စာသင်ပါများရင် လေကုန်တယ်။ စကားပြောပါများရင်လည်း လေကုန်တယ်။ ဟောပြောတာ များရင်လည်း လေကုန်တယ်။ စာရေးပါ များရင် လက်ကုန်တယ်။

လေကုန်ရင်၊ လက်ကုန်ရင်၊ ဖြည့်ဖို့လိုပါတယ်။ မဖြည့်ဘဲ၊ ဆက်ရေးရင်၊ ဆက်ဟောရင် လူတွေက ကိုယ့်ကွယ်ရာမှာ ငပေါကြီးလို့ ဟားလိမ့်မယ်။ အသစ်အသစ် မပေးနိုင်ရင်လည်း၊ လူတွေ ငြီးငွေ့သွားနိုင်တယ်။ ကိုယ့်အပြုအမူနဲ့ ငွေတွေ ရတယ်လို့ လူတွေက မြင်ရင်၊ လုပ်စားသူကြီး လို့တောင် ဆိုင်းဘုတ်တပ်တာ ခံရနိုင်တယ်။

အမြဲတမ်းလိုလို၊ စာသင်၊ စာရေး၊ ဟောပြောနေသူဟာ၊ Output များတဲ့ သူနဲ့ တူပါတယ်။ ဖတ်အားများတဲ့သူ၊ အတွေ့အကြုံများတဲ့သူက၊ ထုတ်လုပ်အား ပိုကောင်းပါတယ်။ ခံစားမှု အားကောင်းလွန်းသူတွေကလည်း၊ အနုအရွတွေ၊ အလှရသတွေ ထွက်တတ်ပါတယ်။ ကဗျာဖြစ်ဖြစ်၊ စာဖြစ်ဖြစ်၊ အတွေးဖြစ်ဖြစ် အမျိုးမျိုး ဖြစ်နိုင်ပါတယ်။

စာဖတ်နာသူတွေ၊ စာဖတ်များသူတွေ ပြောရင်၊ ဟောရင်၊ ရေးရင်အရည်အသွေးကောင်းတဲ့ အရာတွေ ထွက်တယ်။ ဖတ်တာ နည်းနည်း၊ ရေးတာ များများ ဆိုရင် ပေါ့ရွှတ်ရွှတ်အရာတွေသာ များပါတယ်။ တခါတရံ ပေါင်းခံရေတွေက၊ ပေါ့ရွှတ်ရွှတ်နိုင်လှတယ်။

စာရေးတဲ့သူ၊ ဟောပြောတဲ့သူဟာ၊ လူတွေထဲကို များများ တိုးဝင်နိုင်လေလေ၊ သူ့မှာ ရေးစရာ၊ ပြောစရာ ကုန်ကြမ်းများများရလေလေဖြစ်ပါတယ်။ လူသာမန်တို့ထက် ထူးပြီး၊ ခံစားမှု အားကောင်းရင်၊ ပိုလို့ တန်ဖိုးရှိတဲ့ အိုင်ဒီယာတွေ ထွက်ပါတယ်။

• စာရေးသူ တစ်ယောက်အဖို့၊
• ဟောပြောသူတစ်ယောက်အဖို့၊
• သူ့ရဲ့ ကိုယ်ပိုင် လောကအမြင်က အင်မတန် အရေးကြီးပါတယ်။

ဟောပြောသူတွေဟာ သူတို့ရဲ့ လောကအပေါ် ခံယူတဲ့ အမြင်နဲ့၊ဟောကြတယ်။ ပြောကြတယ်။ စာရေးတဲ့သူ တွေကလည်း ထိုနည်းလည်းကောင်းပါပဲ။ သူတို့ဘဝတွေရဲ့ ရိုက်ခတ်ချက်တွေအပေါ်မူတည်ပြီး၊ လူမှု အဖြစ် အပျက်တွေကို ကြည့်လေ့ရှိတယ်။ ခါးသီးရဲ့ အရာတွေပဲဖြစ်ဖြစ်၊ ချိုမြတဲ့ အရာတွေပဲ ဖြစ်ဖြစ်၊ စာရေးသူတွေ အတွက်၊ အားလုံးဟာ ကုန်ကြမ်းတွေ ဖြစ်ကုန်ကြတာ ချည်းပါပဲ။

စာရေးဆရာဟာ၊ သတ္တိရှိလာရင်၊ ရဲရင့်လာရင်၊ လောကကြီးကို အရွဲ့တိုက်ချင်လာရင်၊ စာကို ရှင်းရှင်းနဲ့ ဗွင်းဗွင်း ရေးတော့တာပဲ။ သူဟာ ဘာကိုမှ ဖုံးကွယ်မထားဘဲ၊ အရှိကို အရှိတိုင်း လူတွေ မြင်ဖို့၊ ကြိုးစားတယ်။ အားထုတ်တယ်။
လောကဓံက၊ စာရေးဆရာတွေကို ဒေါသထွက်အောင်လုပ်ရင်၊ အနုလက်ရာကောင်းတွေ ထွက်တတ်တယ်။ အနုပညာဆိုတာ၊ ဝေဒနာအားလုံးရဲ့ အစုအပေါင်း…လို့၊ ပြောကြတယ် မဟုတ်လား။ ဝေဒနာတွေ ပြင်းထန်လေလေ၊ အနုလက်ရာ မြောက်လေလေပဲ။

