(လူထုသို့ မေတ္တာရပ်ခံချက်)

(အကြောင်း အကျိုး ရှင်းလင်းချက်)

(အန္တရာယ်အကြားမှ စိုးရိမ်ချက်)

ခြေဆင်း

လက်ဝဲဝါဒီတို့၏ အသုံးအနှုန်းအရ၊ အခြေခံလူတန်းစားဆင်းရဲသားကို… ကျောမွဲ၊ နင်းပြားလို့ သုံးနှုန်းခေါ်ဝေါ် ကြပါတယ်။ ကျောမွဲဟာ လှပါသလား။ နင်းပြားဟာ တွင်းဆုံးကျပြီလား။
အခက်အခဲ အကျပ်အတည်းကာလတွေမှာ၊ နူရာဝဲစွဲ လဲရာ သူခိုးထောင်း အဖြစ်တွေဟာ ဆင့်ကာ ဆင့်ကာဖြစ် လာတတ်ပါတယ်။ သူဌေးသင်္ဘောမှောက်တာက အကျပ်အတည်းဖြစ်သလို၊ သူတောင်းစား ခွက်ပျောက်တာက လည်း ပိုအရေးကြီးနေပြန်ပါတယ်။

အနာရောဂါကပ်ဘေးကျရောက်တဲ့ “ရောဂန္တရကပ်” နောက်မှာ၊ ငတ်မွတ်ခေါင်းပါးခြင်း “ဒုဗ္ဘိက္ခန္တရကပ်” ဘေး ကျရောက်နိုင်တယ်။ ငတ်လွန်းမက ငတ်မွတ်ခေါင်းပါးလာတဲ့အခါမှာ၊ လုယက်သတ်ဖြတ် ခုတ်ထစ်ကြမယ့် “သတ္ထန္တရကပ်” ဘေး ကျရောက်နိုင်ပါလိမ့်မယ်။

လူမှုကော်စေး

ဒီနေ့ ဖြစ်ပျက်နေတဲ့အရာ အားလုံးဟာ တစ်ကမ္ဘာလုံးနဲ့သက်ဆိုင်နေတယ်။ တစ်နိုင်ငံလုံးနဲ့သက်ဆိုင်နေပါတယ်။ လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးနဲ့ သက်ဆိုင်နေပါတယ်။ အခက်အခဲတွေဟာ ကြုံလာရနိုင်ပါသေးတယ်။ ထပ်ပြီး ကြုံနိုင်ပါသေးတယ်။ အကျပ်အတည်းအကြားမှာ၊ ပြောသင့်ပြောထိုက်တာတွေ ပြောဖို့ လိုသလို၊ လုပ်သင့် လုပ် ထိုက်တာတွေလည်း မပျက်မကွက် လုပ်ကြဖို့ဖြစ်ပါတယ်။ ဝိုင်းသင့်တာ ဝိုင်း၊ ဝန်းသင့်တာ ဝန်းပြီး လူ့အဖွဲ့ အစည်းအတွင်းမှာ ယုံကြည်မှုမပျက်အောင် ဆက်ထိန်းထားဖို့ဖြစ်ပါတယ်။

လက်ရှိ မြန်မာပြည်ရဲ့ အခက်အခဲဟာ၊
• နိုင်ငံရဲ့ ဘဏ္ဍာငွေကြေး စီမံသုံးစွဲမှု အခြေအနေ၊
• အင်စတီကျူးရှင်းတွေ ရဲ့ အားကောင်းသန်မာမှု၊
• နိုင်ငံရေးအရ ခေါင်းဆောင်နိုင်မှုနဲ့
• ပေါ်လစီရွေးချယ်မှုတွေမှာ အခရာ ကျတယ်ဆိုပေမယ့်၊
• လူ့အဖွဲ့အစည်းအတွင်းက လူမှုကော်စေး ဘယ်လောက် အရည်အသွေးရှိသလဲဆိုတာလည်း အရေးတကြီးလိုအပ်နေပါတယ်။

social capital ဆိုတာကို လူမှုအရင်း လို့ နားလည်နိုင်ပါတယ်။ လူမှုအရင်းအတွက် အခြေခံ စကားလုံး (၃) လုံးရှိပါတယ်။

