• တော်လှန်ရေးကာလမှာ ဘူးပေါ်သလို ပေါ်လာတယ်။ ဖုံးထားတာတွေ ပေါ်လာတယ်။ ငုပ်တာတွေ ပေါ်လာတယ်။ ဘယ်သူဟာ နိုင်ငံရေးသမား အစစ်လဲဆိုတာ ဘွင်းဘွင်းကြီးမြင်ရတယ်။ နိုင်ငံရေးမှာ သတ္တိ၊ သတိနဲ့ အသိတို့ ပိုလိုကြောင်း လူထုက နားလည်လာတယ်။ နိုင်ငံရေးပါတီတွေထဲမှာ အခွင့်အရေးသမားတွေ၊ ကိုယ်ကျိုးရှာသမားတွေနဲ့ ပြည့်နေကြောင်း လူထုဟာ သိလိုက်ရတယ်။ အရပ်ဘက်အောက်ကို ဇွတ်အတင်း ထိုးထည့်ခံရတဲ့ စစ်တပ်က စစ်ဗိုလ်တွေဟာလည်း နိုင်ငံရေးသမားတွေဟာ တပ်တွင်းက အကျင့်ပျက် စစ်ဗိုလ် တွေနဲ့ အတူတူနဲ့ အနူနူပဲ ဆိုတာကို သူတို့ နားလည်သွားကြတယ်။ လူမှန်ရင် အကျင့်ပျက်တယ်။ လာဘ်စား မယ်။ မိန်းမ ရှုပ်မယ်၊ ပွေမယ်။ ကြီးပွားချမ်းသာအောင် လုပ်မယ်။ ရာထူး အာဏာ မြဲမြံအောင် လုပ်မယ်။ ဒီလို လုပ်တဲ့ နေရာမှာ နိုင်ငံရေးသမားနဲ့ စစ်ဗိုလ်ဟာ မြန်မာပြည်မှာ အားလုံး အတူတူပဲ။

• စစ်တပ်ကို အရပ်သား လက်အောက်ကို ရောက်ဖို့ဆိုရင် အလိုလို ရောက်မလား။ အရပ်သားနိုင်ငံရေးသမားတွေဟာ စစ်ဗိုလ်စစ်သား တွေထက် ကိုယ်ကျင့်အားဖြင့်၊ အသိပညာအားဖြင့်၊ အနေအထိုင်အားဖြင့်၊ အပြောအဆိုအားဖြင့်၊ လုပ်ရည်ကိုင် ရည်အားဖြင့် သာလွန်နေရမှာ မဟုတ်လား။ လက်နက်နဲ့ အဆောင်အယောင်နဲ့ ယူနီဖောင်းနဲ့ အင်စတီကျူးရှင်းနဲ့ ရှိနေတဲ့ စစ်တပ်ကို အရပ်သားလက်အောက် အလိုလိုရောက်အောင် လုပ်နိုင်ပါ့မလား။ အခြေခံဥပဒေ လမ်းကြောင်းနဲ့ ဥပဒေနည်းအားဖြင့် အရပ်သားလက်အောက်ကို စစ်တပ်ရောက်အောင် လုပ်ဖို့ အလုပ်တစ်ခု တည်းနဲ့ မပြီးသေးဘူး။ အထူးသဖြင့် အရပ်သား နိုင်ငံရေးသမားတွေဟာ စစ်ဗိုလ်တွေထက် ကိုယ်ကျင့်အရာမှာ သာလွန်နေရမယ်။ အနေအထိုင်မှာ ပိုလို့ ပိရိသေသပ်ရမယ်၊ စမတ်ကျနေရမယ်။ အသိဉာဏ်နဲ့ အသိပညာမှာ စစ်ဗိုလ်တွေထက် မြင့်မားနေရမယ်။ လုပ်ရည်ကိုင်ရည်မှာ စစ်ဗိုလ်တွေထက် သာလွန်ကျော်လွန်နေရမယ်။

