လက်နက်ကိုင်လမ်းစဉ်နဲ့ နိုင်ငံရေးလမ်းစဉ်။ အကြမ်းဖက်နိုင်ငံရေးနဲ့ အကြမ်းမဖက် နိုင်ငံရေးဆိုပြီး ကွာတာပဲ။ မြန်မာပြည်နိုင်ငံရေးအင်အားစုဟာ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ရင် ဘာဖြစ်နိုင်သလဲ။ တနည်း အောင်မြင်နိုင်သလား။ ကျရှုံးနိုင်သလား။ လက်ရှိအခြေအနေမှာတော့၊ အောင်မြင်နိုင်ဖို့ ကျရှုံးသွားဖို့ ဆိုတာထက် ဇာတ်မျောကြီးဖြစ်သွားဖို့ ပိုနီးနေတယ်။ အောင်မြင်ဖို့အတွက်ဆိုရင် ဘာလုပ်ရမလဲ။ ဘာဖြစ်ရမလဲ။ နံပါတ်တစ် – လူမျိုးစု လက်နက်ကိုင်အင်အားကြီးအဖွဲ့တော်တော်များများ ညီရင် ရတယ်။ ကေအိုင်အေ၊ ကေအန်ယူ၊ အေအေ၊ တအာန်းပလောင်အဖွဲ့၊ အာစီအက်စ်အက်စ် …. စသည်ဖြင့်။ ဒီအဖွဲ့တွေ။ လူမျိုးစုလက်နက်ကိုင်တွေ တပြိုင်နက်တည်း ညီဖို့တော့ ခက်တယ်။ ညီရင်တော့ ရနိုင်တယ်။ ဒါပေမယ့် တစ်ခု ရှိတယ်။ မြန်မာပြည် ပြည်တွင်းစစ်က ရှည်ကြာခဲ့တော့ အဲသည့်ရဲ့ ဆိုးပြစ် တချို့ ရှိတယ်။ အဲဒါကတော့…. လက်နက်ကိုင်လမ်းစဉ်ကို လျှောက်နေတဲ့သူတွေမှာ ၊ ၁၀၀ ရာခိုင်နှုန်း ယုံကြည်ချက်နဲ့ တိုက်နေတာတော့ မဟုတ်တော့ဘူး။ အကျိုးစီးပွား တစ်ဝက်၊ ယုံကြည်ချက် တစ်ဝက်ဖြစ်နေပြီ။ ဒီတော့ ဘုံအကျိုးစီးပွားကို ညှိနိုင်ရင်တော့ အားလုံး ပါလာနိုင်ချေ ရှိတယ်။ အားလုံးလိုလိုပါလာပြီဆိုရင်တော့ အောင်နိုင်ချေ ရာနှုန်း အတော်များပြီ။ ဖက်ဒရယ်တပ်မတော် ပေါ်ထွန်းလာဖို့ဆိုရင် လူမျိုးစုလက်နက်ကိုင်တွေအကြားမှာ ယုံကြည်ချက်အားဖြင့် ဘယ်လောက် စုဆုံသလဲ ဆိုတာ အဖြေပေါ်လာမှာပဲ။ နောက်တစ်ချက်က၊ ဘုံအကျိုးစီးပွားတွေ တူအောင် ဘယ်လောက် ညှိနိုင်ကြသလဲ ဆိုတာက အဖြေဖြစ်လာမှာပဲ။ ဒီနေရာမှာ နိုင်ငံရေးဦးဆောင်မှုအရ သံလိုက်ဓာတ်ရှိတဲ့ ခေါင်းဆောင်မှုကို ဘယ်သူတွေ ပေးနိုင်သလဲဆိုတာကလည်း အခရာကျလိမ့်မယ်။

နောက်ထပ် တစ်ခု ရှိသေးတယ်။ အဲဒါကတော့ မြန်မာပြည်သမိုင်းစဉ်ကို ကြည့်ရင် ပြည်ပ လက်နက်အကူအညီမပါဘဲနဲ့ လက်နက်ကိုင်တော်လှန်ရေး မအောင်မြင်တတ်ဘူး။ ဒီတော့ ပြည်ပလက်နက် အထောက်အပံ့ လိုတယ်။ မြန်မာပြည်လွတ်လပ်ရေးအတွက် သာဓက ကြည့်နိုင်တယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့က လက်နက်ကိုင်ဦးဆောင် ပြီး ပြည်ပလက်နက်အပံ့အပိုးကို ထုပ်ပိုးပြီး ယူလာတယ်။ ပြည်တွင်းမှာ ပြည်သူ့စစ်အင်အားစု ကို နိုင်ငံရေး ခေါင်းဆောင်တွေက စုထားပေးတယ်။ လက်နက်ကိုင်အင်အားစု နောက်ကွယ်မှာ နိုင်ငံရေးအင်အားစုက ရှိနေတယ်။ ဒီနှစ်ခု ပေါင်းနိုင်တယ်။ ဒီတော့ နောက်ထပ်ဖြစ်နိုင်ချေ တစ်နည်းကတော့၊ ပြည်ပလက်နက်ကိုင် အထောက်အပံ့နဲ့ ပြည်တွင်းက ပြည်သူ့စစ်မဟာဗျူဟာကို ပေါင်းစပ်နိုင်ရင်တော့ တော်လှန်ရေးအောင်မြင်မယ်။ ဒါဟာ ဒုတိယအချက်။ ဒီနေရာမှာ တစ်ခု စဉ်းစားရဖို့ ရှိတယ်။ လူမျိုးစုလက်နက်ကိုင်အင်အားစုတွေနဲ့ စုပေါင်းပြီး တော့ ဖက်ဒရယ်တပ်မတော် ဖွဲ့တဲ့ကိစ္စ။ ဒီနေရာမှာ စကားလုံး တစ်လုံးကို သေချာ စဉ်းစားဖို့လိုတယ်။ သန္ဓေ တည်ချိန်နဲ့ မွေးဖွားချိန်က မတူဘူး။ သန္ဓေတည်ချိန်ကို မွေးဖွားချိန်နဲ့ မမှားဖို့ လိုတယ်။ သန္ဓေတည်ချိန်နဲ့ မွေးဖွား ချိန်ဟာ အချိန်အတိုင်းအတာ တစ်ခုတော့ ဖြတ်သန်းရတယ်။ အဲသည့်ကာလ ဘယ်လောက်ကြာမလဲဆိုတာ တော့ မသိဘူး။ လူထုရဲ့ တော်လှန်ရေးရေချိန်နဲ့ ဖြစ်တည်နေတဲ့ အခင်းအကျင်းအပေါ်မှာ အများကြီးသက်ဆိုင် လိမ့်မယ်။ လူဆိုရင်တောင် (၉) လလွယ်၊ (၁၀) လ ဖွား။ ဖက်ဒရယ်တပ်မတော် ဖြစ်ထွန်းမွေးဖွားဖို့ဆိုတာ ဘယ်လောက် သန္ဓေတည်ရမလဲဆိုတာတော့ မပြောတတ်သေးဘူး။ ဒါပေမယ့် အခုအချိန်ကတော့ ပြောလို့ ရတာ တစ်ခုရှိတယ်။ ဖက်ဒရယ်တပ်မတော်အတွက် သန္ဓေတည်ချိန်ဟာ ဒီအချိန်ပဲ။ အဲသည့်မှာ နောက်ထပ် စဉ်းစားရမှာ ရှိသေးတယ်။

