မူရင်းစာရေးသူ – Richard Bach
မူရင်း စာအုပ်အမည် – Jonathan Livingston Seagull
ဘာသာပြန်သူ – ဘသန်း (ဓမ္မိက)

စာအုပ္အညႊန္း

“ ဒီစာအုပ် ကောင်းတယ်။ ဒီစာအုပ် ကောင်းတယ်။”

စာဖတ်သူအချင်းချင်းတွေ့ရင် လူတိုင်းလိုလို ပြောဖူး ကြသည့် စကား တစ်ခု။ ကျွန်တော့် စာဖတ်မိတ်ဆွေ တွေဆီ မှ ဒီစကားကို များစွာ ကြားဖူးသည်။ သို့သော် ဘယ်လိုကောင်းတာလဲ ၊ ဘာကောင်းတာလဲ ဆိုတာ တော့ သူတို့ မပြောကြ။ ကောင်းတယ်… ဖတ်ကြည့်… ဖတ်ဖူးလား…. ဒါပဲ ပြောတတ်ကြသည်။

အခြေအနေ အကြောင်းကြောင်းကြောင့်လည်း ဖြစ်နိုင်သည်။ သို့သော် စာဖတ်သမားအချင်းချင်းအကြား ဒီလို စကားချည်းသာ ကြားရဖန်များလာသောအခါ ကျွန်တော် ကိုယ်တိုင် ဒီလို စကားမျိုး မထွက်ဖြစ်ဖို့ သတိထားလာ သည်။ စာကြည့်တိုက်မှူး အဖြစ် အလုပ်လုပ်စဉ်ကသာမက၊ ယခုအချိန်အထိ စာအုပ်ကောင်းကို ညွှန်းချင်လျှင် ဘယ်လိုကောင်းတာ၊ ဘယ်အတွက် ကောင်းတယ်၊ ဘာ့ကြောင့်ကောင်းတယ်၊ ဘာကို လိုချင်ရင် ဘယ်လို ဖတ် ပါ စသည်ဖြင့် ပြောတတ်အောင် ကြိုးစားသည်။

ယောနသံစင်ရော် ကို တွေ့ဖူး မြင်ဖူးနေတာ ကြာလှပြီ။ အသေအချာ စူးစူးနစ်နစ် မဖတ်မိသေး။ ကျွန်တော့် စာဖတ်အကျင့်က သူများ ကောင်းတယ် ညွှန်းတိုင်း မဖတ်တတ်ခြင်းပင်ဖြစ်သည်။ အတ္တစွဲ၊ ငါစွဲ ကြီးလွန်းသည်။ ဒိဋ္ဌိစွဲ၊ ဥပါဒါန် အစွဲ အားကြီးသည်။ ကိုယ့်ဘာသာ ထိတွေ့ ကြုံဆုံမှ ဆင်ခြင် လက်ခံလေ့ရှိသည်။ သို့သော် အတွေ့အကြုံ ပဓာနဝါဒီ တစ်ယောက်တော့ မဟုတ်။ ထိုစရိုက်ကို ရိပ်စားမိသည့် ကျွန်တော့် မိတ်ဆွေ တစ် ယောက်ဆိုလျှင် ခင်ဗျားဟာ ပါရဂူဘာသာပြန်သည့် သိဒ္ဓတ္ထ ဝတ္ထုကို ညွှန်းသည်။ ဖတ်ကြည့်။ ခင်ဗျားက သိဒ္ဓတ္ထ စရိုက်နဲ့ တစ်ပုံစံတည်းတဲ့။ သိဒ္ဓတ္ထ ဆိုသည်မှာ ဂေါတမဗုဒ္ဓခေတ်က ဗြာဟ္မဏ လူငယ်တစ်ဦး၏ ဇာတ်ကြောင်း ဖြစ်သည်။