• စစ်တပ်ဟာ အာဏာသိမ်းပြီး နိုင်ငံတော်ကို အမြဲတမ်း အုပ်ချုပ်တဲ့နေရာမှာ ရနေခဲ့လို့ ထင်ထားတာထက် ပိုပြီး ဘဝင်မြင့်နေတယ်။ ငါတို့ဟာ တိုင်းပြည်ကို အုပ်ချုပ်ဖို့ မွေးဖွားလာတဲ့လူတွေလို့ စစ်ဗိုလ်တွေက သူတို့ကိုယ် သူတို့မြင်တယ်။ စစ်တက္ကသိုလ်ကလည်း အရာရှိ ဗိုလ်လောင်း စစ်သည်တွေကို မင်းတို့ကို စစ်တက္ကသိုလ်ကနေ တိုင်းပြည်ကို အုပ်ချုပ်ဖို့ ပညာတွေကို သင်ပေးလိုက်တယ်လို့ ဝါဒဖြန့်သွတ်သွင်းခဲ့တယ်။ စစ်ဗိုလ်တွေ ကိုယ်၌ ကလည်း ငါတို့ဟာ ရှေ့တန်း စစ်မြေပြင်မှာ တိုင်းပြည်အတွက် သေရဲ သတ်ရဲ တဲ့လူတွေဖြစ်တယ်။ စစ်မြေပြင်မှာ သေရဲတဲ့လူတွေဖြစ်တာကြောင့် ဒီအလုပ်ဟာ ခက်ခဲတယ်။ ဒီလို ခက်ခဲ၊ ခဲယဉ်းတဲ့အလုပ်မျိုးကိုတောင် ငါတို့က လုပ်နိုင်သေးတာ၊ တိုင်းပြည်ကို အုပ်ချုပ်ဖို့ အလုပ်ကတော့ ဘာလို့ မလုပ်နိုင်ရမှာလဲ….ဆိုတဲ့ ထင်တစ်လုံးနဲ့ ရှိနေကြတယ်။ ဒါဟာ မြန်မာပြည်ကို စစ်အာဏာရှင်လက်အောက်ကနေ မလွတ်စေမယ့် အသိုင်းအဝိုင်းစိတ်ဓာတ်တွေ ဖြစ်တယ်။

• စစ်တပ်ထဲက စစ်ဗိုလ်အများစုဟာ မတစ်ထောင် တစ်ကောင်ဖွားတွေလို့ သူတို့ကို သူတို့ မှတ်ယူတယ်။ မဟာပုရိသဖိုဝါဒကို မြဲမြဲဆုပ်ကိုင်ထားတဲ့လူတွေဖြစ်တယ်။ တိုင်းပြည်ကို အုပ်ချုပ်တဲ့ မင်း၊ အစိုးရဟာ ကြံ့ခိုင်ရ မယ်။ ဘုန်းလက်ရုံးအားကြီးရမယ်လို့ မှတ်ယူတယ်။ ဘာလက်နက်မှ ကိုင်မထားတဲ့ အရပ်သားနိုင်ငံရေးသမား လက်အောက်မှာ စစ်တပ်က ရှိနေတာကို မလိုချင်ဘူး။ မနှစ်မြို့ဘူး။ အထူးသဖြင့် အရပ်သားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာ အမျိုးသမီး (မိန်းမ) တစ်ယောက်ပါဝင်နေတာကို မနှစ်ခြိုက်ဘူး။ မလိုလားဘူး။ ဘယ်လိုပဲ ပုဂ္ဂိုလ် ရေးအားဖြင့် ထူးချွန်ထက်မြက်နေပါစေ၊ မြန်မာစစ်ဗိုလ်တွေဟာ မိန်းမအုပ်စိုးမှု လက်အောက်မှာ မနေချင်ဘူး။ မြန်မာစစ်ဗိုလ်တွေဟာ ဝါဒဖြန့်ချိသင်ကြားခံရတဲ့ ပညာရေးစနစ်ကြောင့်လည်း ပါဝင်သလို၊ သူတို့ရဲ့ နဂိုမူရင်း ဗီဇ စိတ်မှာကိုယ်က ယောက်ျားကြီးစိုးလွှမ်းမိုးရေးအယူအဆ ကိန်းအောင်းနေကြတာများတယ်။

• တစ်ဖက်မှာလည်း သူတို့ဟာ လက်နက်ကိုင်ထားတဲ့ ယောက်ျားရင့်မာကြီးတွေဖြစ်တယ်။ လက်နက်ကိုင်ထားတဲ့ တပ်မှာ ဦးဆောင် နေတဲ့ အရာရှိ စစ်သည် ယောက်ျားစစ်စစ်တွေဟာ ဘာလက်နက်မှ ကိုင်မထားတဲ့ အရပ်သားအမျိုးသမီး ဦးဆောင်တဲ့ နိုင်ငံမှာ နေရတာ သူတို့အတွက် စိတ်မလုံခြုံဘူး။ သူတို့မှာ အငုံ့စိတ်ရှိနေတယ်။ တစ်ဖက်မှာလည်း နိုင်ငံရေးအရ ပြည်သူ့ထောက်ခံမှုမရလို့ ခံပြင်းတယ်၊ မကျေနပ်ဘူး။ ပြည်သူ ထောက်ခံအောင်လည်း သူတို့ မလုပ်တတ်ဘူး။ နိုင်ငံရေးဆိုတာ ကိုယ်ကျင့်နဲ့ ခံစားချက်တွေအပေါ်မှာ လွှမ်းမိုးရတယ်ဆိုတာကို သူတို့ နားမလည်ဘူး။ လက်နက်ကိုင်ထားရင် ငါတို့ကို လူထုက လေးစားရမယ်၊ ဦးညွှတ်ရမယ်၊ လက်နက်ကိုင်ထားတဲ့ ငါတို့နောက်ကို လူထုက တစ်သွေမတိမ်း လိုက်ရမယ်ဆိုတဲ့ သဘောအမြင်ရှိတယ်။