ဖက်ဒရယ်တပ်မတော်အတွက် တည်နေတဲ့ သန္ဓေကို ပံ့ပိုးထောက်ပံ့ရမယ့် အကြောင်း တရားတွေ ညီညွှတ်ဖို့ လိုနေသေးတယ်။ တော်လှန်ရေးဟာ နေ့မစေ့ဘဲ မွေးဖွားတတ်တယ်။ တော်လှန်ရေးဟာ အသေလေး မွေးတတ်တယ်။ တော်လှန်ရေးဟာ သားလျောတတ်တယ်။ ဒီတော့ တော်လှန်ရေး သန္ဓေကို ထောက်ပံ့မယ့် အကြောင်းတရားတွေ ဖြည့်တင်းနိုင်ရင် ကောင်းတယ်။ ဒါမှ မွေးဖွားလာတဲ့အခါမှာ ခြေလက် အင်္ဂါ စုံစုံလင်လင်နဲ့ ကျန်းကျန်းမာမာ မွေးဖွားလာလိမ့်မယ်။ သို့မဟုတ်ရင်တော့ တော်လှန်ရေးဟာ ခြေမစုံ လက်မစုံ ဒုက္ခိတလေး မွေးလာလိမ့်မယ်။

လက်နက်ကိုင်လမ်းစဉ်ကို လျှောက်မယ့်သူနဲ့ နိုင်ငံရေးလမ်းစဉ်နဲ့ ဆက်သွားမယ့်သူ ကွဲနေတယ်။ အဲဒါဟာ သိပ်မှားတာပဲ။ ဘာလို့ ကွဲရမှာလဲ။ ကိုယ်သန်ရာ ကိုယ်သန်ရာပေါ့။ အားလုံးဟာ ဘုံတူညီချက်၊ ဘုံရည်မှန်းချက်မှာ လာစုရမှာ။ ရွှေတိဂုံ ဘုရားရင်ပြင်ပေါ် ရောက်တာချင်း အတူတူပဲ။ တစ်ယောက်က မြောက် ဘက် စောင်းတန်းက တက်မယ်။ တစ်ယောက်က တောင်ဘက် စောင်းတန်းက တက်မယ်။ ရင်ပြင်ပေါ်မှာ လာဆုံရမှာပဲလေ။ ဒါကို common ground လို့ ခေါ်တယ်။ လက်နက်ကိုင်လမ်းစဉ်နဲ့ နိုင်ငံရေးလမ်းစဉ်ဟာ တစ်ဖက်နဲ့ တစ်ဖက် အထောက်အပံ့ပြုနေရမှာ။ ကွဲရမှာ မဟုတ်ဘူး။ တစ်ယောက်နဲ့ တစ်ယောက် သုံးမယ့် နည်းနာတွေ မတူဘူး။ နည်းနာအားဖြင့်ကွဲတယ်။ မဟာဗျူဟာအားဖြင့် တူညီတယ်။ ဘုံရည်မှန်းချက်အားဖြင့် တူညီတယ်။ ဒီလိုဖြစ်နေရမှာ။

သာဓက ကို ကြည့်။ ဘယ်လိုပဲ လက်နက်ကိုင်လမ်းစဉ်ကို လျှောက်လျှောက်၊ နောက်ဆုံးမှာ နိုင်ငံရေးအဖြေဟာ ဒိုင်ယာလော့ခ်နည်းနဲ့ ရဖို့ ကြိုးစားရမှာ ထုံးစံပဲ။ ဗိုလ်ချုပ်အောင်ဆန်းကို ကြည့်။ သူဟာ နိုင်ငံရေးလမ်းစဉ်ကနေ လက်နက်ကိုင်လမ်းစဉ်ကို ပြောင်းလဲ လျှောက်လှမ်းခဲ့တယ်။ ၁၉၄၅ မှာ ဒုတိယကမ္ဘာစစ်ကြီးပြီးတယ်။ ဗိုလ်ချုပ်ဟာ နိုင်ငံရေးလမ်းစဉ်ကို ပြန်ပြောင်းလျှောက်ပြီး ပိုလိုက်တစ်ကယ်ဒိုင်ယာလော့ခ် (political dialogue) နည်းနဲ့ လွတ်လပ်ရေးရဖို့ ထပ်ကြိုးစားရတာပဲ။ ၁၉၄၇ အကုန်၊ ၁၉၄၈ ဇန်နဝါရီလမှာ လွတ်လပ်ရေးရခဲ့တယ်။

လက်နက်ကိုင်တိုက်ပွဲ ဆင်နွှဲပြီးတဲ့အခါမှာ၊ နိုင်ငံရေးနည်းနဲ့ ၂ နှစ်ကျော်လောက် ဆက်လုပ်ရတာပဲ။ အိန္ဒိယ လွတ်လပ်ရေးကို ကြည့်မလား။ ထိုနည်းလည်းကောင်းပဲ။ လွတ်လပ်ရေးအတွက် တိုက်တဲ့ တိုက်ပွဲမှာ၊ နိုင်ငံရေး နည်းဟာ ပါကို ပါရမယ်။ နိုင်ငံရေးအင်အားစုရဲ့နောက်မှာ လက်နက်ကိုင် အင်အားစုက ဝင်ရပ်ပေးတာ။ လက်နက်ကိုင်အင်အားစုရဲ့နောက်မှာ နိုင်ငံရေးအင်အားစုက ဝင်ရပ်ပေးတာ။ ဒီနည်းနဲ့ အင်အားစု နှစ်ခုဟာ ပေါင်းစပ်ပြီး ပူးညပ် တိုက်ဖျက်ရမှာပဲ။

ဒီနေရာမှာ သင်ခန်းစာ ယူစရာတွေ ရှိတယ်။ ၈၈ လူထုတော်လှန်ရေးကို ကြည့်။ ဒီနေရာမှာ ကျောင်းသား လက်နက်ကိုင်အုပ်စုတွေ ရှိတယ်။ ကျောင်းသားနိုင်ငံရေးအင်အားစုတွေ ရှိတယ်။ ဒီနှစ်ခုက မပေါင်းနိုင်ဘူး။ သပ်သပ်စီဖြစ်နေတယ်။ ၈၈ အရေးတော်ပုံ ဘာလို့ အပြီးသတ် အနိုင်မရတာလဲ။ ဒီအင်အားစု နှစ်ခုကို မပေါင်းနိုင် လို့ပဲ။ လက်နက်ကိုင်အင်အားစုနဲ့ နိုင်ငံရေးအင်အားစုက တစ်ခုနဲ့ တစ်ခု အပြန်အလှန် ကျေးဇူးပြု ထောက်ပံ့နေရ မှာ။ ဗဟိုဆုံချက်မှာ လာဆုံနေရမှာ။ တစ်ယောက်နဲ့ တစ်ယောက် ကွဲပြားနေရမှာ မဟုတ်ဘူး။ အချိတ်အဆက် ရှိရမှာ။ အဆက်အသွယ်ရှိနေရမှာ။ လက်နက်ကိုင်အင်အားစုနဲ့ နိုင်ငံရေးအင်အားစု ဆိုတာ အပြန်အလှန် အညမညသဘော….။

ရခိုင်တွေဟာ ဘာလို့ တစ်ညီတစ်ညွှတ်တည်း စုစည်းမိသလဲ။ ရခိုင် လက်နက်ကိုင်အင်အားစုဟာ ရှေ့က တွန်းပြီး ဦးဆောင်တယ်။ ရခိုင်လူထုကို ကိုယ်စားပြုတဲ့ ပါတီတချို့ရှိတယ်။ ရခိုင် လက်နက်ကိုင်အင်အားစုက ရှေ့ရောက်ပြီး အားကောင်းလာတဲ့အခါမှာ ရခိုင်ပါတီတွေက ရခိုင်လက်နက်ကိုင်အင်အားစုနောက်မှာ လာရပ်ကြ တာပဲ။ ဒါ့ကြောင့် အားကောင်းနေတယ်။ စုစည်းနေတယ်။ ဒါကို ဥပမာ ယူရမယ်။ လက်နက်ကိုင် အင်အားစုနဲ့ နိုင်ငံရေးအင်အားစု ဆိုတာ ကွဲနေတာ မဟုတ်ဘူး။ လမ်းကြောင်း မတူတာ မဟုတ်ဘူး။ ပေါင်းရမှာ။ လမ်းကြောင်း ဟာ လာဆုံရမှာ။

