ပြည်သူတွေဟာ လက်နက်ကိုင်လမ်းစဉ်ကို ဘာ့ကြောင့် ရွေးချယ်လိုက်ရသလဲ

ဆွန်ဇူးက ပြောတယ်။


အဆိုးရွားဆုံး အနေအထားရောက်နေရင်
• ကြောက်စိတ် မရှိတော့။ • ပြေးစရာ မရှိရင် ၊ • ရင်ဆိုင်လိုက်ရုံသာပဲ။ • ရန်သူ့ပိုင်နက်ထဲ ပိုဝင်လေ• ပိုပြီး စုစည်း ညီညွှတ်ပေ။ • မျှော်လင့်ချက် မရှိတော့ရင် • တိုက်ခိုက်ကြရုံပါပေ။

ဒီတော့ စစ်သည်တွေဟာ
• နှိုးဆော်နေစရာမလိုဘဲ • အသင့်ဖြစ်နေကြ။ • ညွှန်ကြားမနေရဘဲ• ကိုယ့်တာဝန်ကိုယ်ထမ်း။ • သစ္စာမခံခိုင်းဘဲ• သစ္စာရှိလာကြ။ • အမိန့်မပေးရဘဲ• စည်းကမ်း နည်းလမ်းကို ထိန်းကျောင်းကြ။

မြင့်သန်း (ဆွန်ဇ၏ စစ်ပညာ၊ မုံရွေး၊ ၂၀၁၂)

မြန်မာပြည်သူလူထုဟာ၊ ဘာ့ကြောင့် အကြမ်းမဖက်ရေးလမ်းစဉ်ကနေ အကြမ်းဖက်ရေးလမ်းစဉ်ကို ရှေ့ရှုသွားကြရတာလဲ။ အကြောင်းရင်းတွေ ရှိနေပါတယ်။ စစ်ဘက်က နားလည်လက်ခံထားတဲ့၊ အရပ်ဘက်အပေါ်မှာ ထားတဲ့ အယူအဆ တချို့။ အရပ်ဘက်ဟာ အသွေးအရောင်စုံတယ်။ အကွဲအပြဲအားကြီးတယ်။ ဂိုဏ်းဂဏစိတ်လည်း ပြင်းထန်တယ်။ တို့စစ်တပ်လို မညီညွှတ်ဘူး၊ မစည်းလုံးဘူး… ဆိုတာမျိုး။ လူမျိုးအားဖြင့် အသွင်အပြင်၊ အမှတ်သရုပ်ကွဲပြားတာကြောင့် အားလုံး ညီညွှတ်ကြတာ မဟုတ်ဘူး။ တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်း။ တောင်တန်း၊ မြေပြန့်၊ မြေလတ်၊ မြစ်ဝကျွန်းပေါ်… အမျိုးမျိုး အဖုံဖုံ။ ဝါဒစုံတယ်၊ အဖွဲ့စုံတယ်၊ သွေးထိုးလှုံ့ဆော်မှုတွေ များလို့ အနောက်နိုင်ငံတွေရဲ့ လက်ကိုင်တုတ်တွေ…. ဆိုတာမျိုး။

လုံခြုံရေးကို အဓိကထားတဲ့ စစ်တပ်ဆိုတာ သံသယနဲ့ အမြဲတမ်း ကြည့်မြင်တတ်တဲ့သဘော ရှိတယ်။ လုံခြုံရေးအဓိက အဖွဲ့အစည်းတွေဟာ သံသယစိတ်ကဲတတ်တာ သဘာဝပဲ။ ဒါ့ကြောင့် တော်ရုံဆိုရင် ဘယ်သူ့ကိုမှ မယုံကြည်တတ်ဘူး။ မယုံရဲဘူး။ ဒါ့ကြောင့်လည်း သီးခြားအဖွဲ့အစည်းလိုဖြစ်နေတတ်ပြီး၊ လူထုရဲ့ ပကတိအရှိနဲ့ ကင်းကွာတတ်တဲ့သဘော ရှိနေတတ်တယ်။

