရတော့ဘူး။ ဒါပေမယ့် စာရေးခြင်းအလုပ်အပေါ် ဘယ်လောက်ထက်သန်သလဲဆိုတော့ မသန်တဲ့ ဘယ်လက်နဲ့ စာရေးဖို့ ကြိုးစားခဲ့တယ်။ အဲသည့်ကျမှ လက်ဝဲစာရေးဆရာ စစ်စစ်ဖြစ်တော့တယ်လို့ ဆရာလူထုစိန်ဝင်းက ခပ်နောက်နောက် ပြောတယ်။ အဲသည်လို မသန်တဲ့လက်နဲ့ စာတွေ ရေးသွားလိုက်တာ၊ ဟော တစ်ပုဒ် ဟော တစ်အုပ်ပါပဲ။

မြန်မာပြည်မှာ စာရေးနိုင်ဆုံး စာရေးဆရာ..တဲ့

မှတ်မိနေသေးတယ်။ ၂၀၀၇ ၊ ၂၀၀၈၊ ၂၀၀၉ ကာလလောက်က ဖြစ်မယ်။ ဆရာ လူထုစိန်ဝင်း မဆုံးခင် နှစ်နှစ်၊ သုံးနှစ်လောက်က ဖြစ်ပါလိမ့်မယ်။ အဲသည့်ကာလတွေမှာ ဆရာလူထုစိန်ဝင်းဟာ မြန်မာပြည်မှာ စာအရေးနိုင်သူ တစ်ယောက်လို့တောင် ပြောလို့ ရခဲ့သတဲ့။ ဘာလို့လဲဆိုတော့ ဂျာနယ်၊ မဂ္ဂဇင်းတွေက တောင်းတဲ့စာမူတွေကို တာဝန်မပြတ် ရေးဖို့ ကြိုးစားတာကြောင့် နေ့စဉ်လိုလို ဆောင်းပါး နှစ်ပုဒ် သုံးပုဒ်လောက်အထိတောင် ရေးဖြစ်သတဲ့။ ကဲ… ဘယ်လောက်အထိ စာပေတာဝန် ကျေပွန်လိုက်သလဲ။ ဒါတောင် ၁၉၈၂ ကနေ ၂၀၀၀ ခုနှစ်လောက်အထိ အင်္ဂလိပ်စာသင်တဲ့ ဆရာအဖြစ် ဖြတ်သန်းခဲ့ဖူးတာ မပါသေးဘူး။

အောက်ဆီဂျင်ပိုက်တန်းလန်းနဲ့

လူထုဦးလှဟာ စာအုပ်ပေါင်း မြောက်မြားစွာ ရေးသားခဲ့ပါတယ်။ လူထုဒေါ်အမာဟာ စာအုပ်ပေါင်း မြောက်မြားစွာ ရေးသားခဲ့ပါတယ်။ လူထုတိုက်ထွက် ဆရာ လူထုစိန်ဝင်းကလည်း စာအုပ်ပေါင်း မြောက်မြားစွာ ရေးသားခဲ့ပါတယ်။ အံ့ဩစရာအကောင်းဆုံးကတော့ – ခန္ဓာကိုယ်ညာဖက်တစ်ခြမ်းလုံးလေဖြတ်သွားတာတောင် မသန်တဲ့ဘက်လက်နဲ့ ကြိုးစားရေးရင်း စာအုပ်ပေါင်းများစွာရေးနိုင်ခဲ့တဲ့ ဆရာလူထုစိန်ဝင်းကို လေးစားရတယ်၊ အားကျရတယ်၊ အတုယူရပါတယ်။ နောက်ပြီး ဆရာဟာ သူ မကွယ်လွန်ခင် နှစ်အတော်ကြာကြာ နှာခေါင်းမှာ အောက်ဆီဂျင်ပိုက်တန်းလန်းနဲ့ စာတွေ ရေးခဲ့ရပါတယ်။ ဆရာ့ဆောင်းပါးတွေကို ဖတ်ရင်း သိရတာကတော့ နွေလို အင်မတန် ပူပြင်းတဲ့ရာသီမျိုးမှာ၊ အချိန်တိုင်း နှာခေါင်းမှာ အောက်ဆီဂျင်ပိုက်တန်းလန်းနဲ့ နေရတာပါပဲ။ အသက်ရှု မဝလို့၊ အဆုတ်က ဖောက်လို့ နေထိုင်မကောင်းခဲ့ဘူး။ ဒါပေမယ့် အဲသည်လို အချိန်မျိုးတွေမှာတောင် ဘယ်လက်နဲ့ စာတွေကို အားပြုရေးရင်း ကလောင်နဲ့ လူထုအတွက် တာဝန်ထမ်းခဲ့သူဖြစ်ပါတယ်။ စာရေးခြင်းအလုပ်အပေါ် အဲသည့်လောက်အထိ စွဲစွဲမြဲမြဲ လေးနက်သူဖြစ်ကြောင်း အထင်အရှားတွေ့ရပါတယ်။