နောက်ထပ် ထပ်ကြည့်ရင်၊ ဗိုလ်ချုပ်အောင်ဆန်းက ဂျပန်မှာ စစ်ပညာသင်နေစဉ်အတွင်းမှာ၊ ပြည်တွင်းက နိုင်ငံရေး ခေါင်းဆောင် ကွန်မြူနစ်တွေ၊ ဆိုရှယ်လစ်တွေက ဒီအတိုင်း ထိုင်နေကြမယ် ထင်သလား။ မဟုတ်ပါဘူး။ သူတို့ဟာ လက်နက်ကိုင်အင်အားစုနဲ့ နိုင်ငံရေးအင်အားစု ပေါင်းစပ်နိုင်ဖို့အတွက် မြေပေါ်မှာ လူထုကို နိုင်ငံရေးယုံကြည်ချက်တွေ စုစည်းပေးတဲ့ တာဝန်ကို ယူနေကြတယ်။ ဗိုလ်ချုပ်အောင်ဆန်း စစ်ပညာ သွားသင်တော့၊ သခင်နု မပါဘူး။ သခင်စိုး မပါဘူး။ သခင်သန်းထွန်း မပါဘူး။ ဦးဘဆွေ မပါဘူး။ ဦးကျော်ငြိမ်း မပါဘူး။ ဒါပေမယ့် သူတို့ဟာ နိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့ ဆိုင်ရာ ဒေသ နယ်ပယ်တွေမှာ သူတို့ဟာ လူထုကို နိုင်ငံရေးအားဖြင့် စည်းရုံးနေတယ်၊ စုရုံးနေတယ်။ အင်္ဂလိပ်ကို တိုက်ဖို့၊ ဂျပန်ကို ခေါ်လာပြီး ပြည်တွင်း ရောက်တော့ ပြည်သူ့အင်အားစုတွေနဲ့ ပေါင်းနိုင်တယ်လေ။ ဘာလို့ ပေါင်းနိုင်သလဲ။ ဘာလို့ အရံသင့်ဖြစ်နေ သလဲ။ ပြည်တွင်းက နိုင်ငံရေးခေါင်းဆောင်တွေက ပြည်သူ့စစ်အင်အားစုတွေကို အခြေခံ စုရုံးပေးထားနိုင်လို့ ပေါ့။ ဒီနည်းဟာ သာဓကပဲ။ ဒီနည်းဟာ ဥပမာပဲ။ ၈၈ အရေးတော်ပုံ ဘာလို့ အပြီးသတ် အနိုင်မရသလဲ။ လက်နက်ကိုင်အင်အားစုတွေလည်း အနိုင်မရဘူး။ နိုင်ငံရေးလမ်းကြောင်း လျှောက်တဲ့သူတွေလည်း အပြတ် အသတ်အနိုင်မရဘူး။ အကြောင်းကတော့ နိုင်ငံရေးအင်အားစုနဲ့ လက်နက်ကိုင် အင်အားစုကို မချိတ်ဆက်၊ မပူးပေါင်းနိုင်ကြလို့ပဲ။ ဒါကို သင်ခန်းစာ ယူသင့်တယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းတွေ ရာနဲ့ ချီရှိတယ်။ သူ့ရဲ့ ဟောပြောချက်တွေ၊ သူ့ရဲ့ ရေးသားချက်တွေကို လေ့လာကြည့်ရင် တွေ့ရတာတွေ ရှိတယ်။ အဲသည့်အထဲမှာ ထူးထူးခြားခြား ဘာကို တွေ့ရသလဲဆိုတော့၊ ဒေါ်အောင်ဆန်းစုကြည်ဟာ အကြမ်းမဖက်ရေးလမ်းစဉ်ကို တစိုက်မတ်မတ် စွဲစွဲမြဲမြဲ လျှောက်ခဲ့တယ်။ သူ လျှောက်ခဲ့တာ နှစ်ပေါင်း (၃၀) ကျော်ပြီ။ သူ့ရဲ့ ဟောပြောချက်တွေ၊ သူ့ရဲ့ ရေးသားချက်တွေမှာ သူဟာ အကြမ်း မဖက်ရေးလမ်းစဉ်ကို အစဉ်တစိုက် ယုံယုံကြည်ကြည် လျှောက်ခဲ့တယ် ဆိုတာကို တွေ့ရတယ်။ သူ့စကား တွေထဲမှာလည်း အကြမ်းမဖက်ရေးလမ်းစဉ်ကို အားပေးတယ်၊ ယုံကြည်တယ် ဆိုတာ နားလည်ရတယ်။ အကြမ်းမဖက်တဲ့ အာဏာဖီဆန်ရေးလမ်းစဉ်ကို ဒေါ်အောင်ဆန်းစုကြည်ဟာ တစိုက်မတ်မတ် လိုက်ခဲ့တယ်။ ဒါ သူ့လမ်းစဉ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောချက်တွေ၊ ရေးသားချက်တွေ ရာနဲ့ ချီ ရှိတဲ့အထဲမှာ သူ့ဟာ လက်နက်ကိုင် အကြမ်းဖက်တဲ့ လမ်းစဉ်ကို ရှုံ့ချတယ်လို့ တစ်ခါမှ မတွေ့ဖူးသေးဘူး။ ဒါဟာ မှားကောင်း မှားနိုင်တယ်။ ဒါပေမယ့် သေချာတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အကြမ်းမဖက်တဲ့လမ်းစဉ်ကို သူ ကိုယ်တိုင် စွဲစွဲမြဲမြဲ လျှောက်ပေမယ့်၊ အကြမ်းဖက်လမ်းစဉ်ဖြစ်တဲ့ လက်နက်ကိုင်တော်လှန်ရေးလမ်းကို လျှောက်နေတဲ့သူ တွေကို ရှုံ့ချ ကန့်ကွက်တာမျိုး တခါမှ မတွေ့ဖူးဘူး။ ဒါဟာ ထူးခြားချက်ပဲ။ ဒီတော့ ကောက်ချက်ချရရင်၊ အာဏာ ရှင်ကို ဖြုတ်ချဖို့အတွက် ကိုယ်သန်တဲ့ နည်းနဲ့ ကိုယ် လုပ်ကြဖို့ပဲ။ တစ်ယောက်နဲ့ တစ်ယောက် အားသန်ပုံချင်း မတူကြဘူး။ မတူကြလို့ ရန်ဖြစ်ကြရတယ်၊ ကွဲပြဲကြရတယ်ဆိုတာ မဖြစ်သင့်ဘူး။ ကိုယ်သန်တဲ့လမ်းကို ကိုယ်လျှောက်။ တစ်နေရာမှာ လာဆုံမှာပဲ။ ဗဟိုချက်တစ်ခုမှာ လာဆုံရမှာပဲ။ ဒီတော့နည်းနာကျင့်သုံးမှု မတူကြ ပေမယ့် အချင်းချင်း ချိတ်ထား၊ တွဲထား။ ဆက်ထား။ တစ်နေရာရာမှာ လာဆုံဖို့ အဓိကပဲလို့ နားလည်ရတယ်။

လက်နက်ကိုင်လမ်းစဉ်ကို လျှောက်တဲ့အခါ ဘာဖြစ်နိုင်သလဲ။ ဖြစ်နိုင်ချေတွေကတော့ အများကြီးပဲ။ ဒါပေမယ့် အာဏာရှင်ကို တော်လှန်တဲ့နေရာမှာ ဘယ်နည်းကမှ မသက်သာဘူး။ လူထုလမ်းစဉ်ကလည်း ညင်သာတယ် ဆိုပေမယ့် သက်သာမယ် မထင်ဘူး။ လက်နက်ကိုင်လမ်းစဉ်ကတော့ ပိုဆိုးပေါ့။ ဒါပေမယ့် လက်နက်ကိုင် လမ်းစဉ်မပါရင် လက်နက်ကိုင်ထားတဲ့ ဘယ်အာဏာရှင်ကမှ တုန်လှုပ်မှာ မဟုတ်ဘူး။ ဒီတော့ ….. ဆရာကြီး လူထုစိန်ဝင်းရဲ့ စကားနဲ့ ပြောရရင်၊ လက်နက်ကိုင်ပြီး ရမ်းကားတတ်တဲ့ ကောင်းဘွိုင်လို လူစားမျိုးကို သူတို့ နားလည်တဲ့ ဘာသာစကားနဲ့ပဲ ပြန်တုံ့ပြန်သင့်တယ်….ဆိုတာပဲ။

