• ၁၉၄၅ ခုနှစ် တွင်မွေးဖွား။
• အဖ ဦးအောင်ဆန်း ၊ အမိ ဒေါ်ခင်ကြည်။
• ရန်ကုန်မြို့ ဇာတိ။
• မွေးချင်း (၃) ယောက်အနက် အငယ်ဆုံး သမီး။
• အာဏာရှင်တော်လှန်ရေး၏ တပ်ဦး
• လူထုခေါင်းဆောင်
• နိုင်ငံရေးသမား
• ဒီမိုကရက်တစ်ဘက်တော်သား
• လူထုတပ်ဦး
• အမျိုးသားခေါင်းဆောင်
• နိုင်ငံတော်အတိုင်ပင်ခံ
• သမိုင်းအစဉ်အလာကြီးမားတဲ့ အသိုက်အဝန်းက ဆင်းသက်လာသူ
• တိုင်းပြည်အတွက် အရာအားလုံးကို စွန့်ရဲသူ
• သံမဏိကြိုးမျှင်
• ဩဇာတိက္ကမကြီးမားသူ
• ဒီမိုကရေစီရဲ့ သင်္ကေတ
• ငြိမ်းချမ်းရေးရဲ့ အမှတ်သရုပ်
• မြန်မာပြည်ရဲ့ ရှားပါးမျိုးစိတ်
• ပြည်သူလူထု အချစ်တော်

မြန်မာ့ဒီမိုကရေစီနိုင်ငံရေးခရီးကြမ်းရဲ့ အဓိက ဇာတ်ဆောင်၊ အဓိက ဇာတ်ကောင်လို့ ပြောနိုင်ပါတယ်။ အစဉ် အလာအားဖြင့် ကြီးမြင့်ခဲ့သလို၊ ဂုဏ်ဒြပ်အားဖြင့်လည်း ပြောင်ရောင်ခဲ့သူဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဟာ မြန်မာပြည်မှာ ၂၀ ရာစု အကုန်၊ ၂၁ ရာစု အစပိုင်းကာလတွေမှာ ထွန်းတောက်ခဲ့တဲ့ အထင်ရှားဆုံး ကြယ် ပွင့်လို့ ပြောရင်လည်းရနိုင်ပါတယ်။ နိုင်ငံရေးမှာ မျိုးရိုးအားဖြင့် သူ့ကို ယှဉ်နိုင်ခဲ့သူ မရှိခဲ့ပါဘူး။ နိုင်ငံအသိအမြင် ပိုင်းအရ ထိပ်ဆုံး အထွတ်အထိပ်ကို ရောက်ရှိခဲ့သူလည်းဖြစ်ပါတယ်။ နိုင်ငံရေးမဟာဗျူဟာ အလှည့်အပြောင်း တွေကြားထဲမှာ လှိုင်းကြမ်း လေကြမ်း မုန်တိုင်းကြမ်းနဲ့ နိုင်ငံရေးဝဲဩဃတွေထဲမှာ ဖြတ်သန်းကျော်ဖြတ်နိုင်ခဲ့သူ အဖြစ် အသိအမှတ်ပြုနိုင်ပါတယ်။ ကိုယ့်ကျင့်အားဖြင့် စွန်းထင်းမှု မရှိခဲ့သလို၊ ဒီမိုကရေစီ လမ်းစဉ်အတွက် သစ္စာခိုင်ကျည်ခဲ့သူဖြစ်ပါတယ်။ အနောက်တိုင်း ဘွဲ့ရပညာတတ်တစ်ယောက်ထက် ပိုပါတယ်။ နိုင်ငံရေး ဒဿနပိုင်းမှာ ပေါက်မြောက်အောင်မြင်ထားပြီးသူဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ အတိုက်အခံနိုင်ငံရေးသမား ဘဝကနေ နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ်နဲ့ အကျဉ်းစံ ဘဝမှာ နေခဲ့ရပြီး ဒီမိုကရေစီတိုက်ပွဲမှာ အောင်ပွဲ ရခဲ့သူဖြစ်ပါတယ်။ သူ နိုင်ငံရေးအာဏာရတဲ့အချိန်မှာ၊ အသက်အားဖြင့် ၇၀ ကျော်နေခဲ့ပါပြီ။ အသက်အရွယ် အိုမင်းပေမယ့်၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ မညှိုးနွမ်းဘဲ ပြည်သူ့မျှော်လင့်ချက်ကို အဆုံးအစွန်ဆုံးအထိ ထမြောက် စေနိုင်ခဲ့သူဖြစ်ပါတယ်။ ပြည်တွင်းနိုင်ငံရေးအတိုက်အခိုက်တွေကြားထဲမှာ ရုန်းကန်ခဲ့ရသလို၊ ပြည်ပနိုင်ငံကြီး တွေရဲ့ အထွေထွေဖိအားဒဏ်ကိုလည်း ကြံ့ခိုင်နိုင်ခဲ့ပါတယ်။ လက်တွေ့ကျတဲ့ နိုင်ငံရေးကို မျက်ခြေမပြတ်သလို နိုင်ငံရေး အခြေခံတန်ဖိုးနဲ့ နှုန်းစံ၊ မူအားဖြင့်လည်း မပျက်ယွင်းခဲ့သူဖြစ်ပါတယ်။ လက်တွေ့နဲ့ သီအိုရီ နှုန်းစံတွေ အကြားမှာ ဟာမိုနီဖြစ်အောင် မျှခြေကိုက်ထားနိုင်တဲ့ ရှားရှားပါးပါး အမျိုးသမီးနိုင်ငံရေးသမား၊ လူထုခေါင်း ဆောင်၊ နိုင်ငံ့ခေါင်းဆောင်၊ ဒီမိုကရေစီခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၄၅ မှာ မွေးတယ်။ ၁၉၄၅ ခုနှစ်ဟာ ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့ နှစ်။ ဒေါ်အောင် ဆန်းစုကြည် နှစ်နှစ်သမီးလောက်မှာပဲ ဖခင်ဖြစ်သူ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံလိုက် ရတယ်။ အမေဖြစ်သူ ဒေါ်ခင်ကြည်က သံတမန်အဖြစ် တာဝန်ထမ်းဆောင်ရတာဖြစ်လို့၊ မိခင်ဖြစ်သူနဲ့ အတူ လိုက်ပါကြီးပြင်းခဲ့ရတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားမှာ ကြီးပြင်းလာသူလို့ ပြောနိုင်တယ်။ ၁၉၆၇ ခုနှစ်မှာ အောက်စဖို့ဒ်တက္ကသိုလ်၊ စိန့်ဟူ့စ်ကောလိပ်ကနေ နိုင်ငံရေးပညာ၊ ဒဿနိကဗေဒ၊ ဘောဂဗေဒ ဘာသာရပ်တွေနဲ့ ဘွဲ့ရခဲ့တယ်။ ၁၉၆၉ ခုနှစ်မှာ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ (၂) နှစ်လောက် အလုပ်လုပ်တယ်။ ၁၉၇၂ မှာ၊ မိုက်ကယ်အဲရစ်နဲ့ လက်ထပ်တယ်။ မိုက်ကယ်အဲရစ်ဟာ ပညာရှင်တစ်ယောက် ဖြစ်တယ်။ တိဘက်ရေးရာ ဗြိတိသျှပညာရှင်ဖြစ်တယ်လို့ ဆိုတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အိမ်ထောင်ကျ ပြီးပေမယ့်၊ ပညာရေးမှာ စိတ်အားထက်သန်တယ်။ ဒါ့ကြောင့် လေ့လာဆည်းပူးမှု မပြတ်ခဲ့ဘူး။ အိမ်ထောင်ကျ ပြီး ကလေး (၂) ယောက်ရှိလာတဲ့ အိမ်ထောင်ရှင်မဖြစ်ပေမယ့် ပညာကိုဆက်လက်ဆည်းပူးခဲ့တယ်။ မြန်မာ့ သမိုင်းနဲ့ စာပေကို အဓိကထားလေ့လာတယ်။ ဂျပန်နိုင်ငံ၊ ကျိုတိုတက္ကသိုလ်နဲ့ အိန္ဒိယနိုင်ငံ အဆင့်မြင့် သုတေ သနဌာနတို့မှာ ဧည့်ပညာရှင်အဖြစ်နဲ့ လေ့လာခဲ့တယ်။ ၁၉၈၈ ခုနှစ်မှာ မိခင်ဒေါ်ခင်ကြည် မကျန်းမမာဖြစ်ပြီး မြန်မာပြည်ပြန်လာချိန်မှာ လန်ဒန်တက္ကသိုလ်ကနေ အရှေ့တိုင်းနဲ့ အာဖရိကလေ့လာရေးဌာနမှာ လေ့လာခြင်း တွေကို