နာမည်အရင်းက “ရဲနိုင်အောင်”။ ကလောင်အမည်က “ကိုဝ”။ ကိုဝဟာ ကျနော်နဲ့ မျိုးဆက်ချင်း ကွာပါတယ်။ “ကိုဝ” က ၈၈ မျိုးဆက်ကျောင်းသားအုပ်စုထဲက။ ကျနော်က ၉၀ မျိုးဆက်လို့ ပြောရမယ့်သူ။ ဆိုလိုတာက “ကိုဝ” တို့ နိုင်ငံရေးလှုပ်ရှားနေတုန်းကာလမှ ကျနော့်ကို မွေးတာ။ ဒီတော့ မျိုးဆက်အားဖြင့် ခြားတယ်၊ ကွာတယ်။ အထူး သဖြင့် ၈၈ မျိုးဆက်အုပ်စုထဲက ကိုယ့်ရှေ့မျိုးဆက်နိုင်ငံရေးသမားတွေကို ကျနော် တတ်နိုင်သရွေ့ ချည်းကပ် လေ့လာမိခဲ့တာတွေ ရှိပါတယ်။ ဘယ်သူတွေက ဘယ်လို ဘယ်ကဲ့သို့… စသည်ဖြင့်။ အဲသည့်ထဲမှာ “ကိုဝ” ရဲ့ ပြောတာဆိုတာကို အပြင်မှာ ကျနော် တွေ့ဖူးမြင်ဖူးတယ်။ “ကိုဝ” ရဲ့ စကားပြောဟန်နဲ့ မျက်နှာမှာ “ရိုးသားမှုဓာတ်ခံ” ရှိတယ်လို့ ကျနော် ခံစားရတယ်။ “ကိုဝ” ရဲ့ နိုင်ငံရေးဆောင်းပါးတွေကို သိပ်များများ စားစား မဖတ်ဖူးပါ။ သို့သော်လည်း စကားပြောတာ နားထောင်ကြည့်၊ အကဲခတ်ကြည့်တော့ “အဖြူထည်” သဘော တချို့ ကို သွား သတိထားမိတယ်။ တကယ်တော့ ကျနော်ကသာ “ကိုဝ” ကို သိတာ။ “ကိုဝ” ကတော့ ကျနော့်ကို သိမယ် မထင်။

သို့သော်လည်း ၂၀၂၁ ခုနှစ်အာဏာသိမ်းမှု ဖြစ်ပြီး မရှေးမနှောင်းကာလမှာ၊ “ကိုဝ” ပါဝင်တည်ထောင်ခဲ့တဲ့ ပြည်သူ့ ပါတီကနေ နှုတ်ထွက်ကြောင်း တွေ့လိုက်ရတယ်။ ဒီသတင်း တွေ့လိုက်ရတော့ စိတ်မကောင်းပါ။ ပြည်သူ့ပါတီထဲ မှာ လူတော် လူကောင်း တစ်ယောက် လျော့သွားပြီလို့ ခံစားလိုက်ရတယ်။ ပါတီတွင်း သဘောထားကွဲလွဲမှုတွေရှိ တာကတော့ သဘာဝပါ။ သို့သော်လည်း ဖြစ်နိုင်ရင်တော့ ပါတီထိပ်ပိုင်းခေါင်းဆောင်တွေ ပဲ့ထွက်သွားတာမျိုးကို သိပ် မကြားချင်ပါ။ ထားတော့။ ဒါက “ကိုဝ” ရဲ့ နိုင်ငံရေးဘဝ။