• Common ground or Common Interest
• Reciprocity (အချင်းချင်းပူးပေါင်းဆောင်ရွက်မှု) နဲ့
• Trust (အချင်းချင်းအကြား ယုံကြည်မှု) တို့ဖြစ်ပါတယ်။

လက်ရှိ မြန်မာပြည်မှာ လူမှုအရင်း ဘယ်လောက် အားကောင်းသလဲဆိုတာ ကြည့်ဖို့ လေ့လာဖို့ဖြစ်ပါတယ်။ နိုင်ငံရေးအရ ရပ်တည်ချက်၊ ကွဲလွဲချက်၊ နည်းနာ၊ ဝါဒ၊ လမ်းစဉ်၊ မူ…. စသည်ဖြင့် ကွဲလွဲချက် ရှိနေသည့်တိုင်၊ လက်ရှိမြန်မာပြည် ကြုံနေရတဲ့ “ဒုဗ္ဘိက္ခန္တရကပ်” (ကိုဗစ် – ၁၉) ဟာ အားလုံးအတွက် ဘုံပြဿနာဖြစ်ပါတယ်။ ဘုံအခက်အခဲဖြစ်ပါတယ်။ ဘုံအကျပ်အတည်းဖြစ်ပါတယ်။ သာမန်အချိန်တွေမှာ၊ လွတ်လပ်စွာ သဘောကွဲလွဲမှု တွေ ရှိတာ သဘာဝကျသည့်တိုင်၊ ဒီလိုအခက်အခဲ အကျပ်အတည်းကြားမှာ ဖြစ်နေတဲ့ သဘောကွဲလွဲမှုတွေက တော့ အန္တရာယ်ရှိနိုင်ပါတယ်။ သက်ရောက်မှု ကြီးနိုင်ပါတယ်။ ဒီ့အတွက် စေတနာနဲ့ ဉာဏ်တွဲပြီးတော့၊ ပြော သင့်ပြောထိုက်တာကို စိစစ်ပြီး ပြောပြီး လုပ်သင့်လုပ်ထိုက်တာကို ပိုလုပ်ကြဖို့ဖြစ်ပါတယ်။

ထင်သလောက် မညံ့

လူ့အဖွဲ့အစည်းအတွင်းမှာ၊ လူအချင်းချင်း အကြား ဘယ်လောက်ထိ ယုံကြည်မှု ရှိပါသလဲ။ ယုံကြည်မှု အချင်း ဝက်တိုတဲ့လူ့အဖွဲ့အစည်းမှာ၊ အချင်းချင်းအကြား ပူးပေါင်းဆောင်ရွက်မှု လျော့နေတတ်ပါတယ်။ ဒီနေရာမှာ၊ လူမှုကော်စေးရဲ့ စေးကပ်မှုအတိုင်းအတာဟာ ဘယ်လောက်ရှိသလဲဆိုတာ လေ့လာကြည့်ဖို့ လိုပါတယ်။ လက် ရှိ ကိုဗစ် – ၁၉ ကပ်ရောဂါကို ကာကွယ်၊ ထိန်းချုပ်တဲ့နေရာမှာ မြန်မာပြည်ရဲ့ လူထုအကြားက လူမှုကော်စေး ဟာ ထင်သလောက် မညံ့ပါဘူး။ မြန်မာတွေရဲ့ ပရဟိတစိတ်ဟာ ငုပ်နေရာကနေ ပေါ်လာပါတယ်။ ရှိရင်းစွဲ ထက်လည်း ပိုကြီးထွားလာပါတယ်။ ထိုနည်း လည်းကောင်း မြန်မာတွေရဲ့ မူရင်းဓာတ်ခံဖြစ်တဲ့ ဒါနပြုခြင်း၊ ပေးကမ်းစွန့်ကြဲခြင်း၊ ယဉ်ကျေးသိမ်မွေ့ခြင်းဆိုတဲ့ လူမှုစရိုက်ကောင်းတွေဟာ ငုပ်ရာကနေ ပေါ်လာပါတယ်။ ပုံမှန်ရှိထားပြီးသား အခြေအနေကနေ အနည်းငယ် ထိုးထွက်လာတာတွေ့ရပါတယ်။

တိုင်းပြည်အတွင်းမှာ အထွေထွေ အင်စတီကျူးရှင်းတွေ အားနည်းနေတယ်ဆိုတာ လူအားလုံးလက်ခံသိမှတ် ထားကြပါတယ်။ သို့ပေမယ့်…. မြန်မာပြည်ဟာ ရှိတာလေးနဲ့ လှအောင် ဝတ်တတ်နေပါသေးတယ်။ ဘယ်လောက်ပဲ မူဝါဒရွေးချယ်မှုတွေ လွဲချော်နေပါစေ…၊ အင်စတီကျူးရှင်းတွေရဲ့ အကောင်အထည်ဖော်မှုတွေ အားနည်းနေပါစေ…. လူမှုကော်စေးက ထိန်းထားနိုင်လို့၊ မြန်မာပြည်ဟာ အနည်းငယ် သက်သာရာရနေပါ တယ်။ ဒီအခြေအနေကို မြင်တတ်ဖို့ လိုပါတယ်။ သတိမူမိဖို့ လိုပါတယ်။

ကျနော်တို့ တိုင်းပြည်မှာ သာမန်အခြေအနေမှာ တစ်ယောက်နဲ့ တစ်ယောက် တဇောင်းနဲ့ မျက်ချေး ဘယ်လောက်ပဲဖြစ်နေဖြစ်နေ၊ မကြည့်ချင်လောက်အောင် မုန်းတီးနေတာဖြစ်နေပါစေ…၊ တကယ့်အရေးကြုံလာ ရင်တော့ ပေါင်းတတ်စည်းတတ်၊ စုပေါင်း ဝိုင်းဝန်းတတ်တဲ့ အလေ့အကျင့်ဟာ အတိတ်သမိုင်းမှာ ရှိခဲ့ပြီးဖြစ်ပါ တယ်။ ဒီလူမှုဓလေ့ဟာ မြန်မာလူမျိုးရဲ့ သွေးသားဓာတ်ခံထဲမှာ မပျောက်ဆုံးသေးပါ။ ဆက်လက်တည်ရှိနေဆဲ ဖြစ်ပါတယ်။

သတိချပ် ပွိုင့်များ

ဒီနေရာမှာ ကျနော် ထောက်ပြချင်တာက….

မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ ယခင်ရှိရင်းစွဲ လူမှုကော်စေးရဲ့ ကပ်အားဟာ ကောင်းနေသေးတယ်။ အခုလို အကျပ်အတည်းကာလမှာ ပိုကောင်းလာတာမျိုးတောင် ရှိနိုင်တယ်။ ဒါကို ဆက်ထိန်းထားဖို့ ဖြစ်ပါတယ်။ ဒါကို မပျက်ယွင်းအောင် ဆက်လက်ထိန်းသိမ်းကြဖို့ဖြစ်ပါတယ်။ အခြေအနေပေးရင် ဒီလူမှုကော်စေးကို ပိုစေးကပ် သထက် စေးကပ်အောင် မြှင့်တင်ကြဖို့ဖြစ်ပါတယ်။ လူမှုကော်စေးကို ပံ့ပိုးတဲ့အကြောင်းတရား (၃) ချက်ရှိနေပါ တယ်။ ဘုံအကျိုးစီးပွား။ အချင်းချင်းအကြားပူးပေါင်းဆောင်ရွက်မှုနဲ့ အချင်းချင်းအကြား ယုံကြည်မှုတို့ဖြစ်ပါ တယ်။
ဒီလိုအချိန်မှာ လွတ်လပ်စွာ သဘောကွဲလွဲမှုကို တတ်နိုင်သမျှ အကန့်အသတ်ထားပြီး ကျင့်သုံးဖို့ဖြစ်ပါတယ်။ ပညာချွန်းအုပ်ပြီး အိုင်ဒီယာထုတ်လုပ်ကြဖို့ဖြစ်ပါတယ်။ သတိချွန်းအုပ်ပြီး ပြောဆိုဆွေးနွေးကြဖို့ဖြစ်ပါတယ်။ ထို နည်းလည်းကောင်း အကောင်းမြင်စိတ်ကို ပိုမွေးပြီးတော့၊ အပြုသဘောဆောင်တဲ့ လုပ်ရပ်တွေကို ပြုမူလုပ် ဆောင်ကြဖို့ဖြစ်ပါတယ်။ ဥပါဒါန်ကြောင့် ဥပါဒ်ရောက်တတ်ပါတယ်။ မကောင်းတဲ့ အစွဲကြောင့် မကောင်းမှုဟာ ကျရောက်တတ်ပါတယ်။

နံပါတ် (၁) ။

ကိုဗစ် – ၁၉ ကပ်ရောဂါဟာ မြန်မာ့ပြည်ကြီးတစ်ခုလုံး၊ မြန်မာ့လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးရဲ့ ဘုံ အခက်အခဲအကျပ်အတည်း ပြဿနာကြီးဖြစ်နေပါတယ်။ ဒါကိုနားလည်ပြီးတော့၊ ဒီဘုံပြဿနာကို ဖြေရှင်းဖို့ အားလုံး ဝိုင်းဝန်း စုဆုံ ပေါင်းစည်းကြဖို့ဖြစ်ပါတယ်။ အခြေခံနိုင်ငံရေးခံယူချက်အရ ဘယ်လောက်ပဲ ကွဲလွဲပင် ကွဲလွဲနေပါစေ….. ကိုလိုနီသူ့ကျွန်လက်အောက်က လွတ်မြောက်ဖို့၊ တရုတ်ပြည်ကြီးမှာ “တရုတ်နီ” နဲ့ “တရုတ်ဖြူ” (တနည်း) “ကွန်မြူနစ်” နဲ့ “ကူမင်တန်” တို့ ပေါင်းစည်းခဲ့ကြပါတယ်။ တရုတ်ပြည် ထူထောင်ပြီး တဲ့အခါမှာတော့ ပြန်ကွဲကြတာပါပဲ။ ကွဲကြပါ ကိစ္စ မရှိပါဘူး။ ထိုနည်းလည်းကောင်း၊ မြန်မာပြည်မှာလည်း ကွန်မြူနစ်တွေ၊ ဆိုရှယ်လစ်တွေ၊ ဒီမိုကရက်တွေ ဘယ်လောက်ပဲ အခြေခံ နိုင်ငံရေးအယူအဆ ကွဲလွဲချင် ကွဲလွဲနေပါစေ…. ကိုလိုနီစနစ်ကို တော်လှန်ဖို့ “ဖဆပလ” ဆိုတဲ့ တပ်ပေါင်းစုနိုင်ငံရေး ထီးရိပ်ကြီးအောက်မှာ ပေါင်းစည်းခဲ့ကြတာပါပဲ။ လွတ်လပ်ရေးရပြီးတော့လည်း ကွဲကြတာပါပဲ။ ကွဲကြပါစေ။ ကိစ္စ မရှိပါဘူး။

