မြန်မာပြည်မှာ၊ စာပေလွတ်လပ်ခွင့်၊ မီဒီယာလွတ်လပ်ခွင့်နဲ့ သတင်းလွတ်လပ်ခွင့် ဆိုတဲ့ကိစ္စတွေကို ပေါင်းပြီး ကြည့်လို့ရပါတယ်။ တစ်ဖက်မှာလည်း ခွဲခြားကြည့်ဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့၊ နိုင်ငံရေးနဲ့ လူ့အဖွဲ့ အစည်းကိစ္စဟာ သိမ်မွေ့တယ်။ ရှုပ်ထွေးတယ်။ အကျိုးစီးပွားတွေဟာ ခြေချင်းလိမ်နေလို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် သကာတွေ အောက်မှာ၊ အဆိပ်တွေ ပါမလာစေဖို့၊ တော်တော်များများကို သရုပ်ခွဲ စိစစ်နိုင်မှ တော်ကာကျလိမ့်မယ်လို့ ယူဆပါတယ်။ ထားတော့။

ရေတစ်ဝက်ရှိနေတယ်

မြန်မာပြည်မှာ၊ မီဒီယာလွတ်လပ်ခွင့်နဲ့ သတင်းလွတ်လပ်ခွင့်က အကန့်အသတ်အနေနဲ့ ရှိထားနေပေမယ့်၊ စာပေလွတ်လပ်ခွင့်ကတော့ အတော်များများကို ရလာတယ်လို့ ပြောလို့ရမယ်။ ဒီနေရာမှာ၊ “ဖန်ခွက်ထဲမှာ ရေတစ်ဝက် လျော့နေတာလား….၊ ရေတစ်ဝက် ရှိနေတာလား….” ဆိုတဲ့ အမြင်မျိုးတော့ကွဲပြားပါလိမ့်မယ်။ ဒီနေရာမှာ စာပေလွတ်လပ်ခွင့်ကို ပြောချင်တာ အကြောင်းရှိပါတယ်။ ယခင်ယခင် စစ်အစိုးရလက်ထက်တွေ တုန်းက စာပေစိစစ်ရေးနဲ့ ပိတ်ပင် သင်းသတ်ခံရတဲ့ စာပေဟာ အခုတော့ အကျပ်အတည်းတွေကြားကနေပဲ လူလူသူသူ ပြန်ဖြစ်လာပါပြီ။ ရေးသားခွင့်၊ ဖြန့်ချိခွင့်၊ ပုံနှိပ်ထုတ်ဝေခွင့်တွေဟာ ၂၀၁၀ ရှေ့ပိုင်းနှစ်တွေနဲ့ မတူ၊ လားလားဆန့်ကျင်နေတဲ့အနေအထားကို ရောက်ခဲ့ပါပြီ။ ရောက်နေပါပြီ။ ဒီတော့ ရရှိနေတဲ့ စာပေလွတ်လပ်ခွင့် ကို ပိုင်ပိုင်နိုင်နိုင် အသုံးချဖို့ လိုတယ်။ ဘယ်လောက်ပဲ ရသေးတယ်၊ ဘယ်မျှပဲ ရသေးတယ်လို့ ညည်းညူပြီး အချိန်ကုန်၊ ဆင်ခြေပေးနေမယ့်အစား ရနေသလောက် လွတ်လပ်ခွင့်ထဲမှာကို ရေးစရာတွေ၊ ဖတ်စရာတွေ၊ ထုတ်ဝေစရာတွေ အများကြီး ရှိနေပါတယ်။

