စာကြည့်တိုက် ဆိုတာ ဘီ ငါးလုံး နဲ့ ပြည့်စုံရမယ်လို့ ဆိုတယ်။
Building, Book, Brain, Burrower, Budget

• စာကြည့်တိုက် တစ်တိုက်ဖြစ်ဖို့ ခက်တယ်။
• စာကြည့်တိုက် တစ်တိုက် လည်ပတ်ဖို့ ပိုခက်တယ်။
• ပုံမှန်လည်ပတ်ဖို့ အခက်ဆုံးဖြစ်တယ်။
• အဲ့ထက် ခက်တာကတော့၊ နှစ်ပေါင်း ရှည်ရှည် ပုံမှန်လည်ပတ်ဖို့ အခက်ဆုံးဖြစ်ပြန်တယ်။

• အဆောက်အအုံရှိရမယ်။
• စာအုပ်ရှိရမယ်။
• စာကြည့်တိုက်မှူးရှိရမယ်။
• ငှားရမ်းသူ ရှိရမယ်။
• ပိုက်ဆံရှိရမယ်။

ဒီနေရာမှာ၊ စာကြည့်တိုက်မှူးဟာ၊ စာကြည့်တိုက်ရဲ့ ဦးနှောက်လို့ ပညတ်လိုက်တာဖြစ်ပါတယ်။ စာကြည့်တိုက် တစ်တိုက်မှာ၊ စာကြည့်တိုက်မှူးဟာ မရှိမဖြစ် အရေးကြီးတယ်။ စာကြည့်တိုက်မှူး လုပ်သူဟာ၊ ဖင်မြဲရမယ်။ ကောက်ရိုးမီး စိတ်ဓာတ်နဲ့ မရဘူး။ အကျိုးအမြတ်ကို ကြည့်ပြီး၊ စာကြည့်တိုက်မှူး အလုပ်ကို လုပ်လို့လည်း မရဘူး။ စာသမား မဖြစ်လို့လည်း မရဘူး။ စာကြည့်တိုက်မှူးဟာ၊ ပညာအသိုက် အဝန်းအတွက်၊ အရေးကြီးတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။

စာကြည့်တိုက်မှူး လုပ်သူဟာ၊ စာသမားဖြစ်ရမယ်။ စာဖတ်အလေ့ကို နက်နက်နဲနဲ လိုက်စားထား သူဖြစ်သင့်တယ်။ စာရဲ့သဘောအကဲကို ခတ်ရမယ်။ စာရေးသူ နဲ့ စာရေးဆရာရဲ့ အထာကိုလည်း သိရမယ်။ စာပေရေစီးရဲ့ သဘောကို အကြမ်းဖျင်း တွက်ချက်တတ်ရမယ်။

စာကြည့်တိုက်မှူးလုပ်သူဟာ၊ လူမှုပေါင်းသင်းဆက်ဆံရေး ကျွမ်းကျင်ရင် စာငှားသူ၊ စာရှာသူအတွက် အဖိုးတန်ရတနာဖြစ်တယ်။ စာကြည့်တိုက်မှာ၊ စာအုပ်စုံလင်ပါလျက်၊ စာကြည့်တိုက်မှူးရဲ့ ဆက်ဆံရေး ဒေါင့်မကျိုးလို့ စာဖတ်သူတွေ၊ ဝေးဝေး ပြေးကုန်ကြတာ ကြုံဖူးတယ်။ ဒီလို မဖြစ်ရဘူး။ စာကြည့်တိုက်မှူး ဟာ အရေးပါတဲ့ လူမှုတာဝန်ကို ထမ်းဆောင်တယ်။ ပညာ့တာဝန်ကို ထမ်းဆောင်တယ်။

• စာကြည့်တိုက် တစ်တိုက်ဖြစ်ဖို့ ခက်တယ်။
• စာကြည့်တိုက် တစ်တိုက် လည်ပတ်ဖို့ ပိုခက်တယ်။
• ပုံမှန်လည်ပတ်ဖို့ အခက်ဆုံးဖြစ်တယ်။
• အဲ့ထက် ခက်တာကတော့၊ နှစ်ပေါင်း ရှည်ရှည် ပုံမှန်လည်ပတ်ဖို့ အခက်ဆုံးဖြစ်ပြန်တယ်။

