တော်လှန်ရေးကာလကိုလည်း စိုးရိမ်တယ်။ တော်လှန်ရေးလွန်ကာလရောက်ခဲ့သည်ရှိသော်၊ တော်လှန်ရေးအလွန် ကာလကိုလည်း စိုးရိမ်တယ်။ ဘာလို့ စိုးရိမ်တာတွေချည်းပဲ ရေးတာလဲ၊ ပြောတာလဲ။ အပျက်သဘောလား။ မဟုတ်ပါ။ တော်လှန်ရေးတောင် အောင်အောင် မနည်းလုပ်နေရတာ တော်လှန်ရေးလွန် ကာလကို တွေးပြီး စိတ်ပူနေမိသေးတယ်၊ မုန့်ဆီကြော်က ဘယ်နေမှန်းမသိဘူး၊ နှုတ်ခမ်းနာနဲ့ တည့်ပါ့မလား ဆိုတာ လိုမျိုး ဖြစ်နေပြီ။ မဟုတ်ပါ။ မဟုတ်ပါ။ တတ်နိုင်သရွေ့ အခင်းအကျင်းတွေကို ကျော်ပြီး ကြည့်ရပါအုံးမယ်။ ရေတိုလည်း ကြည့်သလို၊ ရေရှည်ကိုလည်း ကြည့်ရပါမယ်။ တော်လှန်ရေးကာလအတွက် စဉ်းစားစရာတွေ များသလို၊ တော်လှန်ရေးလွန် ကာလတွေမှာလည်း သတိချပ်စရာတွေ တစ်ပုံတစ်ပင် ရှိနေပါတယ်။

မြန်မာတွေရဲ့ နောက်ခံအကြောင်းရင်းတွေကို ပိုသိနားလည်လေလေ၊ ပိုပြီး စိုးရိမ်လေလေပါပဲ။ အတိတ်ကို ပြန်ပြန်ကြည့်ပြီး အတိတ်ရဲ့အကျဉ်းသားဖြစ်နေတာတော့ မဟုတ်ပါ။ မြန်မာပြည်မှာ ဖြစ်တတ်တာ၊ ဖြစ်လေ့ရှိတာ တွေကို ခပ်များများတွေ့ဖန်များလာတော့၊ ရှေ့သွားမယ်ဆိုတိုင်း နောက်ကို ပြန်ပြန် ကြည့်ဖြစ်တာ အကျင့်ပါနေ တယ်။ မြန်မာပြည်ရဲ့နောက်ခံအကြောင်းမှာ ဘယ်လို ဖြစ်ခဲ့လို့လဲ။

အခုအချိန်မှာ ကျောချင်းကပ်နိုင်ကြတယ်၊ သို့သော်….

တော်လှန်ရေးကာလမှာတော့ ရန်သူ – မိတ်ဆွေ ကွဲပြားပြီးဖြစ်လို့ သဲသဲကွဲကွဲမြင်ရပါတယ်။ ညီအစ်ကို မသိတသိ အချိန်မဟုတ်ပါ။ နေဝင်ဖျိုးဖျ မိုးချုပ်စလည်း မဟုတ်ပါ။ ညဟာ မှောင်မိုက်နေပေမယ့်၊ လူတိုင်းမှာ အားပြည့်တဲ့ ဓာတ်မီးတွေ အပြည့်။ သိပ်စူးရှတယ်။ အားလုံးကလည်း သတိရှိနေတော့၊ ဘယ်သူလဲ ဘယ်ဝါလဲ သဲသဲကွဲကွဲဖြစ် အောင် အမြဲ ကြည့်တယ်။ ဒီတော့ ရန်သူ မိတ်ဆွေ ကွဲပြားတာပေါ့။ ကြိုရှောင်နိုင်တယ်၊ ကြိုတင်ကာကွယ်နိုင်တယ်။ ဘယ်သူ ဘယ်ဝါသဲကွဲလို့ ဖြစ်တယ်။ ဒါဟာ တော်လှန်ရေးကာလအတွင်းမှာပါ။

တော်လှန်ရေးကာလအတွင်းမှာ ဘုံတူညီချက်တွေကို အလွယ်တကူ ရှာတွေ့သွားကြတယ်။ အခက်အခဲ အကျပ် အတည်းတွေက ပန်းတိုင်တွေကို ညှိပေးလိုက်ကြတယ်။ ဘုံအကျပ်အတည်းတွေကနေ အချင်းချင်း ကျောချင်းကပ် သွားကြတယ်။ ဒါဟာ သဘာဝဖြစ်ပါတယ်။ ဒါဟာ ထုံးစံဖြစ်ပါတယ်။ ဒီတော့ ကိုယ့်အချင်းချင်း ဘယ်လို ဘယ်ကဲ့ သို့ဆိုတာ ဝိဝါဒကွဲပြားတာမျိုး ရှိပေမယ့်၊ ညှိလို့ ရတယ်။ နှိုင်းလို့ ရတယ်။ ညှိလို့ နှိုင်းလို့ လွယ်တယ်လို့ မသုံးပါ။ ခက်ခဲနေဆဲတွေ ရှိနေပါတယ်။ ဘယ်လိုအကြောင်းတွေက အကျပ်အတည်းကာလတွေမှာတောင် အခုအခံ အတား အဆီးတွေကို ထုတ်လုပ်ပေးနေတာလဲ။