• စစ်အစိုးရအုပ်ချုပ်တဲ့ ကာလ တစ်လျှောက်လုံးမှာ စစ်အစိုးရဟာ မြန်မာ့ပညာရေးကို အမိန့်နာခံရေးအမူအကျင့်သွတ်သွင်းတဲ့ ဝါဒဖြန့်ချိရေး ယန္တရားတစ်ခုလို့ တည်ဆောက်ခဲ့တယ်။ ဒါကို မြန်မာတွေဟာ နားမလည်ဘူး။ မြန်မာပညာတတ် တချို့ဟာ ထောက်ပြ၊ ပြောဆိုပေမယ့် လူထုကြားထဲမှာ တွင်တွင်ကျယ်ကျယ် မပျံ့နှံ့ဘူး။ လူထုထဲက လူကြီးမိဘတွေ ကိုယ်၌ကလည်း သားသမီးတွေရဲ့ စဉ်းစားဆင်ခြင်ဉာဏ်ထက်သန်ရေးထက် အပေါ်ယံ ဂုဏ်တုဂုဏ်ပြိုင် ပကာသနတွေဘက်ကိုသာ အလေးသာခဲ့တယ်။ ဒီလို အပြုအမူတွေက မြန်မာပြည်ကို ချောက်ထဲထိုးကျအောင် တဖြည်းဖြည်း ဆွဲချခဲ့တာပဲ။

• မြန်မာစစ်ဗိုလ်တော်တော်များများဟာ ဧရာဝတီမြစ်ဝှမ်းလွင်ပြင်ဒေသက ဗမာအများစုရှိတဲ့ မြို့တွေ ရွာတွေက ဖြစ်ပါတယ်။ မြို့ပေါ်ဆိုတာထက် မြို့ငယ်တွေနဲ့ ရွာတွေက ဖြစ်ပါတယ်။ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ဧရာဝတီ နဲ့ တနင်္သာရီတိုင်းတွေမှာ ဗမာအများစုနေတယ်။ ဒီလိုဒေသတွေက ရွာသား အညာသား ဗမာဆင်းရဲသားတွေ တော်တော်များများဟာ စစ်တက္ကသိုလ်ကို ရောက်ကြတယ်။ အထူးသဖြင့် ဗိုလ်သန်းရွှေ အုပ်ချုပ်တဲ့ ၁၉၉၀ နောက်ပိုင်းမှာ စစ်တက္ကသိုလ်တွေကနေ နှစ်စဉ်လိုလို အရာရှိ စစ်ဗိုလ် အမြောက်အမြားကို မွေးထုတ်တယ်။ ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာ စစ်တက္ကသိုလ်ထွက် စစ်ဗိုလ်တော်တော်များများကို ရုရှားကို သွားပြီး ပညာသင် စေလွှတ်တယ်။ စစ်တက္ကသိုလ်ထွက်တဲ့ ဗိုလ်တိုင်းလိုလိုဟာ မဟာတန်းကို ရုရှားမှာ သင်ယူဖို့ စေလွှတ်ခြင်းခံခဲ့ရတယ်။ တနည်းအားဖြင့် အရာရှိ စစ်ဗိုလ် လူတန်းစားကို နဝတ ၊ နအဖ အစိုးရလက်ထက်တွေမှာ ဖန်တီးလိုက်တယ်။ ဒီနည်းနဲ့ စစ်ယန္တရားကို မြန်မာတစ်နိုင်ငံလုံး ခြုံမိ ငုံမိအောင် လုပ်လိုက်တယ်။ မြန်မာပြည်ဟာ လွတ်လပ်ရေး ရပြီး ကတည်းက စစ်ဘောင်ကျယ်လာလိုက်တာ၊ ၂၁ ရာစုကို ရောက်တဲ့အချိန်အထိ စစ်ဘောင်က ဆက်ပြီးတော့ ကျယ်နေဆဲပဲ။ ဒါကို အရပ်သားပညာတတ်တွေ နောက်ပိုင်းမှာ ပိုသိနားလည်ပေမယ့်၊ သိနားလည်တဲ့ အဆင့်မှာ သာ ရှိခဲ့တယ်။ လူ့အဖွဲ့အစည်းကို ပြုပြင်ပြောင်းလဲနိုင်ဖို့ ဘယ်သူ တစ်ဦးတစ်ယောက်ကမှ မစွမ်းနိုင်သေးတာ တွေ့ရတယ်။

• အညာသား ဗမာတွေဟာ စစ်တပ်ထဲမှာ ကြီးစိုးနေတယ်။ ဗမာတွေရဲ့စရိုက်ဟာ ရိုင်းတယ်၊ ကြမ်းတယ်၊ တယူသန်၊ တဇွတ်ထိုး၊ တဇောက်ကန်းစိတ်ရှိတယ်။ ဒီလိုစရိုက်ရှိတဲ့ ဗမာစစ်သား စစ်ဗိုလ်တွေကို တပ်တွင်းမှာ ငြိမ်ဝပ် ပိပြားပြီး ဗိုလ်ချုပ်ကြီးတွေရဲ့ အမိန့်ကို တစ်သွေမတိမ်းနာခံစေဖို့အတွက် နည်းပေါင်းစုံနဲ့ လုပ်ရတယ်။ တနည်း အားဖြင့် ….

