ရင့်ကျက်မှုအတွက် ကွင်းဆက်များ
မောင်သာမည

စာအုပ္အညႊန္း

ရင့်ကျက်တယ် ဆိုတာ ဘာလဲ

တက္ကသိုလ်ကျောင်းသားဘဝအစမှာ၊ စာတွေ အငမ်းမရ ဖတ်ခဲ့တဲ့ အချိန်တုန်းက ကျွန်တော့ ခေါင်းထဲ သို့ အဆက် မပြတ် နိုးဆွနေသည့် စကားလုံး တစ်လုံး ရှိခဲ့သည်။ ဖတ်သည့် စာအုပ်တိုင်းတွင် ထိုစကားလုံးရဲ့ ဖွင့်ဆိုချက်ကို အငမ်းမရ ရှာကြည့်ဖူးသည်။ ဘယ်စာအုပ်မှ ကောင်းကောင်း ဖော်ပြထား တာ မတွေ့။ အဲ့ဒီ့တုန်းက ကျွန်တော့ စာဖတ်သက်တမ်း တစ်ဆက်တစ်ဆက်တည်းရှိတာ ၂ နှစ်လောက်ပဲ ရှိတာ ကြောင့်မို့လည်း ဖြစ်နိုင်သည်။ ဒီလိုနှင့် တက္ကသိုလ် ကျောင်းတက်တာ ၂ နှစ်ကျော် ၃ နှစ်ထဲ ရောက်တဲ့ အခါမှ ကျွန်တော်ရှာနေသော စကားလုံး၏ အနှစ်သာရကို ကျေကျေနပ်နပ် သိလိုက်ရ သည်။ ထိုစကားလုံးကား ရင့်ကျက်ခြင်း။ ရင့်ကျက်တယ် ဆိုတာ ဘာလဲ ???

ရင့်ကျက်တယ်ဆိုတာ အသက်နံပါတ်နဲ့ မဆိုင်ဘူး… တဲ့။ အသိဉာဏ်နဲ့ ဆိုတာ… တဲ့။
ဘယ်အချိန်မှာ ရင့်ကျက်သလဲ…တဲ့.။ သတိရှိတဲ့ အချိန်မှ ရင့်ကျက်တယ်… တဲ့။
သတိမရှိရင် မရင့်ကျက်ဘူး။

ရင့်ကျက်တယ် ဆိုတာ လူကြီးဆန်ခြင်း…တဲ့။ ကလေးဆန်တာ မရင့်ကျက်တာ…တဲ့။
အထက်ပါ စကားလုံးများသည် ကျွန်တော့ စိတ်ထဲတွင် အခုထက်ထိ စွဲမြဲနေသော ဝေါဟာရစကားစု များဖြစ်သည်။ ရှာတွေ့သည့် စာအုပ်မှာ ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ) ရေးသည့် ကိုယ်ရည်ကိုယ်သွေးမြင့်မားစေရန် (သတိဖြင့် နေထိုင်ခြင်း) စာအုပ်မှ ဖြစ်သည်။


ဖတ်မိသည့် အချိန်က B.Tech (1st Year) Mid-term စာမေးပွဲ မဖြေမီ private study တစ်ပတ်ပေး ထားသည့် ကာလ။ အဆိုပါ စာမေးပွဲ တစ်တွင်းလုံး၊ ကျွန်တော် ကျောင်းစာကို ဖိဖိစီးစီး မလုပ်ဘဲ၊ ဆရာတော့်စာအုပ်ထဲက စကားလုံးတွေကို မှတ်စုထဲ ကူးချရေးနေမိသည်။ စကားလုံး တစ္ဆေခြောက် ခြင်းလား…။ သို့တည်းမဟုတ်… စကားလုံးများ၏ ညှိ့ငင်ဖမ်းစားခြင်းကြောင့်လား… မသိ။ စာမေးပွဲ ကျမှာ မကြောက်ဘဲ၊ ကျွန်တော့်နှလုံးကို နှိုးဆွသည့် စကားလုံးများနှင့် ဖက်လှဲတကင်း မြူးတူးနေမိ တော့သည်။ စာမေးပွဲ တွင်းကာလက နှစ်ပတ် တိတိ။

