• ANIMAL FARM by George Orwell

• ခြေလေးချောင်း တော်လှန်ရေး

• သခင်ဘသောင်း (ဘာသာပြန်)

• ရာပြည့် စာပေ၊ ၂၀၁၇ ၊ တတိယအကြိမ်။

လူဟာ နိုင်ငံရေးသတ္တဝါဖြစ်တယ်။ လူဟာ လူမှုရေးသတ္တဝါဖြစ်တယ်။ လူဟာ အစုအဖွဲ့နဲ့ နေတတ်တဲ့ သတ္တဝါ ဖြစ်တယ်။ လူဟာ စီးပွားရေးသတ္တဝါ ဖြစ်တယ်။ လူဟာ အသိအမှတ်ပြုခံချင်တဲ့ သတ္တဝါဖြစ်တယ်။ လူနဲ့ ပတ်သက်ရင် ဖွင့်ဆိုချက်တွေ အပုံအပင် ရှိတယ်။ လူသားသမိုင်းဇာတ်ကို လေ့လာကြည့်ရင်၊ မူရင်း တည်ဆဲ ဖြစ်တည်မှုတွေကို တော်လှန်ပြီးတော့ ပိုပြီး တစ်ဆင့်မြင့်တဲ့ လူ့အဖွဲ့အစည်းကို တဖြည်းဖြည်း မြင့်တက် တည်ဆောက်ယူလာခြင်းဖြစ်တယ်။ လူဟာ တော်လှန်ရေး သတ္တဝါလား…..။

ဂျော့ချ်အော်ဝဲလ် ရေးတဲ့ animal farm ဝတ္ထု။ ဒီဝတ္ထုဟာ အကြွင်းမဲ့အာဏာရှင်ကို သရော်ထားတဲ့ ဝတ္ထုဖြစ်တယ်။ ဆိုဗီယက်ယူနီယံမှာ ပေါ်ပေါက်လာတဲ့ ကွန်မြူနစ်အာဏာရှင်အလေ့အကျင့်တွေကို သရော်ထားတဲ့ ဝတ္ထုဖြစ် တယ်။ ဆိုဗီယက်နိုင်ငံရဲ့ အလုပ်သမားတော်လှန်ရေး၊ ဘော်ရှီဗစ်တော်လှန်ရေးကနေ စတာလင်အာဏာရလာ ပြီး သမိုင်းဇာတ်ကြောင်းကို အကြမ်းဖျင်းနားလည်ထားရင် ပိုပြီး ဖတ်လို့ ကောင်းလိမ့်မယ်။ ကရင်မလင်ဗေဒကို လေ့လာတဲ့နေရာမှာ၊ ဂျော့ချ်အော်ဝဲလ်စာအုပ်ဟာ မဖြစ်မနေ ပါရမယ့် စာအုပ်ဖြစ်တယ်။ ဂျော့ချ်အော်ဝဲလ်ဟာ မြန်မာပြည်နဲ့ မစိမ်းတဲ့ အင်္ဂလိပ်စာရေးဆရာဖြစ်ပါတယ်။ ဂျော့ချ်အော်ဝဲလ်ဟာ မြန်မာပြည်အကြောင်းကို Burmese Days ဆိုတဲ့ စာအုပ်တစ်အုပ်ရေးဖူးတယ်။ ဂျော့ချ်အော်ဝဲလ်ရဲ့ အမေဟာ ကိုလိုနီခေတ် မြန်မာပြည် တွင်းက မော်လမြိုင်မြို့မှာ မွေးဖွားတဲ့ အမျိုးသမီးဖြစ်တယ်။ ဂျော့ချ်အော်ဝဲလ်ကတော့၊ အိန္ဒိယမှာ မွေးတဲ့ အင်္ဂလိပ်တစ်ယောက်လို့ သိရတယ်။ ဂျော့ချ်အော်ဝဲလ်ဟာ ဗြိတိသျှ အင်္ဂလိပ်ရဲ့ ဗြူရိုကရက်၊ ရဲဝန်ထောက် အလုပ်တာဝန်ကို ထမ်းဆောင်ပြီးမှ၊ ဂျာနယ်လစ်၊ စာရေးဆရာ ဘဝကို ကူးပြောင်းသွားခြင်းဖြစ်တယ်။ ဂျော့ချ်အော်ဝဲလ်ဟာ မြန်မာပြည်မှာ ရဲအရာရှိတစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ကမ္ဘာ့နာမည်ကြီး စာရေးဆရာ တစ်ယောက်ဖြစ်တယ်။

ဂျော့ချ်အော်ဝဲလ်ရဲ့ ကိုယ်ရေးအကျဉ်းကို ကြည့်ပါ။

▄ ဂျော့ချ်အော်ဝဲလ် (၁၉၀၃ – ၁၉၅၀)

• အမည်ရင်း အဲရစ် အာသာ ဘလဲယား (Eric Arthur Blair)။
• ၁၉၀၃ ခုနှစ် အိန္ဒိယပြည်၊ ဘင်္ဂလားနယ်၊ မွန်တီဟာရီမြို့မှာ မွေးဖွား။
• ကလောင်အမည် – ဂျော့ချ်အော်ဝဲလ်။
• အော်ဝဲလ်ဆိုသည့် စကားလုံးကို အင်္ဂလန်၊ အရှေ့အင်္ဂလီယာနယ်က “အော်ဝဲလ်မြစ်” ရဲ့ နာမည်ကို ယူသုံးတာဖြစ်။

