ဦးနှောက်တွင် ရင်းနှီးမြုပ်နှံပါ
ဖေမြင့်

စာအုပ္အညႊန္း

ကွန်ဖြူးရှပ်က ပြောဖူးသည်။ မြုပ်နှံခြင်း မရှိတဲ့သူက အကျိုး အမြတ်ကို မခံစားနိုင်ဘူး…. တဲ့။
ဘယ်မှာ မြုပ်နှံရမှာလဲ။ ဘယ်မှာ မြုပ်နှံရမှာလဲ။ မြုပ်နှံတယ် ဆိုတာ ဘာလဲ။

ကျွန်တော် ငယ်စဉ်က ကြားဖူးခဲ့သည်မှာ ရွှေအိုးကို မြေကြီး ထဲမှာ သိမ်းဆည်းမြုပ်နှံသည်ကိုပင် နားလည်ခဲ့သည်။ မြုပ်နှံ ခြင်းဖြင့် ဘာရနိုင်မှာလဲ။

တက္ကသိုလ်ကျောင်းသားဘဝက ပညာရေးအပေါ် ခါးသီးသည့် အဆိုးမြင်စိတ် ကျွန်တော့်တွင် အတော် လွှမ်းမိုး ခဲ့သည်။ မှန်းချက်နှင့် နှမ်းထွက် မကိုက်သည့် အဖြစ်ကို ကြုံရသည့် အတွက် စိတ်အပျက်ကြီး ပျက်နေသည့် အချိန်ဖြစ်သည်။ သို့သော် မျှော်လင့်ချက် ထွက်ပေါက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင် တွေ့ရှိဖို့ အတွက်ကား လမ်းစ ရထားလျက်ရှိသည်။ ဘယ်ရောက်မှန်းမသိ။ ယုံကြည်ချက် တစ်ခုသာ ရှိသည်။ ငါ ခြေခြေမြစ်မြစ် လုပ်ပြီး တစ်စိုက်မတ်မတ်ရှိရင် တစ်ချိန်မှာ လမ်းကြောင်းကို မြင်ရလိမ့်မယ်ဆိုတဲ့ စိတ်တစ်ခုသာရှိသည်။ အရာအားလုံး က ဗလာနတ္ထိ။ ယုံကြည်မှုကသာ အခရာဖြစ်ခဲ့သည်။ အဆိုပါ ယုံကြည်မှုကား စာအုပ်စာပေအပေါ် နှိုက်နှိုက် ချွတ်ချွတ်၊ စွဲစွဲမြဲမြဲ လေ့လာခြင်းပင်ဖြစ်သည်။

စာအုပ်တွေ တစ်စတစ်စ ဖတ်ပါများလာသည်။ ကောင်းနိုးရာရာတွေကို လက်လှမ်းမှီသမျှ ဖတ်သည်။ စာအုပ် လည်း သိပ်များများစားစား မဝယ်နိုင်။ မိဘ အသိုက်အဝိုင်း နှစ်ဖက် စလုံးတွင် စာပေ အသိုက်အဝန်းမရှိ။ စာပေ နှင့် လက်ပွန်းတတီးနေသူပင် မရှိ။ ဘေးအိမ် ပတ်ဝန်းကျင်တွင်လည်း ထိုနည်းလည်းကောင်း။ ကျွန်တော် တက္ကသိုလ်ရောက်စတွင် အိမ်၌ စာအုပ် ၂ အုပ်သာ မယ်မယ်ရရရှိသည်။ ဂါထာမန္တာန်ပေါင်းချုပ် စာအုပ် နှင့် ဓမ္မပဒေသာ စာအုပ်။ စုစုပေါင်း ၂ အုပ်သာ ရှိသည်။ သို့သော် ကံကောင်းထောက်မစွာ ကျွန်တော် စာသမား တစ်ယောက်ဖြစ်ခဲ့သည်။