ဒီလိုနှင့် ယောနသံစင်ရော်နှင့် တွေ့ပါလျက် ဝေးနေခဲ့တာ နှစ်ပေါင်းများစွာ။ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကမှ ယောနသံကို ဖတ်မိသည်။ ဝှါး…. ငါ အသိနောက်ကျပါ့လား…. ယောနသံ၏ ကျင့်စဉ်များသည် ကျွန်တော် အပြု အမူများကို အမည် ပညတ်ပေးခဲ့သော စာအုပ်ဖြစ်ခဲ့သည်။
ယောနသံကို မဖတ်မိခင်က ကျွန်တော်တွေးသည့်၊ ကျွန်တော် ပြုမူသည့်၊ ကျွန်တော် ပြောဆိုသည့် အရာများ သည် ဘာကို ဦးတည်နေသည်ကို ကျွန်တော် ကိုယ်တိုင် တိတိကျကျ မသိ။ ယောနသံက ကျွန်တော့် အယူ အဆများနှင့် ရှုမြင်ချက်များကို ခိုင်မာပြတ်သားအောင် လုပ်ပေးလိုက်သည်။
ပျံသန်းမှုဆိုတာ နေရာတစ်ခုက တခြား တစ်နေရာကိုရောက်အောင် အတောင်များကို တဖတ်ဖတ် ရိုက်လှုပ်နေ ခြင်းသာ မဟုတ်ဘဲ ဒါ့ထက် အဓိပ္ပာယ်ရှိရမယ်…. တဲ့။

ဤကဲ့သို့သောအမြင်တစ်ရပ်ကို တက္ကသိုလ်ကျောင်းသား ဘဝက၊ နေဇင်လတ်၏ ဆောင်းပါးတစ်ပုဒ်ဖတ်ရင်း အတွေးပေါက်ခဲ့ဖူးသေးသည်။ စားဖို့ အသက်ရှင်တာလား…၊ အသက်ရှင်ဖို့ စားတာလား… တဲ့။

ကျွန်တော်တို့ အလုပ်လုပ်သည်။ စာဖတ်သည်။ စာသင်သည်။ စာရေးသည်။ လူတွေနဲ့ ထိတွေ့ဆက်ဆံသည်။ အောင်မြင်ကျော်ကြားမှု၊ လူအသိအမှတ်ပြုခံလိုမှုကြောင့် လှုပ်ရှားရုန်းကန်သည်။ လူရာဝင်အောင်၊ လူတောတိုး အောင် ကြိုးစားသည်။ လူတွေ ကိုယ့်ကို တော်တယ်၊ ထူးချွန်တယ်၊ ပြောတာ ခံချင်သည်။ ငါဟာ ကိုယ်ကျိုးစွန့် သူကြီးဟု သူများတွေ အသိအမှတ်ပြုခံရအောင် လုပ်သည်။

ဒါတွေဟာ ဘာအတွက်လုပ်နေတာလဲ။ ဘာအတွက်လဲ။ ကိုယ့်လုပ်ရပ်များ၏ အနက်သဘောကို သိအောင် ယောနသံက လုပ်ပေးသည်။

အောင်မြင်မှု ဆိုတာ ဘာလဲ။ အဆုံးအစွန်ဆုံး ပေါက်မြောက်မှု ဆိုတာ ဘာကိုပြောတာလဲ။ တောင်ပံတွေ တဖျတ်ဖျတ်ခတ်နေတာ ဘာအတွက်လဲ။ ယောနသံကြောင့် ကျွန်တော့်လုပ်ရပ်တွေကို ခဏရပ်ပြီး ခတ္တတန့် သွားသည်။ အရှေ့ကို ချည်း သဲကြီးမဲကြီး လောကြီးနေသည့် လူတစ်ယောက်ကို တုံ့ခနဲ့ ရပ်အောင် ယောနသံက လုပ်လိုက်သည်။

စဉ်ဆက်မပြတ် လှုပ်ရှားရုန်းကန်နေခြင်း၊ ကမ်းကုန်အောင် ပြည့်စုံခြင်း ၊ အပြီးဆုံးတိုင် လွတ်မြောက်ခြင်း သဘောကို ဆည်းပူးရန်၊ လေ့ကျင့်ရန်၊ မပြတ်အားထုတ်ရန် ယောနသံက တိုက်တွန်းလိုက်သည်။ ကျွန်တော့် စိတ်ကို ကိုင်လှုပ်နိုးလိုက်သလို ကျွန်တော် ခဏတာ ဂယောင်ခြောက်ချားဖြစ်သွားသည်။

