”ဒီဆောင်းပါးမှာ၊ အိုင်တီနည်းပညာကြောင့် တိုက်ရိုက်ဒီမိုကရေစီသဘောဖြစ်ထွန်းလာတဲ့ အခြေအနေကို တင်ပြထားပြီး၊ မတူကွဲပြားမှုအပေါ် နိုင်ငံရေးခန္တီတရားမြှင့်လျက် အသွင်ကူးပြောင်းရေးမှာ ဖြေလျော့ရေးလုပ်ငန်း စဉ်တွေ ဆက်လက်လုပ်ဆောင်နိုင်ပြီး၊ တည်ငြိမ်တဲ့ မျှခြေကို ထိန်းသိမ်းထားကာ လူထုက ထိန်းကျောင်းတဲ့ အစိုးရစနစ်ကို တည်ဆောက်ကြဖို့ ရေးသားတင်ပြထားပါတယ်။”

ဒီမိုကရေစီကို အခြေခံအားဖြင့်၊ တိုက်ရိုက်ဒီမိုကရေစီနဲ့ ကိုယ်စားပြုဒီမိုကရေစီဆိုပြီး အကြမ်းဖျင်းခွဲကြည့်နိုင်ပါ တယ်။ ဂရိရောမ အေသင်မြို့ပြမှာ လမ်းဆုံးခဲ့တဲ့ တိုက်ရိုက်ဒီမိုကရေစီဟာ ၂၁ ရာစုမှာ ပြန်ပေါ်လာသလားလို့ ထင်မှတ်စရာရှိပါတယ်။ အထူးသဖြင့် မြန်မာပြည်ကို ဥပမာအားဖြင့် ကြည့်နိုင်ပါတယ်။

အိုင်တီနည်းပညာ

မြို့ပြနိုင်ငံတွေ မဟုတ်တော့လို့ တိုက်ရိုက်ဒီမိုကရေစီကို ကျင့်သုံးခွင့်မရပေမယ့်၊ နည်းပညာအကူအညီနဲ့ အိုင်တီ ရဲ့ အားသာချက်ကြောင့် ကိုယ်စားပြုဒီမိုကရေစီရဲ့ အားနည်းချက်တွေကို ဖာထေးလို့ ရနေတာတွေ တွေ့ရပါ တယ်။ အထူးသဖြင့် တစ်ဦးချင်းစီမှာရှိနေတဲ့ လူမှုကွန်ယက်တွေနဲ့ အွန်လိုင်းမီဒီယာတွေကြောင့်လို့ ဆိုချင်ပါ တယ်။

ကိုယ်စားပြုဒီမိုကရေစီအားဖြင့်၊ ကိုယ့်ကို ကိုယ်စားပြုသူကို ယုံမှတ်ပုံအပ် မဲထည့်လိုက်ပေမယ့် ထိန်းမှုထေမှုကို နည်းပညာအားဖြင့် လုပ်လို့ ရနေတာတွေ့ရပါတယ်။ လူတွေဟာ တစ်ဦးချင်းစီရဲ့ အသံကို လွှင့်လာနိုင်ကြတယ်။ အိုင်တီရဲ့ ကျေးဇူးကြောင့် ယခင်ကထက် ပိုကျယ်ကျယ်ပျံ့အောင် အော်နိုင်လာကြတယ်။ တစ်ယောက်နဲ့ တစ်ယောက်လူမှုကွန်ယက် လက်တံဖြန့်ကျက်နိုင်စွမ်းတွေ မတူကြပါဘူး။ အထူးသဖြင့် လူ့အဖွဲ့အစည်းထဲမှာ လူထုကြားထဲမှာ ဦးဆောင်ဦးရွက်ပြုနေတဲ့သူတွေမှာ သူ့နောက်လိုက်တွေ ကိုယ်စီရှိလာနေကြပါတယ်။ သူဟာ ဦးဆောင်ပြီးတော့၊ သူ့အဝန်းအဝိုင်းထဲမှာ ဘုံတူညီတဲ့ သဘောထားထင်မြင်ချက်ကို လူမှုစာမျက်နှာကနေ ထုတ် လွှင့်နိုင်ပါတယ်။ ထုတ်ဖော်နိုင်ပါတယ်။ ပြောဆိုနိုင်ပါတယ်။ သန်း ၅၀ ကျော်သော လူထုအားလုံးဟာ တစ်ဦးချင်းရဲ့ တိုက်ရိုက်ပါဝင်မှု အကန့်အသတ်ရှိနေပေမယ့်၊ နည်းပညာကြောင့် ယခင်ကထက် တစ်ဦးချင်း အသံကို ညံအောင် ပဲ့တင်ထပ်ပေးနိုင်တဲ့ အခင်းအကျင်းပေါ်လာပါပြီ။ ဒါဟာ အိုင်တီဖြစ်ပါတယ်။ အွန်လိုင်း စာမျက်နှာကဖြစ်ပါတယ်။ အွန်လိုင်းမီဒီယာက တစ်ဆင့်ဖြစ်ပါတယ်။ ဒီတော့ ကိုယ်စားပြုဒီမိုကရေစီမှာ ကြုံတွေ့ ရတဲ့ အားနည်းချက်ကို အိုင်တီအားကိုးပြီးတော့ သဘောထားဆန္ဒတွေ ပေးနိုင်တာဟာ သိပ်အကျိုးရှိပါတယ်။