• အကျိုးစီးပွားနဲ့ ချုပ်နှောင်ရတယ်။
• စစ်စည်းကမ်း ဥပဒေနဲ့ တုပ်နှောင်ရတယ်။
• ဝါဒဖြန့်ချိရေးနဲ့ စည်းရုံးရတယ်။
• စိတ်ဓာတ်စစ်ဆင်ရေးနဲ့ စုဖွဲ့ရတယ်။
• အဆင့်ဆင့် အကြောက်တရားနဲ့ ထိန်းကွပ်ရတယ်။
• မက်လုံး နဲ့ မျှားရတယ်။
• ဒီလိုနဲ့ မြန်မာပြည်တွင်းမှာ စစ်ဘောင်ကျယ်လာတယ်။

အရာရှိ စစ်ဗိုလ်များပြားလာတဲ့အခါ၊ သူတို့ကို နေရာပေးဖို့၊ ရာထူးပေးဖို့ ကွင်းပြင်တွေ ဖန်တီးပေးရတယ်။

• ၈၈ နောက်ပိုင်းမှာ အရပ်သားနိုင်ငံရေး သမားရဲ့ အခန်းကဏ္ဍကို နေရာမပေးချင်တဲ့ စစ်ဗိုလ်ချုပ်တွေဟာ အရပ်သားထမ်းဆောင်တဲ့ အစိုးရဝန်ကြီးဌာနတွေမှာ စစ်မျက်နှာကျက်တွေ တပ်လိုက်ကြတယ်။ တနည်းအားဖြင့် ယူနီဖောင်း ဝတ်စရာ မလိုတဲ့ စစ်ဗိုလ်တွေကို အရပ်ဘက်ဌာနတွေမှာ ရာထူးတာဝန်တွေ ပေးလိုက်တယ်။ ဒီနည်းနဲ့ စစ်ဘောင်ကို ချဲ့ယူတယ်။ တစ်ဖက်မှာ လည်း စစ်ဗိုလ်ဖြစ်ချင်တဲ့ စစ်သားဟာ ယူနီဖောင်းမဝတ်ရတော့ဘူး၊ စစ်မတိုက်ရတော့ဘူး။ ဒါပေမယ့် ရာထူး ရာခံ ရှိနေတယ်။ သူ့အတွက် လုံလောက်တဲ့ လစာနဲ့ အဆောင်အယောင်ရှိတယ်။ အကျိုးခံစားခွင့်ရှိတယ်။ လည်ရင် လည်သလို လာဘ်စားနိုင်တယ်၊ ခွင် (ဂွင်) ဖန်နိုင်တယ်။ သားတူညီများ ကောင်းစားရေး လုပ်နိုင်တယ်။ ဆရာမွေး တပည့်မွေးနဲ့ ဝေစားမျှစား လုပ်နိုင်တယ်။ စီးပွားရေးထူထောင်နိုင်တယ်။ ဥစ္စာဓန ကြီးပွားအောင် လုပ်ပိုင်ခွင့် ရှိနေတယ်။ ဒါ့ကြောင့် စစ်သားဟာ ယူနီဖောင်းမဝတ်ရလည်း အရပ်ဘက်ဌာနတွေမှာ ညွှန်မှူး၊ ညွှန် ချုပ်၊ ဦးစီးမှု… စသည်ဖြင့် သူ့အနေအထားအလိုက် ရာထူးရာခံ ရတာကို သဘောကျတယ်။ နှစ်ခြိုက်တယ်။ ဒါ့ကြောင့် စစ်တပ်ကို လိုလားတယ်။

