• အကောင်းဆုံးကို လိုချင်ရင် သာမန်နဲ့တော့ ဘယ်ရမလဲ။
• အကောင်းတွေ လုပ်ရင်း အကောင်းတွေ စုလာကာ အကောင်းဆုံးတွေ ဖြစ်လာကြသည်။

မှတ်မှတ်ရရ။ ကျနော် ပထမနှစ်တက္ကသိုလ်ကျောင်းသားဘဝက ဖြစ်ပါသည်။ အဲသည့်တုန်းက ကျနော် စာတို ပေစတွေ လျှောက်ဖတ်ခါစ။ စာဖတ်ရကောင်းမှန်း သိလာသည့် ဆယ်ကျော်သက်ဘဝ။ စာကို အငမ်းမရ စဖတ် နေသည့်အချိန်။ ဘယ်စာအုပ်မဆို ဝါးမြို ကြိတ်ချေလိုက်မည်ဟု ကိုယ့်ဘာသာ ကြုံးဝါးထားသည့် အရွယ်။

သည်အချိန်မှာ ကျနော့် ခေါင်းထဲ သံမှိုနှက်သလို စွဲဝင်နေသည့် အဆိုအမိန့် (၂) ခုရှိနေသည်။ မည်သည့် တက်ကျမ်းစာအုပ်ထဲမှာ ဖတ်ရသည်ကို မမှတ်မိသော်လည်း ထိုအဆိုအမိန့် နှစ်ခုက ကျနော့်ကို အမြဲမပြတ် လှုပ်နှိုးနေခဲ့ဖူးသည်။ အချိန်အတော်ကြာ လှုပ်နှိုးနေခဲ့ဖူးသည်။ ယခုထက်ထိလည်း သတိရနေသေးသည်။

ဆယ်ကျော်သက်အရွယ်မှာ စွဲလမ်းခဲ့သည့် ဆောင်ပုဒ်နှစ်ခု ဆိုလျှင်လည်း မမှား။

• အကောင်းဆုံးကို လိုချင်ရင် သာမန်နဲ့တော့ ဘယ်ရမလဲ။
• အကောင်းတွေ လုပ်ရင်း အကောင်းတွေ စုလာကာ အကောင်းဆုံးတွေ ဖြစ်လာကြသည်။

တိမ်းညွှတ်မှု

စွဲလမ်းမှုများအနက် အဆိုအမိန့်များကို ငမ်းငမ်းတက် စွဲလမ်းခဲ့သည့် ရောဂါ ကျနော့်မှာ ရခဲ့သည်။ အဆိုပါ စွဲလမ်းမှုများက ကျနော် လူလတ်ပိုင်းအရွယ် ရောက်စ၊ ယခုအချိန်အထိ မပြေပျောက်သေး။ လိုလိုချင်ချင် တောင့်တနေဆဲ ဥပါဒါန်တချို့ဖြစ်ပါသည်။
ဤအဆိုအမိန့်နှစ်ခုကြောင့် ကျနော် အလုပ်တော်တော်များများလုပ်ဖြစ်ခဲ့သည်။ တက္ကသိုလ်ကျောင်းသားဘဝ တစ်လျှောက်လုံး လုပ်ခဲ့သည်မှာ၊ စာဖတ်ခြင်း အလုပ်ဖြစ်ပါသည်။ တက္ကသိုလ်၌ အသားတင် စာဖတ်ချိန် (၅) နှစ်တိတိ ကျနော် ရခဲ့သည်။ ထိုငါးနှစ်အချိန်ကာလကို ကျနော် ယခုထက်ထိ ကျေနပ်အားရနေမိသည်။ ထို ငါး နှစ်ကာလ တစ်လျှောက်လုံးကို ကျောင်းစာ၌ အမှတ်များများရရေး၊ အဆင့်ကောင်းကောင်းရရေးသာ ကျနော် ကြိုးစားခဲ့ပါက ကျနော် နောင်တရမဆုံးဖြစ်နေပါလိ့မည်။ အကြောင်းမှာ၊ ကျနော်သည် တက္ကသိုလ်ကျောင်းသား ဘဝ တစ်လျှောက်လုံး ကျောင်းစာများမှလွဲ၍ တခြားသော စာအားလုံးကို စိတ်ဝင်စားခဲ့လို့ဖြစ်ပါသည်။