• ရေးသားခဲ့တဲ့ စာအုပ်စာရင်းတွေ

၁) Down and Out in Paris and London (1933)
၂) Burmese Days (1934)
၃) Keep the Aspidistra Flying (1936)
၄) The Road to Wigan Pier (1937)
၅) Homage to Catalonia (1938)
၆) Coming Up for Air (1939)
၇) Animal Farm (1945)
၈) Nineteen Eighty-Four (1949)
၉) Shooting on Elephant (1950)

• ၁၉၀၃ ခုနှစ် အိန္ဒိယမှာ မွေးပြီး၊ ၁၉၀၇ ခုနှစ်မှာ အမေဖြစ်သူနဲ့ အင်္ဂလန်ကို လာခဲ့။
• ၁၉၁၇ ခုနှစ်ကနေ ၁၉၂၁ ဒီဇင်ဘာအထိ အိန္ဒိမှာ ပညာသင်ပြီး၊ ၁၉၂၂ ခုနှစ်မှာ မြန်မာပြည်မှာ အမှုထမ်း။ မြန်မာပြည်မှာ အမှုထမ်းသက်တမ်းက(၁၉၂၂ – ၂၇) အထိ (၅) နှစ်ကြာခဲ့။
• မန္တလေးမှာ သင်တန်းတက်ပြီး မြောင်းမြ၊ တွံတေး၊ သန်လျင်၊ အင်းစိန်၊ မော်လမြိုင်နဲ့ ကသာမြို့တို့မှာ တာဝန်ထမ်းဆောင်ခဲ့။
• ၁၉၂၇ ဇွန်မှာ အင်္ဂလန်ကို ခွင့် (၆) လနဲ့ ပြန်။
• ထို့နောက် ရဲအရာရှိ၊ ရဲဝန်ထောက်အဖြစ် အပြီးအပိုင် နှုတ်ထွက်။

• ဝန်ထမ်းဘဝ ရပ်စဲ၊ ပထမဆုံး စာအုပ် မထွက်နိုင်ခင်၊ စာရေးဆရာ ဘဝ အစ ၁၉၂၈ ခုနှစ်ကနေ ၁၉၃၃ အထိ (၅) နှစ်လောက်မှာ အင်္ဂလန်နဲ့ ပြင်သစ် ပဲရစ် (ပါရီ) တို့မှာ ဆင်းဆင်းရဲရဲ ရုန်းကန် နေထိုင်ပြီး အလုပ်ပေါင်းစုံ လုပ်ခဲ့။ ကျောင်းဆရာ၊ စာအုပ်ဆိုင်အလုပ်သမား၊ စတိုးဆိုင်ဝန်ထမ်း၊ စားသောက်ဆိုင် ဟိုတယ်တို့မှာ အောက်ခြေသိမ်းအလုပ်သမားအဖြစ် ကျင်လည်ခဲ့။

• ၁၉၃၃ ခုနှစ် အသက် (၃၀) မှာ ပထမဆုံး လုံးချင်းစာအုပ်ကို ပုံနှိပ်ထုတ်ဝေနိုင်ခဲ့။
• ၁၉၃၇ ခုနှစ် – စပိန်ပြည်တွင်းစစ်မှာ ပါဝင်ခဲ့။
• ထို့နောက် သတင်းစာဆရာ၊ အယ်ဒီတာ၊ ဂျာနယ်လစ်အဖြစ် သတင်းဆောင်းပါး၊ စာအုပ်ဝေဖန်ချက်နဲ့ ဝေဖန်ရေးစာတမ်း ဆောင်းပါးများရေးသားခဲ့။
• ၁၉၄၄ ခုနှစ်မှာ animal farm (ခြေလေးချောင်းတော်လှန်ရေး) စာအုပ်ကို ရေးသားပြီးစီးခဲ့ပြီး၊ ၁၉၄၅ ခုနှစ် ဥရောပမှာ ဒုတိယကမ္ဘာစစ် ပြီးပြီးချင်း ပုံနှိပ်ထုတ်ဝေနိုင်ခဲ့။
• ဒုတိယကမ္ဘာစစ်အပြီး ပုံနှိပ်ထုတ်ဝေခဲ့သော animal farm နှင့် nineteen eighty-four စာအုပ်တို့က ကမ္ဘာကျော်ခဲ့။
• ၁၉၅၀ ခုနှစ် လန်ဒန်မှာ အဆုပ်ရောဂါနဲ့ အသက် ၄၇ နှစ်မှာ ကွယ်လွန်။

▄ မြန်မာပြန် မှတ်စု

ဂျော့ချ်အော်ဝဲလ်ရဲ့ Animal Farm ကို သခင်ဘသောင်းက ခြေလေးချောင်းတော်လှန်ရေး နာမည်နဲ့ ၁၉၅၁ မှာ ဘာသာပြန်ခဲ့တယ်။ Burmese Days ဘာသာပြန်ကို စာရေးသူ သက်လယ် က ဆုံးသက်တိုင် နာမည်နဲ့ ၁၉၅၈ မှာ ပုံနှိပ်ထုတ်ဝေခဲ့တယ်။ သည်စာအုပ်ကိုပဲ စာရေးသူ ရွှေသွေးက လောင်းရိပ်အောက်က မြန်မာပြည် နာမည်နဲ့ ၁၉၆၆ ခုနှစ်မှာ ဘာသာပြန် ထုတ်ဝေခဲ့တယ်။ ၂၀၁၂ မှာတော့ မောင်မြင့်ကြွယ်က မြန်မာပြည်နေ့ရက်များ ဆိုတဲ့ နာမည်နဲ့ ဘာသာပြန်ထုတ်ဝေခဲ့တယ်။ Nineteen Eighty-Four စာအုပ်ကိုတော့ ဝင်းပြုံးမြင့်က ၁၉၈၄ အမည်နဲ့ ၂၀၁၂ မှာ ဘာသာပြန် ထုတ်ဝေခဲ့ဖူးတယ်။

