ဦးစိုးသိန်း ကိုယ်တိုင်က၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) တာဝန်ကို ထမ်းဆောင်ခဲ့ဖူးသူဖြစ်သလို၊ ဒုတိယ – ဗိုလ်ချုပ်ကြီး အငြိမ်းစား တစ်ယောက်ဖြစ်ပါတယ်။ ၂၀၁၀ – ၂၀၁၅ အစိုးရသက်တမ်းကာလအတွင်းမှာ၊ စစ်ယူနီဖောင်းချွတ် အရပ်သားအစိုးရအဖွဲ့ဝင်တစ်ယောက်ဖြစ်ခဲ့တယ်။ ထိုနည်းလည်းကောင်း သမ္မတရုံးဝန်ကြီး တာဝန်ကို ယူခဲ့သူတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ ဦးစိုးသိန်း၊ ဦးအောင်မင်းနဲ့ ဦးတင်နိုင်သိန်းတို့ဟာ သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေးဖြေလျော့ရေးလုပ်ငန်းစဉ်တွေရဲ့ စီယာတိုင်ကို ထိထိမိမိ ဆုပ်ကိုင်ပြီး မောင်းနှင်ခဲ့သူတွေလို့ ပြောနိုင်တယ်။ ဦးစိုးသိန်းဟာ ၂၀၁၀ – ၂၀၁၅ အစိုးရသက်တမ်း လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး “ဒီမိုကရေစီ နိုင်ငံတော်သစ်နှင့် သမ္မတဦးသိန်းစိန်” ဆိုတဲ့ စာအုပ်ကို ရေးသားထုတ်ဝေခဲ့ပါတယ်။ အခုလည်း “ဒီမိုကရေစီ ဒုတိယအစိုးရသစ်နှင့် မြန်မာနိုင်ငံ” ဆိုတဲ့ စာအုပ်ကို ရေးခဲ့ပါတယ်။ ယခုဒုတိယစာအုပ်ဟာ၊ ဦးစိုးသိန်း ပထမဆုံး ရေးခဲ့တဲ့ စာအုပ်ထက် ထူထဲပါတယ်။ ပထမတွဲ – ဒုတိယတွဲ ခွဲထွက်တာ တွေ့ရပါတယ်။ ဒီစာအုပ်ကတော့ အင်္ဂလိပ် မူနဲ့ ထွက်တာ မတွေ့ရပါ။ ထားတော့။

လောလောဆယ် ဖတ်ရှုရသလောက် တွေ့မိတဲ့ အချက်တချို့ကို ပြန်လည် တင်ပြချင်ပါတယ်။ စာအုပ်ဝေဖန်ချက် မဟုတ်ပေမယ့်၊ ရေးသားတင်ပြထားတဲ့အချက်ထဲက ပြောစရာ တချို့အတွက် ကနဦးတင်ပြချက်သာ ဖြစ်ပါလိမ့် မယ်။

ဦးစိုးသိန်းဟာ အမျိုးသားဒီမိုကရေစီ (NLD) အစိုးရလက်ထက် လုပ်ဆောင်ခဲ့မှုတွေနဲ့ပတ်သက်ပြီး၊ သူ ဘဝင် မကျခဲ့ တာတွေ နဲ့ သူ့စိတ်ထဲ ခံတွင်းမတွေ့တာတွေကို အချက်အလက်နဲ့ ရေးသားတင်ပြထားတာကို တွေ့ရပါတယ်။ NLD ပါတီ ရွေးကောက်ပွဲ အနိုင်ရပြီး အစိုးရအဖွဲ့သစ် ဖွဲ့စည်းလိုက်တာနဲ့ပတ်သက်ပြီး ဦးစိုးသိန်းရဲ့ ဘဝင်မကျမှုတွေနဲ့ ဝေဖန်ချက်တွေကို တွေ့ရပါတယ်။ အထူးသဖြင့် အဓိက အချက် (၃) ချက် တွေ့ရပါတယ်။

(၁) NLD အစိုးရက ဖွဲ့စည်းလိုက်တဲ့ ဝန်ကြီးနဲ့ပတ်သက်ပြီး ဝန်ကြီးဌာနအသီးသီးမှာ ခန့်အပ်လိုက်တဲ့ သက်ကြားအို အသက်အရွယ်တွေ ဖြစ်နေတာကို ဦးစိုးသိန်းက အလိုမကျစွာ ဝေဖန်ပါတယ်။ ဝန်ကြီးတစ်ဦးချင်းစီရဲ့ အသက် နံပါတ်တွေကို စီပြီး စဉ်ပြီး လူငယ်တွေ၊ သွက်လက်ဖျတ်လတ်သူတွေကို နေရာမပေးခြင်းအပေါ် အားမလို အားမရ ဖြစ်တာတွေ့ရပါတယ်။ အစိုးရသက်တမ်း ကုန်ခါနီးမှ၊ အသက်ငယ်ရွယ်သူ ဒေါက်တာမင်းရဲပိုင်ဟိန်းကို ခန့်အပ်တာ မျိုးကို လိုလားဟန် ရေးသားတာတွေ့ရပါတယ်။

