သိခြင်းနဲ့ နားလည်ခြင်းဟာ မတူပါဘူး။ ကျနော် ဆယ်ကျော်သက်အရွယ်တုန်းက၊ ဆရာ ဦးအောင်သင်းရဲ့ ဟောပြောပွဲတစ်ခုကို နားထောင်ဖူးပါတယ်။ “If you don’t ask me, I know. If you ask me, I don’t know.” တဲ့ ။ “မမေးရင် သိတယ်။ မေးရင် မသိဘူး…” လို့ ဆိုလိုတာ။

ကျနော် မြန်မာပြည်ပတ်ပြီးတော့၊ နိုင်ငံရေးစာသင်ခဲ့တာ ၆ နှစ်ကျော် ၇ နှစ်လောက် ရှိပြီ။ သင်တန်းတော်တော် များများမှာ၊ ဒီလိုလူတွေ အများကြီးပါတယ်။ ကျနော်တို့ဟာ နိုင်ငံရေးနဲ့ အဆက်ပြတ်ခဲ့တာလည်းပါပါတယ်။ နောက်ပြီးတော့ လေ့လာမှု၊ သင်ယူမှု၊ ဆည်းပူးမှု အဝန်းအဝိုင်း ကျဉ်းမြောင်းခဲ့တာလည်းပါတယ်။ ဒါပေမယ့် ဒါဟာ ဆင်ခြင်အနေနဲ့သာ စဉ်းစားတာဖြစ်ပါတယ်။ အခုလို လေ့လာခွင့်၊ သင်ယူခွင့်၊ ဆည်းပူးခွင့်၊ စူးစမ်းခွင့် တော်တော်များများရနေတဲ့အခြေအနေမှာရော ဘယ်လိုရှိပါသလဲ။ ဒီလိုအခြေအနေမှာလည်း ထိုနည်းလည်း ကောင်းတွေ အများကြီးတွေ့နေရဆဲပါပဲ။

ကြားဖူးနားဝ အဆင့်

လူတော်တော်များများဟာ…. သိသလိုလိုနဲ့ နားမလည်ကြတာများပါတယ်။ ကြားဖူးနားဝရှိတာကိုပဲ သိတယ်၊ နားလည်တယ်လို့ ထင်နေကြတာများပါတယ်။ နားစွန်နားဖျားကြားဖူးတိုင်း ကြုံရင် မြည်ကြတွန်ကြတာများပါ တယ်။ ဒီဘက်ခေတ်မှာ၊ အွန်လိုင်းစာမျက်နှာက လွယ်လာလို့ ဖတ်ခွင့်လေ့လာခွင့်တွေ ပိုရကြပါတယ်။ ဒါပေမယ့် ဖေ့ဘုတ်ခ်လို နေရာမျိုးမှာ စာဖတ်တာဟာ သတင်းအချက်အလက်လောက်ကိုသာရပါတယ်။ ကိုယ် သိနားလည်ချင်တဲ့အရာအတွက် အစတစ်ခု ဆွဲမိတာလောက်ပဲ ရပါတယ်။ မြည်းရုံစမ်းရုံလောက်ပဲ ရပါတယ်။ အသိပညာကို အုံလိုက်ကျင်းလိုက် မပေးနိုင်ပါဘူး။ မြန်မာတွေဟာ ဖေ့ဘုတ်ခ် အွန်လိုင်းကိုပဲ အင်တာနက် ထင်နေကြတာများပါတယ်။ မြန်မာပြည်မှာ၊ digital literacy ကိုလည်း အတော်လုပ်ယူရအုံးမယ်။ information literacy ကိုလည်း အတော်အဆင့်မြှင့်ရပါအုံးမယ်။

လေ့လာမှု ကွင်းပြင်

တကယ်လေ့လာချင်ရင်တော့ အွန်လိုင်း ပလက်ဖောင်းတစ်ခုတည်းနဲ့ မရပါဘူး။ စာအုပ်ကိုလည်း သုံးရပါမယ်။ စာအုပ်တစ်ခုတည်းနဲ့လည်း မလုံလောက်ပါဘူး။ ကွန်မြူနတီထဲကို ဆင်းရပါမယ်။ လူထဲကို ခေါင်းထိုးရပါမယ်။ တက္ကသိုလ် အသိုက်အဝန်းမှာ ခြေဆန့်ရပါမယ်။ လူထုဆွေးနွေးပွဲတွေမှာ ပါဝင်ရပါမယ်။ အနက်နဲဆုံး လေ့လာ ချင်ရင် ကိုယ်တိုင် သုတေသနပြု လုပ်ဆောင်ရပါမယ်။ လူတော်တော်များများဟာ ပညာရှင်အဆင့် တတ်သိနား လည်စရာတော့ မလိုပါဘူး။ ဒါပေမယ့် ဟိုစပ်စပ် ဒီစပ်စပ် နေရာမှာလည်း ရပ်မနေသင့်ပါဘူး။