• စစ်တပ်ကို လိုလားခြင်းထောက်ခံခြင်းဆိုတာ ယုံကြည်ချက်၊ ခံယူချက်နဲ့ ရပ်တည်ချက်ဆိုတာထက် အကျိုးစီးပွားကြောင့် ထောက်ခံတာ၊ လိုလားတာကို မြန်မာပြည်မှာ ထင်ထင်ရှားရှား တွေ့နေရတယ်။ ကြာလာတော့ စစ်ဗိုလ်ဟာ ဒီအခြေအနေ အကြောင်းအရင်းတွေကို နားလည်လာပြီး လူ့အသိုင်းအဝိုင်းမှာ ချမ်းသာချင်ရင် စစ်တက္ကသိုလ်ကို တက် ဆိုတဲ့အမြင်မျိုးဖြစ်လာတယ်။ စစ်တက္ကသိုလ်ကို ရောက်တဲ့ စစ်ဗိုလ်အရာရှိဟာ တိုင်းပြည်ကို ချစ်လို့၊ တိုင်းပြည်ကို ကာကွယ်ချင်လို့၊ လက်နက်ကိုင်ချင်လို့၊ စစ်တိုက်ချင်လို့ စစ်ထဲဝင်တာ မဟုတ်တော့ဘူး။ ချမ်းသာချင်လို့ စစ်ထဲဝင်တာဖြစ်သွားပြီ။ ရာထူးရာခံ လိုချင်လို့ စစ်ထဲဝင်တာ ဖြစ်သွားပြီ။ အာဏာလိုချင်လို့ စစ်ထဲဝင်တာဖြစ်သွားပြီ။ လုပ်ပိုင်ခွင့်ရချင်လို့ စစ်ထဲဝင်တာ ဖြစ်သွားပြီ။ မြန်မာစစ်တပ်ထဲမှာ စစ်သားဦးရေ လေးသိန်း၊ လေးသိန်းကျော်လောက် ရှိတယ်ဆိုပေမယ့် အခြေခံ အကြပ်တပ်သားထက် အရာရှိက ပိုများနေမယ် ထင်တယ်။ စစ်သည်ဦးရေ လေးသိန်းရှိလာတာအပြင် စစ်အစိုးရ လက်ထက် စစ်အသုံးစရိတ်က မြင့်မားလာတာကြောင့် တရုတ်၊ အစ္စရေး၊ အိန္ဒိယ၊ မြောက်ကိုရီးယားနဲ့ ရုရှားတို့က နေ စစ်လက်နက်၊ စစ်ပစ္စည်း အမြောက်အမြား မြင့်မြင့်မားမား ဝယ်နိုင်လာတယ်။ စစ်အသုံးစရိတ် မြန်မာပြည်မှာ အမြဲတမ်း ထိပ်ဆုံးမှာ မြင့်မားနေတယ်။ ဒီလို မြင့်မားနေပေမယ့် မြန်မာပြည်တွင်းမှာ တစ်နေ့ထက် တစ်နေ့ လက်နက်ကိုင် ပုန်ကန်သူ အဖွဲ့တွေ မြောက်မြားစွာ ပေါ်လာနေတယ်။ ယခင် တည်ဆဲ လက်နက်ကိုင်တပ်ဖွဲ့ တွေကလည်း မကင်းပျောက်ဘူး။ အသစ်တောင် ပေါ်လာလိုက်သေးတယ်။

• ရခိုင်က အေအေဆိုတဲ့ လူငယ် ဗိုလ်ချုပ် ထွန်းမြင့်နိုင် ဦးဆောင်တဲ့ ရခိုင်တပ်ဟာ ပေါ်လာတာ ၁၀ နှစ်တောင် မပြည့်သေးဘူး။ ၂၀၁၀ နောက်ပိုင်း ကျမှ ပေါ်လာတာဖြစ်တယ်။ ဒါပေမယ့် ၁၀ နှစ်မပြည့်သေးတဲ့ ရခိုင် ပညာတတ်လူငယ် ဗိုလ်ချုပ် တစ်ယောက် ဦးဆောင်တဲ့ တပ်ဖွဲ့ဟာ မြန်မာပြည်မှာ အင်အားကြီးတဲ့ လက်နက်ကိုင်တပ်ဖြစ်လာတယ်။ မြန်မာပြည်မှာ လူမျိုးစု ပြည်သူ့စစ် မဟာဗျူဟာနဲ့ ဖွဲ့ပေးထားတဲ့ တပ်တွေကလည်း အများကြီးပဲ။ ယုံကြည်ချက်နဲ့ လူမျိုးစု အခွင့်အရေး အတွက် တိုက်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကလည်း အများကြီးပဲ။ အင်အားကြီးပြီး အဆင့်မြင့် စစ်လက် နက်တွေကို ပိုင်ဆိုင်ထားတဲ့ မြန်မာစစ်တပ်ဟာ ဘယ်လက်နက်ကိုင်တပ်ကိုမှ အပြီးသတ် မချေမှုန်းနိုင်ဘူး။ မတိုက်ဖျက်နိုင်ဘူး။ မြန်မာအစိုးရကို မြေပေါ်ကနေ မြေအောက် တောတွင်းအထိ လက်နက်ကိုင်တိုက်လာတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီတောင် မြန်မာစစ်တပ်တိုက်လို့ ပြိုကွဲသွားတာ မဟုတ်ဘူူး။ သူ့ဘာသာသူ တပ်တွင်း ပုန်ကန်မှုဖြစ်ပြီးတော့ ပြိုကွဲသွားတာဖြစ်တယ်။ ဗမာပြည်ကွန်မြူနစ်ပါတီ ပြိုကွဲပြီး ထွက်ပေါ်လာတဲ့ ဝ၊ ကိုးကန့် လက်နက်ကိုင်တပ်ဟာ အခုဆိုရင် မြန်မာပြည်မှာ အင်အားအကြီးဆုံး လူမျိုးစု လက်နက်ကိုင်တပ်တောင် ဖြစ်နေပြီ။ ဒါကို ကြည့်ခြင်းအားဖြင့် မြန်မာစစ်တပ်ရဲ့ စွမ်းရည်ကို အကဲဖြတ်နိုင်တယ်။