လက်ရှိ မြန်မာပြည်ရဲ့ ပြဿနာကိုလည်း ထိုနည်းလည်းကောင်း မြင်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်။ နောက် တော့ ဘယ်လိုပဲ ကွဲကွဲ၊ အခုလို ကပ်ဘေးအခြေအနေမျိုးမှာတော့ ပေါင်းစည်းပေးကြပါ၊ ပူးပေါင်းပေးကြပါ၊ ဝိုင်းဝန်းပေးကြပါ၊ လာရောက်စုဖွဲ့ပေးကြဖို့ တိုက်တွန်းချင်ပါတယ်။ ကိုဗစ်ကာလလွန်မြောက်သွားရင်တော့၊ သဘောအယူအဆရှိရာအတိုင်း ကွဲလွဲကြပါ။ ကိစ္စ မရှိပါဘူး။ ဒါဟာ နိုင်ငံရေးသဘာဝမို့ မပြောလိုပါဘူး။ ပြောလို့ လည်း မရပါဘူး။

နံပါတ် (၂)။

ဆရာကြီး ဒဂုန်တာရာက၊ “ဒီမိုကရေစီဆိုတာ မတည့်အတူနေဝါဒ” လို့ဖွင့်ဆိုဖူးပါတယ်။ လက်ရှိ အသွင်ကူး ပြောင်းရေးကာလ၊ ကိုဗစ်ကပ်ရောဂါ အရေးပေါ်ကာလမှာ လောလောဆယ်တော့ “မတည့်ပေမယ့် အတူနေပေး ကြပါ” လို့ တိုက်တွန်းချင်ပါတယ်။ ဒီမိုကရေစီအလေ့အထလေးကို လက်တွေ့ ကျင့်သုံးကြည့်ကြဖို့ တိုက်တွန်း ချင်ပါတယ်။ မချစ်သော်လည်း အောင့်ခါ နမ်းပေးကြဖို့၊ မတည့်ပေမယ့် အတူနေပေးကြဖို့ တိုက်တွန်းချင်ပါ တယ်။

ကိုယ်ကကျူး ကိုယ့်ဒူးကိုတောင် မယုံကြတဲ့ လူ့အဖွဲ့အစည်းမျိုးမှာ၊ အချင်းချင်းပူးပေါင်းကြပါ၊ အချင်းချင်း အကြား ယုံကြည်မှုတည်ဆောက်ကြပါလို့ ပြောဆို တိုက်တွန်းခြင်းဟာ အရူးအလုပ်ကို လုပ်နေတာနဲ့ တူပါတယ်။ သို့ပေမယ့် ဒီအလုပ်ကို လုပ်သင့်တဲ့အချိန်မို့ လုပ်ကို လုပ်ရပါလိမ့်မယ်။

@@@

ဓာတ်ဆိုတာ တူရာစုတယ်

၂၀၀၈ ခုနှစ်က တိုက်ခတ်သွားတဲ့ နာဂစ်မုန်တိုင်းကျပြီး အဖြစ်အပျက်ကို မှတ်မိနေပါတယ်။ ၂၀၀၈ ဟာ ကျနော် တက္ကသိုလ်ရောက်စ၊ ပထမနှစ်ကျောင်းသား ဘဝဖြစ်ပါတယ်။ နာဂစ်မုန်တိုင်းကျလည်းအပြီး၊ “ဆားဈေး” တွေ အလွန်အကျွံတက်တာ မှတ်မိနေပါတယ်။ လူတွေဟာ စိုးရိမ်ချက်ကြီးတာကြောင့်လည်း ပါတာဖြစ်သလို၊ တောမီးလောင်လို့ တောကြောင်က ကစားကွက်ထွင်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ လူတွေဟာ အစိုးရိမ်ကြီးခဲ့ကြတယ်။ လူတွေရဲ့ စိတ်နေစရိုက်တွေကလည်း ငါရထားမှ၊ ငါယူထားမှ။ ဒါမှ မဟုတ်ရင် ငါ့ အတွက် မသေချာဘူး။ ငါ မရှင်သန်ဘူးဆိုတဲ့ အမြင်မျိုးက ကြီးထွားနေလိုက်ကြတာ။ မှတ်မိနေပါသေးတယ်။