ဒိုင်းနမိုက်နဲ့ ဖောက်ခွဲခံရ

ကျနော်ဟာ ဒီလိုအခြင်းအရာတွေကို အမြဲတမ်းလိုလို တွေးမိပြီး စာတွေ မပြတ်ရေးဖို့ အားထုတ်ပါတယ်။ လူထုဦးလှနဲ့ လူထုဒေါ်အမာတို့ဟာ လူထုသတင်းစာတိုက်ကို တည်ထောင်ပြီး စာပေအလုပ်တွေ လုပ်ခဲ့တဲ့နေရာမှာ၊ အားလုံးလွယ်လွယ်ကူကူ ချောချောမွေ့မွေ့နဲ့ လုပ်ခွင့်ရခဲ့တယ်လို့ မထင်ပါနဲ့။ မဟုတ်ပါဘူး။ အခက်အခဲတွေကြား၊ အကျပ်အတည်းတွေ ကြားထဲက လုပ်ခဲ့ရပါတယ်။ လွတ်လပ်ရေးရပြီး တစ်နှစ်ကျော်လောက်တုန်းက ဆေးရိုးဝင်းကြီးထဲမှာ ရှိတဲ့ လူထုသတင်းစာအလုပ်တိုက်ကို မြန်မာစစ်တပ်က ဒိုင်းနမိုက်နဲ့တောင် ဖောက်ခွဲဖျက်ဆီးပစ်ခဲ့ဖူးတယ်။ အဲသည့်လိုလုပ်တဲ့ နေ့စွဲအတိအကျနဲ့ လုပ်ရပ်ကို ဆရာကြီး ရွှေဥဒေါင်းက သူ့ရဲ့ တစ်သက်တာမှတ်တမ်းနဲ့အတွေးအခေါ်များ စာအုပ်မှာ မှတ်တမ်းတင်တယ်။ ၁၉၄၉ ခုနှစ် ဧပြီလ ၂၄ ရက်နေ့…တဲ့။

လူထုဦးလှက ထောင်ပါ ကျသေး

လူထုသတင်းစာတိုက်ကို ဗုံးခွဲဖျက်ဆီးခံရတဲ့အထိ ဖြစ်ခဲ့တဲ့အပြင် နောက်ပိုင်းကာလတွေမှာ လူထုဦးလှကို ထောင်ချတယ်။ လူထုဒေါ်အမာဟာ လူမမယ်သားကလေးတွေနဲ့ လောကဓံကို ရင်ဆိုင်ခဲ့ရရှာတယ်။ ဒီလို ခက်ခဲကြမ်းတမ်းပြီး အနှောက်အယှက်တွေ ရှိရင်းနဲ့တောင် ခေတ်ဆိုး ခေတ်ကြပ်ကြီးထဲမှာ စာပေတာဝန်ကို လိုအပ်သည်ထက်ပို၍ ကျေပွန်ခဲ့တဲ့ လူထုဦးလှနဲ့ လူထုဒေါ်အမာတို့ အကြောင်း တွေးမိပြီး၊ ငါတို့ဟာ အများကြီး ကံကောင်းပါ့လားလို့ တွေးမိတယ်။ သူတို့တုန်းက စာကို လက်နဲ့ ရေးရတယ်။ ပြီးတော့ စာအုပ်ဖြစ်ဖို့ ခဲဘလောက်တုံးတွေ စီရတယ်။ တခါတရံ စက္ကူက မလွယ်။ ဒီနေ့ခေတ်မှာ သိပ်လွယ်တယ်။ ကျနော် အခု စာရေး။ အခု အွန်လိုင်းပေါ်တင်လိုက်။ အခု လူတွေ ချက်ချင်းဖတ်နိုင်တယ်။ နောက်ပြီးတော့ စာရေးသူ ဒီနေ့ ဒီအချိန်မှာ ရေးတဲ့စာကို စာဖတ်သူက ချက်ချင်းလက်ငင်း ဖတ်ရှု ဝေဖန်လို့ ရတယ်။ တိုက်ရိုက်ပဲ။ ချက်ချင်းပဲ။ ဒီနေ့ခေတ် စာအုပ်တစ်အုပ်ထုတ်ရင်လည်း သိပ်လွယ်တယ်။ လွယ်လွန်းလို့တောင် အလွယ်လုပ်တွေ အများကြီး ပေါ်လာတာ တွေ့ခဲ့ရသေး။