လက်နက်ကိုင်စစ်ပွဲတွေရဲ့ နောက်ကွယ်မှာ၊ ကမ္ဘာ့ဂလိုဘယ်အင်အားကြီးနိုင်ငံတွေ ပါဝင်နေတယ်။ ဒါကို သတိထားရမယ်။ အာဏာသိမ်းမှုတိုင်းရဲ့နောက်ကွယ်မှာ၊ ကမ္ဘာ့နိုင်ငံကြီးတစ်နိုင်ငံဟာ နောက်ကွယ်က ပါနေတာပဲ။ ဒါဟာ ထုံးစံလိုကိုဖြစ်နေတယ်။ နိုင်ငံငယ်လေးတွေထဲက လက်နက်ကိုင်တွေဟာ နိုင်ငံကြီး တစ်နိုင်ငံရဲ့ အားပေး ထောက်ခံမှု မရှိဘဲနဲ့ သူ့တို့ဘာသာ သူတို့ တစ်ကိုယ်တော်ကျိတ် အာဏာ မသိမ်းရဲဘူး။ သူတို့ဟာ ဖအေ ရှာတယ်။ ပထွေး ရှာတတ်တယ်။ ဒါ့ကြောင့် နိုင်ငံကြီး တစ်နိုင်ငံဟာ အဖေ အစားဝင်လုပ်ပေး ချင်ကြတယ်။ သူတို့မှာလည်း သူတို့ အကျိုးစီးပွား လက်တံတွေ ဖြန့်ကျက်ချင်တာကိုး။ ဒါ့ကြောင့် ဘာကို သတိထားရမလဲဆိုတော့၊ လက်နက်ကိုင်တိုက်ပွဲရဲ့ နောက်ကွယ်မှာ နိုင်ငံကြီးတွေ ရှိနေတတ်တယ်။ နိုင်ငံကြီး တွေ အချင်းချင်း ထိပ်တိုက် မတွေ့ဘဲနဲ့ သူတို့ ထောက်ခံတဲ့ အင်အားစုတွေ အချင်းချင်း ပြည်တွင်းမှာ တိုက်ပွဲ တွေ စစ်ပွဲတွေ ဖြစ်ပြီဆိုရင်တော့ ဒါဟာ လက်ဝေခံ စစ်ပွဲ ဖြစ်ဖို့ များတာပဲ။ တနည်းအားဖြင့် proxy war လို့ ခေါ်တယ်။ ပြည်တွင်းမှာ ကိုယ့်အချင်းချင်း ချကြတဲ့ စစ်ပွဲတွေဟာ အပြီးသတ် အနိုင်ရရင်ရ ။ မရရင်တော့ တိုင်းပြည်နဲ့ လူထု ပိုနာတာပဲ။ ပြည်တွင်းစစ်ဟာ ကမ္ဘာစစ်လို မဟုတ်ဘူး။ ကမ္ဘာစစ်က သူနိုင်ကိုယ်နိုင် အပြိုင် ကြဲကြတာ။ အနိုင်အရှုံး ရလဒ် ပြတ်ဖို့ အဓိကပဲ။ ဒါ့ကြောင့် ကြမ်းတမ်းတယ်၊ ကြီးမားတယ်။ ဆုံးရှုံးနစ်နာမှု ကြီးမားတယ်။ ဒါပေမယ့် အနိုင်အရှုံး ပြတ်ပြတ်သားသားပေါ်တယ်။ ပြည်တွင်းစစ်တွေကျတော့ အဲသည်လို မဟုတ်ဘူး။ အနိုင်အရှုံး ပြတ်ပြတ်သားသား ပေါ်ဖို့ ခက်တယ်။ သူ မနိုင်၊ ကိုယ်မနိုင် ဖြစ်နေဖို့ အခြေအနေများ တယ်။ သူကလည်း အပြီးသတ် မချေမှုန်းနိုင်။ ကိုယ်ကလည်း အပြတ်အသတ် အနိုင်ရ။ ဒီလိုနဲ့ ဇာတ်မျောကြီး ဖြစ်နေတတ်တယ်။ အီလည်လိုက်နေတတ်တယ်။ ဝဲလည်လိုက်နေတယ်။ လက်နက်ကိုင်တိုက်ပွဲဟာ ဇာတ်မျောကြီးဖြစ်နေရင်တော့ ပြည်သူပဲ ပိုအထိနာတယ်။ လက်နက်ကိုင်ထားတဲ့သူကတော့ သူချ၊ ကိုယ်ချမို့ သိပ်မသိသာလှဘူး။ ပြည်သူကတော့ အမြဲတမ်း အခံဘက်က ချည်းပဲ ဖြစ်နေတတ်တယ်။ ဒါကို ထည့်သွင်း စဉ်းစားရမယ်။ လက်နက်ကိုင်တိုက်ပွဲက တစ်ဖက်နဲ့ တစ်ဖက် အဖြေမရဘဲ၊ ဇာတ်မျောကြီးဖြစ်နေတယ်ဆိုရင် တော့ တိုင်းပြည်အတွက် မကောင်းလှဘူး။ တိုင်းပြည် ကံဆိုးတာပဲပေါ့။

အင်အားကြီးနိုင်ငံတွေရဲ့ နောက်ကွယ်က အားပေးထောက်ပံ့မှုနဲ့ လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်တဲ့အခါမှာ၊ ဘယ်ဘက်ကမှ အသာမရဘဲ ကာလရှည်စစ်ပွဲကြီးတွေ ဖြစ်နေတတ်တယ်။ အဲသည့်အချိန်တွေမှာ ပြည်သူက ပိုပြီး ဆင်းရဲတယ်။ အိပ်ကောင်းခြင်းလည်း မအိပ်ရ။ စားကောင်းခြင်းလည်း မစားရ။ ကောင်းကောင်း စိုက်ပျိုး၊ ရောင်းဝယ်ဖောက်ကားလို့ မရ။ စီးပွားရေးလည်း မဖြစ်ထွန်း။ ဒီကြားထဲ စစ်ရဲ့ သားကောင်ဖြစ်သွားတဲ့ အပြစ်မဲ့ ပြည်သူတွေလည်း ဒုနဲ့ ဒေး။ ဒီလိုနဲ့ တိုင်းပြည်ဟာ ဆင်းရဲတွင်းနက်ပြီး ကျရှုံးနိုင်ငံအဖြစ်ကို ရောက်သွားတော့တာ ပဲ။

