၂၀၂၂ ခုနှစ် နှစ်စမှာပဲ ဆရာကျော်ဝင်းရဲ့ မြန်မာ့နိုင်ငံရေးလေ့လာဆန်းစစ်ချက် (၁၉၄၈ – ၁၉၈၈) စာအုပ် ဒုတိယအကြိမ် ပြန်ထွက်လာပါတယ်။ ၂၀၁၂ ခုနှစ် ပထမအကြိမ်ထုတ်ကတည်းက တခုတ်တရ စူးစူးစိုက်စိုက် ဖတ်ရတဲ့စာအုပ်။ နောက်ပိုင်းကာလများမှာလည်း ခေတ်သစ်မြန်မာ့နိုင်ငံရေးသမိုင်းအကျဉ်းကို လျှပ်တပြက် လှန် လှောချင်ရင် ဆရာကျော်ဝင်းရဲ့ မြန်မာ့နိုင်ငံရေးလေ့လာဆန်းစစ်ချက် စာအုပ်ပဲ ပြေးပြေး ကောက်ကိုင်ရတယ်။ အသေးစိတ် ထပ်လိုက်ချင်ရင်တော့၊ ဆိုင်ရာ အကြောင်းအရာအလိုက် ထပ်ရှာရတယ်။ ဒီစာအုပ်ဟာ နှစ်ကာလ အားဖြင့် ၁၉၄၈ လွတ်လပ်ရေးရပြီးချိန်ကနေ ၁၉၈၈ ခုနှစ်အထိ ကာလအားဖြင့် ပိုင်းခြားကန့်သတ်ထားသော်လည်း ၂၀ ရာစု မြန်မာ့နိုင်ငံရေးကို ခြုံငုံနားလည်စေနိုင်ခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။

လူမှုနိုင်ငံရေးအတွေးအခေါ်နောက်ခံ

ကျနော် သဘောကျတဲ့ အချက်တွေထဲက ပထမအချက်ကတော့ — အခန်း (၁) မှာ မြန်မာ့နိုင်ငံရေးဓလေ့နဲ့ မြန်မာ့ သမိုင်းနောက်ခံကို ယှဉ်ထိုးချိန်ဆက်ပြထားတဲ့အချက်ပဲဖြစ်ပါတယ်။ မြန်မာ့သမိုင်းကို လေ့လာရာမှာ၊ philosophical background ကိုလည်း သီးသီးသန့်သန့် လေ့လာရမယ်လို့ ယူဆတယ်။ လက်ရှိမြန်မာ့နိုင်ငံရေးဖြစ်စဉ်ကို အနီးစပ် ဆုံးချည်းကပ်လေ့လာနိုင်ဖို့အတွက် သမိုင်းဖြတ်သန်းမှုနောက်ခံကိုလည်း မဖြစ်မနေ လေ့လာရလိမ့်မယ်။ ဒီအထဲမှာ မြန်မာ့လူ့အဖွဲ့အစည်းက နားလည်လက်ခံထားတဲ့ လူမှု-နိုင်ငံရေးဓလေ့ကိုလည်း သိသင့်တယ်။ ဒါမှ အနာဂတ်ကို တက်လှမ်းတဲ့နေရာမှာ မြင်ကွင်းကျယ်ကျယ်နဲ့ တွေးဆ လျှောက်လှမ်းနိုင်မယ်လို့ ယုံကြည်တယ်။

မြန်မာ့နိုင်ငံရေးလေ့လာဆန်းစစ်ချက်စာအုပ် အခန်း (၁) မှာ ပြုစုဖော်ပြထားတဲ့ လူမှုနိုင်ငံရေးဓလေ့အချက်အလက် တွေဟာ၊ သမိုင်းဆရာ မောင်မောင်ကြီးရဲ့ ဗမာ့လူမှုနိုင်ငံရေးတန်ဖိုး စာအုပ်ကနေ အများဆုံး အခြေခံထားတယ်လို့ နားလည်ရပါတယ်။ သမိုင်းဆရာ မောင်မောင်ကြီးရဲ့ ဖော်ထုတ်ညွှန်းဆိုချက်တွေဟာ ၂၁ ရာစု မြန်မာ့လူ့အဖွဲ့ အစည်းနဲ့ ထပ်တူအံဝင်ခွင်ကျ တူညီနေသေးတယ်လို့ မဆိုနိုင်တော့ပါ။ သို့သော်လည်း မြန်မာတွေရဲ့ အခြေခံ စရိုက် သကန်ကို အခြေခံကျကျ ဖွင့်ဆိုထားနိုင်သေးတဲ့ အခြေအနေမှာ ရှိပါတယ်။ ၂၁ ရာစု ခေတ် မြန်မာပြည်ဟာ နည်း ပညာလှိုင်းနဲ့ ဂလိုဘယ်အိုင်ဒီယာလှိုင်းတွေကြောင့်၊ ပုံပြောင်း ခံယူလာတဲ့ လူမှုအတွေးအခေါ်နဲ့ နိုင်ငံရေးအမြင်တွေ ရှိလာပါတယ်။ သို့သော်လည်း သမိုင်းဆရာ မောင်မောင်ကြီးဖော်ထုတ်ခဲ့တဲ့ မြန်မာ့လူမှုဓလေ့နဲ့ မြန်မာ့နိုင်ငံရေး ဓလေ့တွေဟာ အခြေခံထည့်သွင်းစဉ်းစားရမယ့် အချက်တွေအဖြစ် ရှိနေသေးပါတယ်။ ဒါကို ဆရာ ကျော်ဝင်းက ပြန်လည် ဖော်ထုတ်ရေးသားတာကို တွေ့ခဲ့ရပါတယ်။

