စစ်ဘောင်ချဲ့ခြင်း နှင့် စစ်ဘုရင်တို့၏ အကျိုးစီးပွား

• မြန်မာတွေရဲ့ ပဒေသရာဇ်သမိုင်းကို ကြည့်ရင်၊ ဘုရင်တွေဟာ စစ်ကို လက်ကိုင်ပြုပြီး ဘုရင်ဖြစ်လာတာတွေ့ရပါလိမ့်မယ်။ ဒါ့ကြောင့် ဘုရင်တွေဟာ သူ့ဩဇာအာဏာစက်ကျယ်ဝန်းအောင်၊ စစ်ကို ချဲ့လေ့ ရှိတယ်။ စစ်ဘောင်ကို ချဲ့လေ့ ရှိတယ်။ စစ်ဘောင်ကျယ်လေလေ၊ လက်နက်ကိုင်တပ်ခေါင်းဆောင်ဟာ လုပ်ပိုင်ခွင့်နဲ့ ဩဇာအာဏာစက် ကျယ်ဝန်းလေလေ ဖြစ်ပါတယ်။ ဒါ့ကြောင့် စစ်နဲ့ လုပ်ပိုင်ခွင့် အာဏာ / ဩဇာဟာ စစ်ခေါင်းဆောင် အဆက်ဆက်မှာ၊ အညမညသဘော ဆက်စပ်နေတယ်။ စစ်ဘောင်ကျယ်လာလေလေ၊ စစ်ခေါင်းဆောင်တွေ အာဏာသက်ပိုမြဲလေလေ ဖြစ်ပါတယ်။

• စစ်ဘောင်ချဲ့ခြင်း အယူအဆ အမြင်တွေလည်း ရှိနေပါသေးတယ်။ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်တွေဟာ၊ စစ်ရေးကဏ္ဍဟာ လူ့အဖွဲ့အစည်းထဲမှာ အမြဲတမ်း အရေးပါ အရာရောက်နေအောင် လုပ်ဆောင်တတ်လေ့ ရှိပါတယ်။ လူ့အဖွဲ့အစည်းရဲ့ ရှိရင်းစွဲ ရေခံမြေခံတွေမှာ၊ စစ်ကို တည်တံ့အောင် ပံ့ပိုးစေတဲ့ အကြောင်းတရားတွေလည်း ရှိနေတတ်တယ်။

• လူ့အဖွဲ့အစည်းတွင်းမှာ အသွေးအရောင်စုံတဲ့ ဒေသမျိုးကွဲ၊ လူမျိုးကွဲတွေလည်း များပြားနေမယ်ဆိုရင် စစ်ဟာ ကြာရှည်တည်တံ့နေတတ်ပါတယ်။ တစ်ဖက်မှာလည်း၊ လူမှုရေးဓလေ့အရ၊ နိုင်ငံရေးဓလေ့အရ မတူကွဲပြားမှုကို လက်ခံနိုင်မှုမှာ အားနည်းတယ်၊ ပညာအခံအားနည်းတယ်၊ ဆင်းရဲချို့တဲ့ကြတယ်ဆိုရင် စစ်ဘောင်ကျယ်နိုင်တဲ့ ရေခံမြေခံ အပြည့်အဝ ရှိထားပြီးသားဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ပညာအခံ အားနည်းမှုကြောင့်၊ မလိုမုန်းထားမှုတွေ များနိုင်တယ်။ စိုးရိမ်မှုနဲ့ အကြောက်တရားဟာ အမြဲလွှမ်းမိုးနေမယ်၊ သံသယကြီးပြီး ယုံကြည်မှုအချင်းဝက်တိုတဲ့လူ့အဖွဲ့အစည်း ဖြစ်နေတတ်ပါတယ်။ ဒီလို လူ့အဖွဲ့အစည်းမျိုးမှာ၊ သည်းခံနိုင်မှု ခန္တီတရား နိမ့်ပါးနေတတ်ပါတယ်။

• ချို့တဲ့တဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေကြောင့်၊ နေ့စဉ် ကြပ်ကြပ်တည်းတည်း ရုန်းကန်နေရတဲ့ ဘဝတွေမှာ၊ နိုင်ငံရေးအမြတ်ထုတ်မှုတွေနဲ့ အာဏာပယောဂတွေ ပူးဝင်နေတတ်ပါတယ်။ ဒီလိုလူ့အဖွဲ့အစည်းမျိုးမှာ၊ စစ်ဘောင် ကျယ်နေတတ်ပါတယ်။ တစ်ဖက်မှာလည်း ပထဝီနိုင်ငံရေးနဲ့ပက်သတ်တဲ့ လွှမ်းမိုးမှု အမြင်တွေဟာ စစ်ဘက်ခေါင်းဆောင်တွေဆီမှာ လွှမ်းမိုးနေတတ်ပါတယ်။