လက်နက်ကိုင် လမ်းစဉ် အကျိုး နဲ့ အပြစ်

အာဏာရှင်တော်လှန်ရေးမှာ အကြမ်းဖက်တဲ့နည်းနဲ့ အကြမ်းမဖက်တဲ့နည်း ဆိုပြီး နှစ်မျိုး ရှိနိုင်တယ်။ အကြမ်းဖက်တဲ့နည်းကတော့၊ လက်နက်ကိုင်တော်လှန်ရေးနည်းဖြစ်တယ်။ အကြမ်းမဖက်တဲ့နည်းကတော့ နိုင်ငံရေးနည်းဖြစ်တယ်။ နိုင်ငံရေးနည်းမှာ အမျိုးမျိုး ပါဝင်တယ်။ လမ်းပေါ်နိုင်ငံရေးနဲ့ စားပွဲဝိုင်းနိုင်ငံရေးဆိုပြီး အကြမ်းဖျင်း နှစ်မျိုးထပ်ခွဲနိုင်တယ်။ ပါတီနိုင်ငံရေး၊ ရွေးကောက်ပွဲနိုင်ငံရေး၊ အထွေထွေ သပိတ်နိုင်ငံရေးနဲ့ လက်နက်မကိုင်တဲ့နည်းအားလုံးဟာ အကြမ်းမဖက်တဲ့လမ်းစဉ်ကို လျှောက်တာဖြစ်တယ်။ လက်နက်ကိုင် လမ်းစဉ်ကတော့ အကြမ်းဖက်တဲ့နည်းဖြစ်ပါတယ်။ အာဏာရှင်ရဲ့ ဖိနှိပ်မှုကို ခံပြင်းလွန်းမက ခံလာရတဲ့အခါ၊ လူထုဟာ သည်းမခံနိုင်တော့ဘဲ ပြန်လှန်တော်လှန်ဖို့ ကြိုးစားတတ်တယ်။ ကြိုးစားနေရင်းနဲ့ လက်နက်ကိုင်ထား တဲ့ သူကို လက်နက်နည်းအားဖြင့် ပြန်လည် ခုခံမှ အလုပ်ဖြစ်လိမ့်မယ်၊ ကိုယ့်ဘက်က အနာသက်သာလိမ့်မယ် လို့ ယူဆပြီး လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်တတ်ကြတယ်။ လက်နက်ကိုင်ထားတဲ့ အာဏာရှင်ကို တော်လှန်ဖို့ နိုင်ငံရေးနည်းဟာ ပျော့တယ်။ လက်နက်ကို လက်နက်နဲ့ တော်လှန်မှ ရလဒ်ထွက်မယ်လို့ ယူဆရင် လူထုဟာ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်တတ်ကြတယ်။ လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်တဲ့ လမ်းကြောင်းမှာ အားသာချက် ရှိသလို အားနည်းချက်တွေလည်း ရှိနေတယ်။ အထူးသဖြင့် လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ်ဟာ အရဲကိုးလွန်းရာ ကျနေတတ်တယ်။ risk ကြီးတယ်လို့ ဆိုလိုတာ ဖြစ်တယ်။

အာဏာရှင်ကို တော်လှန်တဲ့အခါ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ဖို့ အထောက်အပံ့ပြုတဲ့ အကြောင်းတရား တွေ ရှိတယ်။ လူထုကိုယ်တိုင်က စစ်ဓလေ့ကဲတဲ့ လူမှုနိုင်ငံရေးဓလေ့မျိုးကို ပိုင်ဆိုင်ထားရင် လက်နက်ကိုင် လမ်းစဉ်ကို ရောက်သွားတတ်တယ်။ လူထုဟာ အကြမ်းမဖက်ဘဲ အနုနည်းနဲ့ အဟိံသနည်းကို အယုံမကြည် မရှိတော့ရင် လက်နက်ကိုင် လမ်းစဉ်ကို ကူးသွားတတ်တယ်။ အာဏာရှင်ရဲ့ ဖိနှိပ်ရက်စက်မှုဟာ အလွန်အကျွံ ဖြစ်လာပြီး လူထုရဲ့ ဒေါသနဲ့ အကြောက်တရားဟာ ကြီးမားလွန်းမက ကြီးမားလာရင်လည်း လက်နက်ကိုင် လမ်းစဉ်ကို ကူးသွားတတ်တယ်။ နိုင်ငံရေးနည်းဟာ အချိန်တစ်ခုကို ရှည်ကြာစွာ စောင့်ဆိုင်းရတတ်တာဖြစ်လို့၊ ရလဒ် မြန်မြန် ထွက်ချင်စိတ် လွန်ကဲရင်လည်း အနိုင် / အရှုံး မြန်မြန် ပေါ်နိုင်ဖို့ လက်နက်ကိုင်လမ်းစဉ်နဲ့ အမြန် လျှောက်ချင်တတ်တယ်။ နိုင်ငံရေးနည်းနဲ့ စေ့စပ်ညှိနှိုင်းတဲ့နည်းဟာ အဆင့်ဆင့် တစ်ဆင့်ချင်း သွားရတာ ဖြစ်လို့၊ အချိန်ကြာတတ်တယ်။ ဒါကို မစောင့်နိုင်လို့ ဖြတ်လမ်းက မြန်မြန်သွားဖို့ လက်နက်ကိုင်တာလည်း ဖြစ်နိုင်တယ်။ အချိန်ကာလ ကြာရင် လူထုရဲ့ တော်လှန်ရေးစိတ်ဓာတ်ဟာ သွေးအေးတတ်တယ်၊ အဟုန် ပြန်ကျတတ်တယ်။ ဒါ့ကြောင့် တော်လှန်ရေးအရှိန်ကို အမြင့်ဆုံး မြှင့်တင်ပြီး လက်နက်ကိုင်လမ်းစဉ်ကို အရောက် ခေါ်သွားတတ်တာလည်း ဖြစ်နိုင်တယ်။ ဝန်းကျင်နိုင်ငံရေးမှာ တနည်းအားဖြင့် ကမ္ဘာ့နိုင်ငံရေးမှာ လက်နက်ကိုင် လမ်းစဉ်က ဖန်စီ ဖြစ်နေရင် ၊ ရေပန်းစား နေရင်လည်း အာဏာရှင်တော်လှန်ရေးတွေမှာ၊ လက်နက်ကိုင် လမ်းစဉ်ကို ရောက်သွားတတ်တယ်။ ရှေ့ရှေ့က တော်လှန်ရေးသမိုင်းဖြစ်သန်းမှု နောက်ခံမှာ၊ နိုင်ငံရေးနည်းအားဖြင့် တော်လှန်တာမျိုးထက် လက်နက်ကိုင်နည်းနဲ့ တော်လှန်မှုဟာ အောင်မြင်ခဲ့ဖူးတဲ့ သာဓက ခိုင်ခိုင်မာမာ ရှိရင်လည်း လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်ရတတ်တယ်။ လက်နက်ကိုင်လမ်းစဉ်ကို တွန်းပို့တဲ့ အကြောင်းတရားတွေက မြောက်မြားစွာ ရှိနေပါတယ်။

လက်နက်ကိုင်လမ်းစဉ်ကို လျှောက်လှမ်းတဲ့အခါ ထည့်တွက်ရမယ့် ပြောင်းလဲ အခြေအနေတွေ ရှိနိုင်တယ်။ လူထုဟာ လက်သီးဆုပ်ပြီး လမ်းပေါ်မှာ သပိတ်မှောက်နေရင် စိတ်အခြေအနေက တစ်မျိုးဖြစ်နေမယ်။ လက်သီးဆုပ်ပြီး လက်သီးလက်မောင်းတန်းရုံနဲ့ မဖြစ်နိုင်တော့ဘူးလို့ ယူဆရင် လက်ညှိုးကွေးချင်ကြတယ်။ လက်ထဲမှာ လက်နက်ရောက်သွားရင် လူထုရဲ့တော်လှန်ရေးစိတ်အခြေအနေက ပြောင်းလဲသွားတယ်။ ဘယ်လို ပြောင်းလဲသွားသလဲ။

လက်နက်ကိုင်လမ်းစဉ်မှာ ခိုင်မာတဲ့ ယုံကြည်ချက်ဟာ အရေးတကြီးလိုတယ်။ ယုံကြည်ချက်ကို တွန်းအားပေး စုစည်းပေးတာကတော့ နိုင်ငံရေးအိုင်ဒီယော်လိုဂျီဖြစ်ပါတယ်။ ထို့နောက် ကြံ့ခိုင်ကျစ်လစ်တဲ့ ခေါင်းဆောင်မှုဖြစ် ပါတယ်။ ယုံကြည်ချက်၊ ဝါဒဆွဲကိုင်မှုနဲ့ ခေါင်းဆောင်မှု ကောင်းကောင်း ပါမလာရင် ၊ လက်နက်ကိုင် လမ်းစဉ်ဟာ အကျိုးထက် အပြစ်ဖြစ်ဖို့ ပိုများတယ်။ တနည်းအားဖြင့် အာဏာရှင် (ရန်သူ) က သတ်လို့ မသေဘဲ ကိုယ့်အချင်းချင်း သတ်လို့ သေတာ ဖြစ်ဖို့များတယ်။ ဒါကို သတိထားသင့်တယ်။ နိုင်ငံရေးယုံကြည် ချက်အားဖြင့် ပါးရိုက်လို့ နားပြန်ကိုက်တယ်ဆိုတဲ့ တုံ့ပြန်မှုမျိုးထက် ကျော်လွန်သင့်တယ်။ ပြင်းထန်တဲ့ နိုင်ငံရေး ယုံကြည်ချက်အခံနဲ့ နိုင်ငံရေးဝါဒ တစ်ရပ်ရဲ့ လမ်းညွှန်မှု အောက်မှာ ရှိမနေရင် လက်နက်ကိုင်လမ်းစဉ်ဟာ….