ဆယ်ကျော်သက်ဘဝတွင် စာသမားအဖြစ်သာ အစပျိုးမှု မရခဲ့လျှင် ယခု ကျွန်တော်သည် ပေါ့ပေါ့နေ ပေါ့ပေါ့စား လူငယ် တစ်ယောက်ထက် ပိုမည် မဟုတ်။ ယခုလည်း ဘာကောင်မှ မဖြစ်သေးပါ။


ကျောင်းပညာကို စွန့်ပစ်ရန် ကျွန်တော် အကြိမ်ကြိမ် စဉ်းစားခဲ့သည်။ သို့သော် မစွန့်ပစ်ခဲ့ပါ။ ကျွန်တော့်မှာ ဘာ အရင်းအနှီးမှ မရှိ။ အခြား အရည်အချင်းများလည်း မရှိ။ ကျောင်းထွက်ပြီး ငါ ဘာလုပ်မှာလဲ။ စီးပွားရေး လုပ် တတ်လား။ မလုပ်တတ်။ မိတ်ဆွေ အပေါင်းအသင်းရှိသလား။ နတ္ထိ။ အခြားအရည်အချင်းများကို ကိုယ့်ဘာသာ ဆန်းစစ်ကြည့်သည်။ ရုပ်ချောသလား။ no..။ အားကစားတစ်ခုခုမှာ ထူးချွန်သလားဆိုတော့ အားကစားဆိုတာ အားမှ ကစားရတာလို့ သိရုံအပြင် ပိုမရှိ။ ကျောင်းစာ တော်သလား။ ဟဲဟဲ…။ ကျောင်းစာတော်လျှင်လည်း အခု လိုစာတွေ ကျွန်တော် ရေးနေမှာ မဟုတ်။ အသိုင်းအဝိုင်းကြီးကြီး ရှိသလား။ ဟင့်အင်း။ မိဘက အရင်းအနှီး ထုတ်ပေးနိုင်သလား။ ကျောင်း ကင်(မ်)တင်း က ကျွန်တော်နှင့် ဘာမှမဆိုင်။ စာသင်နှစ် တစ်နှစ်လုံးမှ ၂ ခေါက် ပြည့်အောင် မထိုင်ဖူးသည့် အခြေအနေ။ ကျွန်တော်တွင် အားလုံးက ဗလာနတ္ထိ။

အားလုံးကို အားရကျေနပ်ဖွယ် ကျွန်တော် သုံးသပ်ပြီးနောက်၊ စိတ်ဓာတ်အတော် ကျခဲ့သည်။ ငါ ဟာ လူရာဝင်ဖို့ လူတောတိုးဖို့ ငါ ဘာလုပ်ရမလဲ ဆိုသည့် မေးခွန်းကို ကျွန်တော် အကြိမ်ကြိမ် ကိုယ့်ကိုယ်ကို မေးသည်။ နောက် ဆုံး ကျွန်တော် ပြတ်ပြတ်သားသား ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည်။ စာအုပ်။ စာအုပ်။ စာအုပ် ၌ ကျွန်တော့် ဘဝကို မြုပ်နှံပစ်မည်။ တစ်နေ့နေ့တော့ တစ်ခုခုဖြစ်လာလိမ့်မည်။ ဘာမှ မလုပ်လျှင် ဘာမှ မဖြစ်။ တစ်ခုခု လုပ် လျှင်တော့ တစ်ခုခု ဖြစ်မည်။ ကောင်းတာ မကောင်းတာ အပထား။ အဟောသိကံတော့ မဖြစ်တန်ရာဟု မှတ်ယူ ပြီး စာပေဘက် ကျွန်တော် မြုပ်နှံခဲ့သည်။

ကျွန်တော့် အချိန်၊ ကျွန်တော့် မုန့်ဖိုး၊ ကျွန်တော့် စိတ်၊ ကျွန်တော့် အလုပ်၊ ကျွန်တော့် စွမ်းအား၊ ကျွန်တော့် ဘဝ ကို စာအုပ်တွေအပေါ် ပစ်တင်ပြစ်လိုက်သည်။ တက္ကသိုလ်ကျောင်းသား ဘဝက စာအုပ်များသည် ကျွန်တော်၏ ဒုတိယ ဘုရားဖြစ်ခဲ့သည်။