ငါတို့က ဘာဟုတ်သေးလို့လဲ

ဒီလိုအခြင်းအရာတွေကို သတိရမိရင်၊ ငါတို့ ခက်ခဲတာ ဘာဟုတ်သေးလို့လဲ။ ငါတို့ ကျပ်တည်းတာ ဘာဟုတ်သေးလို့လဲ။ ငါတို့အဆင်မပြေဘူးဆိုတာ ဘာဟုတ်သေးလို့လဲ။ ဆရာလူထုစိန်ဝင်းဆိုရင် နှာခေါင်းမှာ အောက်ဆီဂျင်ပိုက်တန်းလန်းနဲ့တောင် စာတွေ ရေးခဲ့သေးတာပဲ။ ငါဆိုရင် ငယ်ရွယ်သေးတယ်၊ ကျန်းမာတယ်။ ဘာရောဂါဘယမှ မရှိသေးဘူး။ ကျန်းမာရေးလည်း ဒေါင်ဒေါင်မြည်။ ခြေလည်းသန်တယ်၊ လက်လည်း သန်တယ်၊ မျက်စိလည်း ကောင်းသေးတယ်။ ဒီလို အရွယ်မှာမှ မရေးရင် ဘယ်လို အချိန်မှာ သွားရေးမလဲ၊ ဒီလိုအရွယ်မှ မဖတ်မမှတ် မလေ့လာရင် ဘယ်လိုအချိန်မှာ ဖတ်မှတ်လေ့လာရမလဲ။ ဒီလိုစိတ်နဲ့ စာတွေ အသားကုန်ဖတ်ခဲ့တယ်။ စာတွေ အသားကုန်ရေးနေပါတယ်။ စာရေးခြင်းကို တာဝန်တစ်ခုလို လုပ်ပါတယ်။

လေဖြတ်ခဲ့သူတောင် ဒီလောက်ရေးနိုင်တာ

ဆရာ လူထုစိန်ဝင်းက ညာဖက်တစ်ခြမ်းလုံးလေဖြတ်သွားတောင် ဘယ်ဘက်လက်နဲ့ စာတွေ အများကြီး ရေးခဲ့သေးတာပဲ။ အခု ငါက ကွန်ပြူတာနဲ့တောင် ရေးနိုင်တယ်။ ပြီးတော့ လက်နှစ်ဖက်စလုံးနဲ့ စာရေးတာ။ လက်နဲ့ စာရေးတယ်ဆိုတာ လက်ညှိုးနဲ့ လက်မကိုပဲ အဓိက ထားရေးရတာ။ အခု ကွန်ပြူတာနဲ့ ရေးတော့ လက်ဆယ်ချောင်းစလုံး အသုံးပြုရတယ်။ ကဲ… ဘယ်လောက် လွယ်သလဲ။ ပြီးတော့ ဆရာမြသန်းတင့်ဆိုရင် လက်နှိပ်စက်နဲ့ ရေးတယ်။ မင်းကွန်းဆရာတော်ကြီးလည်း လက်နှိပ်စက်နဲ့ ရေးတယ်။ လက်နှိပ်စက်နဲ့ရေးတယ်ဆိုပေမယ့် ကွန်ပြူတာလောက် မသက်သာပါဘူး။ လက်နှိပ်စက်က ရိုက်ရတာ။ ကွန်ပြူတာက ခလုတ်ကို လက်နဲ့ ထိလိုက်ရုံလေ ဖိလိုက်ရုံလေးနဲ့ စာရေးနိုင်တာ။ ဒီလောက် သက်သာ၊ ဒီလောက် လွယ်ကူတဲ့ အချိန်မှာမှ စာမရေးရင် ဘယ်လိုအချိန်မှာ သွားပြီး စာရေးမလဲ။ နောက်တစ်ခု သတိရသေးတယ်။ ဆရာမ ဒေါက်တာခင်သစ်နှင်း။