သိချင်မှု ချင်ခြင်း အစ

အာဖဂန်နစ္စတန်က “ကဘူး” မြို့တော်ကို တာလီဘန်တွေ ဝင်စီးနိုင်လိုက်ပြီဆိုတဲ့ သတင်းကို သိသိချင်း၊ အာဖဂန်နစ္စတန်ကိစ္စကို အတော် စိတ်ဝင်စားသွားတယ်။ တကယ်တော့ နိုင်ငံတကာနိုင်ငံရေးမှာ ကျနော် အာရုံကျတာက၊ အရှေ့အာရှနဲ့ တရုတ်ရေးတွေလောက်သာ။ အရှေ့အလယ်ပိုင်း အာရပ်ကမ္ဘာကို ကျနော် သိပ် လက်လှမ်း မမီ။ ရှုပ်ထွေးတဲ့သမိုင်းကြောင်းလည်း ရှိတယ်လို့ ယူဆလို့၊ သိပ် မလေ့လာမိ။ တာလီဘန်တွေရဲ့ အောင်ပွဲ ဘာ့ကြောင့် ဘယ်လို ဖြစ်သွားတယ်ဆိုတာကို၊ ဘီဘီစီ သတင်းဌာနက ဒေါက်တာမင်းဇော်ဦးကို အင်တာဗျူး လုပ်တာတွေ့ရတယ်။ ဒေါက်တာမင်းဇော်ဦးရဲ့ သုံးသပ်ချက် အင်တာဗျူးကို သုံးခေါက်လောက် သေချာ နားထောင်ဖြစ်တယ်။ အာဖဂန်နစ္စတန်ရဲ့ သဘောအကျဉ်းကို အနည်းငယ် အစဆွဲထုတ်မိတယ်။ ဒီလိုနဲ့ တာလီဘန် တွေရဲ့ အောင်ပွဲ အထူးစိတ်ဝင်စားမိတယ်။ ဖြစ်ချင်တော့ မြန်မာပြည်မှာလည်း အာဏာသိမ်းမှုဖြစ်ပြီး၊ လူထုက လူထုတိုက်ပွဲအားဖြင့် တော်လှန်ပုန်ကန်နေတဲ့အချိန်။ လက်နက်ကိုင်လမ်းစဉ်ကို လျှောက်ဖြစ်ဖို့ တွန်းအား အစ ရတဲ့ အချိန်မှာ၊ တာလီဘန်တို့ရဲ့ အောင်ပွဲ သတင်းကို ကြားလိုက်ရတာ။ ဒီတော့ ပိုစိတ်ဝင်စားသွားတယ်။ အာဖဂန် နစ္စတန်ကို တာလီဘန်တွေ အုပ်မိုးမိသွားပြီဆိုတာ သိပြီးပြီးချင်း၊ ခေါင်းထဲမှာလည်း စကားတချို့ ရေရွတ်မိတယ်။

  • “သူပုန်တွေတော့ အောင်ပွဲခံပြီဟေ့….”
  • “တော်လှန်ရေးအောင်ရင်တော့ သူရဲကောင်းဖြစ်မယ်”
  • “တော်လှန်ရေးရှုံးရင်တော့ သူပုန်ပဲ ဖြစ်မယ်”
  • “သူပုန်တွေ သူရဲကောင်းဖြစ်ပြီလား”… စသည်ဖြင့်။

ဒီလိုနဲ့ အာဖဂန်နစ္စတန်နဲ့ တာလီဘန်တို့အကြောင်း သိချင်စိတ် ပြင်းပြနေမိခဲ့တယ်။ သို့သော်လည်း မြန်မာ့နွေဦး နိုင်ငံရေးမှာ၊ အောက်ခြေသတင်းတွေရော၊ ဦးဆောင်သူအုပ်စုတွေရဲ့ လှုပ်ရှားမှု သတင်းတွေရော လိုက်ဖတ်နေရ တာနဲ့ အာဖဂန်ဘက်ကို ခြေဦးမလှည့်နိုင်။ “ကိုဝ” စာအုပ်ထွက်လာမှ၊ စိတ်ထဲက ပြင်းပြနေတဲ့ အာသာချင်ခြင်းဟာ အတော်ကြီး ပြေသွားတယ်။

“ကိုဝ” ရေးတဲ့ အာဖဂန်နစ္စတန်အကြောင်းက အတော် စိတ်ဝင်စားစရာကောင်းတယ်။ “ကိုဝ” က စာအုပ်နာမည်ကို ပေးတာလည်း သိပ်ကောင်းတယ်။ “အင်ပါယာတို့၏ သင်္ချိုင်း (သို့မဟုတ်) အာဖဂန်နစ္စတန်” တဲ့။ အာဖဂန်ဟာ ဒုတိယ အမေရိကန် – ဗီယက်နမ် စစ်ပွဲလို ဖြစ်ပြီလားလို့လည်း စိတ်ထဲက တွေးမိခဲ့တယ်။ ဒီလိုနဲ့ အာဖဂန်နစ္စတန် မှာ တာလီဘန်တို့ရဲ့ အောင်ပွဲ ဘယ်လို ဖြစ်လာသလဲဆိုတာကို အသေးစိတ် သိချင်လာတော့တယ်။