▄ ခြေလေးချောင်းတော်လှန်ရေး

သခင်ဘသောင်း ဘာသာပြန်တဲ့ ခြေလေးချောင်း တော်လှန်ရေး စာအုပ်ကို ကျနော် တက္ကသိုလ် ကျောင်းသား ဘဝမှာ စဖတ်ခဲ့ဖူးတာ ဖြစ်ပါတယ်။ အဲသည့်တုန်းက ၂၀၁၂ ခုနှစ်။ ကျနော် နည်းပညာတက္ကသိုလ်ကျောင်းသား ဘဝ။ နောက်ဆုံးနှစ်။ တက္ကသိုလ်စာပေအသင်းမှာ အယ်ဒီတာ လုပ်ရင်း၊ ဒီစာအုပ်ကို စဖတ်ဖြစ်ခဲ့တယ်။ အဲသည့် တုန်းက ကျနော် သိပ်နားမလည်ဘူး။ အထူးသဖြင့် ဆိုဗီယက်ပြည်ထောင်စုရဲ့ ဘော်ရှီဗစ်တော်လှန်ရေးကို ကျနော် ကောင်းကောင်းနားမလည်ခဲ့သေးဘူး။ ရုရှားမှာ ဇာဘုရင်ကို ဖြုတ်ချပြီး အလုပ်သမားခေါင်းဆောင် လီနင်က တော်လှန်ရေးကို ဦးဆောင်ခဲ့တယ်ဆိုတာ ကျနော် မသိသေးဘူး။ လီနင် ကွယ်လွန်ပြီးနောက်ပိုင်း စတာလင်လက်ထဲကို အာဏာဘယ်လိုရလာတယ်ဆိုတာ ကျနော် မသိသေးဘူး။ ဆိုဗီယက်ရုရှားမှာ အောက်တိုဘာတော်လှန်ရေး ဘယ်လို ဘယ်ပုံဖြစ်တယ်ဆိုတာ ကျနော် နားမလည်ခဲ့သေးဘူး။ အထူးသဖြင့် ကရင်မလင်ဗေဒလို့ ခေါ်တဲ့ ဆိုဗီယက် ရုရှား နိုင်ငံရဲ့ နိုင်ငံရေးသမိုင်းဖြစ်စဉ်ကို အကြမ်းဖျင်းအားဖြင့်တောင် ကျနော် နားမလည်ခဲ့သေးဘူး။

ဒါပေမယ့် ကျနော် ကားမတ်ခ်ကို သိတယ်။ ကွန်မြူနစ်ဝါဒကို လေ့လာနေပြီ။ လီနင်ကို သိတယ်။ စတာလင်ကို သိတယ်။ ဆိုဗီယက်ကို သိတယ်။ အလုပ်သမား၊ လယ်သမားတော်လှန်ရေးအကြောင်းကို နည်းနည်းပါးပါး သိတယ်။ ကမ္ဘာ့သမိုင်းနဲ့ ကမ္ဘာ့နိုင်ငံကြီးတွေရဲ့ သမိုင်းကို အစအန ဆွဲထုတ်ပြီး ရသမျှ နှိုက်ထုတ်လေ့လာနေ တဲ့ အချိန်။ ခြေလေးချောင်းတော်လှန်ရေးစာအုပ်ကို ကျနော် ကောက်ကိုင်မိသွားတယ်။ အဲသည့်ထဲမှာ၊ အပြုအမူ သိပ္ပံလို့ ပြောလို့ ရတဲ့ behaviour science တွေကို ကျနော် တွေ့ခဲ့ရတယ်။ အဲသည့်တုန်းက ဒါကို ကျနော် နားမလည်ခဲ့သေးဘူး။ ဒါပေမယ့် အနောက်တိုင်းစိတ်ပညာနဲ့ ဗုဒ္ဓဟောခဲ့တဲ့ စိတ်သဘာဝ အကြောင်းတွေကို ကျနော် လေ့လာစပြုနေခဲ့တဲ့ အချိန်။ ဒါ့ကြောင့် ဂျော့ချ်အော်ဝဲလ်ရဲ့ စာအုပ်ထဲက ဇာတ်ကောင် စရိုက်တွေရဲ့ အပြုအမူတွေကို ကျနော် စိတ်ဝင်စားတယ်။ သူတို့ရဲ့ အပြုအမူနဲ့ အမူအကျင့်တွေက ကျနော့်ကို လှုပ်နှိုးစေခဲ့ တယ်။ ဒါ့ကြောင့် ဒီစာအုပ်ကို ကျနော် အပြီးထိဖတ်နိုင်ခဲ့တယ်။ နောက်ပိုင်းမှာ Animal Farm က ကာတွန်း ရုပ်ရှင် အနေနဲ့ ရှိတာ သိလို့ ကျနော် ရှာကြည့်ခဲ့တယ်။ ကာတွန်းရုပ်ရှင်ကို ကြည့်ရမှ၊ စာအုပ်တစ်ခုလုံးကို လုံးစေ့ ပတ်စေ့ ကျနော် ကောင်းကောင်း နားလည်သဘောပေါက်ခဲ့တယ်။ ပြီးတော့ အဲသည့်အချိန်မှာ ဆိုဗီယက်ယူနီယံ ရဲ့ နိုင်ငံရေးသမိုင်းကောက်ကြောင်းကို ကျနော် ကောင်းကောင်း နားလည်သဘောပေါက်ထားပြီးပြီ။ ဒါ့ကြောင့် ဖြစ်လိမ့်မယ်။ ကျနော်ဟာ ကွန်မြူနစ်ဝါဒရဲ့ အခြေခံသဘောကိုလည်း ကျက်မိထားလို့၊ နောက်ပိုင်း ပြန်ဖတ်ချိန် တွေမှာ အပီပြင်ဆုံး အရသာကို တွေ့ခဲ့တယ်။