မြန်မာ့နိုင်ငံရေးလေ့လာဆန်းစစ်ချက် စာအုပ်ကို ၂၀၁၇ ခုနှစ်ကတည်းက ကျနော် စာအုပ်အညွှန်း ရေးခဲ့ဖူးပြီး ဖြစ်ပါ တယ်။ ပထမဆုံး ပုံနှိပ်ထုတ်ဝေတဲ့စာအုပ်မှာလည်း ထည့်သွင်းပုံနှိပ်ပြီးဖြစ်ပါတယ်။ အခု ဒီစာအုပ်က ၂၀၂၂ ခုနှစ်မှာ ဒုတိယအကြိမ် ပြန်ထွက်လာပါတယ်။ ပထမအကြိမ်ထုတ်ခဲ့တဲ့ စာအုပ် (၁၀) နှစ် ပြည့်တော့မယ့်အချိန်မှာ ဒုတိယ အကြိမ် ပြန်ထွက်လာခြင်းဖြစ်ပါတယ်။ စာအုပ်ဆိုင်တွေအပေါ်မှာ ရှာလို့ မရလောက်အောင် ပြတ်နေတဲ့စာအုပ် တစ်အုပ်ဖြစ်နေတာ ကြာပါပြီ။

အမျိုးသားစာပေဆုရ စာအုပ်

ဆရာကျော်ဝင်းရဲ့ မြန်မာ့နိုင်ငံရေးလေ့လာဆန်းစစ်ချက် စာအုပ်ဟာ —

  • မြန်မာ့လူမှုနိုင်ငံရေးဓလေ့ကို နိဒါန်းချီထားပြီး
  • မြန်မာ့နိုင်ငံရေးသမိုင်းကို အခြေခံအုတ်မြစ်ချကာ
  • မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ်ကို ဦးတည်ရေးသားထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။

ဒုတိယအကြိမ်ထုတ် စာအုပ်မှာတော့ ထူးထူးခြားခြား တစ်ခု သွားတွေ့ရပါတယ်။ အဲဒါကတော့ စာအုပ်မျက်နှာဖုံး မှာ – ၂၀၁၂ အမျိုးသားစာပေ (နိုင်ငံရေး) ဆုရ စာအုပ် အဖြစ် ဖော်ပြထားတာတွေ့ရပါတယ်။ ဒီစာအုပ်ဟာ အမျိုးသားစာပေဆုရ စာအုပ်ဖြစ်ကြောင်း လွန်ခဲ့တဲ့ လေးငါးနှစ်လောက်ကတည်းက ဆရာကျော်ဝင်းနဲ့ ကျနော် တွေ့ဆုံဖူးစဉ်ကတည်းက သိထားပြီးဖြစ်ပါတယ်။ ဆရာကျော်ဝင်းကို မြန်မာစာဖတ်ပရိသတ်က — ကမ္ဘာပြားပြီ စာအုပ်နဲ့ ဘာသာပြန်(သုတ) အမျိုးသားစာပေဆုရ ဖူးတယ်လို့ သိကြပေမယ့်၊ မြန်မာ့နိုင်ငံရေးလေ့လာဆန်းစစ်ချက် စာအုပ်ဟာ အမျိုးသားစာပေဆုရ စာအုပ်မှန်း သိပ်မသိကြပါဘူး။ အခုတော့ စာအုပ်မျက်နှာဖုံးမှာ၊ ၎င်းဖော်ပြချက် ဟာ ကျနော့် အဖို့ ထူးခြားနေပါတယ်။

