စာရေးဆရာ တစ်ယောက်ဟာ၊ ခိုင်မာတဲ့ စာပေအယူအဆရှိရမယ်။ စွဲစွဲမြဲမြဲ လုပ်တတ်ရမယ်။ ကောက်ရိုးမီးစိတ်နဲ့၊ စာရေးလို့ မရဘူး။ စာတိုပေစ ရေးတတ်ရုံနဲ့ စာရေးဆရာ နာမည် မတပ်သင့်ဘူး။ မူမရှိဘဲ၊ ပေါ်ပြူလာဖြစ်ချင်ရုံသက်သက်နဲ့ စာပေကို ဖန်တီးရင်၊ မရိုးသားရာကျတယ်။

တော်တော်များများက၊ စာရေးတတ်ချင်တယ်။ ဒါပေမယ့်၊ သူတို့က ဖင်မမြဲကြဘူး။ စာရေးဆရာဖြစ်ချင်ရင်၊
ခုံနဲ့ တင်ပါးကို ကော်နဲ့ ကပ်ထားမှရမယ်။ စာရေးဆရာ လုပ်မယ့်သူဟာ၊ လူထဲလည်း တိုးရတယ်။ စာအုပ်ပုံ ထဲလည်း တိုးရတယ်။ စာစုံဖတ်တဲ့သူက၊ စာရေးတဲ့သူတွေထဲမှာ တစ်ပန်းသာတယ်။ စာကို နာနာ ဖတ်လေလေ၊ စာကို ချောအောင် ရေးဖို့ အခွင့်သာလေလေပဲ။

နောက်ပြီး၊ စာရေးဆရာက၊ ချဲ့ပြီးလည်း ရေးလေ့ရှိတယ်။ ချုံ့ပြီးလည်း ရေးလေ့ရှိတယ်။ သူဟာ၊ သူ့ဦးနှောက်ကို အလွယ်တကူ ဆွဲဆန့်နိုင်ဖို့ လေ့ကျင့်ရည်ဝ ပြီးသား ပုဂ္ဂိုလ်ဖြစ်တယ်။

စာကို စိတ်ကူးယဉ်ပြီး ရေးလို့ရပါတယ်။ တွေးပြီးလည်း ရေးလို့ ရတယ်။ မြင်တဲ့ အရာကို မြင်အောင် ရေးလို့ ရတယ်။ စု၊ တု၊ ပြုလည်း လုပ်ကြတာပဲ။ ရှိပြီးသား အဟောင်းကို အမြင်သစ်နဲ့ ချည်းကပ်ပြကြတာလည်း ရှိတယ်။ စာရေးသားခြင်း ပုံစံတွေက အမျိုးမျိုးပဲ။ အလုပ်ဖြစ်အောင် စာရေးဖို့ လည်း လိုတယ်။

စာကောင်းတွေဟာ ဘယ်တော့မှ တိမ်မြုပ်မသွားဘူး။ တိမ်မြုပ်သွားခဲ့ရင်လည်း၊ ပတ္တမြားလို၊ မူလ တန်ဖိုး ပျက်သွားမှာ မဟုတ်ဘူး။

• တချို့စာတွေက သိဖို့။
• တချို့စာတွေက သုံးဖို့။
• တချို့စာတွေက သတိထားဖို့။
• တချို့စာတွေက သက်တမ်းကို ဆွဲဆန့်ဖို့။

စာရေးဆရာတွေက၊ စကားလုံးတွေနဲ့ ကခုန်တယ်။ စကားလုံးတွေကို သူတို့က စီမံခန့်ခွဲကြတယ်။ စကားလုံးတွေနဲ့ပဲ လူ့စိတ်တွေကို လွှမ်းမိုးပြုပြင်အောင် တတ်စွမ်းကြတယ်။ စကားလုံးတွေမှာ၊ လားရာ မြောက်များစွာ ရှိတယ်။ လာရာ မြောက်မြားစွာလည်း ရှိတယ်။ ဦးတည်ရာက အမျိုးမျိုး။ ဆင်းသက် လာပုံက အဖုံဖုံ။

မြန်မာစာရေးဆရာတစ်ယောက်ဟာ၊ မြန်မာ၊ အင်္ဂလိပ်၊ ပါဠိ ကို နိုင်နိုင်နင်းနင်းသုံးတတ်နေရင်ကိုပဲ၊ အတော် အရာရောက်လှပြီ။ စာသမားဖြစ်ဖို့ ခက်တယ်။ စာရေးသူဖြစ်ဖို့ ပိုခက်တယ်။ စာရေးဆရာ ဖြစ်ဖို့က အခက်ဆုံး ဖြစ်တယ်။ အခက်ဆုံး ဆိုတဲ့ အရာကို၊ လွယ်လွယ်လေးယူကြတဲ့ သူတွေကို ကြည့်ပြီး၊ မောတယ်။

ဆရာ အဆင့်ဖြစ်မှ၊ ဆရာ လို့ ပညတ် ခံယူလိုက်တာ ကောင်းတယ်။ အမှန်ဆို၊ ဘာဆရာကြီးလည်း မသိဘူး။ ဆိုက်ကား ဆရာကြီးလား။ လက်သမား ဆရာကြီးလား။ ပန်းရံဆရာကြီးလား။ ဘာလား။ ဘာလား ပဲ။

စာရေးဆရာကိုတော့၊ အခုပြောသလို ဆရာကြီး စာရင်းအဝင် မခံနိုင်လို့၊
ထင်သလို မြင်သလို ရေးလိုက်ပါတယ်။

မင်းသေ့
ညနေ ၅ း ၄၇
၂၇ ၊ ဒီဇင်ဘာလ၊ ၂၀၁၇

Shwe O Daung Library Previous post စာကြည့်တိုက်
Next post စာသွင်း ၊ စာထုတ်