• သပ်လျှိုဖို့ လွယ်တယ်။
• သင်းခွဲဖို့ လွယ်တယ်။
• ဂိုဏ်းဂဏ ကွဲပြဲဖို့ များတယ်။

လက်နက်ကိုင်လမ်းစဉ်အတွက် လိုအပ်တဲ့ နိုင်ငံရေးခေါင်းဆောင်မှုမှာ၊ အတ္တနဲ့ ကိုယ်ကျိုးစီးပွား ပါဝင်လာရင် ပြိုကွဲနိုင်တယ်။ အတ္တနဲ့ ကိုယ်ကျိုးစီးပွားကို မထိန်းကွပ်နိုင်ဘဲ၊ ဗိုလ်လုပ်ချင်သူ ၊ ခေါင်းဆောင်လုပ်ချင်သူ များပြား လွန်းရင်လည်း ပြိုကွဲနိုင်တယ်။ ပုဂ္ဂိုလ်ရေးဩဇာ ကြီးမားတဲ့ ခေါင်းဆောင်တစ်ယောက်ယောက်ရဲ့ ဦးဆောင်မှုအောက်ကို တစ်သွေမတိမ်း လိုက်တဲ့ နောက်လိုက်တပ်ဦးရှိရင် လက်နက်ကိုင်လမ်းစဉ်က အောင်မြင်နိုင်တယ်။ စနစ်တကျ ဝါဒဖြန့်ချိရေးအားကောင်းတဲ့ ယန္တရားရှိဖို့ အရေးတကြီးလိုတယ်။ တော်လှန်ရေး စိတ်ကို အမြဲမပြတ် လှုံ့ဆော်နိုင်တဲ့ လှုပ်ရှားမှုတွေ၊ ဆော်ဩမှုတွေ မပြတ် လိုတယ်။ တော်လှန်ရေးအတွက် ဘေးတီးပေးခြင်းလို့ နားလည်နိုင်တယ်။

လက်နက်ကိုင်လမ်းစဉ်မှာ သန္ဓေတည်တဲ့ ကာလရှိတယ်။ မွေးဖွားတဲ့ ကာလရှိတယ်။ တော်လှန်ရေး သန္ဓေတည် တဲ့ ကာလကို တော်လှန်းရေး မွေးဖွားတဲ့အချိန်နဲ့ မမှားဖို့ လိုတယ်။ သန္ဓေတည်နေချိန်မှာ ဇွတ်အတင်း မွေးဖွား ချင်လို့ မရဘူး။ တော်လှန်ရေးဟာ နေ့မစေ့ လမစေ့ဘဲ မွေးရင် အသေလေး မွေးလာတတ်တယ်။ တော်လှန်ရေး ဟာ လောလွန်းအားကြီးရင်လည်း သားလျောတတ်တယ်။ တချို့သော လူ့အဖွဲ့အစည်းတွေမှာ တော်လှန်ရေး သန္ဓေမတည်နိုင်ဘဲ အမြုံဖြစ်နေတတ်တယ်။ တခါတရံလည်း တော်လှန်ရေးသားကျော ဖြတ်ခံထားရတာ ဖြစ်နိုင် တယ်။ လူ့အဖွဲ့အစည်းထဲမှာ တော်လှန်ရေးမွေးဖွားဖို့အတွက် အကြောင်းတရားတွေ စုဆုံပြီး လိုအပ်နေလိမ့် မယ်။

လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ဟာ အချိန်ကာလ အတိုင်းအတာ သတ်မှတ်ချက် တစ်ခုအတွင်းမှာ ပြီးပြတ်အောင် တော်လှန်နိုင်မှ ကောင်းမယ်။ သို့မဟုတ်ရင် ဇာတ်မျောကြီးဖြစ်နေတတ်တယ်။ အီလည် လိုက်နေ တတ်တယ်။ ဝဲလည်လိုက်နေတတ်တယ်။ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ပြီး ရလဒ် မထွက်ဘဲ ကြိုကြား ပြည်တွင်းစစ်အသွင်ကို ကူးပြောင်းတတ်တယ်။ ကြိုကြား ပြည်တွင်းစစ်နဲ့ ပြောက်ကြား ပြည်တွင်းစစ် ဟာ လူ့အဖွဲ့အစည်းကို တဖြည်းဖြည်းချင်း မျှင်း သတ်နေတဲ့ လူသတ်ကောင်ဖြစ်တယ်။ လူ့အဖွဲ့အစည်းဟာ မတည်ငြိမ်မှုနဲ့ မငြိမ်းချမ်းမှု၊ စစ်ပွဲတွေ တိုက်ပွဲတွေကြောင့် စားကောင်းခြင်း မစားရ၊ အိပ်ကောင်းခြင်း မအိပ်ရ၊ ကောင်းကောင်း လုပ်ကိုင် ရှာဖွေ စိုက်ပျိုး ရောင်းဝယ် ဖောက်ကားလို့ မရ။ စီးပွားရေး မဖြစ်ထွန်း။ လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရ။ လူ့အခွင့်အရေး ချိုးဖောက်ခံရနဲ့ တဖြည်းဖြည်း အိပဲ့ကျဆင်းသွားတတ်တယ်။

လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ပါလျက်နဲ့ အာဏာရှင်ကို အကင်းပြတ်အောင် မတိုက်နိုင်ဘဲ၊ ဇာတ်မျောကြီး ဖြစ်နေရင် လူ့အဖွဲ့အစည်းမှာ အကျိုးထက် အပြစ်ပိုဖြစ်တယ်။ လက်နက်ကို ရေရှည်ဆွဲကိုင်နိုင်အောင် ကြိုးစား တဲ့နေရာမှာ ရေသောက် ဗိုက်မှောက်ပြီး လက်နက်ကိုင်ထားလို့ မရဘူး။ စစ်စရိတ်လိုတယ်။ ငွေလိုတယ်။ ဘဏ္ဍာ ငွေကြေးလိုတယ်။ လက်နက်ကိုင် လမ်းစဉ်အတွက် လက်နက်ဟာ ဘယ်က ရသလဲ။

နိုင်ငံတကာ မဟာမိတ်ကောင်းရှိလို့၊ ဘုံအကျိုးစီးပွား တူမျှပြီး ပြည်ပ လက်နက်အထောက်အပံ့ရရင် လက်နက် ကိုင်နိုင်တယ်။ လူထုက လက်နက်ကိုင်လမ်းစဉ်ကို ကြည်ဖြူလို့၊ သဘောတူလို့ အခွန် ပုံမှန်ပေးရင် လက်နက်ကိုင် လမ်းစဉ်ကို ရေရှည် လှမ်းနိုင်တယ်။ ပြည်ပ လက်နက်အထောက်အပံ့မှာ လက်ဝေခံဖြစ်နိုင်ချေ ရှိ တယ်။ ဒါ့ကြောင့် ပြည်ပ လက်ဝေခံ လက်ကိုင်တုတ် ဖြစ်သွားတတ်တာကို သတိထားဖို့ လိုလိမ့်မယ်။ နိုင်ငံရေး ယုံကြည်ချက် မခိုင်မြဲဘဲ၊ နိုင်ငံရေးပါးနပ်မှု မရှိရင် ပြည်ပ လက်နက်အထောက်အပံ့ဟာ လက်ဝေခံ (proxy) ဖြစ် သွားနိုင်တာကို သတိချပ်သင့်တယ်။ လူထုဆီကလည်း အခွန်မရ။ ပြည်ပ အထောက်အပံ့လည်း မရရင် လက်နက်စရိတ်နဲ့ စစ်ရိက္ခာအတွက် ငွေကို ဘယ်က ရမှာလဲ…..။