စာအုပ်ဆိုတဲ့သဘောဟာ ၊ အချိန်အခါ အားဖြင့်၊ ဖြတ်သန်းမှုအားဖြင့်၊ အသိအခံအားဖြင့် ဖတ်ရှုနိုင်မှုမှာ စကားပြောတယ်ဆိုတာ ကျနော် နားလည်ခဲ့တယ်။ အသက်အရွယ် ငယ်စဉ်မှာ စာအုပ်ကို ဖတ်ရတဲ့ အမြင်က တစ်မျိုး။ အတွေ့အကြုံ ဖြတ်သန်းမှု တစ်စုံတစ်ရာ ရှိပြီးချိန်မှာ ဖတ်ရတဲ့ စာအုပ်ပေါ်မှာ မြင်ရတဲ့ အမြင်က တစ်မျိုး။ အသိအခံ ထုလိုက်ထည်လိုက် ရှိလာချိန်မှာ၊ ဖတ်ရတဲ့ စာအုပ်ရဲ့ အရသာက တစ်မျိုး။ ဒါ့ကြောင့် ဖြစ်လိမ့်မယ်။ စာရေးဆရာကြီး မြသန်းတင့်က လမင်းကို ထရံပေါက်မှ ချောင်းကြည့်ခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောချက် ဆောင်းပါး တစ်ပုဒ်ရေးဖူးတယ်။ အဲသည့်နာမည်နဲ့ စာအုပ်ထုတ်ထားတာလည်း ရှိတယ်။ အသက် အရွယ်အလိုက်၊ အတွေ့အကြုံအလိုက်၊ ဖြတ်သန်းမှုအလိုက် စာအုပ်ဖတ်ရတဲ့ အရသာဟာ မတူညီ ကြောင်း ကျနော် ကောင်းကောင်း နားလည်ခဲ့တယ်။

ခြေလေးချောင်းတော်လှန်ရေးစာအုပ်ကို ဖတ်ရတဲ့အခါမှာလည်း ဒီလိုပါပဲ။ အသိ၊ ဖြတ်သန်းမှု နောက်ခံ အပေါ်မှာ မူတည်ပြီးတော့ စာအုပ်ပေါ်မှာ သိမြင်နားလည်နိုင်စွမ်း အကွာအဟ အကျဉ်းအကျယ် ကွာခြားသွားတယ်။ စာအုပ်အပေါ်မှာ၊ အရသာရှိရှိ ဖတ်ရှုနိုင်စွမ်းအပေါ်မှာလည်း ကွာခြားသွားတယ်။ ဒါဟာ အရေးကြီးတယ်။

ခြေလေးချောင်းတော်လှန်ရေးစာအုပ်ကို ဖတ်ရပြီး ကွန်မြူနစ် အကြွင်းမဲ့အာဏာရှင်နဲ့ တစ်ပါတီ အာဏာရှင်တွေ ရဲ့ ဗီဇစရိုက်တွေကို ကောင်းကောင်း နားလည်သွားတယ်။ ဂျော့ချ်အော်ဝဲလ်ဟာ စိတ်နေစရိုက်တွေကို ခွဲခြမ်း စိတ်ဖြာပြီး သရုပ်ခွဲ တင်ပြတဲ့နေရာမှာ သိပ်ပြီး အနုပညာမြောက်ပါ့လားဆိုတာကို နားလည်လိုက်ရတယ်။ လူ့ စရိုက်၊ လူ့သဘော၊ လူ့မနော၊ လူ့စိတ်နေသဘောထားနဲ့ လူ့အမူအကျင့်တွေကို ကောင်းကောင်းနားလည် လိုက်ရတယ်။ ပြီးတော့ လူဆိုတာ ဖောက်ပြန်တတ်တဲ့အမျိုးဆိုတာကို သတိရမိသွားတယ်။ အာဏာဟာ လူကို ဖျက်ဆီးတတ်တဲ့သဘောရှိသလား။ အာဏာကိုပဲ လူက ဖျက်ဆီးသလား။ ဒီမေးခွန်းကို ကျနော် မေးနေမိတယ်။ အစုအဖွဲ့နဲ့ အုပ်စုဖွဲ့၊ ဂိုဏ်းဖွဲ့ အာဏာရယူခြင်းတွေရဲ့ သဘောကို ကောင်းကောင်းနားလည်သွားတယ်။

ကြောင်းကျိုးညီညွှတ်မှုတွေကို ကောက်ချက်ချခြင်းဟာ အခြေအနေနဲ့ အချိန်အခါကို လိုက်ပြီး ပြောင်းလဲတတ်ကြ တယ်။ ယုံကြည်ချက်နဲ့ စွန့်လွှတ် အနစ်နာခံတဲ့လူတွေ ရှိတယ်။ အလုပ်ကို ကြိုးစားပမ်းစားလုပ်ပြီး ယုံကြည်တဲ့ ဝါဒကို တစ်သက်လုံး ဆုပ်ကိုင်သွားတဲ့သူတွေ ရှိတယ်။ အိမ်နိမ့်စံဘဝမှာ စရိုက်တစ်မျိုး။ အထက်အမြင့် ရောက်သွားတဲ့အခါမှာ စရိုက်က တစ်မျိုး။ အခု တစ်မျိုး၊ တော်ကြာ တစ်မျိုး။ ပေါင်း နှစ်မျိုး။ နောက်တော့ အမျိုးမျိုး။