ဒီမိုကရေစီဆိုတာ…

ဒီမိုကရေစီဆိုတာ လွတ်လပ်မှုအပေါ်မှာ အခြေခံပါတယ်။ လွတ်လပ်မှုဆိုတာ ပေးလို့ရတဲ့အရာ၊ တောင်းယူလို့ ရတဲ့အရာဆိုတဲ့ သဘောအယူတွေလည်း ရှိပါတယ်။ ကျနော့်ယူဆချက်ကတော့၊ လွတ်လပ်မှုဆိုတာ သုံးရတဲ့ အရာ၊ ကျင့်သုံးရတဲ့အရာလို့ ယူဆတယ်။ လွတ်လပ်ခွင့်ကို သုံးနေတဲ့အချိန်မှာ လွတ်လပ်မှု ရှိနေတယ်။ လွတ်လပ်ခွင့်ကို မသုံးတော့တဲ့အခါမှာ လွတ်လပ်မှု ပျောက်ဆုံးတယ်။ လွတ်လပ်မှုဆိုတာ သုံးနေရမယ့် အရာ ဖြစ်ပါတယ်။ လွတ်လပ်မှုကို သုံးနေချိန်မှာ လွတ်လပ်မှု ရှိနေပါတယ်။ ဒါကို နားလည်ဖို့ လိုပါတယ်။

လွတ်လပ်မှု ဘယ်အချိန်မှာ ပျောက်ဆုံးသလဲ။ လွတ်လပ်မှုကို မသုံးတော့တဲ့အချိန်မှာ လွတ်လပ်မှုပျောက်ဆုံး ပါတယ်။ ဒါ့ကြောင့် လွတ်လပ်ခွင့်ကို သုံးနေဖို့၊ စဉ်ဆက်မပြတ် သုံးနေဖို့ လိုတယ်လို့ တိုက်တွန်းချင်တယ်။ သတိ ပေးလက်တို့ချင်ပါတယ်။

ဒီမိုကရေစီမှာ၊ လွတ်လပ်စွာ အသင်းအပင်းဖွဲ့ပိုင်ခွင့်၊ လွတ်လပ်စွာ ဖော်ထုတ်ရေးသားပြောဆိုခွင့်၊ လွတ်လပ်စွာ စုဝေးပိုင်ခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်ဆိုတာတွေအပေါ်မှာ အခြေခံထားပါတယ်။ ဒီနေရာမှာ စာပေလွတ် လပ်ခွင့်ဆိုတာကို ဦးတည်ပြောတာဖြစ်ပေမယ့်၊ တခြားသော လွတ်လပ်ခွင့်တွေကိုလည်း ထိုနည်းလည်းကောင်း စဉ်းစားဖို့ လိုတယ်လို့ ပြောချင်ပါတယ်။ လွတ်လပ်ခွင့်ဆိုတာ လက်တွေ့သုံးနေတဲ့အချိန်မှာမှ လွတ်လပ်မှုဆိုတာ ရှိပါတယ်။