စိုးမိုး ဧရိယာထဲမှာ သယံဇာတရှိနေရင် သဘာဝရင်းမြစ်၊ သယံဇာတတွေဟာ လက်နက်စရိတ်နဲ့ စစ်စရိတ်ဖြစ် နိုင်တယ်။ သယံဇာတကို တူးဖော် ထုတ်လုပ်ပြီး စစ်စရိတ်ကို သုံးရတဲ့အခါ၊ သယံဇာတကျိန်စာဟာ တွဲလျက် ပါလာတယ်။ စစ်နဲ့ သယံဇာတ ပူးတွဲနေခြင်းဟာ သယံဇာတကျိန်စာ သင့်ပြီး လက်နက်ကိုင်တော်လှန်ရေးလည်း အပြီးသပ် မအောင်မြင်၊ လူထုလည်း ဆင်းရဲ။ တိုင်းပြည်လည်း မွဲ…. ဖြစ်တတ်တယ်။ သယံဇာတကနေ မရရင် ဘယ်ကနေ ထပ်ရနိုင်မလဲ။ ဘိန်း ရောင်းဝယ် ဖောက်ကားမှုမှာ မလွှဲမရှောင်သာ ခွင့်ပြုလိုက်ရပြီး အခွန်ငွေကို ကြက်ကောက် ကောက်နေရတတ်တယ်။ ဘိန်း စိုက်ပျိုးမှု၊ မူးယစ်ဆေးဝါး ရောင်း ဝယ် ဖောက်ကား ထုတ်လုပ်မှု မှာ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်တဲ့ နိုင်ငံရေးအဖွဲ့အစည်း တပ်ရပ်ရပ်က ပါဝင်ပတ်သက်နေရပြီ ဆိုရင်….၊ အေ့စ် (AIDS) ရောဂါအကူးခံရသလို တဖြည်းဖြည်းနဲ့ ခုခံအား ကျဆင်းလာတော့တာပဲ။ ဒီလိုနဲ့ တဖြည်းဖြည်း နိဂုံးကို ရောက်လာတော့မယ်။ ရန်သူရဲ့ အချေမှုန်း မခံရဘဲ ကိုယ့်ဘာသာ ခုခံအားကျဆင်းပြီး သေနာနိဂုံးကို ဆိုက်ရောက်သွားတတ်တယ်။ ဒီလို သက်သေ သာဓကတွေဟာ သမိုင်းဖြစ်ရပ်တွေထဲမှာ ရှိနေတယ်။

လက်နက်ကိုင်လမ်းစဉ်နဲ့ အောင်မြင်ခဲ့တဲ့ သာဓကတွေ ရှိလား။ ရှိတယ်။ လက်နက်ကိုင်လမ်းစဉ်သက်သက်ချည်း ကိုင်စွဲတဲ့ နည်းကတော့ မြန်မာပြည်မှာ ကွန်မြူနစ်တွေ လုပ်ခဲ့တာပဲ။ နိုင်ငံရေးနည်းနဲ့ လက်နက်နည်းပေါင်းပြီး တော့ တော်လှန်တာကတော့ ဗိုလ်ချုပ်အောင်ဆန်းနည်းပဲ။ လက်နက်ကို လက်နက်နဲ့ အံတုတဲ့နည်းက အကြမ်း ပတမ်းဖြစ်လို့ အထိအခိုက် အသေအကြေများတယ်။ လက်နက်ကိုင်တပ်ဖွဲ့ကို စနစ်ကျတဲ့ နိုင်ငံရေးအိုင်ဒီယော်လိုဂျီနဲ့ လမ်းညွှန်ချက် ပေးနိုင်ရင် လက်နက်ကိုင်လမ်းစဉ်ဟာ အောင်မြင်လိမ့်မယ်။ တကယ်တော့ မြန်မာပြည်ဟာ တစ်ခွင်လုံး တစ်ပြင်လုံးကို တော်လှန်ရေး လုပ်ပစ်ရမှာ။ နိုင်ငံရေးတော်လှန်မှု၊ လူမှုတော်လှန်ရေးနဲ့ ပညာရေးတော်လှန်မှုတို့ကို အပြင်းအထန် လုပ်ရမှာ။ အဲသည်လိုမှ မဟုတ်ရင် အာဏာသိမ်း တဲ့ အဆိုးကျော့သံသရာက ထပ်ပြီး လည်အုံးမှာပဲ။ အထူးသဖြင့် တပ်မတော်ထဲမှာ ပေးနေတဲ့ ပညာရေးသင်ရိုး နဲ့ သင်ကြားမှု စနစ်တွေ အားလုံးကို ပြောင်းရမှာ။ တပ်ထဲမှာ ဝါဒဖြန့်ချိတဲ့ပုံစံနဲ့ တပ်မတော်ကို စုစည်းအောင်တည် ဆောက်ထားတဲ့အခါမှာ၊ တပ်နဲ့ အရပ်ဘက်မှာ ပြဿနာရှိလာတယ်။ အရပ်ဘက် – စစ်ဘက်ဆက်ဆံရေး ဆိုတာ ဟာ စာအုပ်တွေထဲမှာပဲ ရှိတယ်။ လက်တွေ့အားဖြင့် အကျိုးစီးပွားချင်း ပဋိပက္ခဖြစ်နေလို့ လက်တွေ့ မလုပ်နိုင် ဘူး။ တပ်မတော်ကို ပြည်သူပိုင် လုပ်ပစ်ရမယ်။ ဒါဟာ တပ်တွင်း ပြုပြင်ပြောင်းလဲရေးဖြစ်တယ်။ တပ်မတော် လူထုက ပိုင်အောင် လုပ်လိုက်ခြင်းဖြစ်တယ်။ အဲသည့်အတွက် နည်းလမ်းကတော့၊ နိုင်ငံသားတိုင်းကို စစ်ပညာ သင်ပေးဖို့ပဲ။ ပြီးတော့ တပ်ထဲမှာ အမြဲတမ်း တာဝန်ထမ်းဆောင်ချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်။ ပြီးတော့ အသက်အရွယ်တစ်ခုရောက်ရင် တပ်ထဲကနေ နှုတ်ထွက်ချင်တဲ့ သူတွေ ရှိလိမ့်မယ်။ ဒါကို ခွင့်ပြုပေးရ လိမ့်မယ်။ တပ်ကို ပြည်သူပိုင်ဖြစ်အောင် လုပ်ဖို့ စင်္ကာပူမှာ ကျင့်သုံးတဲ့နည်းတချို့ကို သုံးရင် ကောင်းတယ်။