စာရေးဆရာတွေက၊
o ဦးနှောက်နဲ့လည်း အလုပ်လုပ်တယ်။
o နှလုံးသားနဲ့လည်း အလုပ်လုပ်တယ်။
o စိတ်နဲ့လည်း အလုပ်လုပ်တယ်။
o ကာယနဲ့လည်း အလုပ်လုပ်တယ်။

ဦးနှောက်ဟာ၊ တွေးခေါ်ဖို့။ နှလုံးသားဟာ၊ ခံစားဖို့။ စိတ်ဟာ၊ ဖြစ်တည်မှုတွေကို ကြည့်ဖို့။ ကာယဟာ၊ ဖန်တီးဖို့ ဖြစ်ပါတယ်။

စာရေးဆရာတွေက၊ သူတို့လက်ကို မှော်ဝင်ဖို့ ကြိုးစားကြတယ်။ သတိမရှိတဲ့စာရေးသူဟာ၊ သူ ဘာရေးရေး ကောင်းတယ်လို့ ထင်နေတတ်တယ်။ တော်တော်များများ စာရေးဆရာတွေ၊ အစက အတော်ဟုတ်ပြီး၊ နောက်ပိုင်းမှ ရှော်သွားတာ၊ အပ္ပမာဒ တရား သိပ်မကပ်လို့ ဖြစ်နိုင်တယ်။

စာဆိုတာ၊ တွေးပြီး ရေးလို့ရပါတယ်။ သို့ပေမယ့်၊ အတွေးတွေကို လေ့လာအားနဲ့ အစာမသွပ်နိုင်ရင်၊ အတွေးတွေက ပေါ့တန်သွားတယ်။ ယေဘုယျကျသွားတယ်။ သမာရိုးကျ ဖြစ်လွန်းသွားတယ်။

ဆရာကြီး ဒေါက်တာ သန်းထွန်းက ပြောတယ်။

အသိသစ်၊ အတွေးသစ်၊ အမြင်သစ် ပေးစရာ မရှိရင် ၊
စာအုပ်သစ် မရေးနဲ့…တဲ့။

စာသင်သူတွေ၊ ဟောပြောသူတွေ၊ စာရေးသူတွေဟာ ဒေါက်တာသန်းထွန်းထုံး နှလုံးမူပြီး၊ ကြိုးစားအားထုတ်ရင် မြန်မာ့ လူ့အသိုင်းအဝန်းအတွက်၊ အရည်အသွေးကောင်းတဲ့အရာတွေ များလာနိုင်ပါတယ်။

စာဖတ်သူတွေ (လူတွေ) ကလည်း၊ အလွယ်လမ်း မလိုက်သင့်ပါဘူး။ တချို့စာတွေက၊ စာဖတ်သူကို ညစ်အား တောင်းတာ ရှိပါလိမ့်မယ်။ ဘယ်လို စာရေးဆရာက၊ တောင်းခံသလဲဆိုတာတော့၊ သိရလိမ့်မယ်။ ကြည့်ရလိမ့်မယ်။

ဘာပဲပြောပြော၊ ခုခေတ်က လူတွေ တိုးတက်လာကြပါပြီ။ လက်သွေးချင်၊ ပါးစပ်သွေးချင်တဲ့ လူတွေများ လာကြပြီ။ ဒါ့ဟာ၊ ကောင်းတဲ့ လက္ခဏာ ဖြစ်ဖို့ လိုတယ်။ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ၊ အိုင်ဒီယာတွေ ပြန့်ကျဲကုန်ပြီ။ ပွထကုန်ပြီ။ ခုန်ကူးလာပြီ။ ရောထွေးကုန်ပြီ။

နားထောင်သူ၊ ဖတ်သူက၊ ရေးသူ၊ ဟောသူကို ရွေးရလိမ့်မယ်။ ရေးသူ၊ ဟောသူကလည်း၊ နားထောင်သူ၊ ဖတ်သူကို ရွေးရလိမ့်မယ်။

ကိုယ်တန်ဖိုးနဲ့ ကိုယ့်လောကကို ချီ,မ နိုင်ကြပါစေ။

မင်းသေ့
ည ၇ း ၅၈
၃ ၊ ဇန်နဝါရီ၊ ၂၀၁၈ ။
တောင်ကြီးမြို့။

Previous post စာရေးဆရာ
Next post များများဖတ်ဖို့ထက် နာနာဖတ်ဖို့