စိုက်လိုက်မတ်မတ် အားထုတ်ခြင်း

တိုင်းပြည် မတည်မငြိမ်ဖြစ်ပြီး ကသောင်းကနင်းဖြစ်နေချိန်တွေမှာတောင် ဆရာကျော်ဝင်းစာအုပ်တွေကို ၂၀၂၁ ခုနှစ် အကုန်လောက်မှာ ဆက်တိုက်ထွက်လာတာကို ကျနော် အင်မတန်ဝမ်းသာပါတယ်။ စာပေလုပ်သားတစ်ဦး တာဝန်ကို ကျေကျေပွန်ပွန် ထမ်းရွက်နေသလို၊ မြန်မာ့လူ့အဖွဲ့အစည်းအတွက် လိုအပ်နေတဲ့ကွက်လပ်တွေကို ခွန် စိုက်အားစိုက် မပြတ် အားထုတ်နေတာကိုတွေ့ရလို့၊ ဆရာ ကျော်ဝင်းကို ကျေးဇူးတင်ပါတယ်။

အကယ်၍ တိုင်းပြည်ဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလျှောက်လမ်းထဲမှာ၊ နောက်ပြန်မလှည့်ဘဲ ဆက်ရှိနေ မယ်ဆိုရင်၊ မြန်မာ့နိုင်ငံရေးလေ့လာဆန်းစစ်ချက် စာအုပ်ဟာ အသွင်သစ်၊ ဖြည့်စွက်ချက်အသစ်တွေနဲ့ ဆက်လက် ဖတ်ရှုရမှာ ဖြစ်ပါတယ်။ သို့သော်လည်း မြန်မာ့နိုင်ငံရေးအခြေအနေ တစ်ဆစ်ချိုး အပြောင်းအလဲကြောင့်၊ ပထမ အကြိမ်ထုတ် မူဟောင်းကိုပဲ ဖတ်ခွင့်ရပါတော့တယ်။

မူလလက်ဟောင်းအတိုင်းသာ

မြန်မာ့နိုင်ငံရေးလေ့လာဆန်းစစ်ချက် စာအုပ်ဟာ အချိန်ကာလအပိုင်းအခြားကို (၁၉၄၈ မှ ၁၉၈၈ အထိ) ပြထား သော်လည်း၊ နောက်ဆက်တွဲအနေနဲ့ မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်တဲ့ ၂၀၁၁ –  ၂၀၁၂ ကာလအထိ ခြုံငုံဖော်ပြထားတာတွေ့ရပါတယ်။ ထိုနည်းလည်းကောင်း ပထမအကြိမ်ထုတ်မှာ အသွင်ကူးပြောင်းရေး (၁၀) နှစ်တာ ကာလ (၂၀၁၀ – ၂၀၂၀) အထိ ဖြည့်စွက်စရာတွေ ရှိနေသော်ငြားလည်း၊ ဆရာကျော်ဝင်းဟာ မူဟောင်းကိုပဲ ပြန်လည် ပုံနှိပ်ထုတ်ဝေလိုက်တယ်လို့ ဒုတိယအကြိမ်ထုတ် အမှာစာမှာ ဝန်ခံတာ တွေ့ရတယ်။

ဖြည့်စွက်စရာတွေ ရှိနေလျက်၊ ဖြည့်စွက်မည့်အချက်အလက်တွေကို ရှာဖွေစုဆောင်းထားပြီး ဖြစ်ပါလျက်နဲ့ ဘာ့ကြောင့် မဖြည့်စွက်ဘဲ ထုတ်ဝေသရသလဲ ဆိုတာကို ဆရာကျော်ဝင်းက အမှာစာမှာ အခုလို ဖော်ပြတာတွေ့ ရတယ်။

  • ထုတ်ဝေသူ အဆက်ဆက်က ဒုတိယအကြိမ် ထုတ်ဖို့ လာတောင်းကြသော်လည်း စာရေးသူ ငြင်းခဲ့ပါသည်။ ဆိုခဲ့ပါအတိုင်း ဖြည့်စွက်စရာတွေ ရှိသောကြောင့် ဖြစ်သည်။ အခုတော့ စိတ်ပြောင်းလိုက်ပါပြီ။ အကြောင်း (၃) ခုကြောင့် ဖြစ်ပါသည်။

(၁) ပြန်ဖတ်ကြည့်တော့ အတ္တနောမတိအနည်းဆုံးဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ပြန်လည် ဖြည့်စွက် လျှင် အစွဲအလမ်းတွေ ပါသွားနိုင်သည်။

(၂) USDP ခေတ်နှင့် NLD ခေတ်ကို ဖြည့်စွက်လျှင် ကာလသတ်မှတ်ချက် ပြောင်းရတော့မည်ဟု စိတ်ကူး လိုက်သည်။

(၃) နိုင်ငံရေးအခြေအနေ ပြောင်းသွားပါပြီ။

သို့အတွက် အမှားအယွင်းအနည်းငယ်၊ ဖြည့်စွက်စရာ အနည်းငယ်ကိုသာ ထည့်ရေးပြီး မူလ ပထမအကြိမ် အတိုင်း ပြန်လည် ထုတ်ဝေလိုက်ပါသည်။