• ဧရာဝတီမြစ်ဝှမ်းလွင်ပြင်ကို ဗဟိုပြုပြီး ဖြစ်တည်လာတဲ့ မြန်မာနိုင်ငံဟာ၊ လူဦးရေ သန်း နှစ်ထောင့် ခြောက်ရာကျော် လူဦးရေရဲ့ ဗဟိုဆုံချက်ဒေသတွင်းမှာ ရှိနေပါတယ်။ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့ဟာ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေ ဖြစ်သလို၊ လူဦးရေအရ သန်း ထောင်ကျော်ရှိတဲ့ နိုင်ငံတွေဖြစ်ပါတယ်။ စစ်ရေးအင်အားအရ ကမ္ဘာ့ထိပ်ဆုံး စစ်ရေးအင်အားကြီး နိုင်ငံတွေ ဖြစ်သလို၊ နှစ်နိုင်ငံစလုံးဟာ အာရှဒေသတွင်းက နျူလက်နက်အမြောက်အမြား ပိုင်ဆိုင်ထားတဲ့ နိုင်ငံတွေလည်းဖြစ်ပါတယ်။ သမိုင်းယဉ်ကျေးမှုအရ သက်တမ်းရှည်ကြာခဲ့တဲ့ နိုင်ငံတွေလည်း ဖြစ်ပါတယ်။ ဒီလိုနှစ်နိုင်ငံအကြားမှာ တည်ရှိနေတဲ့ မြန်မာနိုင်ငံအတွက် ဒီရေ၊ ဒီမြေကို ကာကွယ်ဖို့ စစ်တပ်ဟာ အမြဲတမ်း နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးမှာ ဦးဆောင်နေရမယ့် အမြင်အယူအဆတွေဟာ တပ်တွင်း စစ်ဗိုလ်ချုပ်တွေမှာ ရှိပါတယ်။

• ဒါဟာ အသိဉာဏ် မပွင့်လင်းမှုလား၊ သို့တည်းမဟုတ် ရှေးရိုးစွဲ လုံခြုံရေးအမြင်လား….၊ သို့တည်းမဟုတ် စစ်ဘောင်ကို ချဲ့ရင် တပ်ရဲ့ အကျိုးစီးပွားကို အစဉ်တစိုက် တည်ရှိနေအောင် လုပ်ခြင်းလားဆိုတာကို မေးခွန်းထုတ်ရမှာ ဖြစ်ပါတယ်။

• ခေတ်သစ်လုံခြုံရေးရှုထောင့်မှာ၊ လုံခြုံရေးအတွက် စစ်ရေးကို အားပြုဖြည့်တင်းရမယ်ဆိုတဲ့ အယူအဆ သက်သက်ဟာ ဘောင်မဝင်တော့ပါဘူး။ ယဉ်ကျေးမှုအားဖြင့် တံတိုင်းကာခြင်းတွေ ရှိသလို၊ နိုင်ငံရေးအရ တံတိုင်းကာခြင်းတွေလည်း ရှိပါတယ်။ မြန်မာပြည်နဲ့ မနီးမဝေးက စင်္ကာပူနိုင်ငံဟာ ဘဏ္ဍာရေးထီးရိပ်ကို မိုးထားပြီး စင်္ကာပူနိုင်ငံရဲ့လုံခြုံရေးမူဝါဒကို စီရင်ထားပါတယ်။ ဒီလိုနည်းနာ၊ သဘောတရားမျိုးကို နားမလည်တဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေဟာ နိုင်ငံတော် တည်တံ့ဖို့နဲ့ နိုင်ငံတော်ကို ကာကွယ်ဖို့အတွက် စစ်တပ်အင်အားကိုသာ ဖြည့်တင်းရမယ်ဆိုတဲ့ ရှေးရိုးစွဲလုံခြုံရေးမူဝါဒကို ကိုင်စွဲထားဆဲဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း တပ်မတော် အင်အားရှိမှ၊ တိုင်းပြည် အင်အားရှိမည်… ဆိုတဲ့ ဆောင်ပုဒ်တွေကို တပ်ရင်း တပ်ဖွဲ့တွေရဲ့ ဆိုင်းဘုတ်တွေ အဖြစ် အထင်းသား ဖော်ပြထားတာဖြစ်ပါတယ်။