စာပေကင်ပေတိုင်

မြန်မာပြည်စစ်အစိုးရအဆက်ဆက်ဟာ လူထုကို အသိဉာဏ်နဲ့ ဆင်ခြင်တုံတရားမဲ့အောင် ပညာရေးကို ပုံဖျက် ခဲ့တယ်။ ထိုနည်းလည်းကောင်းပဲ အသိဉာဏ်ရေစီး မထက်သန်အောင် ပိတ်ပင်တားဆီးခဲ့တာတွေ မြောက်မြား စွာ ရှိတယ်။ စာပေဆိုတာ လူထုကို အသိဉာဏ်အလင်းဖြန့်ချိပေးနေတဲ့ လူထုပညာရေးယန္တရားတစ်ခုဖြစ်တာ ကြောင့် စာပေစိစစ်ရေးနဲ့ စာပေလုပ်သားတွေကို အကျပ်အတည်းဆိုက်အောင် ပြုမူခဲ့တယ်။ ဒါက နှစ်အနည်း ငယ် မဟုတ်ပါ။ နှစ်ပေါင်းများစွာဖြစ်ပါတယ်။ စစ်အစိုးရအလိုမရှိတဲ့ စာအုပ်တစ်အုပ်တွေ့တာနဲ့ ထောင်သွင်း အကျဉ်းချနိုင်တဲ့ အာဏာစက်ကို အပြည့်ကျင့်သုံးပါတယ်။ စစ်အစိုးရပိတ်ပင်ထားတဲ့ စာအုပ်တွေကို ပြန်လည် ပုံနှိပ်ခွင့် မရှိပါဘူး။ နိုင်ငံခြားက စာအုပ်တွေကိုလည်း အလွယ်တကူ လွတ်လပ်စွာ ဝယ်ယူဖတ်ရှုလို့ မရပါဘူး။ အဟောင်းတွေထဲကို တင်းကျပ်တဲ့စိစစ်ရေးနဲ့သာ ထုတ်ဝေခွင့်ပြုသလို၊ အသစ်ထွက်လာရင်လည်း စကားလုံး တစ်လုံးချင်းစီကို ပိုက်စိပ်တိုက် စိစစ်ပါတယ်။ ရေးတဲ့သူက စစ်အစိုးရဝေဖန်ရေးလွတ်အောင်ရေးထားတယ်ဆို ရင်တောင် စာအုပ်ရေးသားထုတ်ဝေသူကို စိတ်ဒုက္ခပေးတဲ့အနေနဲ့ စိစစ်ရေးက အာရုံနောက်အောင်၊ အလုပ်ရှုပ် အောင် တမင်ပြုမူတာတွေ အများကြီးရှိခဲ့ပါတယ်။ “မင်ရည်သုတ်သည်၊ ဆုတ်ဖြဲသည်” ဆိုတဲ့ စကားဟာ စာပေ ကင်ပေတိုင်လို့ ခေါ်တဲ့ စာပေစိစစ်ရေးနဲ့ ဒုက္ခပေးမှုကြောင့် ပြုမူရတဲ့ နည်းနာတွေဖြစ်ခဲ့ပါတယ်။

မင်ရည်သုတ်သည် ဆုတ်ဖြဲသည်

ဆိုလိုတဲ့အဓိပ္ပာယ်က….၊ မဂ္ဂဇင်းတစ်စောင်က အားလုံးပုံနှိပ်ထုတ်ဝေပြီးခါမှ မဖြန့်ချိခင် စာပေစိစစ်ရေး အလိုမရှိတဲ့ ဆောင်းပါး တစ်ပုဒ် (သို့မဟုတ်) ဝတ္ထုတိုတစ်ပုဒ် ပါလာခဲ့ရင် စာပေစိစစ်ရေးက ဒါ မကြိုက်ဘူး၊ ဒါ မပါရဘူး၊ ဒါ မထည့်ရဘူးလို့ ပြောရင် မဂ္ဂဇင်းထဲမှာပါတဲ့ ဆောင်းပါး တစ်ပုဒ်လုံးကို အုပ်တိုင်းအုပ်တိုင်း လိုက်ပြီး ဆုတ်ရဖြဲရပါတယ်။ စာအုပ်တစ်ထောင် ပုံနှိပ်ထားရင် အဲသည့် စာအုပ် တစ်ထောင်လုံးကို တစ်အုပ်ချင်းစီ ခွင့်မပြုတဲ့ ဆောင်းပါးနေရာ အားလုံး ဆုတ်ဖြဲရပါတယ်။ အဲသည်လိုမှ ဖြန့်ချိခွင့်ပေးပါတယ်။ အဲသည်လို မလုပ်ရင် ထောင်ချပါတယ်။ ဆောင်းပါး တစ်ပုဒ်လုံး မဟုတ်ရင်တောင်၊ ဒီစာပိုဒ်ဖြုတ်၊ ဒီစာပိုဒ်ဖျက်လို့ ပြောရင် စာပေစိစစ်ရေးက ပြောတဲ့ စာပိုဒ်တွေကို ငွေမင်ရည်တွေ လိုက်သုတ်ရပါတယ်။ ဒါဟာ စာပေကင်ပေတိုင် လုပ်တဲ့ အပြုအမူပေါင်း သောင်းခြောက်ထောင်ထဲက ဖြစ်ရပ်တစ်ခုကိုသာ ပြောခြင်းဖြစ်ပါသေးတယ်။ စာပေလွတ်လပ်ခွင့်ဟာ လူထုအသိဉာဏ်သင်းသတ်ခံရတဲ့အထိ ပျောက်ဆုံးသွားပါတယ်။