• အထူးသဖြင့် မြန်မာစစ်တပ် ဟာ အကျင့်ပျက်လာတာကြောင့်လည်း ပါတယ်။ မြန်မာစစ်တပ်တွင်းက စစ်ဗိုလ်တွေဟာ အကျင့်ပျက်လာပြီး စာရိတ္တချို့ယွင်းလာတာကြောင့် တိုက်ရည်ခိုက်ရည်မှာလည်း ကျဆင်းလာတယ်။ သတ္တိဗျတ္တိမှာလည်း ကျဆင်း လာတယ်။ သူတို့ သတ္တိိရှိတယ်ဆိုတာ ပြည်တွင်းက လက်နက်မကိုင်ထားတဲ့ အရပ်သားနိုင်ငံရေးသမားကို ဖြိုခွင်း တဲ့နေရာမှာပဲ သတ္တိကောင်းနေတယ်။ တခြားသော နေရာတွေမှာ သူတို့ဟာ ညံ့ပြီးရင်း ညံ့လိုက်လာတယ်။

• စစ်တပ်က သူ့တပ်ကို အိုင်ဒီယော်လိုဂျီ တစ်ခုတည်ဆောက်ခဲ့တယ်။ ဗိုလ်နေဝင်း တည်ဆောက်ခဲ့ မြန်မာ့ ဆိုရှယ်လစ်ဝါဒဟာ တပ်တွင်းမှာ မစွဲမြဲခဲ့ဘူး။ တပ်က ဗိုလ်မှူး၊ ဗိုလ်ချုပ်တွေဟာ မြန်မာ့ဆိုရှယ်လစ်ပါတီကောင်စီ ဝင်ဖြစ်ခဲ့ပေမယ့် သူတို့ဟာ ဗိုလ်နေဝင်း သွတ်သွင်းတဲ့ လူနှင့် ပတ်ဝန်းကျင် အညမည သဘောတရား…. ဆိုတာ တွေကို ယောင်လို့တောင် နားမဝင်ဘူး။ ဗိုလ်နေဝင်း ကိုယ်တိုင်ကလည်း သူချမှတ်တဲ့လမ်းစဉ်ကို သူ ယုံကြည် စွဲမြဲတာမှ မဟုတ်တာ။ လက်ဝဲဩဇာ လွှမ်းမိုးနေတဲ့ မြန်မာ့လူထုကို စည်းရုံးနိုင်ဖို့အတွက် ကွန်မြူနစ်နဲ့ မတူတဲ့ တခြားသော လက်ဝဲအိုင်ဒီယော်လိုဂျီတစ်ခုကို ရုပ်ပြအနေနဲ့ ပျားရည်နဲ့ ဝမ်းချခဲ့တာပဲ။ ဒါကို မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ဝါဒရဲ့ ခေါင်းကိုင်ဖခင်ကြီး ဖြစ်တဲ့ ဦးချစ်လှိုင် (ကိုကိုမောင်ကြီး) က သူ့ရဲ့ တရံရောအခါများ စာအုပ်ထဲမှာ ထည်ြ့ပီး ဝန်ခံရေးသားခဲ့တယ်။