အာဏာကို ဘယ်လို ကိုင်စွဲကြသလဲ။ တော်လှန်ရေးကို ဘယ်လို ယုံကြည်ချက်တွေနဲ့ စုဖွဲ့လုပ်ဆောင်ကြသလဲ။ ခေါင်းဆောင်ဆိုသူတွေဟာ ဘယ်လို ဖောက်ပြန်ကြသလဲ။ ခေါင်းဆောင်ကြီးတွေရဲ့ နဘေးမှာ၊ ကပ်ဖားရပ်ဖား လုပ်နေသူတွေက ဘယ်သူတွေလဲ။ အာဏာရဲ့ လက်ကိုင်တုတ်တွေကို ဘယ်လို မွေးမြူသလဲ။ အာဏာကို တည်မြဲအောင် ခိုင်မြဲအောင် ဖယ်လို ဖိနှိပ်မှုတွေ လုပ်သလဲ။ မင်းမြောင်တွေက ဘယ်သူတွေလဲ။ ဖြတ်စားလှီးစား ၊ ဝေစားမျှစားတွေက ဘယ်သူတွေလဲ။ ဖောက်ပြန်တတ်တဲ့ အမူအကျင့်တွေရဲ့ လားရာကို ဂျော့ချ်အော်ဝဲလ် စာအုပ်က ကျနော့်ကို အများကြီးသင်ပြပေးသွားခဲ့တယ်။ ကျေးဇူးတင်ပါတယ်။

▄ ဘာသာပြန် ဆရာ သခင်ဘသောင်း

ဘာသာပြန်သူ သခင်ဘသောင်းကို ကျေးဇူးတင်ရမယ်။ သခင်ဘသောင်းဟာ သမိုင်းနဲ့ လူ။ မြန်မာပြည် ကိုလိုနီ လက်အောက်က လွတ်ဖို့၊ တို့ဗမာအစည်းအရုံးကို စတင်တည်ထောင်တဲ့သူ။ နဂါးနီစာပေအသင်းကို သခင်စိုး၊ သခင်နုတို့နဲ့ အတူ ပူးတွဲ တည်ထောင်တဲ့သူ။ သခင်ဆိုတဲ့ ဘွဲ့ကို ပထမဆုံးခံယူတဲ့ ဗမာမျိုးချစ် ပညာတတ် တစ်ယောက်။ မျိုးချစ်ဗမာပညာတတ်တစ်ယောက် စစ်စစ်ဖြစ်သလို၊ အင်္ဂလိပ်စာ ထူးချွန်မှုမှာ အင်္ဂလိပ်က ဩချ ရလောက်အောင် တော်သူ၊ ထူးချွန်သူ။ သခင်ဘသောင်း ဘယ်လို လူလဲဆိုတာကို သူ့ကိုယ်ရေးအကျဉ်းမှာ ကြည့်ပါ။

▄ သခင်ဘသောင်း (၁၉၀၁ – ၁၉၈၁)

• ၁၉၀၁ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်တွင် မွေးဖွား။
• နတ်မောက်မြို့၊ ဂွေးချိုဒိုင်၊ ဖုန်ကုန်းရွာ ဇာတိ။
• အဖ ဦးမြစ်၊ အမိ ဒေါ်လေးခင်။
• မွေးချင်းသုံးယောက်တွင် အကြီးဆုံး။
• အမည်ရင်း မောင်ဘသောင်း။
• သခင်လှုပ်ရှားမှုကို စတင်ခဲ့သူ။
• ပညာတတ်မျိုးချစ်လူငယ်နိုင်ငံရေးသမား။
• စာရေးဆရာ။
• အယ်ဒီတာ။
• ဘာသာပြန်ဆရာ။
• ဝံသာနုမျိုးချစ်။
• ၁၉၂၀ ပထမကျောင်းသားသပိတ်တွင် မန္တလေးကျောင်းသားခေါင်းဆောင်။
• သပိတ်ကိုယ်စားလှယ်အဖြစ် ရန်ကုန်သို့လာ။
• ၁၀ တန်းစာမေးပွဲကို ရာသက်ပန် သပိတ်မှောက်။
• ဝံသာနုနိုင်ငံရေးလောကထဲ ဝင်ရောက်။
• အသက် (၂၉) နှစ်မှာ တို့ဗမာအစည်းအရုံးကို စတင်တည်ထောင်။
• သခင်လှုပ်ရှားမှုစတင်ရန် သခင်အမည်ကို ပထမဦးဆုံး ခံယူ။
• ၁၉၈၁ ခုနှစ်၊ ဧပြီ ၂၁ တွင် ကွယ်လွန်။