စစ်အစိုးရအုပ်ချုပ်တဲ့ နှစ်ကာလတွေမှာ၊ အင်တာနက်အွန်လိုင်းဆိုတာလည်း မရ။ ဆက်သွယ်ရေး အားလုံးဟာ အကန့်အသတ်တွေနဲ့။ နိုင်ငံခြားက စာအုပ်တွေဆိုတာလည်း လက်လှမ်းမမှီ။ စာအုပ်အဟောင်းတန်းမှာလည်း ထောက်လှမ်းရေးက အမြဲတမ်း စောင့်ကြည့်နေတယ်။ စစ်အစိုးရက မရောင်းရ၊ မဖြန့်ချိရ၊ မထုတ်ဝေရဆိုတဲ့ စာအုပ်တစ်အုပ်ကြောင့် ထောင်ကျခံရတဲ့ စာအုပ်အဟောင်းရောင်းသမားတွေ မြန်မာပြည်မှာ မြောက်မြားစွာ ရှိ ပါတယ်။

အပုံကြီး သာနေပြီ

အဲသည့်ခေတ်၊ အဲသည့်အခြေအနေတွေနဲ့ နှိုင်းယှဉ်ရင် အခုလက်ရှိ အခြေအနေဟာ အပုံကြီးသာပါတယ်။ အများကြီးသာပါတယ်။ စာပေရေးသားဖြန့်ချိမှုမှာ ပုဂ္ဂိုလ်ရေးအပုတ်ချတိုက်ခိုက်စော်ကားတာ မဟုတ်ဘူးဆိုရင် စနစ်ကြီးတစ်ခုလုံးကိုလည်း ဝေဖန်လို့ ရတယ်။ အစိုးရတစ်ရပ်ကိုလည်း ဝေဖန်စောကြောခွင့် ရှိနေပါတယ်။ ထို နည်းလည်းကောင်းပဲ စာပေလွတ်လပ်စွာ ဖန်တီးခွင့်ဟာ ကြိုက်တဲ့စာအုပ်ဖတ်၊ ကြိုက်တဲ့စာအုပ် ဖြန့်ချိနိုင်တယ် လို့ ထင်ရလောက်အောင် ရေးသားခွင့် ရှိနေပါပြီ။ လူ့အဖွဲ့အစည်းက မနှစ်မြို့တဲ့ အလွန်အကျွံ လိင်မှုစာပေတွေ တော့ မပါဝင်သေးတာ၊ လက်ခံပေးလို့ ရနိုင်မယ် ထင်ပါတယ်။

မြန်မာပြည်မှာ လက်ရှိရထားတဲ့ စာပေလွတ်လပ်ခွင့်ကို သုံးပြီး လူ့အဖွဲ့အစည်းနဲ့ လူထုအတွက ဉာဏ်သစ် လှိုင်းတွေ ပေါ်အောင် ရေးသားဖြန့်ချိခွင့်ရနေပါပြီ။ ဒီအခွင့်ကို အလဟဿမထားဘဲနဲ့ ကောင်းကောင်း အသုံး ချဖို့ လိုတယ်။ အသုံးချမှ အသုံးကျတယ်။ အသုံးကျမှ တန်ဖိုးရှိပါတယ်။ ရထားတဲ့အခွင့်ကို အသုံးမချဘဲ ဆင် ခြေဆင်လက်တွေပေး၊ မြည်တွန်တောက်တီးပြီး ကိုယ်လုပ်စရာရှိတာကို မလုပ်ရင်တော့ တန်ဖိုးဟာ ပျောက်ဆုံး သွားပါလိမ့်မယ်။ တန်ဖိုးဟာ ပျက်သုဉ်းသွားပါလိမ့်မယ်။