စာအုပ် တစ်အုပ်က နေ နှစ်အုပ်၊ နှစ်အုပ်ကနေ လေး ငါး ဆယ် အုပ် စသည်ဖြင့် ဖတ်လာချိန်။ စာအုပ် ရာဂဏန်းနီးပါး ဖတ်အပြီးတွင်၊ ကျွန်တော့်စိတ်ထဲတွင် အတွေးတစ်ခု ဝင်လာသည်။
စာဆိုတာ ဖတ်ပြီးသွားဖို့ လား။ ဖတ်နေဖို့လား။

ဒီကနေ အတွေးစများ ပွားများလာသည်။
စာဆိုတာ ဖတ်ပြီးသွားဖို့ မဟုတ်ဘူး။ ဖတ်နေဖို့။

ဘယ်နှအုပ်ဖတ်ပြီးသွားတယ် ဆိုတာ အရေးမကြီးဘူး။ ဘယ်လိုဖတ်တယ်ဆိုတာ အရေးအကြီးဆုံး။


ဘာတွေဖတ်သလဲ ဆိုတာ အရေးမကြီးဘူး။ ဘာစိတ်နဲ့ ဖတ်သလဲ ဆိုတာ အရေးအကြီးဆုံး။
စသည့် ကိုယ်ပိုင် စာဖတ်ဒဿနများကို ရလာသည်။

သေချာစဉ်းစားကြည့်လိုက်သော အခါ၊ အဆိုပါ အတွေးများ၏ ရေခံမြေခံကို သွားတွေ့သည်။
စာတွေဖတ်ရင်း တွေ့ရှိလာသည့် ဖေမြင့် ၏ ဦးနှောက်တွင် ရင်းနှီးမြုပ်နှံပါ စာအုပ်၏ ရေသောက်မြစ်မှ ရလာ သည့် အတွေးအသီးအပွင့်များဖြစ်သည်။ ဟုတ်သည်။ ဖေမြင့် စာအုပ်က ကျွန်တော့်စာသမားဘဝ စာဖတ်နည်း ကို ပြခဲ့သည်။ စာဖတ်နည်း ပေါင်းစုံကို စာအုပ်မှာ ရေးထားသည်။ စာအပေါ် ယုံကြည်ကိုးစား မြုပ်နှံသည့် စိတ် ကို ဖေမြင့် စာအုပ်က မွေးမြူပေးသည်။

စာအုပ်အပေါ် အလုံးစုံ ကိုးကွယ်လိုက်တဲ့ စိတ်က မှားပါသည်။ သို့သော် ဟိုမရောက် ဒီမရောက်နဲ့ ဟိုစပ်စပ် ဒီစပ်စပ်လုပ်ခြင်းက၊ ယောင်ဝါးဘဝဖြစ်အောင် ဖန်တီးပေးလိုက်မှာ ဖြစ်သည်။ ကျွန်တော် စာကြည့်တိုက်မှူးဘဝ ဖြင့် ဖြတ်သန်းခဲ့ဖူးသည်။ စာပေါင်းစုံ ဖတ်သူများကို တွေ့ဖူးသည်။ ကောင်းပါသည်။ ကျွန်တော့်ထက် စာအုပ် ပေါင်းများစွာ ဖတ်ဖူးသူများနှင့် တွေ့ဖူးသည်။ မနာလိုစရာပင် ကောင်းလှသည်။ ကျွန်တော် သူတို့လို မဖတ်နိုင်။ သူတို့လို မှတ်သားခံစားတတ်မှု စွမ်းရည်လည်း နိမ့်လှသည်။ သို့သော် ကျွန်တော် ဖတ်သည့် စာအပုဒ်တိုင်းကို ကြေအောင် ဖတ်လေ့ရှိသည်။ မကြိုက်သည့် စာကို မဖတ်။ ကြိုက်သည့် စာကိုတော့ အရည်အဖတ်ပါမကျန် အောင် ကြိတ်ချေဝါးမြိုတတ်သည့် အကျင့် ကျွန်တော့်မှာ ရှိသည်။