နောက်လက်နက်ကိုင်အဖွဲ့အစည်းဆိုတာ ဒေါသ အဆောက်အအုံကြီး။ တိုင်းပြည်ကို ကာကွယ်ဖို့၊ နိုင်ငံတော်ကို လုံခြုံဖို့ ရည်ရွယ်ချက်နဲ့ တည်ဆောက်ထားတဲ့ အဖွဲ့အစည်းဖြစ်ပေမယ့်၊ အဖွဲ့အစည်း သဘာဝ ကိုယ်၌က အကြမ်းဖက်နည်းလမ်းကို ကျင့်သုံးရတဲ့ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်လေတော့၊ ခေါင်းဆောင်မှု မှားယွင်းတဲ့အခါ အကြမ်းဖက်အဖွဲ့အစည်းဖြစ်သွား တော့တာပါပဲ။

စစ်တပ်ကိုယ်တိုင်က အကြမ်းဖက်မှုကို ကိုယ်တိုင်ပြုမူတဲ့အခါမှာ၊ state sponsored violence ဖြစ်လာတယ်။ နိုင်ငံတော်ကိုယ်တိုင်က စပွန်ဆာလုပ်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်လာတယ်။ ဒီတော့ စစ်တပ်လက်အောက်ခံ တပ်ရင်း၊ တပ်မတွေနဲ့ ရဲတပ်ဖွဲ့ဟာ state sponsored terrorists လို ဖြစ်လာတယ်။ နိုင်ငံတော်က အားပေး အားမြှောက်ပြုတဲ့ အကြမ်းဖက်သမားတွေ ဖြစ်လာတယ်။ တပ်တွင်းခေါင်းဆောင်မှု မှားယွင်းတဲ့အခါမှာ၊ နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်းကို အေးချမ်းတည်ငြိမ်အောင် ကာကွယ်စောင့်ရှောက်တဲ့ တပ်မတော်ဟာ အကြမ်းဖက် အဖွဲ့ဖြစ်လာတယ်။

ခေါင်းဆောင်မှု မှားယွင်းခြင်းဆိုတာမှာ၊ ခေါင်းဆောင် ခန့်အပ်ထားမှု မှားယွင်းခြင်းနဲ့ ခေါင်းဆောင်မှု ရည်ရွယ်ချက်၊ ခေါင်းဆောင်မှုကို အကောင်အထည်ဖော်တဲ့ နည်းလမ်း၊ လမ်းစဉ် မှားယွင်းခြင်းတွေ ပါဝင်ပါတယ်။ လက်ရှိ မြန်မာပြည်ဟာ တပ်တွင်း ခေါင်းဆောင်မှု မှားယွင်းမှုကြောင့် နိုင်ငံတော် မတည်ငြိမ်မှုတွေ၊ လူ့အဖွဲ့အစည်းအတွင်းက လူမှုစီးပွားအကျပ်အတည်းတွေ ဖြစ်ပေါ်လာပါတယ်။ အခြေခံအကျဆုံး အချက်ကတော့၊ ပြည်သူလူထုရဲ့ နေ့စဉ် အသက်အိုးအိမ် မလုံခြုံမှု ဖြစ်ရပ်ကြီး စတင်လာပါတယ်။