ဒါဟာ မူဟောင်းအတိုင်းပဲ ပြန်ဖတ်ခွင့်ရခြင်းရဲ့ အကြောင်းပြချက်​ ဖြစ်ပါတယ်။

တိုင်းပြုပြည်ပြု ကလောင်ရှင်

ဆရာကျော်ဝင်းဟာ စာပေအားဖြင့် တိုင်းပြုပြည်ပြုအလုပ်ကို ထမ်းရွက်နေသူလို့ ကျနော် မြင်ပါတယ်။ ဘဝကို အချိန်အကန့်အသတ်နဲ့ထားပြီး ရှင်သန်နေရသူတွေအဖို့၊ စာတွေနဲ့ လူ့အဖွဲ့အစည်းကို ကျေးဇူးပြုနိုင်ဖို့ပဲ လုံ့လထုတ် ကြရပါတယ်။ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းမှာ ထွက်လာတဲ့ ဖူကူယားမားရဲ့ အမှတ်အသားသရုပ် (ဘာသာပြန်) စာအုပ်နဲ့ မြန်မာ့နိုင်ငံရေးသမိုင်းအချက်လက်တွေနဲ့ ပြုစုရေးသားထားတဲ့ သဘောတရားရေးနောက်ခံ “တိုင်းပြည် တည်ဆောက်ရေး – နိုင်ငံတည်ဆောက်ရေး” စာအုပ်ဟာ၊ မြန်မာ့လူ့အဖွဲ့အစည်းက လိုအပ်နေတဲ့ကွက်လပ်ကို ကာယကံမြောက် ကျေးဇူးပြုလိုက်တဲ့ စာအုပ်တွေ ဖြစ်ပါတယ်။ အခုလို စာအုပ်တွေကို ရေးသားတဲ့ ဆရာ ကျော်ဝင်း ကို၊ မြန်မာ့နိုင်ငံရေးစာပေလောက ကိုယ်စား ကျနော် ဂုဏ်ယူမိတယ်။

ဆရာကျော်ဝင်းဟာ လူငယ်ဘဝမှာ တော်လှန်ရေးသမားတစ်ယောက်ဖြစ်ခဲ့တယ်။ လူလတ်ပိုင်းအရွယ် (အသက် ၄၀ ကျော် ၅၀ နီးပါး) လောက်မှာ၊ သူငယ်ချင်းဖြစ်သူ သင့်ဘဝမဂ္ဂဇင်း အယ်ဒီတာ တင်မောင်သန်း ကျေးဇူးပြုမှုနဲ့ စာပေလောကထဲကို ရောက်လာခဲ့သူ ဖြစ်တယ်။ စာပေလောကထဲ ဝင်တာ နောက်ကျတယ်လို့ မဆိုနိုင်သော်လည်း ခပ်စောစောကတည်းက ရောက်နေသူတော့ မဟုတ်ပါ။ ၂၀၀၀ ခုနှစ်မှာ စာပေလောကကို အပြီးတိုင် ခြေချတယ်လို့ သိရတယ်။ ၁၉၉၇ ခုနှစ်၊ စက်တင်ဘာလထုတ် သင့်ဘဝမဂ္ဂဇင်းမှာ ဖော်ပြတဲ့ ပထမဆုံးဆောင်းပါးပါ စမှတ်ကနေ ရေတွက်ကြည့်ရင် — ဆရာကျော်ဝင်းဟာ စာရေးခြင်းအလုပ်ကို လုပ်လာခဲ့တာ နှစ်ပေါင်း (၂၅) နှစ်နီးပါး ရှိပြီဖြစ်ပါ တယ်။ (၂၅) နှစ်တာကာလအတွင်းမှာ၊ စာအုပ်ပေါင်း (၁၀၀) ကျော် ရေးသားထုတ်ဝေခဲ့ပြီးဖြစ်ပါတယ်။

ဆရာကျော်ဝင်းဟာ ကျန်းမာရေး အကောင်းကြီး မဟုတ်သော်ငြားလည်း၊ မြန်မာ့နိုင်ငံရေးစာပေလောကအတွက် ရှိသင့်ရှိထိုက်သော စာအုပ်တွေ စဉ်ဆက်မပြတ် ရေးသားအားထုတ်နေမှုဟာ အားတက်စရာ၊ ဂုဏ်ယူစရာ ဖြစ်ကြောင်းပါ ခင်ဗျား….။

မင်းသေ့

နေ့လယ် ၂း၅၀

၁၈၊ ဇန်နဝါရီ၊ ၂၀၂၂။

Previous post စစ်ရေးရလဒ် ဘာလဲ ၊ ဘယ်လဲ
Next post ဗဟိုဦးစီးစနစ်မှသည် ဖက်ဒရယ်စနစ်ဆီသို့