တက္ကသိုလ်ကျောင်းသား ငါးနှစ်တစ်လျှောက်လုံး တက်ခဲ့သည့်တိုင်၊ ကျနော် အင်ဂျင်နီယာဘွဲ့ကို မရခဲ့ပါ။ နည်းပညာဘွဲ့သာ ရရှိပါသည်။ အဆိုပါ နည်းပညာဘွဲ့ရသည့် အမှတ်စဉ်မှာ နံပါတ် (၁၀) ဖြစ်ပါသည်။ နံပါတ် (၁၀) ဖြစ်ခြင်းကြောင့် ထိပ်ပိုင်းအဆင့်ထဲတွင် ပါသည်ဟု မမှတ်ယူစေလို။ ကျနော် တက်သော မေဂျာမှာ၊ အမျိုးသမီး ကျောင်းသူများ တက်ရောက်ခွင့် မရှိသည့် ရေနံအင်ဂျင်နီယာမေဂျာဖြစ်ပါသည်။ ထိုမေဂျာသည်၊ တက္ကသိုလ်တွင် အယူအနည်းဆုံးသော မေဂျာဖြစ်ပါသည်။ တက္ကသိုလ်၌ အမှတ်အနည်းဆုံးသော ကျောင်းသား များ မလိုချင်ဘဲ ရခဲ့သော မေဂျာသာဖြစ်ပါသည်။ ကျနော် ဘွဲ့ရမည့် နှစ် အောင်စာရင်းမှာ၊ စုစုပေါင်း (၁၁) ယောက်သာဖြစ်ပါသည်။ အဲသည့်မှာ ကျနော်က နံပါတ် (၁၀) ဖြစ်ပါသည်။ ထိပ်ဆုံးနှစ်ယောက်မှာ ဂုဏ်ထူးတန်းပါ၍ အင်ဂျင်နီယာဘွဲ့တန်းကို နောက်ထပ် တစ်နှစ် ထပ်တက်ခွင့်ရခဲ့ပါသည်။ ကျနော်ကတော့ ထို နှစ်မှာပင် တက္ကသိုလ်ကျောင်းသား ဘဝကို နိဂုံးချုပ်လိုက်ရပါသည်။

မည်သို့ပင်ဖြစ်စေ….၊ တက္ကသိုလ်၌ စာညံ့ကျောင်းသားတစ်ယောက်ဖြစ်ခဲ့၍ ကျနော် ကျေနပ်ရပါသည်။ အကယ် ၍ အတန်းထဲ၌ စာတော်ခဲ့သော် ကျနော် ဖတ်ချင်ရာ ဖတ်ခဲ့သော စာအုပ်များကြောင့် ဉာဏ်အလင်းပွင့်လာသူ တစ်ယောက်ဖြစ်လာမည်မှာ မသေချာ။ အင်ဂျင်နီယာဘွဲ့ မရဘဲ၊ နည်းပညာဘွဲ့သာ ရခဲ့ခြင်းမှာလည်း ဂုဏ်ထူး တန်း ပြုတ်ခဲ့၍ ဖြစ်ပါသည်။

အပိုဆု

တကယ်တော့ နည်းပညာဘွဲ့အတွက် တက်ရသည်မှာ တစ်နှစ်တစ်တန်းအောင်လျှင် (၄) နှစ်သာဖြစ်ပါသည်။ ကျနော်ကတော့ တစ်နှစ်ပိုတက်ခဲ့ရပါသည်။ အကြောင်းမှာ၊ ဘဝ၌ လုံးဝ မကျခဲ့ဖူးသော အတန်းတင်စာမေးပွဲကို တစ်ခါ ကျခဲ့၍ ဖြစ်ပါသည်။