အစိုးရတစ်ရပ်ရဲ့အလုပ်ဟာ၊ ပြည်သူတွေကို မျှော်လင့်သည်ထက် ပိုမျှော်လင့်နိုင်အောင် ဝန်းကျင်ကောင်း ဖန်တီးပေးဖို့ ဖြစ်ပါတယ်။ အာဏာသိမ်းလိုက်တဲ့အခါမှာ၊ မျှော်လင့်ချက် အခင်းအကျင်းတွေဟာ ပျက်ပြယ်သွားတယ်။ ပျက်စီးသွားတယ်။ ပြည်သူတွေရဲ့ မျှော်လင့်ချက် ကွင်းပြင်ဟာ၊ ကျုံ့သွားတယ်။ ကျုံ့သွားရုံ မကဘူး ပျက်စီးဆုံးရှုံးသွားတယ်လို့ ဆိုနိုင်တယ်။ ဒါ့ကြောင့်လည်း သပိတ်စုံ၊ သူပုန်ထမှုတွေနဲ့ မြန်မာပြည်ဟာ ဒင်းကြမ်းပြည့်နေတော့တာပါပဲ။

ဆွန်ဇူးရဲ့ ဆိုလိုချက်လို….
အဆိုးရွားဆုံး အနေအထားရောက်နေရင်
• ကြောက်စိတ် မရှိတော့။ • ပြေးစရာ မရှိရင် ၊ • ရင်ဆိုင်လိုက်ရုံသာပဲ။ • ရန်သူ့ပိုင်နက်ထဲ ပိုဝင်လေ• ပိုပြီး စုစည်း ညီညွှတ်ပေ။ • မျှော်လင့်ချက် မရှိတော့ရင် • တိုက်ခိုက်ကြရုံပါပေ။

တကယ်တော့ လူထုဆန္ဒပြပွဲတွေကို အကြမ်းဖက်ဖြိုခွင်းနေတဲ့အကြားက၊ ပြည်သူတွေဟာ ဘာ့ကြောင့် အာဏာဖီဆန်မှုအထွေထွေကို ဆက်ပြီး လုပ်နေကြသလဲ။ ကြောက်စိတ် မရှိတော့လို့ မဟုတ်ပါဘူး။ ကြောက်စိတ်ရှိနေဆဲဖြစ်ပါတယ်။ စိုးရိမ်ချက်တွေ ရှိနေလျက် လူထုဟာ အာဏာရှင်ကို သပိတ်ဆက်ပြီး မှောက်နေတာဖြစ်ပါတယ်။ သပိတ်တွေနဲ့ ဆန္ဒပြပွဲတွေမှာ လူထုဟာ အသေအကြေများလာတဲ့အခါ၊ လူထုရဲ့ လမ်းစဉ်ဟာ တန်ပြန်ခုခံတဲ့လမ်းစဉ်ကို တိမ်းညွှတ်သွားပါတယ်။ ဒါဟာ ဘာ့ကြောင့် ဖြစ်ပါသလဲ။

အဆိုးရွားဆုံးအနေအထားကို ရောက်သွားခဲ့လို့ဖြစ်ပါတယ်။ ပြေးစရာ မရှိတာ့လို့၊ ခုခံရင်ဆိုင်ကြတာပဲဖြစ်ပါတယ်။ မျှော်လင့်ချက်တွေ မရှိတော့ဘူး၊ မျှော်လင့်ချက်တွေ ပျက်ပြုန်းသွားလို့ လက်နက်ကိုင် အကြမ်းဖက်လမ်းစဉ်ကို ရွေးချယ်လိုက်တာပဲဖြစ်ပါတယ်။ ပြည်သူဟာ လက်နက်ကိုင် အကြမ်းဖက်လမ်းစဉ်ကို ဘာလို့ ရွေးပြီး လျှောက်သလဲ။ ဒါဟာ ပြည်သူကိုယ်တိုင် ရွေးချယ်လိုက်တဲ့ လမ်းစဉ်လား။ မဟုတ်ပါဘူး။ မဟုတ်ပါဘူး။ ပြည်သူဟာ တတ်နိုင်ရင် လက်နက်ကိုင် အကြမ်းဖက်လမ်းစဉ်နဲ့ အာခံခြင်း၊ ဖီဆန်ခြင်းကို အလို မရှိပါဘူး။ ပြည်သူဟာ စစ်ကို မလိုလားဘူး။ ပြည်တွင်းစစ်ကိုလည်း ပြည်သူဟာ အလိုမရှိဘူး။ ပြည်သူဟာ အကြမ်းမဖက်တဲ့ အဟိံသလမ်းစဉ်ကို စုစုစည်းစည်း လျှောက်ချင်တာပါ။ ဒါပေမယ့် စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ၊ ပြည်သူကို လက်နက်ကိုင်ဖြစ်အောင် တွန်းပို့လိုက်ပါတယ်။