• နောက်ထပ် တပ်တွင်း အယူအဆတွေကို ထပ်မံလေ့လာဖို့ လိုပါသေးတယ်။ တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ… ဆိုတဲ့ တပ်တွင်း အတွေးအခေါ်ဟာလည်း၊ မြန်မာစစ်တပ်ထဲမှာ ကိန်းအောင်းနေပြီးဖြစ်ပါတယ်။ တိုင်းပြည်ကို အမိအဖ သဖွယ် အုပ်ချုပ်ရမယ်ဆိုတဲ့ အယူအဆဟာ လွန်ခဲ့သော နှစ် ထောင်ဂဏန်းလောက်က တရုတ်ပြည်မှာ ပေါ်ထွန်းခဲ့တဲ့ ကွန်ဖြူးရှပ်ရဲ့ အခြေခံဝါဒက ဆင်းသက်လာတဲ့ အယူအဆဖြစ်ပါတယ်။ တိုင်းပြည်ကို မင်းလုပ်အုပ်ချုပ်တဲ့ ဘုရင်ဟာ ပြည်သူပြည်သားကို သားသမီးသဖွယ် ရင်ဝယ်ပိုက်ပြီး မေတ္တာနဲ့ ကိုယ်ကျင့်တရားနဲ့ အုပ်ချုပ်ရမယ်လို့ ကွန်ဖြူးရှပ်က ဟောပါတယ်။ ဒါဟာ အကြီးအမှူးသဖွယ် အုပ်ထိန်းရမယ်ဆိုတဲ့ guardianship အယူအဆဖြစ်ပါတယ်။

• စစ်တပ်က စပွန်ဆာလုပ်ပြီး ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခြေခံမူများ အခန်းမှာ၊ တပ်မတော်သည် အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာ အစဉ်တစိုက် ဦးဆောင်ပါဝင်မည်….ဆိုတဲ့ မူဟာ၊ အကြီးအမှူးသဖွယ် မိဘနေရာမှာ နေမယ်ဆိုတဲ့ သဘောကို ပြနေပါတယ်။ တနည်းအားဖြင့် …. ဒီမိုကရက်တစ်အခြေခံမူမှာ ပြည်သူဟာ အခရာ၊ ပြည်သူသာ အမိ ပြည်သူသာ အဖ၊ အစိုးရ အုပ်ချုပ်သူဆိုတာ ပြည်သူထဲက ဆင်းသက်တဲ့သူ သာဖြစ်တယ်… အယူအဆနဲ့ လွဲချော်နေပြန်ပါတယ်။ တပ်တွင်းမှာ ဒီမိုကရေစီဆန်ဆန် အုပ်ချုပ်လို့ မလျော်ကန်တဲ့ တပ်တွင်းဓလေ့သဘောတွေ အမြောက်အမြား ရှိပါတယ်။ ဒီမိုကရေစီ အပြည့်အဝ ကျင့်သုံးဖို့ ခက်ခဲတဲ့ စစ်တပ်လို အဖွဲ့အစည်းမျိုးဟာ၊ ဒီမိုကရေစီနိုင်ငံကို မိဘသဖွယ် ဦးဆောင်ပြီး အုပ်ချုပ်သူနေရာ ယူထားမယ်ဆိုတဲ့ အချက်ဟာ ယထာဘူတ ကျပါရဲ့လား။

• စစ်တပ်ဟာ အမြဲတမ်း ခေါင်းဆောင်နေရာက နေချင်ပြီး ၊ တိုင်းပြည်ရဲ့ ကျေးဇူးရှင်ဖြစ်တယ်လို့ ကိုယ့်ကိုယ်ကို ခံယူထားပါတယ်။ စစ်တပ်ဟာ ပြည်သူအပေါ် ကျေးဇူးခံ ကျေးဇူးစား အမြင်နဲ့ ကြည့်ပါတယ်။ ဒါ့ကြောင့် မြန်မာ့ လူ့အဖွဲ့အစည်းအပေါ်မှာ စစ်တပ်ဟာ အမြဲတမ်း လွှမ်းမိုး အုပ်ချုပ်ဖို့ ကြိုးစားနေတတ်ပါတယ်။ ဒီလို အပေါ်စီး က နေဖို့ ကြိုးစားနေခြင်းကပဲ တပ်နဲ့ အရပ်ဘက်အကြား ဆက်ဆံရေး ပျက်ပြားသွားရခြင်း အကြောင်းတရားတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