စာကြည့်တိုက်တွေ သုံးတာ ကောင်းတယ်။ စာကို ငှားပြီးဖတ်တာထက်၊ အပိုင်ဝယ်ဖတ်နိုင်ရင် အကောင်းဆုံးဖြစ်တယ်။ စာကြည့်တိုက်က စာက၊ တကယ် စာဖတ်သူအတွက်ဆိုရင်၊ မြည်းရုံ စမ်းရုံ သဘောထက် မပိုဘူး။ စာတမ်းပြုစုသူတွေအတွက်၊ စာကြည့်တိုက်တွေ က အသုံးဝင်ပါတယ်။

စာကြည့်တိုက်တွေ ရှိတာကောင်းတယ်။ အိမ်တစ်အိမ်မှာ၊ ကိုယ်ပိုင်စာကြည့်စင်တွေ ထားနိုင်ရင် ပိုကောင်းတယ်။ အမြဲအသုံးပြု ဖြည့်တင်းဖြစ်နေတဲ့ ကိုယ်ပိုင်စာကြည့်တိုက်တွေ ထားနိုင်ရင် အကောင်းဆုံးပေါ့။

• စာဆိုတာ၊ ဖတ်နေမှ ကောင်းတယ်။
• စာဖတ်တယ်ဆိုတာ ရေသောက်နေသလိုပဲ။
• နေ့စဉ် လိုအပ်သလောက် မပြတ် သောက်နေကြရမှာပဲ။

လူဟာ နေ့စဉ် ရေသောက်မှ အသက်ရှင်သလို၊ နေ့စဉ် စာဖတ်ပေဖတ် ရှိမှ၊ ဘဝဟာ ရှင်သန်တယ်။ အသိ အသစ်၊ အတွေးသစ်၊ အမြင်သစ်တွေ ရအောင် အမြဲ ကြံဆနေရမယ်။ ဒါမှ ဘဝက အဓိပ္ပာယ်ရှိတယ်။ အမှန် ဆိုရင်၊ စားဖို့ အသက်ရှင်နေတာ ဖြစ်သွားမယ်။

စာကြည့်တိုက်တွေက၊ စာငှားစနစ် တစ်ခုတည်းအတွက် မဟုတ်ဘူး။ အသိဉာဏ် အစပြုရာ နေရာ၊ ဌာနဖြစ်တယ်။ စာအုပ်ဆိုင်၊ စာကြည့်တိုက်၊ စာငှားဆိုင်တွေ၊ စာဖတ်ပေဖတ်သူတွေနဲ့ အနီးနားမှာ ရှိတဲ့သူတွေက၊ ဘဝပေး ကံကောင်းတယ်လို့ ဆိုရမယ်။

စာဖတ်ပေဖတ်တဲ့၊ ဦးလေးတွေ၊ ဒေါ်ဒေါ်တွေ၊ အဖေတွေ၊ အမေတွေ၊ အဖိုး၊ အဖွားတွေ ရှိရင် ပိုလို့ကောင်း တယ်။ ကိုယ့်ကို ကျောင်းပညာသင်ကြားပေးတဲ့ ဆရာ၊ ဆရာမတွေ ထဲက၊ စာဖတ်ပေဖတ် ဆရာ၊ ဆရာမ နဲ့ စာသင်ခဲ့ဖူးရင် အဖိုးအနဂ္ဂထိုက်တဲ့ ကံကောင်းမှုဖြစ်တယ်။

• စာပေတန်ဖိုးက မြင့်တယ်။
• စာကြည့်တိုက်မှူးတစ်ယောက်ရဲ့ တန်ဖိုးက မြင့်တယ်။
• စာရေးဆရာ တစ်ယောက်ရဲ့ တန်ဖိုးက မြင့်တယ်။
• ကျမ်းပြု ပုဂ္ဂိုလ်တစ်ယောက်ရဲ့ တန်ဖိုးက မြင့်တယ်။