စာဖတ်နည်းတိုင်းသည် ကောင်းသည်။ ကောင်းနိုးရာရာ၊ စာဖတ်နည်းများကို ကျွန်တော် ကျင့်သုံးကြည့်သည်။ သို့သော် ကမ္ဘာတွင် စာသမားတိုင်းအတွက် အကောင်းဆုံး စာဖတ်နည်းမရှိ။ ကိုယ်နှင့် ကိုက်ညီသည့် စာဖတ် နည်းသည်သာ အကောင်းဆုံးဖြစ်သည်။ စာဖတ်နည်းအထွေထွေကို လေ့လာခွင့်ရဖို့ ဆရာဖေမြင့်စာအုပ်က ကျွန်တော့်ကို မ,စ သည်။ အနာဂတ် အသီးအပွင့်အတွက်၊ ဦးနှောက်တွင် ရင်းနှီးမြုပ်နှံဖို့ လမ်းပြသည်။ ဆရာ ဖေမြင့်လမ်းပြချက်အတိုင်း ကျွန်တော် လိုက်ခဲ့သည်။

လူမှာ သက်တမ်းသာ အကန့်အသတ်ရှိတယ်။ သင်ယူနိုင်မှုစွမ်းရည်ကတော့ အကန့်အသတ်မရှိဘူး… တဲ့။

နောက်…။ လူတစ်ယောက် ဘာတွေ ဘယ်လောက် သင်ယူတတ်မြောက်ခဲ့သလဲဆိုတဲ့ အချက်အပေါ်မူတည်ပြီး သူဘယ်သူ ဘယ်ဝါ ဆိုတာဖြစ်လာရတာ… တဲ့။
ကိုယ်ဖတ်တဲ့ စာအုပ်တွေက ကိုယ့်ဘဝ နယ်ပယ်နဲ့ ကိုယ့်ဘဝ အဆင့်အတန်းကို ဖော်ပြသည်။ ကိုယ့်ဖတ်တဲ့ စာတွေက ကိုယ့်ဘဝကိုပြဌာန်းသည်။ စာတွေကို ဘယ်လိုဖတ်သလဲ ဆိုတာ အပေါ်မှာ မူတည်ပြီး၊ ကိုယ့်အသိ ဉာဏ်ဖြစ်လာတာ။

စာကို ရည်ရွယ်ချက်နဲ့ ဖတ်တတ်ဖို့၊ စာဖတ်နေရင်း ကျေနပ် ပျော်ရွှင်တတ်စေဖို့ ဖေမြင့် စာအုပ်က လမ်းပြသည်။ စာအုပ်တွေသာ တစ်အုပ်ပြီး တစ်အုပ် ကုန်သွားသည် စာအုပ်တွေက မိမိဘဝကို ဘာမှ ပြုပြင်ပြောင်းလဲ တိုး တက်မှု မဖြစ်စေသည့် စာဖတ်သမားများ ကျွန်တော် တွေ့ဖူးသည်။ စာတွေ ဖတ်ပါများလာလို့ ယခင် ၅ နှစ်တုန်း ကလည်း ဒီအတိုင်း၊ မနှစ်ကလည်း ဒီအတိုင်း၊ ယခုလည်း ဒီအတိုင်း၊ နောက် ၃၊ ၄၊ ၅ နှစ်လာလည်း ဒီအတိုင်းပဲ မထူးမခြားနား မပြောင်းလဲဘူးဆိုရင် ကိုယ့်စာဖတ်နည်းကို ကိုယ်ပြန်ပြီး တော်လှန်သင့်ပြီ။