တကယ်တော့၊ လေ့လာသင်ယူမှုမှာ အင်တာနက် အင်ပါယာမှာ ကူးလူးတတ်တာနဲ့ စာအုပ်တွေကို ပိုင်ပိုင်နိုင် နိုင် စူးစိုက်ဖတ်ရှုနိုင်ရင်ကိုပဲ အသိစက်ဝန်းဟာ အတော်ကျယ်လာပါတယ်။ တကယ်သိအောင်လည်း လုပ်နိုင်ပါ တယ်။ တကယ်တော့ သိတယ်ဆိုတာလည်း နားလည်တာ မဟုတ်သေးပါဘူး။ သိတယ်ဆိုတာ ပါးစပ်ကနေ ကြားကောင်းအောင် ပြောလို့တော့ ရချင်ရမယ်။ တကယ် လက်တွေ့လုပ်တဲ့အခါမှာတော့ အခက်ကြုံနိုင်ပါ တယ်။ လက်တွေ့နဲ့ အသိဟာ မတူပါဘူး။ တကယ်လက်တွေ့ လုပ်နိုင်ဖို့အတွက်ဆိုရင်တော့၊ သိမှုအဆင့်နဲ့ မရတော့ဘူး။ နားလည်မှုအဆင့်ကိုပါ ရောက်မှရမယ်။ တကယ်နားမလည်ဘဲနဲ့ ဘာမှ လက်တွေ့ လုပ်လို့ မရဘူး။

အလုပ်ဖြစ်ရုံမျှသာ

ဒီနေ့ခေတ် အဖွဲ့အစည်းတွေ၊ လုပ်ငန်းတွေကို လေ့လာကြည့်ပါ။ ထွက်လာတဲ့ ပရောဒက် (ထုတ်ကုန်) တွေဟာ ဘာလို့ လျော့တိလျော့ရွဲတွေဖြစ်နေကြသလဲ။ ပညာအဝန်းအဝိုင်းမှာ ရွှီးလို့ မရပါဘူး။ ဖြီးလို့ မရပါဘူး။ ပညာကိစ္စဟာ နက်နက်နဲနဲ နားလည်ထားမှ၊ လက်တွေ့ကို အပီပြင်ဆုံး လုပ်နိုင်မှာဖြစ်ပါတယ်။ မြန်မာပြည်မှာ တော်တော်များများဟာ အဖြစ်ပဲ လုပ်ကြတာများတယ်။ အပြအတွက်ပဲ လုပ်ကြတာများတယ်။ တကယ် အစမ်း ခံနိုင်တဲ့ ပညာထုတ်ကုန်တွေကို ထုတ်နိုင်စွမ်း နည်းပါးတယ်။ အကြောင်းကတော့၊ သာမန် အသိနဲ့ ကြားဖူးနားဝ အသိနဲ့၊ အပေါ်ယံအသိနဲ့၊ အလုပ်လုပ်နေကြတာများလို့ပါပဲ။

ကျနော် လူတော်တော်များများကို စောင့်ကြည့်လေ့လာခဲ့ပါတယ်။ ကျနော့် ကောက်ချက်ဟာ မှားကောင်း မှားနိုင် တယ်။ ဒါပေမယ့် ကျနော့်တွေ့ရှိချက်ကို ပြောချင်ပါတယ်။ လူတော်တော်များများဟာ သူတို့ လုပ်နေတဲ့အလုပ် တွေကို တကယ်နှိုက်နှိုက်ချွတ်ချွတ်သိနားလည်မနေပါဘူး။ တော်တော်များများဟာ အလုပ်ဖြစ်ရုံ လုပ်တတ်တဲ့ အဆင့်လောက်သာ ရှိနေပါတယ်။ ဒါက မြန်မာပြည်ကို ညွှန်းပြီး ပြောတာဖြစ်ပါတယ်။