နပိုလီယံကို အနိုင်တိုက် နိုင်ခဲ့တဲ့ ဝယ်လင်တန် ကို သူ့လက်အောက်က ဗိုလ်ချုပ်က ကျနော်တို့ ဘယ်လို စတိုက်ကြမလဲ….ဆိုတာကို မေးတော့၊ ဝယ်လင်တန်က ပြန်ပြောတယ်။ ဒါက ငါ့ကို မေးရမှာ မဟုတ်ဘူး။ နပိုလီယံကို မေးရမှာ။ တကယ်တော့ ဒီစစ်ပွဲကို စတာ နပိုလီယံ။ ဒီတော့ နပိုလီယံ ဘယ်လို တိုက်မလဲ ဆိုတဲ့ အပေါ်မှာ မူတည်ပြီးတော့၊ ငါက စရမှာ။ ဒီလို သဘောပါပဲ။

ပြည်သူက လက်နက်ကိုင် အကြမ်းဖက်နည်းကို မလျှောက်လျှောက်အောင် တွန်းပို့သူဟာ၊ စစ်ကောင်စီသာ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ခေါင်းဆောင်မှု မှားယွင်းချက်တွေကြောင့်သာ၊ ပြည်သူဟာ လက်နက်ကိုင် လမ်းစဉ်ကို မလျှောက်ချင်ဘဲ လျှောက်ရတာ။ ဒါကို နားလည်အပ်ပါတယ်။
• ပြည်သူတွေဟာ ပြောစရာ မလိုဘဲ၊ စည်းလုံးသွားတယ်။ • ပြည်သူတွေဟာ တိုင်ပင်မထားဘဲ ညီညွှတ်သွားကြတယ်။• ပြည်သူတွေဟာ မပြောတဲ့စကားကို နားလည်သွားကြတယ်။ • ပြည်သူတွေဟာ အယူအဆစုံလင်ကြပေမယ့် လျှောက်တဲ့လမ်းစဉ်တူညီသွားကြတယ်။ • ပြည်သူတွေဟာ အသက်အိုးအိမ်ပျက်စီးမှာ စိုးရိမ်ပေမယ့် အာဏာဖီဆန်ကြမှာပဲ။ • ပြည်သူတွေမှာ မျှော်လင့်ချက်နဲ့ လွတ်လပ်ခြင်းကွင်းပြင်ဟာ ပျက်သုဉ်း ပျက်စီးလို့။

ဒီတော့ ပြည်သူ့ကာကွယ်ရေးစစ်သည်တွေဟာ ….
• နှိုးဆော်နေစရာမလိုဘဲ • အသင့်ဖြစ်နေကြ။ • ညွှန်ကြားမနေရဘဲ• ကိုယ့်တာဝန်ကိုယ်ထမ်း။ • သစ္စာမခံခိုင်းဘဲ• သစ္စာရှိလာကြ။ • အမိန့်မပေးရဘဲ• စည်းကမ်း နည်းလမ်းကို ထိန်းကျောင်းကြ။

မင်းသေ့

၂၅ ၊ ၅ ၊ ၂၀၂၁။

Previous post ▄ တွေ့ဆုံဆွေးနွေးရေး…. မမျှော်လင့်နိုင်သေး
Next post စစ်ဘောင်ချဲ့ခြင်း နှင့် စစ်ဘုရင်တို့၏ အကျိုးစီးပွား