ကျနော့်ဘဝတွင် ကျခဲ့ဖူးသော စာမေးပွဲများကိုလည်း အခုထိ မှတ်မိနေပါသည်။ ကျနော် လေးတန်းကျောင်း သား ဘဝက လပတ်စာမေးပွဲတစ်ခုမှာ (၄) ဘာသာ ကျခဲ့ဖူးပါသည်။ ဤကား ပထမဆုံး ကျခဲ့ဖူးသော၊ ကျောင်း စာမေးပွဲဖြစ်ပါသည်။ ထို့နောက် ဆယ်တန်းကျောင်းသားဘဝ။ ဆယ်တန်းကျူရှင်တက်ခဲ့စဉ် လပတ်စာမေးပွဲ တစ်ခု၌ အင်္ဂလိပ်စာကို (၃၆) မှတ်နှင့် ကျနော် ကျခဲ့ဖူးသေးသည်။ နောက်ကျခဲ့ဖူးသော စာမေးပွဲမှာ၊ နည်းပညာ တက္ကသိုလ်နောက်ဆုံးနှစ်မှာဖြစ်ပါသည်။ ထို့ကြောင့် သူများတကာ လေးနှစ်နှင့် တက်ခဲ့သော ဘွဲ့ကို ကျနော်က တစ်နှစ်အပိုဆုယူ၍ တက်ခဲ့ခြင်းဖြစ်ပါသည်။

ကျောင်းစာမေးပွဲများတွင်သာ မဟုတ်။ တခြားသော စာမေးပွဲများတွင်လည်း ကျနော် ကျခဲ့ဖူးပါသည်။ ကျောင်း စာမေးပွဲများ နည်းတူ၊ ကျနော် ကျခဲ့သော မှတ်မှတ်ရရ စာမေးပွဲ တစ်ခုမှာ အချစ်စာမေးပွဲဖြစ်ပါသည်။ ကျနော် သည် အချစ်၌ ငြင်းပယ်ခံရဖူးပါသည်။ တစ်ကြိမ်ထက် မနည်း ငြင်းပယ်ခံရဖူးပါသည်။ ရိုးရိုးငြင်းပယ်ခံရခြင်းပင် မဟုတ်။ စဉ်းစားစရာ မလိုသော ငြင်းပယ်ခံရခြင်းဖြစ်သည်။

တစ်ခုသော နေ့လည်၌ ဖြစ်ပါသည်။ ကန်ရေပြင်နဘေး ကန်ဘောင်နဘေး တစ်ခုတွင် ဖြစ်ပါသည်။

“ ငါ နင့်ကို သိပ်ချစ်တယ်….”
“ငါ့ အချစ်ကို လက်ခံပေးပါ….”
“ငါ နင့်ကို မချစ်ဘူး …. အောင်ကိုတိုး….”
“ဟာ… နင်ကလည်း စဉ်းစားပြီးမှ ငါ့ကို ပြန်ပြောပါဟာ….”
“စဉ်းစားစရာ မလိုဘူး…..”
“မချစ်ဘူး….ဒါပဲ။”

အသည်းများသည် ထိုကန်ရေပြင်နဘေးမှာပင် ကြေမွပျက်စီးခဲ့ပါသည်။ ထိုငြင်းပယ်ခံရမှုကြောင့် ယောက်ျားမာန များ ထောင်တက်လာ၍၊ အချစ်ကို မုန်းတီးနာကျည်းလောက်အောင်လည်းဖြစ်ခဲ့ဖူးသည်။ ထိုသို့ တစ်ကြိမ်ကအပြင် နှစ်ကြိမ်ဖြစ်လာတော့၊ ကျနော် အချစ်စာမေးပွဲ ထပ် မဖြေတော့ပါ။ တက္ကသိုလ်ကျောင်းသား ဘဝ တစ်လျှောက်လုံးနှင့် လုပ်ငန်းခွင် စဝင်သည့်အချိန်ထိ ဖျက်သိမ်းပစ်ထားခဲ့ပါသည်။ ထားတော့။