အခု မြန်မာပြည်မှာ တစ်နေရာတည်း ကွက် ရိုက်ခတ်မှုဖြစ်တာ မဟုတ်ပါဘူး။ တစ်နိုင်ငံလုံး အတိုင်းအတာထိ ရိုက်ခတ်မှုဖြစ်ပါတယ်။ ဒီလိုအခြေအနေအကြားမှာကို စီးပွားရေးသမားတွေရဲ့ ကစားကွက်ထွင် ယုတ်မာတာ တွေ မတွေ့ရဘူး။ အရေးပေါ်ကာလအတွက် သုံးရတဲ့ mask ဈေးကွက်ကိုတောင် ဈေးအလွန်အကျွံမတက် အောင် ထိန်းထားနိုင်ပါတယ်။ နေ့စဉ် စားသောက်ဖို့အတွက် ဆန်၊ ဆီ၊ ဆား၊ ငရုပ်၊ ကြက်သွန်၊ သား၊ ငါး၊ သီးနှံ ဈေးသွားကြည့်ပါ။ ကုန်ဈေးနှုန်းတက်သွားတာ မရှိပါဘူး။ အခုလို ကပ်ဘေးကျရောက်နေတာတောင်၊ အခြေခံ စားသောက်ကုန်ဈေးနှုန်းကို တည်ငြိမ်အောင် ထိန်းထားနိုင်တာ တွေ့ရပါတယ်။ သိပ် ချီးကျူးဖွယ်ကောင်းတဲ့ မြန်မာ့လူ့အဖွဲ့အစည်းလို့ ပြောချင်ပါတယ်။

အစိုးရကောင်း

ဒါဟာ အစိုးရတစ်ရပ်ရဲ့ attitude (စိတ်နေကောင်းမြတ်မှု) လည်းပါဝင်သလို၊ လူထု တစ်ရပ်လုံး၊ လူ့အဖွဲ့ အစည်းတစ်ခုလုံးရဲ့ သိမ်မွေ့ယဉ်ကျေးမှု လုပ်ရပ်ကို လက်တွေ့ပြသလိုက်တာလည်းဖြစ်ပါတယ်။ ငွေရှိ လူဂုဏ်တန်တွေဟာ အလှူအတန်းတွေ ပြုစွမ်းကြသလို၊ လူငယ်တွေကလည်း မပျင်းမရိ စေတနာ့ဝန်ထမ်း ဝင်လုပ်ကြပါတယ်။ ငွေရှိသူက ငွေကူတယ်။ လုပ်အားရှိသူက လုပ်အားကူတယ်။ ဘယ်လောက်ချစ်စရာ ကောင်းလိုက်သလဲ။ မြန်မာပြည်ဟာ သိပ်ချစ်စရာကောင်းတာတွေ့နေရပါတယ်။

လုပ်ငန်းရှင်တွေဟာ အလုပ်သမားအတွက် စဉ်းစားပေးကြတယ်။ မတတ်သာလို့ ဝန်ထမ်းလျော့ရရင်တောင်၊ သက်သက်သာသာဖြစ်ဖို့၊ ဖေးဖေးမမဖြစ်ဖို့ ကြံစည်အားထုတ်လုပ်ကိုင်ကြတာတွေ့ရပါတယ်။ မြန်မာတွေဟာ ထင်သလောက် မရိုင်းဘူးဆိုတာ နားလည်လာရပါတယ်။ စစ်အစိုးရခေတ်မှာ ဘယ်သူသေသေ ငတေ မာပြီး ရောဆိုတဲ့ စီးပွားရေးသမားလူတန်းစားတွေ များပြားကြီးထွားပေမယ့်၊ ဒီနေ့ခေတ်မှာ ဒီလိုစရိုက်တွေ ရှိနေသေး ရင်တောင် ကာယကံမြောက် မပြုမူဘဲ ထိန်းချုပ်နိုင်တာကို ကြည့်ရင် သိပ်အံ့ဩစရာကောင်းနေပါတယ်။