ရပ်နားခဲ့တယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ၈၈၈၈ လူထုအရေးတော်ပုံကြီးကနေ လူထုခေါင်းဆောင်အဖြစ် မွေးထုတ်ပေးလိုက် တယ်။ သူ့မှာ နိုင်ငံရေးခရီးကြမ်းတွေကို ဖြတ်ခဲ့ရတယ်။ အထူးသဖြင့် စစ်အစိုးရရဲ့ အမျိုးမျိုး ဖိနှိပ်မှုတွေကြားမှာ အလူးအလဲခံခဲ့ရတယ်။ နေအိမ်အကျယ်ချုပ်အဖြစ် နှစ်ပေါင်းများစွာ အကျဉ်းချခံခဲ့ရတယ်။ လူထုရဲ့ ဒီမိုကရေစီ တော်လှန်ရေးအတွက် ခင်ပွန်းကိုလည်း စွန့်ခဲ့တယ်။ သားနှစ်ယောက်ကိုလည်း စွန့်ခဲ့တယ်။ မိန်းမသားဖြစ်ပေ မယ့် လက်နက်ကိုင်တဲ့ အာဏာရှင်ယောက်ျားထုတွေရဲ့ နိုင်ငံရေးအကျဉ်းအကြပ်တွေထဲမှာ ရုန်းကန်ခဲ့ရတယ်။ ဒီပဲယဉ်းမှာ သေလောက်အောင်အထိ လုပ်ကြံခံခဲ့ရပေမယ့်၊ လွတ်မြောက်လာခဲ့တယ်။ အနောက်တိုင်း ပညာတတ်တစ်ယောက်ဖြစ်ပေမယ့်၊ လူထုကို ဟောပြောတဲ့နေရာမှာ မြန်မာသိပ်ဆန်တယ်။ မြန်မာလေ အပြည့် ရှိတယ်လို့ ပြောလို့ ရတယ်။ လူထုကို ဟောပြောခြင်းအားဖြင့် ညှို့ယူနိုင်သလို၊ ကိုယ်ကျင့်အားဖြင့်လည်း ညှို့ ယူနိုင်ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သဘာဝက ပေးတဲ့လက်ဆောင်လို့ မြန်မာလူထုက ယုံကြည်ကြ တယ်။ ဒေါ်အောင်ဆန်းစုကြည်လို လူမျိုးကို နှစ်ယောက်မရနိုင်ဘူးလို့ ယုံကြည်လက်ခံကြတယ်။ ဒေါ်အောင် ဆန်းစုကြည်ဟာ အတိုက်အခံနိုင်ငံရေးသမားဘဝနဲ့ နှစ်ပေါင်း ၂၀ ကျော် ဖြတ်သန်းခဲ့ရတယ်။ သူအပါအဝင် နိုင်ငံရေးသမားဟောင်းကြီးတည်ထောင်ခဲ့ကြတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဝင်တွေဟာ စစ်အစိုးရရဲ့ အမျိုး မျိုးသော ဖိနှိပ်ညင်းဆဲမှုတွေကိုခံခဲ့ရတယ်။ ဒါပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အာဏာရပါတီဖြစ်လာ တဲ့အထိ အောင်မြင်ပေါက်မြောက်ခဲ့တယ်။ ဒီနေရာကိုရောက်ဖို့ အလွယ်တကူ ရလာခဲ့တာတော့ မဟုတ်ဘူး။ အသက်သွေးချွေးတွေ မြောက်မြားစွာ စတေးခဲ့ရတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဒေါ်အောင်ဆန်းစု ကြည်နဲ့ တစ်သားတည်းဖြစ်တည်ခဲ့တယ်။ ဒီ/ချုပ် လို့ ပြောရင် လူထုဟာ ဒေါ်အောင်ဆန်းစုကြည်ကို သွားမြင်ပြီး ဒေါ်အောင်ဆန်းစုကြည်လို့ ပြောရင်လည်း ဒီ/ချုပ်ကို ပြေးမြင်ကြတာပဲ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဩဇာတိက္ကမ ဟာ ပြည်တွင်းမှာရော ပြည်ပမှာပါ ပျံ့နှံ့လွှမ်းမိုးခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လစ်ဘရယ် စိတ်အခံရှိတဲ့၊ အစွန်းမရောက်တဲ့ အတိုက်အခံနိုင်ငံရေးခေါင်းဆောင်အဖြစ် အသိအမှတ်ပြုကြတယ်။ အကြမ်း မဖက်သောနည်းနဲ့ နိုင်ငံရေးနည်းအားဖြင့် အာဏာရှင်ကို တော်လှန်တဲ့လမ်းစဉ်ကို ခိုင်ခိုင်ကြည်ကြည် ရွေးချယ် ခဲ့ခြင်းကြောင့် နိုဘယ်လ်ငြိမ်းချမ်းရေးဆုနဲ့ ချီးမြှောက်ခြင်းခံရတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အကြမ်းမဖက်တဲ့နည်းကို ရွေးချယ်ခဲ့တယ်။ နိုင်ငံရေးနည်းအားဖြင့် မြန်မာ့နိုင်ငံရေး မှာ အာဏာရှင်ကို တိုက်ပွဲဝင်ခဲ့တယ်။ ၁၉၈၈ လူထုတော်လှန်ရေးမှာ၊ နိုင်ငံရေးသမားဟောင်းကြီးတွေဟာ အနာဂတ်ရဲ့ လူထုခေါင်းဆောင်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို တင်ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ် တိုင်ကလည်း ကိုယ်ပိုင်အလင်းနဲ့ ၊ ကိုယ်ပိုင်အရည်အချင်းနဲ့ အမျိုးသမီးတစ်ယောက်ဖြစ်တယ်။ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဂုဏ်ပုဒ်ဟာ သူ့အပေါ်မှာ ထပ်ပိုး ကျေးဇူးပြုခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပုဂ္ဂိုလ်ရေးဩဇာ ကြီးကျယ်ခဲ့တဲ့ လူထုခေါင်းဆောင်ဖြစ်လာတယ်။ စစ်ဗိုလ်ချုပ်တွေဟာ ဒေါ်အောင်ဆန်းစုကြည် ကို အနုနည်းနဲ့ရော အကြမ်းနည်းနဲ့ရော သင်းသတ်ဖြိုဖျက်ဖို့ ကြိုးစားခဲ့တယ်။ အမျိုးမျိုးသော ဖိအားနဲ့ နှိပ်ကွပ်မှု ဒဏ်တွေကို ခံခဲ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးသမားကြီးတွေ ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို စစ်တပ်က မြန်မာ့မြေပေါ်က အမြစ်ပြတ်အောင် သုတ်သင်ချင်တဲ့ စိတ်ဆန္ဒအပြည့်ရှိ တယ်။ ဒါ့ကြောင့်လည်း အဖွဲ့ချုပ်က ဦးဆောင်သူ အထင်ကရ ရှိသူတွေကို စစ်ကြောရေးစခန်းမှာ အမျိုးမျိုး နှိပ်စက်တယ်။ နှစ်ပေါင်းများစွာ ထောင်သွင်းအကျဉ်းချတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ်အနေနဲ့ ထားခဲ့တယ်။ စစ်အစိုးရဟာ ၂၀၁၀ မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီ/ချုပ် ပါတီ မပါဝင်တဲ့ ရွေးကောက်ပွဲကို ကျင်းပပြီး အာဏာဆက်ယူတယ်။ စစ်ယူနီဖောင်းကို ချွတ်လိုက်ပြီးတော့ ဗိုလ်ချုပ်ကြီး သိန်းစိန်ကနေ ဦးသိန်းစိန် အဖြစ်ပြောင်းလဲပြီး ၂၀၁၅ ခုနှစ်အထိ အာဏာကို