ယေဘုယျတွေထက် ကျော်လွန်တဲ့ စာအုပ်

“ကိုဝ” စာအုပ်ဟာ၊ ယေဘုယျတင်ပြချက်တွေထက် ကျော်လွန်ပြီး ရှိနေပါတယ်။ ပညာရှင်တွေရဲ့ ခပ်တောင့်တောင့် ဝါကျတွေရဲ့ ဖွဲ့သီထားတဲ့ သမားဂုဏ်ပြ စကားလုံးဝေါဟာရတွေ၊ “ကိုဝ” ရဲ့ စာအုပ်ထဲမှာ မပါဝင်ပါ။ သာမန် လူပိန်း တွေကို စာအုပ်ရောင်းစားဖို့ ရွှီးထား ဖြီးထားတဲ့ ရေးသားချက်မျိုးတွေလည်း မတွေ့ရပါ။ သူ လက်လှမ်းမှီသလောက် ဖြန့်ကျက်လေ့လာပြီး၊ လောလောဆယ် နိုင်ငံတကာနိုင်ငံရေးမှာ သိသင့်သိထိုက်တဲ့ အာဖဂန်နစ္စတန် (case) ကို စာဖတ်သူ လူထု နားလည်သဘောပေါက်အောင် ကြိုးစားအားထုတ်ထားတာကို အထင်းသား မြင်ရတယ်။ နောက် တစ်ခု ထူးခြားတာက၊ ဓာတ်ပုံတွေနဲ့ မြေပုံတွေ။

မှတ်တမ်းဓာတ်ပုံတွေရဲ့ အထောက်အပံ့

“ကိုဝ” ရဲ့ အာဖဂန်နစ္စတန် စာအုပ်ဟာ ဓာတ်ပုံတွေ မပါဘဲ၊ စာတွေချည်း သက်သက်ဆိုရင် ဒီလောက် ဖတ်ကောင်း မယ် မထင်ပါ။ “ကိုဝ” ရှာဖွေ ထည့်သွင်းထားတဲ့ ဓာတ်ပုံမှတ်တမ်းနဲ့ မြေပုံတွေတွေဟာ “ကိုဝ” ရဲ့ အာဖဂန်ဇာတ် ကြောင်း စာအုပ်ကို အတော် အားပြုပါတယ်။ စာဖတ်လိုက်၊ ဖော်ပြထားတဲ့ ဓာတ်ပုံတွေကို ကြည့်လိုက်။ မြင်ကွင်း ထဲမှာ ကိုယ့်ဘာသာကို ပုံဖော်လိုက်နဲ့၊ အတော်ဖတ်လို့ ကောင်းတဲ့ စာအုပ်ဖြစ်ပါတယ်။ ဓာတ်ပုံနဲ့ မြေပုံတွေကို သေချာ များများ စားစား ဝေဝေဆာဆာ ထည့်သွင်းဖော်ပြထားလို့လည်း၊ စာဖတ်တဲ့အခါ ပိုနားလည်သဘောပေါက် တာလို့ ယူဆပါတယ်။ “ကိုဝ” သာ အာဖဂန်နစ္စတန်စာအုပ်မှာ သတင်းဓာတ်ပုံနဲ့ မြေပုံတွေကို ထည့်သွင်း မဖော်ပြဘူး ဆိုရင် တစ်ခန်းတောင် မျက်စိထဲ မြင်အောင် မနည်း အားယူပြီး ဖတ်ရမယ်လို့ ထင်ပါတယ်။ ဓာတ်ပုံတွေ ဟာ စကားလုံးတစ်ထောင် တစ်သောင်းနဲ့ ညီမျှတယ်ဆိုတာ သိပ်မှန်တာပဲ။