• ရှေ့ ဆောင်နွားလား ဖြောင့်ဖြောင့်သွားသော်…..
• နောက်နွား တစ်သိုက် ဖြောင့်ဖြောင့်လိုက်၏….တဲ့။
• မြန်မာစကားပုံက အခုလို ဆိုပါတယ်။

ဗိုက်ဝမှ ယဉ်ကျေးတာ

နိဒါန်းအပျိုး (ခြေဆင်း) မှာ တင်ပြခဲ့တာနဲ့ ပြန်ဆက်စပ်ရရင်….

ဒီနေ့ လက်ရှိ အခက်အခဲ ပြဿနာ အကျပ်အတည်းဟာ အားလုံးအပေါ်မှာ သက်ရောက်တဲ့ကိစ္စဖြစ်ပါတယ်။ ရောဂါကူးစက်မှုဟာ ဆင်းရဲ၊ ချမ်းသာ၊ ရာထူးမဲ့ ရာထူးရှိ မရွေး အားလုံးအပေါ်မှာ တန်းတူညီမျှစွာ သက်ရောက် နေတာဖြစ်ပါတယ်။ ဒီတော့ ငါတကောကောတာ၊ ငတေမာပြီးရော စိတ်ဓာတ်ရှိတာ၊ ငါ ရထားမှ၊ ငါ ယူထားမှ၊ ကိုယ့်မှာ ရှိထားမှဆိုတဲ့ အတ္တစိတ်ကြီးနေရင် ကိုယ်လည်း လုံခြုံမယ် မထင်ပါနဲ့။ ရောဂါကပ်ဘေးထက် အငတ် ဘေးက အရင် ကျရောက်လာနိုင်ပါတယ်။ ငတ်လာရင် လူဟာ သိစိတ်ကင်းမဲ့လာပါတယ်။ ဗိုက်ဝမှ ယဉ်ကျေးတာဖြစ်ပါတယ်။ ဗိုက်မဝရင် မယဉ်ကျေးနိုင်ပါဘူး။ ရိုးသားတဲ့ နင်းပြားတွေ အကြားမှာ အခြေအနေ အရ လုပ်လိုက်ရတဲ့ ဖြစ်ရပ်တွေ ကြုံလာနိုင်ပါတယ်။ ခိုးမှု၊ ဝှက်မှုအပြင် လုယက်မှု၊ နောက်ဆုံး သတ်ဖြတ်မှုက အစကြုံလာနိုင်ပါတယ်။ ဒါကို သတိထားဖို့ပါ။ ရာဇဝတ်မှုဟာ မြို့ပြက အရင် စဖြစ်လာနိုင်ပါတယ်။ ကျေးလက် က ဆင်းရဲသားဟာ စားစရာအတွက် သိပ်မပူရပေမယ့်၊ မြို့ပြက နင်းပြားတွေဟာ ပိုလို့ ခက်ခဲကျပ်တည်းကြပါ တယ်။ ဒါကို နားလည်ကြဖို့ဖြစ်ပါတယ်။

ဒါကို နားလည်ပြီး၊ ကိုယ့်အိမ်ကို လုံခြုံအောင် သော့အထပ်ထပ် ခတ်မယ်ဆိုလို့လည်း စိတ်မကူးပါနဲ့။ မလုံခြုံနိုင် ပါဘူး။ ဒီတော့ လူ့အဖွဲ့အစည်းအတွင်းမှာ လူအချင်းချင်း ဖေးမဖို့၊ ကူညီဖို့၊ စွန့်ကြဲဖို့၊ အတ္တမကြီးဖို့၊ ရှိတာတွေ ထဲက ပိုလျှံတာတွေ မျှဝေဖို့၊ ပေးဝေဖို့။ ကိုယ့်ထက် ချို့တဲ့သူကို ဝေငှဖို့၊ ပေးဝေဖို့၊ လှူဒါန်းဖို့…. ဆိုတာတွေကို မတွန့်တိုပါနဲ့လို့ သတိပေးချင်ပါတယ်။