တော်လှန်ရေးအလွန် ကာလ

နောက်ခံ ဖြတ်သန်းမှု အကြောင်းရင်းတွေဖြစ်ပါတယ်။ လူဆိုတာ ဖောက်တတ်တယ်။ ဖောက်လွဲဖောက်ပြန် လုပ်တတ်တယ်။ အဲသည့်နေရာမှာ ဦးဆောင်မှုအလင်းကို မပြနိုင်ရင်၊ ခက်နိုင်ပါတယ်။ တော်လှန်ရေးကာလမှာ တော်လှန်ရေးအောင်မြင်အောင် လုပ်ဖို့ ခက်ခဲတယ်။ ခက်ခဲပေမယ့် လုပ်ရမှာပါပဲ။ အားတင်းတဲ့စိတ်နဲ့ အသိနဲ့ သတိနဲ့ ဉာဏ်နဲ့ လုပ်တဲ့အခါမှာ အောင်မြင်နိုင်ပါလိမ့်မယ်။ အထွေထွေ မကျေနပ်မှုအတွက်၊ အထွေထွေဖိနှိပ်ခံရမှုအတွက် ခေါင်းငုံ့ မခံလို။ ဘယ်လောက်ပဲ ဖြစ်ဖြစ် ပြန်အံတုမယ်လို့ ယူဆပြီး လက်နက်ကိုင်လိုက်ကြပါတယ်။ မြန်မာပြည်ရဲ့ လက်နက်ကိုင်လျှောက်လမ်းက သိပ်မြန်ပါတယ်။ လက်ဗလာထဲမှာ လက်နက်ကို ကောက်ကိုင်လိုက်တာ သိပ်မြန်ပါတယ်။ မြန်လည်း မြန်ရပါမယ်။ အဆုံးသတ်တိုက်ပွဲအထိ သွားဖို့ ရှေ့ဆက်ကြတယ်။ အားနဲ့ မာန်နဲ့ ဝိုင်းကြ ဝန်းကြရင်း တဖြည်းဖြည်း ဖြစ်မြောက်လာတာပါပဲ။ အားတက်စရာ ဖြစ်ပါတယ်။ ဒီလို စိတ်ဓာတ်မျိုးနဲ့ တော်လှန်ရေးကာလမှာ ရှေ့ဆက်တဲ့အခါ အောင်မြင်နိုင်ချေ များတာပါပဲ။ ဒါပေမယ့် တော်လှန်ရေးလွန်ကာလရောက်ရင်တော့ ခက်တာတွေ ရှိလာနိုင်တယ်။ အဲဒါတွေက ဘာတွေလဲ။

လူဆိုတာ အကန့်အသတ်ကို သိဖို့ ခက်လှတယ်။ လက်နက်ကို ကိုင်ထားလိုက်ပြီးပြီ။ ဒီကိုင်ထားတဲ့လက်နက်ကို ဘယ်အချိန်အထိ ကိုင်ထားမလဲဆိုတာကို သိဖို့တော့ ခဲယဉ်းတယ်။ အထူးသဖြင့် ကိုင်ထားတဲ့လက်နက်ကို ဘယ်လို အချိန်မှာ တစ်စုတစ်စည်းတည်း မူလနေရာ ပြန်ထားပြီး နိုင်ငံရေးစားပွဲဝိုင်းပေါ်မှာ လူမျိုးစုတွေ အားလုံး သဘောညီ တက်လှမ်းနိုင်ဖို့ နိုင်ငံရေးခရီးစတင်ရမယ့် အချိန်တွေ ရှိလာပါလိမ့်မယ်။ အဲသည့်အခါမှာ – တော်လှန်ရေးရဲ့ သဘောကို ဘယ်လို အနက်ဖွင့်ကြမလဲ။