နောက်ထပ် ပြောချင်တာက၊ “ကိုဝ”ဟာ စာအုပ်အတွင်းသား အားလုံးကို  “4C – Four Colors” နဲ့ ရိုက်နှိပ်ဖော်ပြ တာဖြစ်ပါတယ်။ အတွင်းမှာ​ ဖော်ပြထားတဲ့ ရောင်စံဓာတ်ပုံတွေကြောင့် စာအုပ်ပုံနှိပ်ခကလည်း သာမန်ထက် ပိုကုန်ကျဟန်တူပါတယ်။ ဒါ့ကြောင့်လည်း စာအုပ်စျေးက အနည်းငယ် များဟန်ရှိနေပါတယ်။ သို့သော်လည်း ဖတ်ရတာ တန်တယ်။ “ကိုဝ” ရဲ့ အားထုတ်ချက်နဲ့ စေတနာကို အထူးမြင်ရတယ်။

‘ကိုဝ’ ရဲ့ အားထုတ်မှု

၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းလောက်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကို ၂၀၂၂ ခုနှစ် နှစ်ဦးပိုင်းမှာ ဖတ်ရလို့၊ အလွန် အမင်း နောက်မကျဘူးလို့ ယူဆပါတယ်။ မြန်မာပြည်မှာ ဒီလို လိုအပ်တဲ့ စာတွေကို တကူးတက ဖြည့်နေသူ တချို့ ရှိပါတယ်။ သို့သော်လည်း များများ စားစား မတွေ့ရပါ။ ဒီအထဲမှာ “ကိုဝ” ရဲ့ အားထုတ်မှုဟာ ကျေနပ်စရာ ဖြစ်ပါ တယ်။

အာဖဂန်နစ္စတန် ဇာတ်ကြောင်းနဲ့ပတ်သက်ပြီး မြန်မာစာအုပ်တွေမှာ မရှိသလောက် ရှားပါတယ်။ ဟိုတစ်စ ဒီတစ်စ လောက်သာ တွေ့ရပါတယ်။ ဒီနောက်ပိုင်းမှာ နိုင်ငံတကာရေးရာတွေကို တစိုက်မတ်မတ် ရေးသားထုတ်ဝေတဲ့ စာရေးဆရာတွေလည်း နည်းသွားပါပြီ။ အတော်များများက အွန်လိုင်းမှာတော့ ရေးတယ်။ သို့သော် စာအုပ်ဖြစ် မလာပါ။ တချို့လည်း အွန်လိုင်းသတင်းဂျာနယ်မီဒီယာတွေမှာ ရေးကြတယ်၊ ဘာသာပြန်ကြတယ်။ သို့သော်လည်း စာအုပ်နဲ့ ထွက်မလာပါ။ ဒီတော့ မြန်မာစာပေမှာ နိုင်ငံတကာရေးရာနဲ့ပတ်သက်ပြီး အားလျော့နေသလို ဖြစ်နေ တယ်။ စစ်အစိုးရခေတ်တွေမှာတော့၊ သတင်းစာဆရာ (ဆရာ) မောင်ဝံသက နိုင်ငံတကာရေးရာတွေ ရေးဖော်ရ တယ်။ ဘာသာပြန်ဖော်ရတယ်။ အခုတော့ ဒီလို နိုင်ငံတကာရေးရာတွေ ခပ်များများ ရေးပြီး စာအုပ်နဲ့ ထွက်လာတဲ့ သတင်းစာဆရာမျိုး၊ စာရေးဆရာမျိုး သိပ်မတွေ့ရတော့ပါ။ နိုင်ငံတကာရေးရာနဲ့ပတ်သက်ရင် အင်္ဂလိပ်လို ဖတ်နိုင်တဲ့ မြန်မာလူထု များလာလို့ စျေးကွက် ကျဉ်းသွားတာလား၊ သို့တည်းမဟုတ် ပြည်ပက သတင်းဌာနတွေက ဖော်ပြတဲ့ နိုင်ငံတကာရေးရာတွေနဲ့ပဲ အဆာပြေသွားတာလား မပြောတတ်ပါ။ ထားတော့။