▄ ခေတ် ၊ အခြေအနေ အချိန်အခါ

စာအုပ်ပေါ်ထွက်ခဲ့ဖူးတဲ့ အချိန်ကာလတွေကို ပြောချင်ပါတယ်။ မူရင်းစာအုပ်ကို ဂျော့ချ်အော်ဝဲလ်ဟာ ၁၉၄၄ ခုနှစ်မှာ ရေးသားပြီးစီးခဲ့တယ်။ ၁၉၄၅ ခုနှစ် မှာ ပုံနှိပ်ထုတ်ဝေခဲ့တယ်။ တနည်းအားဖြင့် ခြေလေးချောင်း တော်လှန်ရေးစာအုပ်ဟာ ဆိုဗီယက်ယူနီယံက ကွန်မြူနစ်ခေါင်းဆောင် စတာလင်ကို ဝေဖန်၊ သရော်ထားတဲ့ သရော်စာဝတ္ထုဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်းမှာ၊ အင်္ဂလိပ်၊ အမေရိကန်၊ ပြင်သစ်နဲ့ ဆိုဗီယက်တို့က ဂျပန်၊ နာဇီဂျာမနီနဲ့ အီတလီ ဖက်ဆစ် ဝင်ရိုးတန်းနိုင်ငံတွေကို တိုက်ဖျက်မယ့် မဟာမိတ် တစ်အုပ်စု။ ကမ္ဘာစစ် အတွင်းမှာ မဟာမိတ်အဖွဲ့တွင်း ကွန်မြူနစ်တွေနဲ့ သဘောထားကွဲလွဲမှာကို စိုးရိမ်ချက်ရှိခဲ့တယ်။ ဒါပေမယ့် ၁၉၄၅ ဒုတိယကမ္ဘာစစ်ပြီးပြီးချင်း မဟာမိတ်အဖွဲ့ထဲမှာ ဆိုဗီယက် ကွန်မြူနစ်ခေါင်းဆောင် စတာလင်တို့နဲ့ အကွဲအပြဲ စတင်တာပဲ။ စစ်အေးကာလကို ၁၉၄၅ ခုနှစ်မှာ စတင်တယ်လို့ ပြောလို့ရတယ်။ အနောက်တိုင်း မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ ပြင်သစ်၊ ဗြိတိန် (အင်္ဂလိပ်) တို့နဲ့ ဆိုဗီယက်ဦးဆောင်တဲ့ ကွန်မြူနစ်နိုင်ငံ တွေ အုပ်စုက စစ်အေးတိုက်ပွဲဖြစ်တယ်။ စစ်အေးတိုက်ပွဲဆိုတာ ဝါဒရေးရာ ပြိုင်ပွဲပဲ။ နိုင်ငံရေးဝါဒကြီး နှစ်ရပ် ဖြစ်တဲ့ အရင်းရှင်ဝါဒနဲ့ ကွန်မြူနစ်ဝါဒကို ဝါဒအားပြိုင်ပွဲ။ ဒီဝါဒ အားပြိုင်ပွဲ တနည်း အိုင်ဒီယော်လိုဂျီ ပဋိပက္ခဟာ ဘာလင်တံတိုင်းပြိုပြီး ၁၉၉၀ မှာ ဆိုဗီယက်ယူနီယံ ပြိုကွဲတဲ့အချိန်မှ၊ အဆုံးသတ်သွားတယ်။

ဂျော့ချ်အော်ဝဲလ်ရဲ့ စာအုပ်ဟာ ကွန်မြူနစ်ခေါင်းဆောင် စတာလင်နဲ့ သူ့အုပ်စုကို ဝေဖန်၊ ထိုးနှက်၊ သရော်ထား တဲ့ ဝတ္ထုပဲ။ သရော်ထားတယ်ဆိုပေမယ့်၊ တကယ့် အာဏာရှင်တွေက လက်တွေ့မှာ ဒီလိုအမူအကျင့်မျိုး၊ ဒီလို စရိုက်မျိုး၊ ဒီလိုဖြစ်ရပ်မျိုးတွေကို လက်တွေ့ တွေ့မြင်ခဲ့ရတာပဲ။ ကွန်မြူနစ် အာဏာရှင်တွေရဲ့ အမူအကျင့်တွေ ကို ကွက်ကွက်ကွင်းကွင်း ထောက်ပြထားတဲ့ စာအုပ်ဖြစ်တယ်။ ကွန်မြူနစ်အာဏာရှင်မှ မဟုတ်ဘူး၊ ဘယ် အာဏာရှင်မဆို ပြုမူတတ်တဲ့ စရိုက်မျိုးကို ဂျော့ချ်အော်ဝဲလ်က ဖော်ထုတ်ထားခြင်းဖြစ်တယ်။