စာကြည့်တိုက်မှူး၊ စာပေရေးသားပြုစုသူတွေ၊ ကျမ်းပြုသူတွေ၊ စာသမားတွေဟာ၊ လူမှုပြုပြင်ပြောင်းလဲရေး သမားတွေ ဖြစ်တယ်။


သူတို့ဟာ၊
• ဟောပြောသူတွေ ဖြစ်လာခဲ့ရင်၊
• စာပေသင်ကြားသူတွေဖြစ်ရင်၊
• လူမှု ပြုပြင်ပြောင်းလဲရေးအတွက် လူမှုအရွေ့တွန်းသူတွေ ဖြစ်ရင်
o လူမှုအသိုက်အဝန်းဟာ ကံကောင်းရဲ့ ဆုလာဘ်ကို ရတယ်။

ကျနော်တို့ဟာ၊ ပညာသမားတွေကို တန်ဖိုးထားရမယ်။ ချီးမြှောက်ရမယ်။ ပညာဆိုတာ၊ အတန်းပညာမှ မဟုတ်ဘူး။ ပိဋကတ်သုံးပုံ အာဂုံဆောင် ပုဂ္ဂိုလ်မှ မဟုတ်ဘူူး။ ပါရဂူဘွဲ့ရသူမှ မဟုတ်ဘူး။ ပညာကို၊ ပညာအမြင်နဲ့ ချဲ့ကြည့်မှ ကောင်းမယ်။

ပညာကို တန်ဖိုးထား လေးစားပြီး ဦးညွှတ်တဲ့ လူ့အသိုင်းအဝန်းက ကြီးပွားတာပဲ။ မြန်မာပြည်မှာ၊ တကယ့် ပညာနဲ့ လုပ်စားသူတွေဟာ၊ ဘဝအခြေမလှကြဘူး။ သူတို့ဟာ ချို့ချို့တဲ့တဲ့နဲ့ ဘဝ နိဂုံး ချုပ်ကြရတယ်။
ပညာသမားထဲက၊ လူအနည်းငယ်သာ ဘဝ ဆည်းဆာက သာယာတယ်။ တည်ငြိမ်တယ်။ ရင်နင့်စရာ။

ပညာသမား၊ စာသမားက၊ လူတွေရဲ့ လေးစားမှုကို ရတယ်။
သို့ပေမယ့်၊ ငွေကြေးတော့ မရကြဘူး။

လူတွေဟာ၊ ဘုန်းကြီးနဲ့ ရဟန်းသံဃာလောက်ကိုသာ၊ လှူကြဖို့ စိတ်သန်တယ်။ လှူရကောင်းမှန်း သိကြတယ်။ ပညာသမားတွေကို၊ ငွေကြေးထောက်ပံ့ဖို့၊ ယောင်လို့တောင် စိတ်ကူးထဲ မထည့်ကြဘူး။ ဒါဟာ လူမှုဓလေ့ရဲ့ အားနည်းချက်ဖြစ်တယ်။

တခါတရံ လူမှုဓလေ့ကိုယ်တိုင်ကပဲ၊ ကိုယ့်လူမှုဓလေ့ မတိုးတက်အောင် ခုခံနေတယ်။ တားဆီးနေတယ်။ လူမှုပြုပြင်ပြောင်းလဲရေးသမားတွေက၊ လူမှုဓလေ့တွေကိုပဲ ပြုပြင်ကြရတာပဲ။

ပညာသမား၊ စာသမား၊ စာကြည့်တိုက်မှူး နဲ့ လူမှု ဝန်းကျင်အဆက်အစပ်ကို ဒီလိုပဲ ရိုးရိုးရှင်းရှင်း ရေးလိုက် တယ်။

ဖတ်ကြည့်။ တွေးကြည့်။ ဆင်ခြင်ကြည့်ပေါ့။
တစ်ခုခု ရတန်ကောင်းပါရဲ့….။

မင်းသေ့

နံနက် ၁၀ း ၄၁
၃၁ ၊ အောက်တိုဘာလ ၊ ၂၀၁၇
ဗန်းမော်မြို့။

စာကြည့်တိုက်နှင့် စာကြည့်တိုက်မှူး
To Review Teaching Methodology Previous post သင်ကြားရေးအလုပ်
Next post စာရေးဆရာ