စာသမားနိုင်ငံရေးသမားတွေ

တကယ်တော့ လူငယ်တွေ၊ ဆယ်ကျော်သက်တွေအတွက် နိုင်ငံတကာရေးရာတွေကို စဉ်ဆက်မပြတ် မိတ်ဆက် တို့ထိ ဖြန့်ဝေပေးနေတဲ့ စာရေးဆရာ၊ သတင်းစာဆရာ၊ နိုင်ငံရေးသမားတွေကို မျှော်လင့်ပါတယ်။ အဲသည့်အထဲမှာ “ကိုဝ” ကတော့ စာရေးဆရာ နိုင်ငံရေးသမားလို့ ပြောလို့ ရမယ်။ အထူးသဖြင့် နိုင်ငံရေးသမားတွေ ရေးတဲ့ စာအုပ် တွေဟာ မြန်မာ့လူ့အဖွဲ့အစည်းကို ကိုလိုနီခေတ်ကတည်းက ကျေးဇူးပြုမှု အများကြီး ရှိနေခဲ့တာ ဖြစ်ပါတယ်။ နှောင်းခေတ် မြန်မာ့နိုင်ငံရေးသမားကြီးတွေ အတော်များများက စာရေးတယ်လို့တောင် ပြောနိုင်လောက်တဲ့အထိ၊ သူတို့ဟာ စာသမားတွေ ဖြစ်ခဲ့တာပါ။ ဒီနေ့ခေတ်ကတော့ ဖေ့ဘုတ်ခ်မှာ အာချောင်တဲ့ နိုင်ငံရေးသမားတွေသာ များတယ်။ စာကြီးပေကြီးဖတ်ဖို့ မပြောနဲ့၊ စာတိုပေစလောက်နဲ့ လော်ဘီတွေရေးတဲ့ အတင်းအဖျင်းလောက်နဲ့ သာယာနေတဲ့ နိုင်ငံရေးသမား (ဆိုသူ) တွေဟာ တစ်ပုံကြီးပါ။

နိုင်ငံရေးသမားတွေထဲမှာ ၊ စာသမား နိုင်ငံရေးသမား နဲ့ ပညာရှင်နိုင်ငံရေးသမားတွေဟာ လူ့အဖွဲ့အစည်းထဲမှာ အတော်အကျိုးများတဲ့နိုင်ငံရေးသမားတွေလို့ ပြောနိုင်တယ်။ သူတို့ဟာ လူကြိုက်များချင်မှ များတယ်။ သူတို့ဟာ သိပ်ထင်ပေါ်ချင်မှ ထင်ပေါ်လိမ့်မယ်။ သို့ပေမယ့် သူတို့ရဲ့ နိုင်ငံရေးလုပ်ဆောင်ချက်တွေဟာ၊ ဘေးထွက်ဆိုးကျိုး နည်းတယ်လို့ ပြောနိုင်တယ်၊ ပြောချင်တယ်။ ဘာလို့လဲဆိုတော့ သူတို့တတွေဟာ အာဏာကိုချည်း ဖက်တွယ် မျှော်မှန်းသူတွေ မဟုတ်ဘူး။ လုပ်သင့်လုပ်ထိုက်တာကို စိတ်သန့်သန့်နဲ့ လုပ်နိုင်ဖို့ ကြိုးစားနေသူတွေ ဖြစ်တယ်လို့ မြင်တယ်။