ဆက်ကိုင်ထားလိုက်တယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးကို ကွင်းထဲကနေ ဝင်ကစားမှ ဖြစ်မယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ဒါ့ကြောင့် ဦးသိန်းစိန်အစိုးရနဲ့ စေ့စပ်ညှိုနှိုင်းရေးလုပ်ပြီး လွှတ်တော်လမ်းကြောင်းထဲကို ၂၀၁၂ ခုနှစ်မှာ ဝင်လာတယ်။ ဒီလိုနည်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၅ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရင်း ၂၀၁၅ မှာ နိုင်ငံရေးအာဏာ ရခဲ့တယ်။ ၂၀၁၅ ကနေ ၂၀၂၀ အထိ နိုင်ငံတော် အုပ်ချုပ်မှုတာဝန်ကို ဦးစီးတာဝန် ယူခဲ့တယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမဖြစ်အောင် တားဆီးထားတဲ့ ပြဌာန်းချက်တွေ ရှိနေလို့ နိုင်ငံတော်အတိုင်ပင်ခံရာထူးကို ရယူပြီး တိုင်းပြည်ကို ခေါင်းဆောင်တယ်။ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာလည်း၊ ကိုဗစ် – ၁၉ ရောဂါကပ်ဘေး ကျရောက်နေပေမယ့် အထွေထွေ ရွေးကောက်ပွဲကို လူထုက အုံလိုက်ကျင်းလိုက် တခဲနက် ထောက်ခံမဲပေးတဲ့အထိ ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တယ်။ ၂၀၂၀ ကနေ နောက်ထပ် ဒုတိယသက်တမ်း နိုင်ငံတော် အုပ်ချုပ်ခွင့်ရတာကို မလိုလားတဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ နိုင်ငံရေးပါတီတွေ ရှိခဲ့တယ်။ စစ်ဗိုလ်ချုပ်တွေဟာ သူတို့အကျိုးစီးပွားတွေ ပျက်ပြုန်းမှာ စိုးရိမ်ချက်ကြီး ခဲ့တယ်။ ဒါ့ကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲအမှားအယွင်းတွေ ရှိတယ်ဆိုတဲ့ အကြောင်းပြ ချက်ကို ဇာတ်ညွှန်းရေးပြီးတော့ ၂၀၂၁ ဖေဖော်ဝါရီ (၁) နေ့မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးစီးတဲ့ စစ်ကောင်စီက နိုင်ငံတော် အာဏာသိမ်းလိုက်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရအဖွဲ့ တစ်ခုလုံး၊ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေ အများစုကို ဖမ်းဆီးထားလိုက်ကြတယ်။ ဒီလိုနဲ့ မြန်မာ့ဒီမိုကရေစီခရီးဟာ နောက်ကြောင်းပြန်ခဲ့တယ်။ ဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်ဟာ (၇၅) နှစ်ပြည့်ပြီးနေပြီ။

မင်းသေ့
ရေးသားနေဆဲ – မြန်မာ့နွေဦးစစ်တမ်း စာအုပ်မှ /

Previous post ယုတ်မာမှုတွေကို စောင့်ကြည့်မယ်။
Next post လက်နက်ကိုင်လမ်းစဉ်