အောင်မြင်မှုဟု ယူဆရသော

ရှားရှားပါးပါး ဘဝတွင် အောင်မြင်မှုနှစ်ခုဟု ယူဆရသော အရာနှစ်ခုတော့ ရှိခဲ့ပါသည်။ (၇) တန်းကျောင်းသား ဘဝ။ လွတ်လပ်ရေးနေ့ ကဗျာပြိုင်ပွဲတွေ ကိုယ့်စိတ်ကူးဉာဏ်နှင့် ကိုယ့်ဘာသာ ရေးစပ်ခဲ့သည့် ကဗျာတစ်ပုဒ် သည် တတိယဆုချိတ်ခဲ့ဖူးပါသည်။ ဤကား မဟာအောင်မြင်ခြင်း နံပါတ် (၁) ဖြစ်ပါသည်။ ထို့နောက် တက္ကသိုလ်ဝင်တန်း ဆယ်တန်း စာမေးပွဲကို ဓာတုဗေဒဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ခြင်းဖြစ်ပါသည်။ ဤကား ဒုတိယမြောက် မဟာအောင်မြင်ခြင်းဖြစ်ပါသည်။ အချစ်ဦးထံမှ အဖြေမရခင် အသက် ၂၃ နှစ်၏ ရှေ့ပိုင်းကာလ များအထိ ကျနော့်မှာ အောင်မြင်မှုဟူ၍ ထိုအရာ နှစ်ခုသာ ရှိခဲ့ပါသည်။ တခြားသော အရာများမှာ အားလုံး ဗလာနတ္ထိ၊ ကွက်လပ်များနှင့် အပြည့်အတိဖြစ်ပါသည်။ ဘယ်လောက် တော်ခဲ့ထူးချွန်ခဲ့ပါသနည်း။

မည်သို့ပင်ဖြစ်စေ…. တက္ကသိုလ်ကျောင်းသား ဘဝတစ်လျှောက်လုံးသာမက၊ လုပ်ငန်းခွင် ဝင်သည့် ယခုအချိန် အထိတိုင် ကျနော်ကို အဆိုအမိန့်ပေါင်းများစွာက မောင်းနှင်ခဲ့ပါသည်။ အဆိုအမိန့်ပေါင်းများစွာ အနက်၊ ကျနော် ပထမဆုံး နှစ်ခြိုက်မြတ်နိုး၍ ၎င်းအဆိုအမိန့်အတိုင်း ကျင့်ကြံခဲ့သည့် စကားလုံးစုများကိုတော့ ကျနော် မှတ်မိနေ ပါသေးသည်။

• အကောင်းဆုံးကို လိုချင်ရင် သာမန်နဲ့တော့ ဘယ်ရမလဲ။
• အကောင်းတွေ လုပ်ရင်း အကောင်းတွေ စုလာကာ အကောင်းဆုံးတွေ ဖြစ်လာကြသည်။

ကောင်းနိုးရာရာ

တက္ကသိုလ်ကျောင်းသား ဘဝမှစ၍ ယခုအချိန်အထိ ကျနော် စာအုပ်ကောင်းများကို ရွေးဖတ်ခဲ့ပါသည်။ ကောင်း သည်ထင်၍ ဖတ်ခဲ့ပြီးမှ မကောင်းသော စာအုပ်များကိုလည်း ကြုံခဲ့ရပါသည်။ မည်သို့ပင်ဖြစ်စေ၊ ကျနော် စာကောင်းများကို ရှာဖတ်မှု မပြတ်ခဲ့ပါ။ နေ့စဉ်လိုလို အိုးစရည်း၌ ကျသော ရေပေါက်များကဲ့သို့ ဖြည့်လျှင် မည် မျှကြီးသော ရေအိုးပင်ဖြစ်စေ ပြည့်ရမည်ဟု ယုံကြည်၍ ဆက်လက်လျှောက်လှမ်းခဲ့ပါသည်။ အကောင်းတွေကို သေးငယ်ပင် သေးမွှားပါစေ….။ ကျနော် လုပ်ဆောင်ပါသည်။ ထိုအကောင်းသေးသေးလေးများကို လုပ်ရင်း တဖြည်းဖြည်းနှင့် အကောင်းတွေ စုလာပြီး အကောင်းဆုံးတွေဖြစ်လာမည်ဟု ကျနော် ယုံကြည်ခဲ့ပါသည်။ အကောင်းဆုံးဆိုတာ ချက်ချင်းကြိုးစား၍ လုပ်နိုင်ချင်မှ လုပ်နိုင်ပါလိမ့်မည်။