ကိုယ်စားပြုသူဟာ လူထုအသံကို အမြဲမပြတ်နားစွင့်ရတယ်။ သူတို့မှာ ကိုယ့်အတွက် သီးခြားမဲဆန္ဒနယ်တွေရှိ နေတယ်။ မဲဆန္ဒနယ်ထဲက ပြည်သူလူထုတွေဟာ သူတို့ရဲ့ သဘောထားထင်မြင်ချက်ကို ထုတ်လွှင့်နိုင်တာဟာ တိုက်ရိုက်ဒီမိုကရေစီနဲ့ ပိုနီးလာတာလို့ ပြောချင်ပါတယ်။ ကိုယ်စားပြုသူဟာ မဲရပြီး မျက်နှာလွှဲခဲပစ်လုပ်လို့ မရ တော့ပါဘူး။ တစ်ဦးချင်းဟာ ကိုယ်စားပြုသူကို ပြန်လည် ထိန်းကျောင်းတည့်မတ်နိုင်တဲ့ အခင်းအကျင်းကို သုံးတတ်နေပါပြီ။ ဒါဟာ သိပ်အရေးကြီးပါတယ်။

တိုက်ရိုက်ဒီမိုကရေစီဖြစ်နေပြီလို့ ရာနှုန်းပြည့် ပြောနေတာ မဟုတ်ပါဘူး။ သဘောအားဖြင့်တိုက်ရိုက်ဒီမိုကရေစီ သဘောဖြစ်လာတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ အကန့်အသတ်အားဖြင့် ရှိနေပေမယ့်၊ တစ်ကြိမ်တည်း ကိုယ်စားပြု ထောက်ခံမဲ ရရုံနဲ့ သက်တမ်း တစ်လျှောက်လုံး ထောက်ခံမဲရမယ်လို့ တရားသေ မတွက်နိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ ဒါကို နားလည်ဖို့ လိုပါတယ်။

မကြေညက်သေး

သို့ပေမယ့် ဒီနေရာမှာ အားနည်းချက် တစ်ခုတွေ့ရပါတယ်။ “ဒီမိုကရေစီအစာမကြမှု” ဖြစ်ပါတယ်။ တနည်းအား ဖြင့်၊ အခွင့်အရေးနဲ့ တာဝန်ကို ခွဲခွဲခြားခြား နားမလည်တဲ့အပြင် လွတ်လပ်စွာ သဘောထားကွဲလွဲမှုကို၊ နားလည် လက်မခံနိုင်ခြင်းကိစ္စဖြစ်ပါတယ်။ မတူကွဲပြားမှုအပေါ် သည်းခံနိုင်စွမ်း နိမ့်တဲ့ကိစ္စဖြစ်ပါတယ်။ တာဝန်ယူမှု၊ တာဝန်ခံမှုကို ငြင်းပယ်ပြီးတော့ လွတ်လပ်ခွင့်ကို အတိုင်းအဆ မရှိ သုံးစွဲခြင်းကိစ္စဖြစ်ပါတယ်။ ဒီမိုကရေစီဆိုတဲ့ စကားလုံးကို ရေရွတ်ပေမယ့် အနက်အဓိပ္ပာယ်ကို နားလည်ခြင်း ချို့တဲ့တဲ့ကိစ္စဖြစ်ပါတယ်။