(၂) နောက်တစ်ချက်ကတော့ NLD အစိုးရသစ်က ဖွဲ့စည်းလိုက်တဲ့ ဝန်ကြီးတွေဟာ နိုင်ငံရေးသမားတွေ မဟုတ်တာ ကို ဝေဖန်ပါတယ်။ “ပါတီ အနိုင်ရဖို့က Activists များရဲ့ အခန်းကဏ္ဍ၊ အစိုးရဖြစ်သွားတော့ ဆောင်ရွက်ဖို့က Technocrats များရဲ့ အခန်းကဏ္ဍ” ဆိုတာကို သူ လက်မခံကြောင်း ရေးသားတာတွေ့ရတယ်။ နိုင်ငံရေးခံယူချက် ရှိမှ၊ အရာရာကို ကြိုးစား၊ စွန့်လွှတ်၊ အနစ်နာခံနိုင်မည် ဖြစ်ကြောင်း၊ နိုင်ငံရေးခံယူချက် မှန်ကန်သူတွေကို ပါဝင် ခွင့် ပြုရမည် ဖြစ်ကြောင်း၊ နေရာတိုင်းမှာ Technocrats မလိုအပ်ကြောင်း။ Technocrats လိုရင်တယ်ဆိုရင်လည်း ပါတီတွင်းက သင့်တော်တဲ့သူတွေကို ဝန်ကြီး၊ ဒုဝန်ကြီးတို့ ခန့်အပ်သင့်ကြောင်း ဦးစိုးသိန်းက ရေးသားပါတယ်။ ဦးစိုးသိန်းအနေနဲ့ NLD က ဖွဲ့စည်းလိုက်တဲ့ နိုင်ငံရေးသမားမဟုတ်ဘဲ ခန့်အပ်ခံရတဲ့ (appointed person) တွေကို လက်မခံဘူးဆိုတာ ထင်ရှားစွာ ပြသတာကို တွေ့ရတယ်။ ဒီနေရာမှာ ဦးစိုးသိန်း ထည့်မရေးတာက၊ NLD အစိုးရ အဖွဲ့ဝင်တွေထဲက ဝန်ကြီးတွေဟာ သူ ထင်နေသလို တကယ် စစ်မှန်တဲ့ Technocrats (တက်ခနိုကရက်) တွေ ဖြစ်ရဲ့ လားဆိုတာကို ဝေဖန်တာမျိုး မတွေ့ရပါတယ်။ ကျနော့် ယူဆချက်ကတော့ NLD အစိုးရအဖွဲ့ထဲမှာ ပါဝင်တဲ့ ဝန်ကြီးတွေထဲမှာ တကယ့် တက်ခနိုကရက် စစ်စစ်လို့ ပြောနိုင်သူဆိုတာ အင်မတန် ရှားပါးပါကြောင်း။

(၃) ဦးစိုးသိန်းအနေနဲ့ သူ့စာအုပ် ပထမပိုင်းမှာ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတော်အတိုင်ပင်ခံရာထူးနဲ့ပတ်သက် ပြီး ထိုးထိုးနှက်နှက် ဝေဖန်တာ မဖတ်ရသေးပေမယ့်၊ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားရေးဝန်ကြီး တာဝန်နဲ့ ပတ်သက်ပြီး လက်လွှတ်မခံတာကို ထောက်ပြရေးသားပါတယ်။ ဒီနေရာမှာလည်း နိုင်ငံခြားရေးဝန်ကြီးတာဝန်ကို တကယ် တာဝန်ယူလိုက်ချိန်မှာ လုပ်ရမယ့် တာဝန်တွေကို မနိုင်နင်းလို့၊ ဒေါ်အောင်ဆန်းစုကြည်က သူ မလုပ်ချင်၊ မသွားချင်၊ မပြောချင်တဲ့ ကိစ္စတွေကို လုပ်ဖို့ အမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်းကို အစိုးရအဖွဲ့ရုံးဝန်ကြီး အဖြစ်ခန့်အပ်တာ၊  နိုင်ငံခြားရေးဒုဝန်ကြီး ဦးကျော်တင့်ကို အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး အဖြစ် ခန့်အပ်တာတွေကို ထောက်ပြဝေဖန်ပါတယ်။ ဒီနေရာမှာလည်း ဦးသောင်းထွန်းအပေါ် ဦးစိုးသိန်းက သူ့ သံသယကို ထုတ်ဖော်ရေးသားပါတယ်။