“နေ့တိုင်း နေ့တိုင်း သတိထားပြီး အလုပ်လုပ်ရင်လည်း အကောင်းတွေကို ရွေးလုပ်မယ်၊ မိတ်ဆွေသူငယ်ချင်း ကောင်းတွေကို ရွေးပေါင်းမယ်၊ စာဖတ်ရင်လည်း စာကောင်းတွေ ရွေးဖတ်မယ်၊ ပိုက်ဆံသုံးရင်လည်း ကောင်းတဲ့ နေရာမှာ ရွေးသုံးမယ်၊ အချိန် ဖြုန်းရင်လည်း ကောင်းတဲ့အလုပ်လေးတွေ လုပ်ရင်း အချိန်ကုန်ဆုံးမယ်၊ ရုပ်ရှင်ကြည့်တာက အစ၊ စကားပြောတာ အဆုံး အဓိပ္ပာယ်ရှိတာလေးတွေ ရွေးကြည့်မယ်၊ အနှစ်သာရရှိတဲ့ စကားတွေ ရွေးပြောမယ်….” စသည့် စိတ်ဖြင့် ကျနော် နှလုံးသွင်းခဲ့ပါသည်။

အကောင်းတွေ လုပ်ရင်း အကောင်းတွေ စုလာကာ အကောင်းဆုံးတွေ ဖြစ်လာကြသည်။
ကျနော် အသက် (၃၀) မပြည့်ခင် စာအုပ် (၇) အုပ်ရေးသားပုံနှိပ်ထုတ်ဝေခဲ့ပြီးဖြစ်ပါသည်။ အေဖိုးစာမျက်နှာ (၂၅၀၀) ထက်မနည်း ကျနော် စာများရေးသားခဲ့ပါသည်။ ကျနော့်စာများကို ဖတ်သူ ကြိုက်တာ၊ မကြိုက်တာ အပထား။ စာတစ်ပုဒ်ရေးတိုင်း ခေါင်းစဉ်တို တစ်ခု၊ စာပိုဒ်တစ်ပိုဒ်၊ စာကြောင်းတစ်ကြောင်း၊ ဝါကျတစ်ကြောင်း၊ စကားလုံးတစ်လုံး၊ ဝေါဟာရတစ်ခုက အစ ကျနော် အသင့်တော်ဆုံး၊ အလိုက်ဖက်ဆုံး၊ အကောင်းဆုံး၊ အနှစ် သာရအရှိဆုံး၊ အရိုးရှင်းဆုံး၊ အဆန်းပြားဆုံး၊ အနက်အဓိပ္ပာယ်အပြည့်ဝဆုံး ဖြစ်အောင် ရူးသွပ်စွာ အားထုတ်ခဲ့ ပါသည်။ ရူးသွပ်စွာ နှစ်မြုပ်ထားခဲ့ပါသည်။ ဘယ် စကားလုံးတစ်လုံး၊ ဘယ်ဝါကျ တစ်ကြောင်း၊ ဘယ်စာပိုဒ် တစ်ပိုဒ်၊ ဘယ်ခေါင်းစဉ်တိုတစ်ခု၊ ဘယ်ဆောင်းပါး တစ်ပုဒ်မှာမှ ကျနော့်စိတ်အာရုံ၌ အကောင်းဆုံးများနှင့် လွဲမသွားအောင် စိတ်နှစ်ထားခဲ့ပါသည်။ ထိုစိတ်ဇောက ကျနော့်ကို ကျေးဇူးပြုမည်ဟု ယုံကြည်ပါသည်။