ဒီမိုကရေစီအခင်းအကျင်းမှာ သုံးစွဲတဲ့ လွတ်လပ်ခွင့်တွေဟာ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့တွဲပြီး သုံးရတာမျိုးဖြစ်ပါ တယ်။ တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့ လွတ်လပ်စွာ ရေးသားခွင့်၊ လွတ်လပ်စွာ ဖော်ထုတ်ခွင့်၊ လွတ်လပ်စွာ စုဖွဲ့ ခွင့်တွေဟာ ဒီမိုကရေစီ အကန့်အသတ်ဘောင်ကို ချိုးဖျက်သလိုဖြစ်နေပါလိမ့်မယ်။ ဒါကို သတိထားသင့်ပါ တယ်။ အကန့်အသတ်ဘောင်ကို ကျော်လွန်ပြီး၊ အထိန်းအထေ မရှိသုံးစွဲ ပြုမူ လုပ်ကိုင်ကြရင်ဖြင့်၊ ဖြေလျော့ရေး လက်တံတွေဟာ တဖြည်းဖြည်း ပြန်လည် ကျုံ့ဝင်လာပါလိမ့်မယ်။

ဖြေလျော့ရေး လက်တံတွေ ပြန်မကျုံ့ဖို့

အထူးသဖြင့် အသွင်ကူးပြောင်းရေးအခြေအနေတွေဟာ ညင်ညင်သာသာဖြစ်ရိုးထုံးစံ မရှိပါ။ သို့သော် တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ကြည့်ရင်၊ မြန်မာပြည်ဟာ အသွင်ကူးပြောင်းရေးကို ဖြည်းဖြည်းနဲ့ ထိန်းထိန်းသိမ်း သိမ်း ညင်ညင်သာသာ သွားနေတဲ့ နိုင်ငံစာရင်းမှာ ပါဝင်နေတယ်လို့ ယူဆရပါတယ်။ ဖြေလျော့ရေးလုပ်ငန်းစဉ် တွေကြောင့်၊ တည်ငြိမ်ရေး ကျိုးပေါက်မှုတွေ အနည်းငယ်ရှိပေမယ့် တစ်နိုင်ငံလုံး အရှိုက်ထိလောက်အောင် မဖြစ်သေးတာကို ကျေးဇူးတင်ရမှာဖြစ်ပါတယ်။ အတိတ်သမိုင်းဖြစ်ရပ်တွေနဲ့ နှိုင်းယှဉ်ပြီးကြည့်ရင်၊ မြန်မာ့နိုင်ငံ ရေးခေါင်းဆောင်တွေအကြားမှာ တစ်စုံတစ်ရာ နိုင်ငံရေးရင့်ကျက်မှု ရှိလာတယ်လို့ ယူဆရပါတယ်။ သက်သေ အနေနဲ့ ပြရရင်၊ စားပွဲဝိုင်းနိုင်ငံရေး အလုံးစုံ ပျက်သုဉ်းခြင်း မရှိသေးတာကြောင့်ဖြစ်ပါတယ်။ သဘောမညီမှုတွေ၊ အခဲမကြေမှုတွေ၊ အာဏာလွန်ဆွဲတာတွေ၊ အကျိုးစီးပွားပဋိပက္ခတွေ ရှိနေသည့်တိုင် ဒိုင်ယာလော့ခ်ယဉ်ကျေးမှု ကို ကိုင်စွဲထားကြတုန်းရှိပါသေးတယ်။ ဒါဟာ ဝမ်းသာစရာဖြစ်ပါတယ်။ ဒါဟာ အားပေးရမယ့်ကိစ္စဖြစ်ပါတယ်။