▄ စာရေးဆရာဉာဉ်

ဂျော့ချ်အော်ဝဲလ်မှာ အားသာချက်ရှိတယ်။ အထူးသဖြင့် ဂျော့ချ်အော်ဝဲလ်က စာရေးဆရာ စရိုက်ဗီဇ ပါလာတယ်လို့ ပြောနိုင်တယ်။ ဂျော့ချ်အော်ဝဲလ်က ၊ ခွဲခြမ်းစိတ်ဖြာသိမြင်တဲ့ဉာဏ်ထက်သန်တယ်။ ဂျော့ချ်အော်ဝဲလ်ကိုယ်တိုင်က စာရေးဆရာဗီဇ ပါလာတော့၊ သူဟာ သူဖြတ်သန်းတဲ့ ဘဝဝန်းကျင်မှာ အမှုမဲ့ အမှတ်မဲ့ ဖြတ်သန်းခဲ့တဲ့သူ မဟုတ်ဘူး။ သူဟာ သူရဲဝန်ထောက်အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကာလမှာ၊ ကိုလိုနီစနစ်ရဲ့ ယန္တရားစိတ်တစ်ခုအဖြစ် ပါဝင်ခဲ့တယ်။ ကိုလိုနီဗြူရိုကရေစီယန္တရားမှာ၊ ခွေးသွားစိတ်တစ်ခုအဖြစ် တာဝန်ယူခဲ့တယ်။ အဖိနှိပ်ခံနဲ့ ဖိနှိပ်သူကြားက ဆက်ဆံရေးကွင်းဆက်တွေကို သိတယ်၊ နားလည်သိမြင်ခဲ့တယ်။ ခံစားမှုလည်း ရှိခဲ့တယ်။ ကိုလိုနီ အလုပ်ခံရတဲ့ တတိယနိုင်ငံက ဆင်းရဲသားပြည်သူတွေရဲ့ နင်းပြားဘဝ၊ ကျောမွဲ ဘဝ၊ ဆင်းရဲသား ဘဝတွေကို သူ ထိတွေ့ ဖြတ်သန်းခဲ့ရတယ်။ သူက အုပ်ချုပ်သူ ဘက်က အရာထမ်းဖြစ်ပေမယ့် သူဟာ ဓမ္မနဲ့ အဓမ္မကို ခွဲခြားသိမြင်ခဲ့တယ်။ တရားမှုနဲ့ မတရားမှုကို ခွဲခြားသိမြင်ခဲ့တယ်။ ဖိနှိပ်မှုနဲ့ အဖိနှိပ်ခံ အကြားက ကွာဟမှုကို သူ နားလည်ခဲ့တယ်။ အုပ်စိုးသူနဲ့ အုပ်စိုးခံရသူ အကြားက ဆက်ဆံရေးကို သူ နားလည်တယ်။ သူဟာ ဖိနှိပ်မှုကို မလိုလားဘူး။ လူ့ဂုဏ်သိက္ခာရှိရှိ၊ လွတ်လပ်စွာ ရှင်သန်ခြင်းကို အလေးထား တယ်။ လူတွေရဲ့ ဘဝတန်ဖိုး၊ လွတ်လပ်ခွင့်တန်ဖိုး၊ လူ့ဂုဏ်သိက္ခာနဲ့ အမှန်တရား၊ တရားမျှတမှု ဆိုတာတွေကို သူ ခံစားသိရှိခဲ့တယ်။ ဒါ့ကြောင့် ဂျော့ချ်အော်ဝဲလ်ဟာ ဗြူရိုကရက် ရဲဝန်ထောက် ဝန်ထမ်းဘဝကို အပြီးတိုင် စွန့်လွှတ်ခဲ့ခြင်းဖြစ်တယ်။ ဂျော့ချ်အော်ဝဲလ်ဟာ လက်ဝဲဝါဒီဖြစ်ခဲ့ဖူးတယ်လို့လည်း သိရတယ်။ ဒါပေမယ့် သူ လေ့လာယုံမှတ်ခဲ့တဲ့ လက်ဝဲခေါင်းဆောင်တွေရဲ့ ဖောက်ပြန်မှုတွေကိုလည်း သူ ကြောက်ရွံ့ မုန်းတီးခဲ့တယ်။ တကယ်တော့ ဂျော့ချ်အော်ဝဲလ်ဟာ လူသားဝါဒကို ယုံမှတ်နားလည်ခဲ့ခြင်းသာဖြစ်တယ်။ လွတ်လပ်ပြီး ဂုဏ်သိက္ခာရှိတဲ့ အမှန်တရားအတွက် ရဲရဲရပ်တည်ရဲတဲ့ လူသားဘဝကို စာရေးဆရာ ဗီဇ အရ လိုလား နှစ်ခြိုက် ခဲ့ခြင်းဖြစ်တယ်။

စာရေးဆရာ တစ်ယောက် ရေးသားခဲ့တဲ့ စာအုပ်တွေဟာ သူ လိုလားနှစ်သက်ခဲ့တဲ့ ဝန်းကျင်အတွက် တည်ဆောက်ခဲ့တဲ့ အုတ်ချပ်တွေလည်းဖြစ်တယ်။ ဂျော့ချ်အော်ဝဲလ်ရေးသား၊ ဝေဖန်၊ သတိပေး ထောက်ပြခဲ့တဲ့ စာပေတွေဟာ သူ ယုံကြည်တဲ့ လူသားဆန်မှုဒဿနတွေလည်း ဖြစ်ပါတယ်။

အာဏာရှင်တွေရဲ့ ဗီဇစရိုက်ကို ခြေလေးချောင်းတော်လှန်ရေးက ပြသခဲ့တယ်။ အဖိနှိပ်ခံတွေရဲ့ အသက်ထက် ဆုံး စွဲကိုင်ခဲ့တဲ့ ယုံကြည်ချက်တရားတို့ကို ပြသခဲ့တယ်။ ယုံကြည်ချက်အပေါ်မှာ ဖောက်ပြန်ခဲ့သူတွေ။ ခံယူချက် မူ စံတန်ဖိုးတွေကို ခုတုံးလုပ်ပြီးတော့ ကိုယ်ကျိုးစီးပွား ရှာခဲ့တဲ့လူတွေကို ဂျော့ချ်အော်ဝဲလ်က ကောင်းကောင်း မှတ်တမ်းတင် သတိပေး တင်ပြသွားခဲ့တယ်။

ဂျော့ချ်အော်ဝဲလ်စစ်အေးကာလ အစမှာပဲ အကြွင်းမဲ့ အာဏာရှင်တို့ရဲ့ ဗီဇစရိုက်တွေကို ထိုးနှက်ဝေဖန်ခဲ့တယ်။ အာဏာရှင်တွေရဲ့ နိဂုံးဟာ စစ်အေးကာလပြီးဆုံးသွားတဲ့အခါမှာ၊ အုံလိုက်ကျင်းလိုက် ရောက်ရှိလာတယ်။ စစ်အေးလွန်ကာလတွေမှာလည်း အာဏာရှင်တွေဟာ တစ်နည်းတစ်ဖုံ ပြန်ခေါင်းထောင်လာတာပဲ။ ဒါပေမယ့် နိုင်ငံရေးဝါဒတစ်ရပ်ကို ခုတုံးလုပ်ပြီးတော့ လူထုကို ဖိနှိပ်တဲ့ အာဏာရှင်တွေတော့ ကမ္ဘာမှာ သိပ်မကျန်တော့ ဘူး။ အာဏာရှင်စရိုက်တွေကတော့၊ ဂျော့ချ်အော်ဝဲလ် ဝေဖန်ထောက်ပြခဲ့သလို၊ ဖြစ်တည်နေဆဲပဲ။