စင်္ကာပူမှာ တပ်မတော်ကို တည်ထောင်ခါစက ဒီနည်းကို ကျင့်သုံးတယ်။ အဲဒါကို လီကွမ်ယုက သူရဲ့ တတိယ ကမ္ဘာမှ၊ ပထမကမ္ဘာသို့ ဆိုတဲ့ စာအုပ်မှာ ရေးတယ်။ “ ထူးချွန်တဲ့ အရာရှိလောင်းတွေကို နိုင်ငံခြားတက္ကသိုလ်တွေ ကို ပညာသင်စေလွှတ်တယ်။ ဟားဗတ်တို့၊ စတင်းဖိုဒ်တို့လို အမေရိကန်တက္ကသိုလ်တွေမှာ အုပ်ချုပ်ရေး ပညာတွေ သင်စေတယ်။ အဲသည့်တက္ကသိုလ်တွေကနေ ဘွဲ့ရပြီး ပြန်လာရင် (၈) နှစ် စစ်မှုထမ်းဖို့ စာချုပ်ချုပ် ရတယ်။ (၈) နှစ်ပြည့်ပြီးရင် တပ်ထဲမှာ ဆက်နေလိုက နေနိုင်တယ်။ သို့မဟုတ် တပ်ကနေ အနားယူလိုက ယူနိုင်တယ်။ လွတ်လပ်စွာ ရွေးချယ်ခွင့် ပေးတယ်။ ဒါပေမယ့် တစ်နှစ်ကို နှစ်ပတ်ကနေ သုံးပတ်အထိ နှစ်စဉ် စစ်ရေးလေ့ကျင့်မှုကို မသင်မနေရ လုပ်ရတယ်။” ဒါက စင်္ကာပူ လုပ်ခဲ့တဲ့ နည်းတွေ ထဲက တစ်ခုပဲ။ စစ်မှန်တဲ့ ပြည်သူ့စစ်ဖွဲ့စည်းပုံဟာ မြန်မာပြည်မှာ အရေးတကြီး လိုအပ်နေတယ်။ တပ်မတော်ကို ဗဟိုမဏ္ဍိုင်ထားပြီး ပြည်သူဟာ စစ်ပညာတတ်မြောက်တဲ့ လူ့စွမ်းအားတွေ ဖြစ်နေရမှာ။ ပြည်သူနဲ့ တပ်မတော်အကြားမှာ၊ ယုံကြည်မှု စည်းကိုလည်း တုပ်နှောင်ပြီးသားဖြစ်သွားမယ်။ အရပ်သားနဲ့ စစ်သားအကြား ဆက်ဆံရေးတစ်ရပ် ကိုလည်း ထူထောင်ပြီးသားဖြစ်သွားမယ်။ ထိတွေ့ဆက်ဆံမှုတွေ ရှိတဲ့အခါ၊ ရင်းနှီးမှု နားလည်မှုတွေ ယုံကြည်မှု တွေ ရလာမယ်။ ဒါပေမယ့် တပ်က ဗိုလ်ချုပ်ကြီးတွေက တစ်ဖက်ပိတ် အမြင်ပဲ ရှိတယ်။ တပ်ကို အပြင်လူနဲ့ ထိတွေ့ခြင်းဟာ တပ်ကို စည်းလုံးမှု ပျက်ပြားစေတယ်လို့ မြင်တယ်။ ဒါ့ကြောင့် တပ်ကို အရပ်သားပြည်သူနဲ့ ခပ်ကင်းကင်းမှာ ထားတယ်။ တပ်နဲ့ အရပ်သားပြည်သူ တစ်သားတည်းဖြစ်ခြင်းအားဖြင့် တပ်ထဲမှာ ခေါင်းဆောင် ရ ၊ ထိန်းချုပ်ရခက်တယ်လို့ မြန်မာစစ်ဗိုလ်တွေက မြင်ပုံရတယ်။ ပြီးတော့ မြန်မာစစ်တပ်ဟာ ပြည်ပရန်ထက် ပြည်တွင်းရန်ကို သိပ်ကြောက်တယ်။ အထူးသဖြင့် အတိတ်သမိုင်းမှာ ကွန်မြူနစ်တစ္ဆေခြောက်ခံရတာဟာ အခုထိ မြန်မာစစ်တပ်အပေါ်မှာ ရှိနေတုန်းပဲ။ တနည်းအားဖြင့် မြန်မာစစ်ဗိုလ်တွေဟာ မရှိတော့တဲ့ ကွန်မြူနစ် တစ္ဆေကို အခုထိ လန့်နေတုန်းပဲ။ လူထုအုံကြွမှုတစ်ခုတွေ့တိုင်း ဒါဟာ ကွန်မြူနစ်တွေရဲ့ လက်ချက်ပဲလို့ စိတ်ထဲ မှာ အသေစွဲမှတ်နေတယ်။

မြန်မာပြည် ပြည်တွင်းစစ် တာရှည်နေတာလည်း လူမျိုးရေးကြောင့်ပဲ။ တပ်ထဲမှာ ဗမာကြီးစိုးရေးဝါဒ လွှမ်းမိုးနေ တာလည်း လူမျိုးရေးပဲ။ နိုင်ငံတော်မှာ၊ အာဏာသိမ်းမှုတွေ ခဏ ခဏ ဖြစ်ရတာလည်း လူမျိုးရေးအကြောင်း တရားက ထိပ်ဆုံးက ပါနေတာပဲ။ တပ်မတော် ပြုပြင်ပြောင်းလဲရေးမှာ၊ လူမျိုးရေးကိစ္စကို ထည့် မစဉ်းစားရင် ရကို မရဘူး။ တနည်းအားဖြင့် လူမျိုး သင်္ကေတကို ကိုင်စွဲတဲ့ အမှတ်သရုပ်ဝါဒီတွေ များပြားနေတာဟာ မြန်မာစစ်တပ် ကို တစ်ဖက်ပိတ်လမ်းကြောင်းထဲ ရောက်စေတယ်။ ဒါကို ဘယ်မြန်မာစစ်ဗိုလ်ကမှ ဖောက်ထွက်နိုင်အောင် မကြိုးစားနိုင်ခဲ့သေးဘူး။ သခင်စိုး ပြောခဲ့ဖူးတဲ့ စကား တစ်ခွန်းရှိတယ်။ မြန်မာစစ်တပ်ဟာ မူလ တည်ထောင် ကတည်းက သန္ဓေမမှန်ဘူးလို့ ဆိုတယ်။ ဘာလို့လဲဆိုတော့ မြန်မာစစ်တပ်မှာ ဖက်ဆစ်သန္ဓေပါနေလို့ပဲတဲ့။ သိပ်ကောင်းတဲ့ မှတ်ချက်။ ပြီးတော့ သခင်စိုး ပြောခဲ့ဖူးတာ ရှိသေးတယ်။ စစ်တပ်ဟာ ဒီမိုကရေစီရရှိရေးအတွက် ကြိုးစားနေပါတယ်လို့ ဆိုတာဟာ ဖာခေါင်းဦးဆောင်တဲ့ ပြည့်တန်ဆာပပျောက်ရေး လုပ်ငန်းစဉ်လိုဖြစ်နေတယ် တဲ့။ ဒီစကားကလည်း သိပ်ပြောင်မြောက်တယ်။ မြန်မာစစ်တပ်က စစ်ဗိုလ်ချုပ်တွေဟာ ဒီမိုကရေစီကို လျှောက်လှမ်းတဲ့ လမ်းကြောင်းမှာ အမျိုးသားရေး ဦးဆောင်မှု အခန်းကဏ္ဍကနေ အစဉ်တစိုက်ပါဝင်မယ်လို့ ဆိုလိုတာဟာ ဘာအတွက်လဲ။ guardianship လို့ ပြောနိုင်တဲ့ အုပ်ထိန်းဦးစီးပြီးတော့ ဒီမိုကရေစီလမ်းကို လျှောက်စေလိုတာလား။ သို့တည်းမဟုတ် စစ်တပ်ရဲ့ အကျိုးစီးပွားကို အမြဲတမ်း ကာကွယ်ဖို့ နိုင်ငံရေး အတွင်းစည်းမှာ အမြဲတမ်း နေလိုတာလား။ ဒါမှမဟုတ် အရပ်သားတွေက တပ်တွင်း ပြုပြင်ပြောင်းလဲရေးကို နိုင်ငံရေးဝါဒမှိုင်းတွေ မိပြီး ဖျက်လိုဖျက်ဆီး လုပ်မှာ စိုးရိမ်တာလား။ တပ်မတော် သင်းခွဲခံရမှာ ကြောက်တာလား။ တပ်တွင်း ပုန်ကန်မှုနဲ့ တပ်ရင်းအလိုက် တောခိုမှုတွေ ထပ်ဖြစ်မှာ ကြောက်တာလား။

မင်းသေ့
ဧပြီ ၊ ၂၀၂၁ ။
(မြန်မာပြည် တောတွင်း တစ်နေရာ)

Previous post ဒေါ်အောင်ဆန်းစုကြည် (၁၉၄၅ – )
Next post • စစ်သား စစ်ဗိုလ်

2 thoughts on “လက်နက်ကိုင်လမ်းစဉ်

  1. This is an insightful analysis of our current situation in Myanmar. Thank you for all of your hardwork.

Comments are closed.