• ၈၈ လူထုတော်လှန်ရေးဖြစ်ပြီးနောက်ပိုင်း ၈၈ လူထုခေါင်းဆောင် ဖြစ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂ္ဂိုလ်ရေးအားနည်းချက်ကို တိုက်ရိုက် ခုခံနိုင်မယ့် ဝါဒတစ်ရပ်ကို စစ်ဗိုလ်ချုပ်တွေက စဉ်းစားမိလာတယ်။ အဲဒါကတော့ မျိုးချစ်တပ်မတော်၊ အမျိုးသားရေးဝါဒကို ကိုင်စွဲတဲ့ တပ်မတော်ဖြစ်ဖို့ပါပဲ။ အမျိုးသားရေးဝါဒ၊ မျိုးချစ်ဝါဒ ရဲ့ အခြေခံ စကားလုံး သုံးလုံးကတော့ အမျိုး ဘာသာ သာသနာ ဖြစ်ပါတယ်။ ရှေးမြန်မာဘုရင်တွေလို သာသနာကို ချီးမြှောက်တဲ့ မင်းအဖြစ်ကို ပြည်သူတွေ မြင်စေချင် တာကြောင့်လည်းပါတယ်။ စစ်တပ်ထဲမှာ ဗမာကြီးစိုးရေးအတွက် အားပေးထောက်ပံ့တဲ့ ဝါဒလည်းဖြစ်တယ်။ တစ်ဖက်မှာလည်း နိုင်ငံခြားကို ဆန့်ကျင်ဖို့၊ နိုင်ငံခြားသားနဲ့ လက်ထပ်ပေါင်းသင်းခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ဘက်ကို တပ်မတော်ဟာ ပါမသွားစေဖို့အတွက်၊ ၁၉၉၀ နောက်ပိုင်းမှာ အမျိုး ဘာသာ သာသနာ ကို ထိန်းသိမ်း စောင့်ရှောက်ရမယ်ဆိုတဲ့ စကားလုံးကို တပ်မတော် ဝါဒဖြန့်ချိရေး စာအုပ် စာစောင်တွေရဲ့ ရှေ့မှာ ရေးသားဖော် ပြတယ်။ နှစ်ပေါင်း ၃၀ ကျော် ကာလတစ်လျှောက်လုံးဟာ အိုင်ဒီယော်လိုဂျီမဲ့ စစ်တပ်ကို အမျိုးသားရေးအိုင်ဒီ ယော်လိုဂျီ ရှိလာအောင် နိုင်ငံရေးနည်းအားဖြင့်လည်းကောင်း၊ ဝါဒဖြန့်ချိရေးနည်းအားဖြင့်လည်းကောင်း၊ စာပေ အနုပညာ ဂီတ အားဖြင့်လည်းကောင်း စစ်ယန္တရားက သုံးတဲ့ ပလက်ဖောင်းတွေမှာ ဖြန့်ချိသွတ်သွင်းမှု ပြုခဲ့တယ်။ ဒီနည်းနဲ့ မြန်မာစစ်တပ်ဟာ မျိုးချစ်တပ်မတော် ယောင်ယောင်ဖြစ်လာတယ်။

• ဒါဆိုရင် တပ်တွင်းမှာ မျိုးချစ်ဝါဒ တကယ် မရှိဘူးလားလို့ မေးရင်။ ရှိပါတယ်။ ဘယ်လို မျိုးချစ်ဝါဒလဲဆိုတော့ ကိုယ့်အမျိုးကို ကိုယ်ချစ်တဲ့ဝါဒ။ ကိုယ့်ဆွေမျိုးကို ကိုယ်ချစ်တဲ့ ဝါဒ။ ကိုယ့်ဆွေမျိုးသားချင်းကို ချစ်တဲ့ ဝါဒ။ ဆွေမျိုးကောင်းစားရေးဝါဒ။ တနည်းအားဖြင့် ကိုယ်နဲ့ သွေးသားတော်စပ် နီးစပ်သူကို အကျိုးစီးပွား မျှဝေပြီး လုပ်ပိုင်ခွင့် ပေးတဲ့ ဝါဒ။ ဆွေမျိုး သွေးသားတော်စပ်သူချင်း ဝေစားမျှစားဝါဒ။ မြန်မာစစ်တပ်အတွင်းမှာ ရှိနေတဲ့ မျိုးချစ်ဝါဒ ဆိုတာ ကိုယ်ကျိုးစီးပွားနဲ့ တုပ်နှောင်ခံထားရတဲ့ ဆွေမျိုးချစ်ဝါဒပဲဖြစ်ပါတယ်။

• လက်တွေ့အားဖြင့် ဝါဒဖြန့်ချိခြင်းခံထားရတဲ့ တပ်တွင်း အသိုင်းအဝိုင်းဟာ ဒီလိုမှတ်ချက်မျိုး၊ ဒီလိုဝေဖန်မှုမျိုးကို တစ်ဖက်သတ် ဆန်တယ်လို့ မြင်ကြပါလိမ့်မယ်။ ဒါဟာ သက်သက်မဲ့ ဝေဖန်တာ၊ စော်ကားတာ၊ အပုတ်ချတာလို့ မြင်ကောင်း မြင်ပါလိမ့်မယ်။ ဒါဟာ ပြဿနာ မရှိပါဘူး။ ဒါဟာ သဘာဝကျပါတယ်။

• အကြောင်းကတော့ မြန်မာပြည် ပညာရေး အဆက်ဆက်ဟာ ဝါဒဖြန့်ချိခြင်းခံထားရလို့ပဲဖြစ်ပါတယ်။ တပ်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းဟာ တပ်ကို အဆိုး မမြင်နိုင်လောက်အောင် အမြင်အားဖြင့် ပိန်းပိတ်နေပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းတစ်ခုလုံးဟာ ဆင်ခြင်တုံ တရား ဖြစ်ထွန်းအောင် သင်ကြားခံရတဲ့ ပညာရေးကို မရရှိခဲ့ပါဘူး။ ဒါဟာ တဖြည်းဖြည်းနဲ့ မြန်မာ့လူ့အဖွဲ့အစည်း ကို နိမ့်ကျ လျောဆင်းအောင် ကျေးဇူးပြုနေတယ်ဆိုတာ ဘယ်သူမှ ကောင်းကောင်း နားမလည်ကြဘူး။