ရင့်ကျက်တယ် ဆိုတဲ့ စကားလုံး၏ ညှိ့အားက ထိုအချိန်မှ စ၍ တစ်စတစ်စ ပြင်းထန်လာသည်။ ထို့နောက်ပိုင်း၊ မြန်မာစာပေထဲတွင် ရင့်ကျက်ခြင်းနှင့်ပက်သက်၍ ထပ်ပြီး ရှိနိုင်အုံးမလားဆိုပြီး သတိထား ရှာကြည့်မိ သေး သည်။ ရန်ကုန် မန္တလေး စာအုပ်ဆိုင်တိုင်း လိုလို၊ ကျွန်တော် သွားဖူး ရောက်ဖူး သည့် စာကြည့်တိုက်တိုင်းလိုလို၊ ရှာကြည့်သည်။ မတွေ့။ မတွေ့ရေးချ မတွေ့။ ကျွန်တော်တို့ တည်ထောင်ထားသည့် စာကြည့်တိုက်တွင်လည်း ရောက်လာသော စာအုပ်များတွင် ဂရုထား၍ ရှာကြည့်မိသည်။ မတွေ့ပြန်။ ထားတော့။ ဒီလိုနှင့် ၅ နှစ်လောက် ကြာသွားသည်။ ရင့်ကျက်ခြင်း ဆို သည့် စကားလုံးကို ဆရာတော့် စာအုပ် သာ ဖတ်ပြီး အာသာဖြေနေရသည်။

အမှတ်မထင် ၂၀၁၅ ခုနှစ်မှာ၊ စာပေ့မိတ်ဆွေကြီး တစ်ယောက်နှင့် မန္တလေးက ဥတ္တရလွင်ပြင်စာအုပ် ဆိုင်ကို ရောက်ပြန်ရောက်ဖြစ်သည်။ မရောက်တာ နှစ်အတော်ကြာပြီ ဖြစ်သည်။ ထိုဆိုင်က ကျွန်တော် ကြည်ညိုသည့် မန္တလေးက စာရေးဆရာ သင့်နော်၏ ဆိုင်ဖြစ်သည်။ ကျောင်းသား ဘဝက စွယ်စုံကျမ်းများကို ဆရာ့ထံမှ ဈေးချိုချိုနှင့် ဝယ်ခဲ့ရဖူးသည်။ ပိုက်ဆံ ခြစ်ခြစ်ကုပ်ကုပ်သာရှိသည့် အခြေအနေတုန်းက၊ ဈေးပေါပေါနှင့် ရောင်းပေးသည့် ဆရာသင့်နော်ကို အတော်အမှတ်ရနေသေး သည်။ သည်လိုနှင့် ဟိုစာအုပ်ရှာ၊ ဒီစာအုပ်ရှာ။ ဟိုမေး ဒီမေးနှင့် လိုချင်သည့် စာအုပ်တွေ ဆွဲထုတ် သည်။ ဆရာက ကျွန်တော် မေးသည့် စာအုပ်များ၏ သဘောကို ခြုံငုံမြင်မိ၍လား မသိ။ ဒါဖတ်ကြည့် ပါ့လားဆိုပြီး ခပ်ပါးပါး စာအုပ်တစ်အုပ်ကို ထုတ်ပြသည်။ ကျွန်တော် ကြည့်လိုက်သည်။ ဟိုလှန်ဒီလှန် လုပ်လိုက်သည်။ မာတိကာကိုထပ်ကြည့်သည်။ အတွင်းစာပိုဒ် တစ်ချို့ကို ဖတ်ကြည့်သည်။


ဟုတ်သည်။ ကျွန်တော့်အတွက် အကျိုးမယုတ်နိုင်သည့် စာအုပ်မှန်း ကျွန်တော် တန်းသိလိုက်သည်။ စာသမားချင်း ဓာတ်ကူး တုံ့ပြန်ခြင်းဟု မှတ်ယူမိသည်။ အိမ်ရောက်သည့် အခါ စာအုပ်ကို ဖတ်ကြည့် သည်။ လား… လား… ကျွန်တော် အငမ်းမရရှာဖွေဖူးသည့် စကားလုံး၏ အနှစ်သာရ၊ ဖွင့်ဆိုချက်၊ သဘောအနေ အထားများကို တစ်ပြုံတစ်ခေါင်းကြီး စုပြုံရေးသားထားသော စာအုပ်ပါ့လား။

ရင့်ကျက်မှု၊ ရင့်ကျက်မှု၊ ရင့်ကျက်မှု

မူရင်း စာရေးဆရာ ဟယ်ရီ အေ အိုဗာစထရိ ရေးသော ရင့်ကျက်မှု ကွင်းဆက်များ စာအုပ်ဖြစ်သည်။
ဘာသာပြန်သူက မောင်သာမည ။