▄ စစ်ဘောင်ချဲ့ခြင်း

• ပဒေသရာဇ်ခေတ်က ဘုရင်တွေဟာ စစ်ဗိုလ်ချုပ်တွေ ဖြစ်ပါတယ်။ စစ်နိုင်ရင် ဘုရင် လုပ်လို့ရသလို၊ ဘုရင်ဖြစ်ရင်လည်း အာဏာသက်တည်မြဲအောင် စစ်အင်အားကို ဖြည့်တင်းထားတတ်ကြပါတယ်။ ဘုန်းကြီးဖို့အတွက်ဆိုရင် လက်ရုံးအင်အားကြီးမားရမယ်ဆိုတဲ့ ဘုန်းလက်ရုံး အယူအဆကို မြန်မာဘုရင်တွေကို ကိုင်ဆွဲပါတယ်။

• စစ်နဲ့ အမြဲ လက်ပွန်းတတီး ရှိနေမှ၊ စစ်ရည်စစ်သွေး တိုးတက်တယ်လို့ အယူရှိကြပါတယ်။ တိုက်ရင်း ခိုက်ရင်းနဲ့သာ အရည်အသွေးတွေဟာ ပြောင်မြောက်လာတာလို့ စစ်ဘုရင်ဗိုလ်ချုပ်တွေက နားလည်ထားကြပါတယ်။ ဒါ့ကြောင့်လည်း အမြဲတမ်းလိုလို စစ်ပြုဖို့ ဆော်ဩ လိုလားနေတတ်ပြီး၊ စစ်ကြောင့်ရလာတဲ့ အကျိုးအမြတ်တွေကို တိုင်းပြည်ရဲ့ အမြတ်အစွန်းလို့ တွက်တတ်ကြပါတယ်။ လွတ်လပ်ပြီးခေတ် မြန်မာစစ်အစိုးရလက်အောက်က၊ သမိုင်းကော်မရှင်အဖွဲ့က သမိုင်းဆရာတွေဟာ …. ပဒေသရာဇ်ခေတ်တုန်းက အဲသည်လို တိုက်ကြခိုက်ကြရင်းနဲ့ မြန်မာတွေဟာ စစ်ရည် စစ်သွေး တိုးတက်လာကြတယ်၊ နိုင်ငံတော် တည်ဆောက်ရာမှာလည်း အရေးကြီးတဲ့ သူရဲကောင်း စိတ်ဓာတ်တွေ ရင့်သန်လာကြတယ်လို့ ရေးသားကြပါတယ်။ (နိုင်ထိုက်၊ ၂၀၁၅)

• စစ်အင်အားကို ချဲ့ထွင်ဖို့အတွက် စစ်လက်နက်ပစ္စည်းတွေကို ဝယ်ယူရပါတယ်။ ခေတ်သစ်မှာ ခေတ်မီတဲ့လက်နက်တွေကို နည်းပညာအင်အားကြီး နိုင်ငံတွေဆီက ဝယ်ယူရပါတယ်။ တိုင်းပြည်ရဲ့ အခွန်ဘဏ္ဍာထဲက အစိုးရအသုံးစရိတ်ရဲ့ လေးပုံတစ်ပုံလောက်ဟာ မြန်မာစစ်တပ်ရဲ့ စစ်ရေးအသုံးစရိတ်ဖြစ်ပါတယ်။ လက်နက်ဝယ်ယူရေးအတွက် နိုင်ငံခြားငွေ အမြောက်အမြားပေးပြီး စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူရပါတယ်။ စစ်လက်နက်ပစ္စည်းဝယ်ယူရေးမှာ၊ တပ်တွင်း စစ်ခေါင်းဆောင်တွေရဲ့ လာဘ်စားမှု၊ ခြစားမှုတွေ ရှိနေပါတယ်။ စစ်လက်နက်ဝယ်ယူရေးကဏ္ဍဟာ ဘဏ္ဍာငွေ အလုံးအရင်းနဲ့ သုံးစွဲရတဲ့ ကိစ္စဖြစ်တာမို့၊ စစ်ခေါင်းဆောင်ပိုင်းအတွက် ဒီကဏ္ဍဟာ ပုဂ္ဂိုလ်ရေးအကျိုးအမြတ် ကြီးစွာ ရရှိပါတယ်။

ဒီလို အကြောင်းဆက်တွေဟာလည်း စစ်ဘောင်ကို ချဲ့နိုင်သမျှ များများ ချဲ့လေလေ၊ စစ်တပ်အတွက် ပိုပြီး အကျိုးအမြတ်ဖြစ်ထွန်းလေဆိုတဲ့ အကျိုးဆက်နဲ့ ဆက်စပ်နေပါတယ်။

မင်းသေ့
၃၀ ၊ ၅ ၊ ၂၀၂၁

Previous post ပြည်သူတွေဟာ လက်နက်ကိုင်လမ်းစဉ်ကို ဘာ့ကြောင့် ရွေးချယ်လိုက်ရသလဲ
Next post ▄ တော်လှန်ရေးသတ္တဝါ