လုပ်စရာ ရှိတာ လုပ်

အထူးသဖြင့်… စာပေကို ရေးသားပြုစုဖန်တီးနေတဲ့သူတွေမှာ ဒီသဘောထားအမြင်မျိုးရှိဖို့ လိုပါတယ်။ စာဖတ် သူ လူထုမှာလည်း ယခင်က စာအုပ်တစ်အုပ်ကိုတောင် လူကြားထဲမှာ ဖတ်ခွင့်မရှိတဲ့ ဘဝကို ပြန်အမှတ်ရပြီး၊ လက်ရှိမှာ ယခင်က မဖတ်လိုက်ရတာတွေအတွက် အငမ်းမရဖတ်နေကြဖို့ ကောင်းပါတယ်။ စာရေးသား ပြုစုသူ တွေမှာလည်း ရထားတဲ့အခြေအနေကို ဖန်ခွက်ထဲ ရေတစ်ဝက်ရှိနေတယ်၊ ဒါမှ မဟုတ် အပြည့်မဟုတ်ပေမယ့် အပြည့်နီးပါး ရှိလာပြီလို့ အပြုသဘောမြင်ပြီး၊ ကိုယ်ရေးစရာရှိတာ၊ ကိုယ်ရေးချင်တာကို လွတ်လပ်စွာရေးသား ဖြန့်ချိနေကြဖို့ လိုပါတယ်။ ဒီလိုရေးသားခြင်းကိုလည်း ကာယကံမြောက် လုပ်ဖို့လိုပါတယ်။ လက်တွေ့အရ ထုတ်ကုန်တစ်ခုထွက်လာအောင် လုပ်ဖို့ လိုပါတယ်။ အိရော အိရောနဲ့ လေထလေပွရင်း အချိန်မကုန်သွားဖို့ဖြစ် ပါတယ်။

အတော်အတန် ရထားပြီးဖြစ်တဲ့ စာပေလွတ်လပ်ခွင့်ကို စာရေးသူတွေရော၊ စာရေးဆရာတွေရော၊ စာဖတ်သူ တွေရော တန်ဖိုးထားပြီး ကိုယ်ရေးစရာရှိတာကို ရေးနေဖို့၊ ကိုယ်ဖတ်စရာရှိတာကို အငမ်းမရ ဖတ်ရှုနေကြဖို့ တိုက်တွန်းချင်ပါတယ်။ လူ့အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ လူတစ်ယောက်ချင်းစီမှာ၊ လွတ်လပ်ခွင့်ကို လက်တွေ့သုံးမနေရင် လွတ်လပ်ခွင့်ဟာလည်း ပျောက်ဆုံးသွားမှာဖြစ်ကြောင်း ပြောချင်ပါတယ်။ လွတ်လပ်ခွင့် ကို သုံးနေတဲ့အချိန်မှသာ လွတ်လပ်ခွင့်ဟာ ရှိနေတယ်လို့ နားလည်စေချင်ပါတယ်။ လွတ်လပ်ခွင့်ကို အခုလက်ရှိသုံးနေရင် လွတ်လပ်ခွင့်ဟာ အခုလက်ရှိမှာ ရှိနေတယ်။ လွတ်လပ်ခွင့်ကို အခုမသုံးတော့ဘူးဆိုရင် လွတ်လပ်ခွင့်ဟာ အခု မရှိတော့ဘူး။ ဒီသဘောကို နားလည်စေချင်တယ်။

မင်းသေ့
နေ့လယ် ၁၁ း ၀၁
၉ ၊ စက်တင်ဘာ၊ ၂၀၂၀။
ရန်ကုန်မြို့။

Previous post လူထု အထိန်းအထေ
Next post ▄ ကိုဗစ် မှသည် ငဗစ် ဆီသို့