ငဗစ် အဖေတောင် ကြောက်စရာ မလို

တကယ်တော့ ကျနော်တို့ မြန်မာပြည်မှာ ရှိတဲ့ ရေမြေတောတောင်၊ မြေအကျယ်အဝန်း၊ လူဦးရေ ပမာဏ အချိုးအစားတွေကိုတွက်ကြည့်လိုက်ရင် မြန်မာပြည်ဟာ ဘယ်နိုင်ငံနဲ့မှ ကုန်မကူးရလည်း အေးအေးဆေးဆေး ဗိုက်ဝအောင်၊ ဝမ်းဝအောင်၊ စားနိုင်သောက်နိုင်တဲ့ စားနပ်ရိက္ခာဖူလုံမှုမျိုး ရှိနေပါတယ်။ ဒါ့ကြောင့် အခြေခံ လူတန်းစားတွေ ဗိုက်ဝရေးဟာ၊ အစိုးရတစ်ရပ်တည်းရဲ့ တာဝန် မဟုတ်ပါဘူး။ ပါတီတစ်ရပ်တည်းရဲ့ တာဝန် လည်း မဟုတ်ပါဘူး။ စီးပွားရေးသမားတွေချည်းပဲလည်း ဝင်ထမ်းဖို့ မဟုတ်ပါဘူး။ အားလုံး ဝိုင်းဝန်း ဝေငှ၊ မျှဝေ ကြရင် မြန်မာပြည်ရဲ့ စားနပ်ရိက္ခာဟာ စားလို့ မကုန်ပါဘူး။ ကြွယ်ဝပြီးသားဖြစ်ပါတယ်။

• လိုတာထက် ပိုချင်တဲ့ လောဘဇော၊
• လူတကာထက် ပြောင်ရောင်လွန်းချင်တဲ့ အတ္တဇော၊
• ကိုယ့်ရှိမှ ကိုယ်စားရ မှာဆိုတဲ့ စိုးရိမ်မှု ဒေါသဇောတွေကသာ
ကျနော်တို့ တိုင်းပြည်၊ ကျနော်တို့ လူထု၊ ကျနော်တို့ လူ့အဖွဲ့အစည်းတစ်ခုလုံးကို ပြိုကျပျက်စီးအောင် လုပ်နိုင်ပါလိမ့်မယ်။ အချင်းချင်းအကြား ယုံကြည်မှု၊ ဖေးမမှု၊ ဝေမျှမှုသာ ရှိနေရင် ကိုဗစ် မပြောနဲ့ ကိုဗစ် အဖေလာရင်လည်း ကြောက်စရာ မလိုပါကြောင်း….၊ ယခုအချိန်မှာလည်း သတိနဲ့ ဉာဏ်နဲ့ ယှဉ်တွဲနေထိုင် ကြရင် ကိုဗစ်လွန်ကာလကို အေးဆေး တည်ငြိမ်စွာ ကျော်ဖြတ်နိုင်မှာ ဖြစ်ကြောင်း ရေးသား တိုက်တွန်း လိုက်ရ ပါတယ်…. မိတ်ဆွေများ ခင်ဗျား….။

ကိုဗစ် လို့ လေးလေးစားစား ခေါ်ဝေါ်နေကြရာကနေ၊ “ငဗစ်” လို့ လှောင်ပြောင်ခေါ်ဝေါ်နိုင်တဲ့ အဆင့်ကို ရောက်နိုင်ကြပါစေ…..။

မင်းသေ့
နံနက် ၂ း ၅၁
၂၈ ၊ စက်တင်ဘာ၊ ၂၀၂၀။
ရန်ကုန်မြို့။

Previous post ▄ စာပေလွတ်လပ်ခွင့်
Next post ▄ သိမှုမှသည် နားလည်မှုအဆင့်သို့