မျက်စိကွယ်ခဲ့ရသူ

ဒေါက်တာခင်သစ်နှင်းဟာ သူ ကလေးအထူးကုဖြစ်ဖို့ သုံးလေးလလောက်အလိုလောက်မှာပဲ၊ မျက်နှာကို မနာလိုသူ သူ့သူငယ်ချင်းရဲ့ အက်စစ်နဲ့ပက်ခံရပြီး မျက်နှာတစ်ခုလုံး ပျက်စီးသွားတယ်။ စာရေးစာဖတ်ဖို့ မျက်စိ မမြင်ရတော့ဘူး။ မျက်စိမမြင်ရတော့ပေမယ့် ဆရာမ ဒေါက်တာခင်သစ်နှင်းဟာ စာတွေ ရေးခဲ့တယ်။ စာတွေ ဖတ်ခဲ့တယ်။ အခုအချိန်အထိ သူ့ရဲ့ အသိအမြင် ဗဟုသုတက သိပ်ကြွယ်ဝတယ်။ မြန်မာပြည် အခုလို ကသောင်းကနင်းဖြစ်နေတဲ့အချိန်မှာတောင် မြန်မာပြည်ရဲ့ဖြစ်ပျက်မှုတွေကို သူ အားလုံးနားလည်နိုင်စွမ်းရှိတယ်။ ကျနော်နဲ့ ဖုန်းပြောတယ်ဆိုရင် လက်ရှိ လက်ငင်းဖြစ်နေတာတွေကို သူအားလုံးသိနေတယ်။ တခါတရံ ကျနော်ကတော့ သတင်းမဖတ်လို့ မသိလိုက်ဘူး။ ဒေါက်တာခင်သစ်နှင်းက ရတတ်သမျှ သတင်းတွေ အားလုံး နားထောင်တယ်၊ ရေဒီယို၊ တီဗွီ၊ ဖေ့ဘုတ်ခ် လူမှုမီဒီယာ… အစုံစုံက သတင်းတွေ သူ နားထောင်တယ်။ သူ့ သူ့မှာ ရှိထားတဲ့ နားကို ကောင်းကောင်း အသုံးချတယ်။ နံဘေးကလူကို သူ သိချင်တာတွေ အမြဲ ရှာဖတ်စေပြီး နားထောင်တယ်။ ကျနော် နေ့တိုင်းအွန်လိုင်းက စာတွေရေးနေတာတောင် သူက သိသေးတယ်။ ဒီလောက်အထိ အသိရှာဖွေတဲ့နေရာမှာ စိတ်ဇောထက်သန်တာ။

မသန်သူတွေတောင် စွမ်းခဲ့သေးတာ

သူ့ဘဝ ဇာတ်ကြောင်း စာအုပ်ကိုလည်း မျက်စိမမြင်ပါဘဲနဲ့ သူကိုယ်တိုင်ရေးတာ။ စာအုပ်နာမည်က မမြင်ရသောမြင်ကွင်းများ …တဲ့။ အဲသည့်လောက်အထိ စိတ်ဇောထက်သန်ကြတယ်။ သူတို့တတွေရဲ့ ဇွဲသတ္တိတွေကို သတိရမိရင်၊ ကျနော် အားပြန်တက်ရတယ်။ ဆရာ လူထုစိန်ဝင်း ရေးခဲ့တဲ့ မသန်ပေမယ့် စွမ်းသူများ စာအုပ်ထဲကလို၊ သူတို့တောင် မသန်ပေမယ့် စွမ်းအောင် လုပ်နိုင်သေးတာ။ ငါတို့က သန်သန်မာမာကြီးနဲ့ ဘာလို့ ဒီ့ထက် မစွမ်းရမှာလဲ…လို့ ကိုယ့်ကိုယ်ကို ပြန်သတိပေးရင်း၊ အပျင်းကြောတွေကို တိခနဲ ဖြတ်နိုင်ခဲ့တယ်။

စာရေးတာကို တာဝန်တစ်ခုလို လုပ်ပါ။

မင်းသေ့

နေ့လယ် ၂း၀၅

၁၊ နိုဝင်ဘာ၊ ၂၀၂၁။

Previous post အဆုံးသတ်တိုက်ပွဲကို မျှော်ကြည့်ခြင်း
Next post မြန်မာ့နွေဦးတော်လှန်ရေးထီးရိပ်အောက်က စစ်ရေးတပ်ပေါင်းစု