ကိုယ့်ကိုယ်ကိုမှ တော်လှန်ရေး မလုပ်ရဲသူကို လောကကြီးက သူ့ဦးခေါင်းပေါ်တွင် မတင်။
ကျွန်တော် ဆရာဖေမြင့် စာအုပ်ဖတ်ပြီး၊ ဦးနှောက်တွင် ရင်းနှီးမြုပ်နှံခဲ့တာ ၁၀ နှစ်ထဲကို ရောက်လာပြီ။ ဆရာ့ စာအုပ်က ဦးနှောက်ထံ ရင်းနှီးမြုပ်နှံရာတွင် ဗရမ်းဗတာ မဖြစ်ဖို့၊ စနစ်တကျ ရင်းနှီးမြုပ်နှံဖို့၊ နေရာဌာန အခြေ အနေအချက်အလက်များကို သုံးသပ်ဆင်ခြင်ပြီး ရင်းနှီးမြုပ်နှံတဲ့ အခါမှ အကျိုးအမြတ် မြောက်များစွာရဖို့ ပြသ ပေးခဲ့သည်။

ရင်းနှီးမြုပ်နှံတဲ့ နေရာမှ တစ်စိုက်မတ်မတ်ရှိရမယ်။ အဆက်မပြတ် မြုပ်နှံနေရမယ်။
ကောက်ရိုးမီး အဆင့်နဲ့ ဘာမှ ဖြစ်မလာဘူး။ ဟိုစပ်စပ် ဒီစပ်စပ်နဲ့ ဘာမှ ဖြစ်မလာဘူး။ အပျော်တမ်းအဆင့်က နေ ကျော်လွန်ဖို့ လိုတယ်။ ဝါသနာ အဆင့်ကနေ ကျော်လွန်ဖို့ လိုတယ်။ လူအထင်ကြီးခံရဖို့ စာအုပ်တွေကို စုဆောင်းတတ်တဲ့ အကျင့်ကို ဖျောက်ပစ်ဖို့ လိုတယ်။ စာအုပ်ထူကြီးတွေ ကိုင်ပြနိုင်တာ လူအထင်ကြီးခံရဖို့ သက်သက် မဟုတ်ဘူးဆိုတာ သိရမယ်။ စာကို တကယ်ဖတ်သလား၊ အပေါ်ယံလား ဆိုတာကို ဘယ်သူကမှ မသိပေမယ့်၊ စာတကယ်ဖတ်တဲ့သူက စကားလုံး တစ်လုံးနှစ်လုံးပစ်လိုက်တာနဲ့ တန်းသိတယ်။ ထုတ်တော့ပြော မှာ မဟုတ်ဘူး။ မသိတဲ့ကောင်ကိုတော့ ခင်ဗျား ဆက်ပြီး လှိမ့်နေလို့ ရမယ်။

မရွှီးနဲ့။ မဖြီးနဲ့။ ယောင်ဝါးမလုပ်နဲ့။ အာမရိုက်နဲ့။

ခင်ဗျား ဦးနှောက်မှာ တကယ်ရင်းနှီးမြုပ်နှံထားတာ ဟုတ်သလား၊ မဟုတ်ဘူးဆိုတာ ဦးနှောက်ချင်း စီးချင်းထိုးတဲ့ စားပွဲကြိုးဝိုင်းထဲမှာ မကွယ်မဝှက်တမ်း သိလာရမှာပဲ။ အဲ့ဒီ့မှ ရှက်မနေနဲ့။


ဘယ်သူက ကျား ဖြစ်တယ်ဆိုတာကို တစ်ကောင်ချင်းထိပ်တိုက် တွေ့ရင် သိလာရမှာပဲ…. ဟူ၍။

မင်းသေ့
မတ်လ / ၂၀၁၇

Previous post ရင့်ကျက်ချင်တယ်၊ ရင့်ကျက်ချင်တယ်
Next post ယောနသံ