• အကောင်းသေးသေးလေးတွေဟာ တဖြည်းဖြည်း စုလာပြီး နောက်ဆုံးမှာ အကောင်းဆုံးတွေဆီရောက် အောင် ကျေးဇူးပြုထောက်ပံ့လိမ့်မည်ဟု ကျနော် ယုံကြည်ခဲ့ပါသည်။

တခါတရံလည်း အသိဉာဏ်နုပ်နည်းလွန်း၍၊ မကောင်းတာတွေ ရွေးဖြစ်ခဲ့သည်ကို ကြုံရပါသည်။ တခါတရံ အကောင်းတွေကို မကြိုက်ချင်တော့လောက်အောင်၊ စိတ်အချဉ်ပေါက်မှုများလည်း ကြုံခဲ့ရပါသည်။ မည်သို့ပင် ဖြစ်စေ၊ ကောင်းမှုကို ကြိုက်နှစ်သက်တတ်သည့် စိတ်ကလေးကို လက်မလွှတ်ခဲ့ပါ။

သာမန်နဲ့ ဘယ်ရမလဲ…

စိုင်းခမ်းလိတ်ရေးသည့် သီချင်းတစ်ပုဒ်၌ “ထိုက်တန်တဲ့ ရင်းနှီးမှုတော့ ရှိရမယ်” ဆိုသည့်၊ စကားလုံးသည်လည်း နားထဲ စွဲနေပါသည်။ အကောင်းဆုံးကို တောင့်တလျှင် သာမန် အားထုတ်မှုနဲ့တော့ မရ။ အကောင်းဆုံးကို လိုချင်လျှင် သာမန်နှင့်တော့ မရ။ ထိုက်တန်သည့် ရင်းနှီးမြှုပ်နှံမှု ရှိရပါမည်။

အကောင်းဆုံးကို လိုချင်ရင် သာမန်နဲ့ ဘယ်ရမလဲ…. ဆိုသည့် စကားက အခုထိ နားထဲ စွဲတုန်းဖြစ်ပါသည်။ ကျနော် လိုချင်၍ မရခဲ့သော၊ တချို့သော အကောင်းဆုံးများကို ဆုံးရှုံးလိုက်ရသော အခါ ကျနော် ထိုသို့ နှလုံး သွင်းပါသည်။ “အကောင်းဆုံးကို လိုချင်ရင် သာမန်နဲ့ ဘယ်ရမလဲ”

ကျနော် သာမန်အားထုတ်ခဲ့သော ကြိုးစားမှုများသည် သာမန်ရလဒ်များကိုသာ ပေးခဲ့ပါသည်။ ကျနော် အကောင်းဆုံးကြိုးစားခဲ့သော အားထုတ်မှုများသည်၊ အမြဲတမ်း အကောင်းဆုံး မရသည့်တိုင်။ ကြိုကြား ကြိုကြားတော့ အကောင်းဆုံးများကို ပြန်ပေးတတ်ပါသည်။

မည်သို့ပင်ဖြစ်စေ၊ ကျနော်သည် …
• ထိုက်တန်သော ရင်းနှီးမြှုပ်နှံမှု၊
• ထိုက်တန်သော ပေးဆပ်မှု၊
• ထိုက်တန်သော အားထုတ်မှု၊
• ထိုက်တန်သော လုံ့လစိုက်မှု၊
• ထိုက်တန်သော စိတ်စေတနာ၊
• ထိုက်တန်သော ကြိုးစားမှု ပြုခဲ့သလား…. ဟု
အမြဲတမ်း ကိုယ့်ကိုယ်ကို မေးခွန်းထုတ်လျက်ရှိနေပါသည်။

မင်းသေ့
ည ၁၀ း ၁၉
၂၅ ၊ စက်တင်ဘာ၊ ၂၀၂၀။
ရန်ကုန်မြို့။

Previous post ▄ လူထုပညာရေး
Next post လူထု အထိန်းအထေ