မျှော်ကြည့်

အတိတ်သမိုင်းမှာတော့ – လွတ်လပ်ရေးရခြင်းအပေါ် အနက်အဓိပ္ပာယ် အဖွင့် လွဲခဲ့ကြလို့ လွတ်လပ်ခဲ့ပေမယ့် ပြည်တွင်းစစ်ကို ထပ်ကြုံပါတယ်။ ဒီလို အဖြစ်မျိုး နောက်ထပ် အဖြစ်မခံလိုပါ။ တော်လှန်ရေးမှာ အားလုံးကျောချင်း ကပ်ထားကြပေမယ့်၊ တော်လှန်ရေးလွန်ကာလတွေမှာ ဝိဝါဒတွေ ကွဲပြဲပြီး အချင်းချင်း ပြန်လည်တိုက်ကြတာတွေ မြန်မာပြည်မှာ ခပ်များများ ရှိခဲ့ပြီးပါပြီ။ ဒါ့ကြောင့် တော်လှန်ရေးလွန် ကာလ ရောက်ခဲ့သည် ရှိသော်၊ ကိုင်ထားတဲ့ လက်နက်တွေကို နဂိုမူလနေရာမှာ တစ်ညီတစ်ညွတ်တည်း ပြန်ထားနိုင်ကြဖို့ လိုပါတယ်။ လက်နက်ကိုင်လမ်းစဉ် ကို လျှောက်တဲ့လူထုဟာ – ငါ တို့ဟာ လက်နက်ကို ဘယ်အချိန်မှာ ကိုင်မယ်၊ ဘယ်အချိန်မှာ ပြန်ချထားမလဲ ဆိုတာ သိဖို့ လိုပါတယ်။ ငါတို့ဟာ လက်နက်ကို ဘယ်အချိန်အထိ ကိုင်မယ်ဆိုတာကို သိဖို့ လိုပါတယ်။ ဒါဟာ နိုင်ငံရေး ရေချိန်လို့လည်း ဆိုနိုင်တယ်။ နိုင်ငံရေးအသိ သတိလည်းဖြစ်တယ်။

ဘယ်လို အဓိပ္ပာယ်ကောက်ကြမလဲ

အဆုံးသတ်တိုက်ပွဲဆိုတာကို အနက်ဖွင့်မှု တူညီဖို့ အထူးအရေးတကြီး လိုပါတယ်။ လွတ်လပ်ရေးတိုက်ပွဲကို ကြည့်ပါ။ အဆုံးသတ်တိုက်ပွဲ ပြီးဆုံးပြီလို့ ခံယူတဲ့ အုပ်စုနဲ့ အဆုံးသတ်တိုက်ပွဲ မရောက်သေးဘူး၊ ဆက်တိုက်ရမယ် ဆိုတဲ့ အုပ်စုဟာ တော်လှန်ရေးကာလတုန်းက မိတ်ဆွေတွေပါ၊ သူငယ်ချင်းတွေပါ၊ တစ်ဖွဲ့တည်းတွေပါ၊ အားလုံး အတူတူပါ။ သို့သော်လည်း အဆုံးသတ်တိုက်ပွဲ ရောက်ပြီ မရောက်သေးဘူးဆိုတဲ့ အနက်အဓိပ္ပာယ်ကောက်ယူမှု လွဲချော်ခဲ့လို့၊ မြန်မာပြည်ဟာ အမျိုးသားလွတ်မြောက်ရေးသမိုင်းကို  ပြည်တွင်းစစ်သမိုင်းနဲ့ အသက်ဆက်ခဲ့ရပါတယ်။ လက်နက်ကိုင်လမ်းစဉ်ဟာ နတ်ကြီးပါတယ်။ တတ်နိုင်သမျှ သတိကြီးကြီး ထားဖို့ နဲ့ အကန့်အသတ်တွေကို နားလည်ဖို့ ဖြစ်ပါတယ်။

အချုပ် ပြန်ပြောပါ့မယ်။ လိုရင်းက (၂) ချက်တည်းပါ။

  • လက်နက်ကို ဘယ်အချိန်အထိ ကိုင်ရမလဲ ဆိုတာ သိဖို့ လိုတယ်။ ဒါဟာ နိုင်ငံရေးအသိ သတိ ဖြစ်ပါတယ်။
  • အဆုံးသတ်တိုက်ပွဲအပေါ် အနက်အဓိပ္ပာယ် ဖွင့်ဆိုမှု ညီညွတ်ကြဖို့ လိုပါတယ်။ သို့မဟုတ်ရင် လှည်းဘီး တစ်ပတ်လည်သလို မြန်မာပြည် ထပ်ပြီး ကမောက်ကမ ဖြစ်နိုင်ပါတယ်။

တော်လှန်ရေးကာလမှာ၊ တော်လှန်ရေးလွန်ကာလအတွက်လည်း ခေါင်းအေးအေးထား စဉ်းစားနိုင်စွမ်း ရှိသူတွေ ခပ်များများရှိဖို့လိုပါတယ်။ မုန့်ဆီကြော်ဖို့ ဒယ်ရှာနေပါတယ်။ ရွာထဲလှည့်ပြီး ဒယ်ငှားလိုက်ပါအုံးမယ်။

မင်းသေ့

နေ့လယ် ၃း၀၁

၄ ၊ နိုဝင်ဘာ၊ ၂၀၂၁။

Previous post တိုင်းပြည်တည်ဆောက်ရေး နည်းသစ်
Next post လူထုစိန်ဝင်း၏ သွန်သင်ချက်မှ