သဘာဝတရားနှင့် ဝန်းကျင်အကြား၊ မိမိနှင့် အသိုက်အဝိုင်းအကြား အဆက်အစပ် ကို ယောနသံက ပုံဖော်ပြ သည်။ အစွမ်းကုန် တတ်ကျွမ်းခြင်း ဆိုတာ ဘာလဲ။ ဖယ်ကျဉ်ခံရမှု ၊ အသိုင်းအဝိုင်းအပြင်ဘက်မှာ နှင်ထုတ်ခံရ မှုများသည် တော်လှန်လိုစိတ်ရှိသူတို့ ခံစားဖူးစမြဲ။ တွေ့ကြုံရစမြဲ။

လူ့ဂွစာ၊ တော်လှန်သူ အဖြစ် ပညတ်ခံရသော ကျွန်တော်ကိုယ်တိုင် ယောနသံကို အခုမှ ရှာတွေ့မိသည်။ ယောနသံရော…. ဒီလို ကြုံဆုံမှုကို ဘယ်လို တုံ့ပြန်ပါသနည်း။

လွတ်လပ်မှု၊ ဘဝအဓိပ္ပာယ်၊ ကြိုးပမ်းအားထုတ်မှုများ၏ အနှစ်အသားကို ယောနသံက အစ ဆွဲထုတ်ပေးလိုက် သည်။ လေ့ကျင့်ခြင်း၊ လေ့လာခြင်း၊ ဆည်းပူးသုံးသပ်ဆင်ခြင်ခြင်း၏ သဘောတရားများကို လေထဲတွင် ပျံ့သန်း ရင်း၊ ယောနသံက သင်ပြသွားသည်။
သာမန်ဖြစ်မှုနှင့် အဆုံးစွန် ပေါက်မြောက် အောင်မြင်မှု အကြားက ပါးလွှာသည့် စည်းကို တွေ့လိုက်ရသည်။

ယောနသံကား ဘဝရှင်သန်မှု၊ လုပ်ကိုင်စားသောက် ဖွေရှာမှု၊ သံသရာတွင် ကျဉ်လည်နေ ကျက်စားနေရမှုတို့ အထဲက လွတ်မြောက်မှုတရားကို လက်တွေ့ ပြသပေးခဲ့သည်။ ဖြစ်တည်မှု၊ ဝန်းကျင်နှင့် အဇ္ဈတ္တတွင်း အခြေ အနေများ၏ ရုန်းကန်မှုများကို ကပြသွားသည်။ နိစ္စဓူဝ ရုန်းကန်မှုတွေထဲကနေ ဖောက်ထွက်နိုင်အောင် သတိ ပေးလိုက်သည်။

လူဆိုတာ ဘာလဲ။
လောကကြီးဆိုတာ ဘာလဲ။
ဘာ့ကြောင့် ရုန်းကန် လှုပ်ရှားနေရတာလဲ။
ဘာအတွက် ပြုမှု၊ ပြောဆို၊ တွေးကြံ နေရတာလဲ။
နောက်ဆုံး ငါ ကိုယ်တိုင် အခုလို စာတွေ ဘာ့ကြောင့်ရေးနေရတာလဲ။

ဖတ်ရင်း ဆင်ခြင်ဖို့က၊ အခု ခင်ဗျားကိုယ်တိုင် ဘာ့ကြောင့် ဒီစာကို ဖတ်နေရသလဲ ဆိုတာကို စဉ်းစားသုံးသပ်ဖို့။

မင်းသေ့
မတ်လ / ၂၀၁၇

Previous post ဦးနှောက်တွင် ရင်းနှီးမြုပ်နှံပါ
Next post သန်းထွန်း (သို့) ပညာ သင်္ကေတ (သို့) မ, အ စေချင်သူ