(၄) ဦးသောင်းထွန်းနဲ့ပတ်သက်ပြီး သူ့နောက်ခံကိုယ်ရေးမှာ OSI (Open Society Institute) မှာ တာဝန်ထမ်း ဆောင်ခဲ့တာကို ကွယ်ဝှက်ထားတာနဲ့ပတ်သက်ပြီး ဝေဖန်ထောက်ပြပါတယ်။ OSI ဟာ ဂျော့ဆိုးရော့စ် တည်ထောင် ထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ဂျော့ဆိုးရော့စ်နဲ့ပတ်သက်ပြီး ဦးစိုးသိန်းဟာ အလွန် သံသယထားပုံရတယ်။ အထူးသဖြင့်၊ ဂျော့ဆိုးရော့စ် တည်ထောင်ထားတဲ့ အဖွဲ့အစည်းမှာ၊ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဦးသောင်းထွန်းဟာ ဘာလဲ၊ ဘယ်လိုလဲဆိုတာကို သံသယထားပုံရပါတယ်။ အထူးသဖြင့် အမျိုးသားလုံခြုံရေး အကြံပေးတာဝန်ကို ခန့်အပ်ခံရသူဟာ (လုံခြုံရေးအရ) စိတ်ချရပါ့မလားဆိုတာကို သံသယဝင်ဟန်တူတယ်။ အနောက်နိုင်ငံရဲ့ လက်ဝေ ခံ လူတစ်ယောက်ဖြစ်နေသလားဆိုတာကို သံသယဝင်ဟန်တူတယ်။ ဒါကိုတော့ ဒဲ့တိုး ရေးသားတာ မဖတ်ရပါ။ အမျိုးသားလုံခြုံရေးမှာ အတွင်းလူ ထောက်လှမ်းရေး ဖြစ်မှာ စိုးရိမ်ဟန်တူတယ်။

(၅) နောက်တစ်ချက်ကတော့ နိုင်ငံခြားသားပါဝင်မှု ကိစ္စတွေကို အထူးစိုးရိမ်ဟန်တူပါတယ်။ နိုင်ငံခြားသားအကြံ ပေးတွေ ပါဝင်ခြင်းကို စိုးရိမ်ကြောင့်ကြတာဟာ ဦးစိုးသိန်းရဲ့ ရေးသားချက်မှာ အလွန် ပေါ်လွင်နေပါတယ်။ ဘာ့ ကြောင့် အဲသည့်လောက် စိုးထိတ်သလဲဆိုတာကိုတော့ မသိနိုင်ပါ။ ဦးစိုးသိန်းဟာ စစ်ဗိုလ်ချုပ်ကြီးဟောင်း တစ်ယောက်ဖြစ်လို့၊ မျိုးချစ်စိတ်အခံနဲ့ နိုင်ငံခြားသားကြောက် (တနည်း) နိုင်ငံခြားသားမုန်းတဲ့ သံသယစိတ်က စွဲမြဲ နေတာလား။ သို့တည်းမဟုတ် အကျင့်ပါနေတဲ့ အမျိုးသားလုံခြုံရေးအမြင်နဲ့ နိုင်ငံခြားသားပါဝင်မှုကို စိုးရိမ်တာ လား။ ကိုလိုနီသူ့ကျွန်ဖြစ်ခဲ့တဲ့ မြန်မာပြည်ရဲ့သမိုင်းနောက်ခံ အကြောင်းတရားကို သင်ခန်းစာယူတဲ့အနေနဲ့ နိုင်ငံ ခြားသားကို သံသယရှိ မုန်းတီးတာလား။ အမျိုးသားရေးဝါဒကို လက်ကိုင်ထားလို့ နိုင်ငံခြားသား၊ လူမျိုးခြားကို မယုံကြည်တာလားဆိုတာကို ကျနော် မပြောတတ်ပါ။ အစိုးရအဖွဲ့အကြံပေးတွေထဲမှာ နိုင်ငံခြားသားတွေ ပါဝင် တာကို၊ အတော်ကြီး စိုးရိမ်နေကြောင်း ဦးစိုးသိန်းရဲ့ ရေးသားချက်မှာ ပေါ်လွင်နေပါတယ်။

(၆) NLD အစိုးရခေါင်းဆောင်တွေက ခန့်အပ်တဲ့ အကြံပေးအဖွဲ့တွေထဲမှာ၊ အဖွဲ့စုံလင်သော်လည်းပဲ စာတွေ့ပဲများ တဲ့ သီအိုရီသမားတွေ ဖြစ်ကြောင်း ဦးစိုးသိန်းက ထောက်ပြဝေဖန်ပါတယ်။ ပြည်ပ အကြံပေးတွေ များနေတယ်လို့ လည်း ဆိုတယ်။ ကဏ္ဍအလိုက် အကြံပေးတွေကို ပထမဆုံး ခေါင်းစဉ်တပ်တဲ့ (၄) ယောက်ကတော့ ….