ဆရာတော် ဦးဇောတိက စာအုပ်ပြီးလျှင် ရင့်ကျက်မှု ဟူသော စကားလုံး၏ အနှစ်သာရကို နက်နက်နဲနဲ နားလည် သဘောပေါက်သွားစေသည့် ဒုတိယမြောက် စာအုပ်ဖြစ်ခဲ့သည်။
စာအုပ် အစမှာ အိုဗာစထရိရဲ့ ကောက်ချက် တစ်ခုနှစ် စလိုက်သည်။ အဆိုပါ ကောက်ချက်က ရင်ထဲ ကို ဆောင့်ဝင်သွားသလို…။

“လူ့အဖွဲ့အစည်းတစ်ခုမှာ အန္တရာယ်အရှိဆုံး သူတွေကတော့ သူငယ်နာမစင်တဲ့ လူကြီးတွေပဲ ဖြစ်တယ်” တဲ့…။

သေရော…။ စကားလုံးက ဒဲ့ဒိုးကြီး။ ထိကြတဲ့သူတွေလည်း ထိကြပြီပေါ့။
ထို့နောက် ကွင်းဆက် တစ်ခုချင်းဆီကို ရှင်းထုတ်သည်။

• အသိဉာဏ်ကွင်းဆက်
• တာဝန်ကွင်းဆက်
• အပြောအဆိ နှုတ်မှုကွင်းဆက်
• လိင်မှု ကွင်းဆက်
• ကိုယ်ချင်းစာမှု ကွင်းဆက်
• ဒဿနာအမြင် ကွင်းဆက်

နောက်ဆုံး အခြားသော နိုင်ငံခြား စာရေးဆရာများ ရေးသော ရင့်ကျက်မှုနှင့်ပက်သက်သည့် ဖွင့်ဆို ချက် အနက်သဘောများကို ဘာသာပြန်သူက ကျစ်ကျစ်လစ်လစ် ဖွင့်၍ နိဂုံးသတ်လိုက်သည်။ စာအုပ် ရဲ့ စုစုပေါင်းစာမျက်နှာက ၁၂၀ ကျော် မျှသာ။ သို့သော် စနစ်ကျသည်။ ခိုင်မာသည်။ ကျစ်လစ်သည်။ အစပ်အဆက်ရှိသည်။ တိကျသည်။ နက်နဲသည်။
ကျွန်တော့် စိတ်ထဲတွင် မှတ်ချက်ချလိုက်သည်။

အဆိုပါ မူရင်းစာအုပ်ရေးသူရော၊ ဘာသာပြန်သူရော၊ ထုတ်ဝေသူရော…. အားလုံးသည် အချဉ် မဟုတ်။

ထို့နောက်ပိုင်း ဆရာ မောင်သာမည၏ စာအုပ်များကို Special Collection အနေဖြင့် စုဆောင်းဖြစ် သည်။ ခရစ်ရှတီးနားမူရတီရဲ့ ရှင်သန်နေသောဘဝ၊ ရင့်ကျက်မှုအတွက် ကွင်းဆက်များ၊ တကယ့် ပညာရှင် စသည့် စာအုပ်များသည် ကျွန်တော် အကြိုက်ဆုံး စာအုပ်များဖြစ်လာသည်။

ရင့်ကျက်ခြင်း ဟူသည်…
ရင့်ကျက်သူ ဟူသည်….

ရင့်ကျက်သော အတွေးအကြံများအတွက် လေ့ကျင့်ရန် အကြံပေးချက်များ…. အစရှိသည်တို့ ကျွန်တော်ရှာဖွေနေသော ဝါကျစုများဖြစ်ခဲ့သည်။ ကျွန်တော် ချင်ခြင်းတက်နေသော စကားလုံးများ ဖြစ်သည်။ ကျွန်တော့်ခေါင်းထဲတွင် ပျံ့ကျဲနေသော စကားလုံးများ၏ အစုအပုံဖြစ်သည်။
ဆယ်ကျော်သက် ဘဝ လွန်မှ ဤစာအုပ်ကို ရှာတွေ့မိလေခြင်း ဆိုပြီး ယူကျုံးမရဖြစ်မိသည်။
ယခု တက္ကသိုလ်ကျောင်းသားများသည်လည်း ဆယ်ကျော်သက်ဘဝ၌ ပင် ဤစာအုပ် (၂) အုပ်ဖြင့် ထိတွေ့ စားသုံးမိလျှင်ကား…

အနာဂတ်တွင် သူငယ်နာမစင်သည့် လူကြီး မျိုးစိတ်များ ပါးလျ ပျက်သုဉ်းသွားပေအံ့… ဟူ၍….။

မင်းသေ့
မတ်လ / ၂၀၁၇

Previous post လွတ်လပ်ခြင်း မှသည် လွတ်မြောက်ခြင်း ဆီသို့
Next post ဦးနှောက်တွင် ရင်းနှီးမြုပ်နှံပါ