လူတော်တော်များများဟာ ကြားဖူးနားဝအသိလောက်နဲ့ ကိုယ်လုပ်နေတဲ့အလုပ်တွေကို လုပ်နေကြတာများ တယ်။ လူတချို့ကတော့ သိအောင် ကြိုးစားကြတယ်။ ဒါပေမယ့် သူတို့ဟာ သိတော့ သိနေကြတယ်။ တကယ် နားလည်မနေကြဘူး။ သိခြင်းနဲ့ နားလည်ခြင်းဟာ တူသလိုလိုနဲ့ မတူဘူး။ မမေးရင် သိတယ်။ မေးရင် မသိဘူး ဆိုတာဟာ ဘာကို ပြသလဲဆိုရင် တကယ်နားလည်မနေဘူးဆိုတာကို ပြတာဖြစ်ပါတယ်။

ဟို… အင်း….အဲ… အာ… အွန်

ဒီနေ့ခေတ် ဒီမိုကရေစီဆိုတဲ့စကားလုံးကို လူတိုင်းလိုလို၊ ပြောကြဆိုကြ၊ မြင်ဖူးကြ၊ နားရည်ဝဖူးကြတာပဲ။ ဒါပေမယ့် ဒီမိုကရေစီဆိုတာ ဘာလဲဆိုတာကို ဂဃနဏ (၅) မိနစ်လောက်အဓိပ္ပာယ်ဖွင့်ပြပါလို့ မေးလိုက်ရင် “ဟို… အင်း…. အဲ…. အာ…. အွန်….” တွေဖြစ်ကုန်ကြတာ များတယ်။ ဒါကိုလည်း ငြင်းလို့ ရသေးတယ်။ မြန်မာ ပြည်ဟာ ဘယ်တုန်းက ဒီမိုကရေစီကို သင်ကြားခွင့်၊ ဟောပြောခွင့်၊ ရေးသားခွင့် ကောင်းကောင်းရခဲ့ဖူးလို့တုန်း။ ဘယ်တုန်းက စနစ်တကျ သင်ကြားခွင့်၊ လေ့လာဆည်းပူးခွင့် ရခဲ့ဖူးလို့တုန်းလို စောဒကတက်ကြလိမ့်မယ်။ ဟုတ်ပါတယ်။ မှန်ပါတယ်။ ယခင်အတိတ်မှာ၊ အဲသည်လိုဖြစ်ခဲ့လို့ ဒါကို နားလည်မနေဘူးလို့ ပြောတာကို လက်ခံပါတယ်။ ဒါပေမယ့် အခု မြန်မာပြည်မှာ ၂၀၁၂ နောက်ပိုင်းလောက်ကစပြီး သတင်းအချက်အလက်နဲ့ အသိ၊ ပညာ ဆည်းပူးလေ့လာခွင့်၊ ဆွေးနွေးခွင့်၊ ပြောဆိုရေးသားခွင့်တွေ ရလာတာ နှစ်ကာလအတိုင်းအတာ တစ်ခုအထိ ရောက်လာပြီ။ ဒီလိုအချိန်မှာတောင်မှ အပေါ်ယံရှပ်သိပြီး နားဖူးနားဝ အဆင့်နဲ့ မြည်ကြတွန်ကြတဲ့ လူတွေက များပြားနေဆဲပါပဲ။ ကျနော့် ဥပမာကို ငြင်းနိုင်ပါတယ်။ ကျနော်ပြောလိုရင်းကတော့၊ မြန်မာတွေဟာ အပေါ်ယံရှပ်အသိမျိုးနဲ့ ကျေနပ်တင်းတိမ်နေတာမျိုးကို ရပ်သင့်ပြီ။ ဒီ့ထက် တစ်ဆင့်တက်ပြီး သိခြင်းကနေ သေချာ ဂဃနဏ နားလည်ခြင်းအဆင့်ကို တိုးဝင်သင့်ပြီ။ ဘယ်လိုအရာမျိုးမှာပဲဖြစ်ဖြစ် ကိုယ့်ခေါင်းထဲက သိမှု ကို အပေါ်ယံအတိုင်းပဲ၊ ကြားဖူးနားဝအဆင့်နဲ့ မထားဘဲ ဒီ့ထက်အရည်အသွေးမြင့်တဲ့ နားလည်မှုအဆင့်ကို လှမ်းသင့်ပြီလို့ လက်တို့သတိပေးလိုရင်းဖြစ်ပါတယ်။