• စစ်အစိုးရလက်ထက်တွေမှာ၊ စစ်အစိုးရက သယံဇာတကို ရောင်းပြီး စစ်တပ်ကို တည်ဆောက်တယ်။ တစ်ဖက်မှာ လည်း လူထုအကျိုးအတွက်ဆိုပြီး ဖွံ့ဖြိုးရေးတွေ လုပ်တယ်။ ဖွံ့ဖြိုးရေးလို့ ပြောတဲ့နေရာမှာ ရုပ်ဝတ္ထု ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံလို့ ပြောလို့ရမယ့်၊ လမ်းဖောက်တာ၊ တံတားထိုးတာ၊ ကျောင်းဆောက်တာ၊ ဆေးရုံဆောက်တာတွေကို လုပ်တယ်။ ဒါပေမယ့် လက်တွေ့ အကောင်အထည်ဖော်တဲ့အခါမှာ အရေအတွက် အရတော့ ဆည်မြောင်း တာတမံနဲ့ လမ်းတွေ၊ တံတားတွေ များများစားစားပေါ်လာပါတယ်။ ဆောက်ပေးတာလည်း များများ၊ ခိုးတာလည်း များများဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့…. ပရောဂျက်ရရင် (ဂွင်) ဖန်လို့ လွယ်တာကြောင့်ပဲ။ တည်ဆောက်ရေးလုပ်ငန်းခွင်တွေဟာ လာဘ်စားဖို့ ခွင်တွေ ဖြစ်ပြီး တည်ဆောက်ရေးကဏ္ဍမှာ များများအားဖြည့်ခြင်းအားဖြင့် ကိုယ်ကျိုးစီးပွားကို တစ်ပါတည်း သယ်ဆောင်ကြပါတယ်။ ဖွံ့ဖြိုးရေးလုပ်ငန်းနဲ့ စစ်ဗိုလ်တွေရဲ့ ကြီးပွားရေးခွင်တွေဟာ အပြန်အလှန် အကျိုးပြုနေတယ်။ လူထုကြားထဲမှာ စစ်အစိုးရဟာ လမ်းတံတား ဆယ်မြောင်း တာတမံ ဘယ်၍ ဘယ်မျှ ပမာဏ ဖောက်လုပ်ပြီးစီးပါကြောင်း အစီရင်ခံတယ်။ အရည်အသွေး မပြည့်မှီတဲ့ အခြေခံအဆောက်အအုံတွေက ခပ်များများဖြစ်ခဲ့ပါတယ်။ အလုပ်မဖြစ်တဲ့ ဆည်တွေ၊ ဆေးရုံ၊ ကျောင်းတွေက ခပ်များများဖြစ်ခဲ့ပါတယ်။ ဒါကိုပဲ စစ်အစိုးရက တိုင်းပြည်တွင်းမှာ လမ်းတွေ၊ တံတားတွေ ဖောက်ပေးခဲ့တဲ့ ကျေးဇူးရှိတယ်ဆိုပြီး ကျေးဇူးရှင်နေရာမှာ တင်ထား စေလိုချင်ကြတယ်။ အစိုးရတစ်ရပ်ဖြစ်လာပြီဆိုရင် ဒါဟာ တာဝန်ပဲ မဟုတ်လား၊ မဖြစ်မနေ လုပ်ရမယ့် ဝတ္ထရားပဲ မဟုတ်လား။ ပြည်သူက အစိုးရကို ကျေးဇူးတင်စရာ လိုသလား။ တနည်းအားဖြင့် ကိုယ်လုပ်ရမယ့် အလုပ်ကို ဒီ ရာထူး တာဝန်ကို ယူထားပြီးရင် လုပ်ကို လုပ်ရမှာ မလား။ ကိုယ့်အလုပ် ကိုယ်လုပ်ရမှာကို ကျေးဇူးတင်ဖို့ ပိုလို အပ်သလား။

• မြန်မာစကားမှာ ကျေးဇူးခံ ကျေးဇူးစားဆိုတဲ့ စကား ရှိတယ်။ မြန်မာစစ်ဗိုလ်တွေဟာ ကျေးဇူးရှင် နေရာမှာ သူတို့ကိုယ် သူတို့ သွင်းထားကြတယ်။ လူထုအပေါ် သူတို့ကျေးဇူး ရှိတယ်။ ကျေးဇူးမသိတတ်ရင် နေပစေ၊ ကျေးဇူးမကန်းနဲ့ ဆိုတဲ့ စရိုက် အကျင့် ရှိတယ်။

မင်းသေ့
ဧပြီ ၊ ၂၀၂၁။

Previous post လက်နက်ကိုင်လမ်းစဉ်
Next post ဖွံ့ဖြိုးရေးရှုထောင့်