ဆင်စွယ်နန်းက အချက်အလက်တွေ မဟုတ်

“ကိုဝ” ရဲ့ အာဖဂန်နစ္စတန် စာအုပ်ဟာ အာဏာသိမ်းမှု ကာလအတွင်း၊ မြန်မာ့နွေဦးတော်လှန်ရေးကာလအတွင်း မှာ ပေါ်ထွက်လာတာပါ။ အာဏာသိမ်းမှုနဲ့ နွေဦးတော်လှန်ရေး ကသောင်းကနင်း ကာလတွေမှာ၊ “ကိုဝ” ဟာ အာဖဂန် (case) ကို ဘာသာရပ်တစ်ခုလို လေ့လာခဲ့ဟန်တူပါတယ်။ သို့သော်လည်း သူ့လေ့လာမှုဟာ ကျမ်းကြီး ကျမ်းခိုင်နဲ့ ကျမ်းအိပ်တွေကို လေ့လာတာ မဟုတ်ပါဘူး။ ဆင်စွယ်နန်းမှာ စံမြန်းပြီး ရေးသားထုတ်ဝေထားတဲ့ စာကြီး ပေကြီးတွေကို ဖတ်ရှုလေ့လာပြီး ရေးသားပြုစုခဲ့တာလည်း မဟုတ်ပါဘူး။ အဲသည့်လိုတွေ ဖတ်ရှုလေ့လာပြီး ရေးရင်လည်း “ကိုဝ” စာအုပ်ဟာ အခုလောက် ဖတ်ပျော်မယ် မထင်ဘူး။ “ကိုဝ”ဟာ မြေပြင် အဖြစ်အပျက်တွေကို အခြေခံပြီး ရိုက်ကူးထားတဲ့ သတင်းမှတ်တမ်းရုပ်ရှင်ဗီဒီယိုတွေကို လေ့လာတယ်။ အဲသည်လို သတင်းမှတ်တမ်း ရုပ်ရှင်ပေါင်း (၁၉၄) ကားကို အပြန်ပြန် အလှန်လှန် လေ့လာပြီး၊ “အာဖဂန်နစ္စတန်” စာအုပ်ကို ရေးသားပြုစုခဲ့တာ ပါလို့ ၊ သူ့ အမှာစာမှာ ဝန်ခံတယ်။ စာအုပ်အစမှာလည်း အာဖဂန်ရဲ့ သမိုင်းနောက်ခံအကျဉ်းကို ရေရေလည်လည် ရေးသားတင်ပြတာ ဖတ်ရလို့၊ အတော် အစပ်အဟပ် မိတယ်လို့ ဆိုနိုင်တယ်။ နိုင်ငံတကာမီဒီယာကြီးတွေက ဖော်ပြ တဲ့ အာဖဂန်နဲ့ တာလီဘန်အကြောင်း သတင်းဆောင်းပါးတွေကိုလည်း “ကိုဝ” က ဖတ်ရှုလေ့လာခဲ့သတဲ့။ ဒါ့ကြောင့် လည်း “ကိုဝ” ရဲ့ အာဖဂန်နစ္စတန် စာအုပ်ဟာ၊ သာမန်လူထုအတွက် အတော်ကြီး ဖတ်ချင့်စဖွယ်ကောင်းတဲ့ စာအုပ်ဖြစ်နေတယ်။

လေ့လာထိုက် လေ့လာအပ်တာတွေ

“ကိုဝ” စာအုပ်ဟာ၊ ပညာရှင်တွေ ကိုးကားညွှန်းဆိုဖို့ ရေးသားထားတဲ့ စာအုပ် မဟုတ်ပါ။ “ကိုဝ” (ရဲနိုင်အောင်) ဟာ နိုင်ငံရေးသမားပါ။ သို့သော်လည်း တစ်ဖက်မှာလည်း စာသမားပေသမား ဖြစ်နေတယ်။ ဒါ့ကြောင့် သူဝါသနာပါတဲ့ စာရေးခြင်းအတတ်နဲ့ လူထုကို ကျေးဇူးပြုခြင်းဖြစ်တယ်။ လူထုကလည်း အခြေခံ လူမှုစီးပွားတည်ငြိမ်မှုမျိုးရနေ သေးသည် ရှိသော်၊ “ဖြဲကားမနေဘဲ” ဒီလို နိုင်ငံတကာရေးရာတွေကို လည်ပင်းဆန့် ပြီး ခေါင်းပြူကြည့်သင့်ကြဖို့ ကောင်းပါတယ်။ နိုင်ငံရေးသမားတွေကလည်း အွန်လိုင်းမှာ သောက်ဖောင်းပဲ ထုနေ တာမျိုး မလုပ်ဘဲနဲ့၊ လူ့အဖွဲ့အစည်းက လိုအပ်တဲ့ ကွက်လပ်တွေကို နိုင်ငံရေးဒေါင့်က မဟုတ်သော်မှ သန်ရာသန်ရာ ဒေါင့်ကနေ ဖြည့်ဖို့ အားထုတ်သင့်ပါတယ်။ “ကိုဝ” လို အားထုတ်မှုမျိုးကို၊ လူထုက ကြိုဆိုလိုလားမယ်လို့လည်း ယုံကြည်ပါတယ်။

မင်းသေ့

ည ၈း၁၃

၅၊ ဧပြီ၊ ၂၀၂၂။

Previous post ဘုန်းကြီးတွေ အနေကျုံ့လာတယ်
Next post ဦးစိုးသိန်း ၏ စာအုပ်