ရည်ရွယ်ချက်ရှိရှိ ဝီရိယထား

လူတော်တော်များများဟာ ကိစ္စရပ် အားလုံးကို အမြောက်အမြား မသိနိုင်ဘူး။ နားမလည်နိုင်ဘူး။ ဒါဟာ ကိစ္စ မရှိဘူး။ ဒါက အရေးမကြီးဘူး။ အရေးကြီးတာက ဘာလဲဆိုရင် လက်ရှိကိုယ်လုပ်နေတဲ့အလုပ်နဲ့ပတ်သက်ရင် တော့ အပေါ်ယံကြားဖူးနားဝ အသိလေးနဲ့ အလုပ်မလုပ်ချင်စမ်းပါနဲ့လို့ ပြောချင်ပါတယ်။ လူအားလုံးဟာ နယ်ပယ် တော်တော်များများကို လေ့လာစူးစမ်းတာ မလုပ်နိုင်ပါဘူး။ ဒါပေမယ့် နယ်ပယ် ကဏ္ဍတော်တော်များ များထဲမှာ ကိုယ်စိတ်ဝင်စားတဲ့ နယ်ပယ်၊ ကဏ္ဍကတော့ ကိုယ်စီရှိနေပါတယ်။ ဒီလို ကိုယ်စိတ်ဝင်စားတဲ့ နယ်ပယ်၊ ကဏ္ဍတွေမှာတော့ ဟိုစပ်စပ် ဒီစပ်စပ် ကြားဖူးနားဝ သိမှုမျိုးနဲ့ အသက်မရှင်ပါနဲ့လို့ပြောချင်ပါတယ်။ ဒီ့ထက် သိမှုကျယ်ဝန်းတဲ့၊ သိမှုနက်ရှိုင်းတဲ့ဆီကို ရောက်အောင် သေချာ ရည်ရွယ်ချက်ရှိရှိ ဝီရိယထားလေ့လာ ပြီးတော့၊ နားလည်မှုအဆင့်ကို ရောက်အောင်သွားဖို့ ဖြစ်ပါတယ်။ တကယ်နားလည်နေမှ၊ တကယ် အကောင်း ဆုံးဖြစ်အောင်လုပ်နိုင်ပါတယ်။ သိမှုကနေ နားလည်မှုဆီကို သွားဖို့ လိုတယ်။ နားလည်မှုဆီကနေ လက်တွေ့ အကောင်းဆုံး လုပ်နိုင်လာလိမ့်မယ်။ လက်တွေ့ကနေ ဆင်ခြင်သုံးသပ်မှု လုပ်နိုင်ပြီး နယ်ပယ် ကဏ္ဍတစ်ခုကို ပေါက်ပေါက်မြောက်မြောက် ဦးဆောင်နိုင်သူအဆင့် ရောက်လာပါလိမ့်မယ်။

လက်တို့လိုက်ရပါတယ်

အခုတွေ့နေရတာက၊ လက်တွေ့ ဦးဆောင်နေပါတယ်လို့ ပြောနေတဲ့ လူတွေမှာကိုက သိမှုချို့တဲ့တာ၊ နားလည်မှုအဆင့်ကို မရောက်တာကို တွေ့နေရလို့ဖြစ်ပါတယ်။ တကယ်တော့ နားလည်မှုအဆင့်နဲ့လည်း ရပ်နေလို့ မရပါဘူး။ အလုပ်တစ်ခုကို လူ့အဖွဲ့အစည်းဆီ ထိရောက်တဲ့ ကောင်းကျိုးသက်ရောက်အောင် လုပ် နိုင်ဖို့ ဆိုရင်တော့ အပေါ်ယံ အပြသဘော အဖြစ်လုပ်နေတာမျိုးတွေကို ရှောင်သင့်ပါပြီ။ သာမန် ကြားဖူးနားဝ အသိနဲ့၊ ဒါမှမဟုတ် အဖြစ်လုပ်တတ်ရုံ၊ အလုပ်ဖြစ်ရုံ လုပ်တတ်တဲ့ သိမှုမျိုးနဲ့ ရပ်မနေသင့်ဘူးလို့ လက်တို့ သတိပေးလိုက်ချင်ပါတယ်။

ကိုယ့်ဦးနှောက်စက်ဝန်းက ဗဟိုပြုတဲ့ နယ်ပယ် ကဏ္ဍတိုင်းလိုလိုမှာ သိမှုအဆင့်ထက် နားလည်မှုအဆင့်ကို ကျော်လွန်ပြီး၊ ခြောက်ခြောက်လောက်အောင် တတ်သိနားလည်သူဖြစ်အောင် ကြိုးစားဖို့ တိုက်တွန်းလိုက်ရပါ တယ်။

မင်းသေ့
ည ၁၁ း ၀၄
၈ ၊ စက်တင်ဘာ၊ ၂၀၂၀။
ရန်ကုန်မြို့၊ ဘာလမ်းတိုက်ခန်း။

Previous post ▄ ကိုဗစ် မှသည် ငဗစ် ဆီသို့
Next post ▄ မြန်မာ့ပညာရေးတန်ဖိုး