(က)နိုင်ငံတော်ဥပဒေအကြံပေး ဦးကိုနီ

(ခ) အနီးကပ်နိုင်ငံရေးအကြံပေး ဂျိုးဖစ်ရှာ

(ဂ) ရခိုင်အရေး ဥက္ကဌ ကိုဖီအာနန်

(ဃ) စီးပွားရေးအကြံပေး ရှောင်တာနယ် ….

စသူတို့ကို ဦးစွာ ထောက်ပြပြီး၊ ဝန်ကြီးဌာနကို စာရင်းထုတ်ပြပြီး၊ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် နိုင်ငံခြားသား ပညာရှင်တွေ ခန့်အပ်မှုကို၊ သံသယနဲ့ ရေးသားဝေဖန်တာကို တွေ့ရပါတယ်။ နိုင်ငံခြားသားပညာရှင် ခန့်အပ်မှုမှာ နိုင်ငံခြားသားပေါင်း (၉၀) ကျော် ခန့်အပ်တာမှာ၊ မြန်မာနိုင်ငံသားစစ်စစ် ပညာရှင် တစ်ယောက်မှ မပါဘူးလို့လည်း ဆိုပါတယ်။ ဒီလို နိုင်ငံခြားသားတွေရဲ့ မြန်မာပြည်အပေါ် ထားမယ့်သဘောထားကိုလည်း ဝေဖန်ထောက်ပြတာ တွေ့ရပါတယ်။ NLD အစိုးရဟာ အခုလိုများပြားတဲ့  နိုင်ငံခြားသားပညာရှင်ခန့်အပ်တယ်ဆိုတာ “မြန်မာပြည်သူတွေ မျက်နှာကို ဘာ့ကြောင့် မကြည့်သလဲ၊ နိုင်ငံအချုပ်အခြာအာဏာကို ဘာ့ကြောင့် ဂရုမစိုက်သလဲ ဆိုတာ အဖြေကို ရှင်းလင်းစွာ တွေ့ရမည် ဖြစ်ကြောင်း” ဝေဖန်ထောက်ပြပါတယ်။ “နိုင်ငံသားစစ် စစ် မဟုတ်သူတွေဟာ နိုင်ငံအပေါ်မှာ သစ္စာစောင့်သိစွာ အကြံပြုကြမလား၊ တိုင်းရင်းသားစစ်စစ်တွေရဲ့ ဒုက္ခကို ကိုယ်ချင်းစာနာကြပါ့မလား” ဆိုတာကို ဦးစိုးသိန်းက မေးခွန်းထုတ်လိုက်ပါတယ်။ နိုင်ငံခြားသားပညာရှင် ခန့်အပ်မှု ဟာ အမျိုးသားလုံခြုံရေး အချုပ်အခြာအာဏာကိုလည်း ထိခိုက်စေတယ်လို့ ဦးစိုးသိန်းက သံသယရှိပါတယ်။ တစ်နှစ်အတွင်း နိုင်ငံခြားသား ငှားရမ်းခ (၂၅ ဘီလီယံ) ကုန်ကျတာကိုလည်း အကျိုးမရှိဘူးလို့ ယူဆဟန်တူပါ တယ်။ NLD အစိုးရဟာ မြန်မာနိုင်ငံသားပညာရှင်တွေကို နေရာ မပေးဘဲ နိုင်ငံခြားသားပညာရှင် အမြောက်အမြား ကို ခန့်အပ်တာဟာ “နိုင်ငံခြားလက်ဝေခံ အစိုးရ” လို့ တိုက်ရိုက် မစွပ်စွဲပေမယ့်၊ စွပ်စွဲသယောင် ရေးသားထားပါ တယ်။ မြန်မာနိုင်ငံသားတွေထက် နိုင်ငံခြားသားကို အားကိုးအားထားခြင်းကလည်း နိုင်ငံကို သူတို့လောက် မချစ် သယောင်၊ သူတို့လောက် သစ္စာ မစောင့်သိသယောင် ရေးသားတာကို တွေ့ရပါတယ်။ ဒီလို ရေးသားချက်ဟာ စစ်အစိုးရလက်ထက်တွေအတွင်း “ပြည်ပအားကိုး ပုဆိန်ရိုး” လို့ တိုက်ရိုက် မပြောပေမယ့်၊ တိုက်ရိုက် ယိုးစွပ်သလို နားလည်ရပါကြောင်း တင်ပြလိုက်ရပါတယ် ခင်ဗျား။

မင်းသေ့

ည ၈း၂၃

၂၊ ဧပြီ၊ ၂၀၂၂။                        

Previous post “ကိုဝ” နှင့် သူ၏ စာအုပ်
Next post အရှိ ပကတိကို မြင်နိုင်ဖို့