အသွင်ကူးပြောင်းရေးကာလတွေမှာ၊ တည်ဆဲအကျိုးစီးပွားအုပ်စုတွေ ရှိနေသလို၊ အသစ်ဖြစ်ထွန်းလာတဲ့ နိုင်ငံရေးပလေယာတွေလည်း ပေါ်လာပါတယ်။ အဲသည့်အထဲမှာ နယ်စပ်မျဉ်းတွေကို ဖွင့်လိုက်လို့ အိုင်ဒီယာ ရေစီးအသစ်တွေလည်း ဝင်လာပါတယ်။ ဒီနေရာမှာ အဟောင်းနဲ့ အသစ် မျှခြေ မထိန်းနိုင်ရင် အကန့်အသတ် ဘောင် ကျိုးပေါက်ပြီး ဒီမိုကရေစီအခွင့်အလမ်းတွေ ပြန် ရုတ်သွားတတ်ပါတယ်။ လက်ရှိ အသွင်ကူးပြောင်းရေး ကာလ ၁၀ နှစ်တာ အတွင်းမှာ တည်ငြိမ်မှုပျက်ယွင်းတာတွေ ရှိသည့်တိုင်၊ ဖြေလျော့ရေးကို တဖြည်းဖြည်းနဲ့ ခိုင်မာအောင် လုပ်နိုင်နေတာကို တွေ့ရပါတယ်။

ပညာ / ခန္တီ

တစ်ဖက်မှာလည်း ဖြေလျော့ရေးလုပ်ငန်းစဉ်တွေကို အင်စတီကျူးရှင်းအသစ်တွေ ခိုင်မာအသက်ဝင်အောင်လုပ် ရင်း ဆက်လုပ်မယ်။ တစ်ဖက်မှာလည်း တည်ငြိမ်မှု ရေချိန်ကို မြှင့်မယ်။ လူ့အဖွဲ့အစည်းအကြားမှာလည်း၊ မတူ ကွဲပြားမှုအပေါ်မှာ နိုင်ငံရေးရင့်ကျက်မှု၊ နိုင်ငံရေးခန္တီပါရမီကိုမြှင့်မယ်။ ဆင်ခြင်တုံတရားရှေ့ဆောင်နိုင်မယ့် ပညာ့အဖွဲ့အစည်းတွေကို ပိုပြီး လှုပ်ရှားခွင့်ပေးမယ်။ public intellectual တွေကို ပိုပြီး ရှေ့ထွက် ထိန်းကျောင်း သွန်သင်ခွင့် ပြုမယ်ဆိုရင် ပိုကောင်းတဲ့အနာဂတ်ကို ရလာမယ်လို့ မျှော်လင့်ပါတယ်။

လူထုဟာ အိုင်တီကို သုံးပြီး တိုက်ရိုက်ပါဝင်ခွင့်ရရေးကို လေ့ကျင့်တည်ဆောက်ကြဖို့ဖြစ်ပါတယ်။ ဒါတင်မက သေးဘူး။ မတူကွဲပြားမှုကို နားလည်လက်ခံနိုင်တဲ့ နိုင်ငံရေးခန္တီတရားကိုလည်း မြှင့်ကြဖို့ဖြစ်ပါတယ်။ တစ်ဖက်မှာ လည်း ပညာအဝန်းအဝိုင်းကို ပျံ့အောင်ဖြန့်ကြပြီး၊ လူထုရှေ့ဆောင် ပညာတတ်တွေ ဦးဆောင်တဲ့ လူထု အထိန်းအထေ အခင်းအကျင်းတစ်ရပ်ကို တည်ဆောက်ဖို့ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်အလုပ်ကို ကိုယ် စေတနာထားပြီး တစိုက်မတ်မတ် အကောင်းဆုံးလုပ်နေသရွေ့ ပိုကောင်းတဲ့အနာဂတ်ကို ရလာမယ်လို့ မျှော်လင့်ရပါတယ်။

မင်းသေ့
ည ၁၁ း ၀၄
၂၄ ၊ စက်တင်ဘာ၊ ၂၀၂၀။
ရန်ကုန်မြို့။

Previous post ▄ စာမေးပွဲကျတဲ့ကောင်။
Next post ▄ စာပေလွတ်လပ်ခွင့်