▄ လက်ဝဲဩဇာလွှမ်းမိုးနေချိန်

သခင်ဘသောင်း ဘာသာပြန် ထုတ်ဝေခဲ့တဲ့ နှစ်ဟာ ၁၉၅၁ ခုနှစ်။ မြန်မာပြည် လွတ်လပ်ရေးရပြီး (၄) နှစ်အကြာ။ မြန်မာပြည်မှာ ကွန်မြူနစ်တွေ တောခိုပြီး ဖဆပလ အစိုးရကို ပုန်ကန်နေတဲ့အချိန်။ မြန်မာပြည် ပြည်တွင်းစစ်ကို စခဲ့တာ ကွန်မြူနစ်တွေပဲ။ အလံနီကွန်မြူနစ်ပါတီ ခေါင်းဆောင် သခင်စိုးက စခဲ့တာ။ မြန်မာပြည်ဟာ လွတ်လပ် ရေးနဲ့ အတူ ပြည်တွင်းစစ်က ဖွားဖက်တော်လို ပါလာခဲ့တယ်။ ဝါဒရေးရာ အကွဲအပြဲ၊ ဂိုဏ်းဂဏ အကွဲအပြဲဟာ မြန်မာပြည် ပါလီမန်ခေတ် တစ်လျှောက်လုံးမှာ ဒင်းကြမ်း ပြည့်နေခဲ့တာ။

• ဝါဒရေး အကွဲအပြဲတွေ ပြည့်နှက်နေတဲ့ အချိန်။
• ကမ္ဘာမှာ စစ်အေးတိုက်ပွဲ နိဒါန်း ပျိုးနေချိန်။
• ကွန်မြူနစ် ဆိုရှယ်လစ် ဒီမိုကရက်တစ် စသည်ဖြင့် ဂိုဏ်းဂဏ ကွဲပြဲနေတဲ့အချိန်။
• သပိတ်စုံ သူပုန်ထ မြန်မာပြည် ပြည်တွင်းစစ်မီးလောင်နေချိန်။
• ကွန်မြူနစ်တို့ တောခို ပုန်ကန် ထကြွနေတဲ့အချိန်။
• မြန်မာပြည်မှာ လက်ဝဲဩဇာအလွှမ်းမိုးဆုံး ဖြစ်တည်နေတဲ့အချိန်။

ဒီလို အချိန်မျိုးမှာ၊ သခင်ဘသောင်းဟာ ဂျော့ချ်အော်ဝဲလ်ရဲ့ ခြေလေးချောင်းတော်လှန်ရေးစာအုပ်ကို ဘာသာပြန် ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ မြန်မာပြည် ကွန်မြူနစ်နဲ့ လက်ဝဲနိုင်ငံရေးသမားတွေကတော့ ဒီစာအုပ်ကို နှစ်ခြိုက်မယ် မထင်ဘူး။ အဲသည့်အချိန်မှာ မြန်မာပြည် ကွန်မြူနစ်နိုင်ငံရေးသမားတွေက တရုတ်ကွန်မြူနစ်ထက် ဆိုဗီယက် စတာလင် ကွန်မြူနစ် ဂိုဏ်းသားတွေ ဖြစ်နေတဲ့အချိန်။ ဆိုဗီယက်ကို အားကျ နှိုင်းယှဉ် အတုယူပြီး မြန်မာပြည်မှာ တော်လှန်ရေးတွေ လုပ်နေတဲ့အချိန်။ ဆိုဗီယက်ခေါင်းဆောင်တွေကလည်း နိုင်ငံတကာကို တော်လှန်ရေးတွေ တင်ပို့ပြီး ကွန်မြူနစ်ဩဇာကြီးမားအောင် စွမ်းဆောင်နေတဲ့အချိန်။ ဒီလို အချိန်မှာ၊ မြန်မာပြည်မှာ သခင်ဘသောင်းက ခြေလေးချောင်းတော်လှန်ရေး စာအုပ်ကို ဘာသာပြန် ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။ တနည်းအားဖြင့် ကွန်မြူနစ်တစ္ဆေရဲ့ ဗီဇစရိုက်တွေကို မြန်မာပြည်သူ လူထုသိရှိစေဖို့ တပ်လှန့် သတိပေးလိုက်တာဖြစ်ပါတယ်။ ဒီအကျိုးသက်ရောက်မှုဟာ ဘယ်၍ ဘယ်မျှ ရှိမယ် ကျနော် မပြောတတ်ဘူး။ ဒါပေမယ့် မြန်မာပြည် စာပေလောကနဲ့ မြန်မာ့လူ့အဖွဲ့အစည်းမှာ လက်ဝဲဩဇာ လွှမ်းမိုးနေတဲ့အချိန်၊ ရှားရှား ပါးပါး လက်ဝဲ ဝါဒကို ထောက်ပြ ဝေဖန် သရော်တဲ့ ဘာသာပြန်ဝတ္ထုစာအုပ် တစ်အုပ် ပေါ်ထွက်လာခြင်းဟာ စာပေရဲ့ သမိုင်း မှတ်တမ်းတစ်ခု၊ မြန်မာပြည်ရဲ့ သမိုင်းမှတ်တမ်းတစ်ခု ဖြစ်နေပါလိမ့်မယ်။

မင်းသေ့
ည ၉ း ၅၃
၁၁ ဧပြီ ၂၀၂၁

စာအုပ်လည်း ဖတ်၊ ကာတွန်းရုပ်ရှင်လည်း ကြည့်ချင်တဲ့ စာဖတ်သမားတွေအတွက် link ပေးလိုက်ပါတယ်။
Previous post စစ်ဘောင်ချဲ့ခြင်း နှင့် စစ်ဘုရင်တို့၏ အကျိုးစီးပွား
Next post သခင်ကိုယ်တော်မှိုင်း (၁၈၇၆ – ၁၉၆၄)