ဦးစိုးသိန်းစာအုပ်နဲ့ပတ်သက်ပြီး ပြောစရာတွေ ထပ်ရှိပါတယ်။

အတင်းအဖျင်းတွေဟု ဘာ့ကြောင့် ပြောကြသလဲ

ဒါ့ကြောင့်

ဦးစိုးသိန်း ရေးသားပြုစုတဲ့ “ဒီမိုကရေစီ ဒုတိယအစိုးရသစ် နှင့် မြန်မာနိုင်ငံ” ဆိုတဲ့ စာအုပ် (၂) တွဲစလုံးကို ဖတ်တဲ့ အခါ၊ “ဒါဟာ ဦးစိုးသိန်း ကူးယူဖော်ပြထားတာလား၊ သူကိုယ်တိုင်ရေးထားတာလား” ဆိုတာကို အတော်ခွဲခြားပြီး ကြည့်ရပါတယ်။ ဦးစိုးသိန်းစာအုပ်မှာ၊ အချက်အလက်တွေ ဒင်းကြမ်းပါနေပေမယ့်၊ တကယ်ခိုင်မာတဲ့ သတင်းရင်း မြစ်ကနေ ရယူထားတာတွေဟာ အင်မတန်မှ ရှားလှပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်တွေ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ပြောကြားချက်တွေ တချို့ ထည့်သွင်းဖော်ပြထားပါတယ်။ မြဝတီသတင်းဌာနက ဖော်ပြထားတာတွေ တချို့လည်း ရှိပါတယ်။ သို့သော်လည်း ဦးစိုးသိန်းရဲ့ စာအုပ် နှစ်တွဲစလုံးမှာ၊ လူမှုကွန်ယက်စာ မျက်နှာ (ဖေ့ဘုတ်ခ်) ပေါ်က အတင်းအဖျင်း စွပ်စွဲထားတဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့ ဖေ့ဘုတ်ခ်က စာတွေကို ကူးယူ ဖော်ပြထားတာတွေနဲ့ ဒင်းကြမ်းပြည့်နေပါတယ်။ ဒါ့ကြောင့်လည်း ဦးစိုးသိန်းစာအုပ်ဟာ အတင်းအဖျင်း ရေးတာ ထက် မပိုဘူးလို့ လူအများက သတ်မှတ်ပုံရပါတယ်။ မြန်မာမျိုးချစ်အုပ်စုတွင်းက ရေးသားတဲ့လူမှုကွန်ယက်စာမျက်နှာပေါ်က သဘောထားထင်မြင်ချက်တွေကို စုပေါင်းစပ်ပေါင်းနဲ့ စပ်ထဘီလို စုထား ဆက်ထားတာကို တွေ့ရပါတယ်။သို့သော်လည်း စာအုပ်ထဲက ပြန်လည် ကူးယူဖော်ပြထားတဲ့ စာတွေရဲ့ အရည်အသွေးကို အပထား၊ ဦးစိုးသိန်းကိုယ်တိုင် ကူးယူ (တချို့ကို အာဘော်အတိုင်း ပြန်လည်ရေးသား) ထားတာ ဖြစ်တာကြောင့်၊ ဦးစိုးသိန်း သဘောထားတွေလို့ မှတ်ယူလို့ ရပါတယ်။

လူမှုကွန်ယက်စာမျက်နှာပေါ်က မြန်မာမျိုးချစ်အုပ်စုတွေက ပုံစံအမျိုးမျိုးနဲ့ မခိုင်မာတဲ့ အလေဏတော ရေးသားချက်တွေကို သူ့စာအုပ်မှာ ခန့်ခန့် ထည်ထည် နေရာပေး ထည့်သွင်းထားခြင်းဟာ ဦးစိုးသိန်းရဲ့ စာအုပ်အဆင့်အတန်းကို ပြနေပါတယ်။ ဒါပေမယ့် သူ ဖော်ပြကူးယူထားတဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်က စာတွေကတော့၊ မြန်မာမျိုးချစ်အုပ်စုအတွင်းက သူ့အသိုင်း အဝိုင်းနဲ့သူ ဝါဒဖြန့်ချိရေး လက်တံ တစ်စုံတစ်ရာရှိတဲ့ လူတွေ ဖြစ်ကြောင်း တွေ့ရပါတယ်။ မြန်မာမျိုးချစ်အုပ်စု အတွင်းမှာ၊ သူတို့ အာဘော်ကို ယုတ္တိနဲ့ ဝါဒဖြန့်ချိရေး ရောညှပ်ရေးသားရာမှာ သူ့အဝန်းအဝိုင်းနဲ့သူ့ ပရိသတ်နဲ့သူ ရှိ နေသူတွေ ဖြစ်ကြောင်း တွေ့ရပါတယ်။

ဘယ်လိုပဲ ဖြစ်နေပါစေ….၊ ဦးစိုးသိန်း စာအုပ် နှစ်တွဲစလုံးဟာ တပ်အသိုင်း အဝိုင်းနဲ့ တပ်နံဘေးမှာ ဝန်းဝိုင်းထားတဲ့ မြန်မာမျိုးချစ်အုပ်စုရဲ့ သဘောထားထင်မြင်ချက်တွေကိုတော့ ထင်ထင် ရှားရှားသိရတဲ့ စာအုပ်ဖြစ်ကြောင်း တွေ့နိုင်ပါတယ်။ မြန်မာစစ်တပ်ကို ထောက်ခံတဲ့ မျိုးချစ်အုပ်စုမှာ ဘယ်လို သဘောထားတွေ ရှိကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနဲ့ NLD အစိုးရ၊ ဒေါ်အောင်ဆန်းစုကြည် တို့အပေါ် ဘယ်လို ထင်မြင်ချက်ရှိကြောင်း စုစုစည်းစည်း ရေးသားတင်ပြချက်လို့ နားလည်ရပါတယ်။

ဒီလိုလူမျိုးက ဒီလိုစာအုပ်မျိုး ရေးသလား

အရပ်စကားနဲ့ ပြောရရင် “ဟိုဘက်ရပ်ကွက်က လူတွေရဲ့ အမြင်နဲ့ သဘောထားတွေ” ကို ကွက်ကွက်ကွင်းကွင်း ပြန်လည်စုစည်းပြုစုထားတာလို့တောင် ပြောနိုင်ပါတယ်။ ဦးစိုးသိန်းစာအုပ်မှာ အချက်အလက်က ခိုင်မာအား ကောင်းလွန်းတာ မရှိပါဘူး။ သူ့စာအုပ်ကို ဖတ်ရင်း ဖတ်ရင်း ကာကွယ်ရေးဦးစီးချုပ် (ရေ) တာဝန်ကို ထမ်းခဲ့ဖူးသူ၊ ဒုတိယ-ဗိုလ်ချုပ်ကြီး (အငြိမ်းစား) တစ်ယောက်က ဒီလို နိုင်ငံရေးအတင်းအဖျင်း ရေးသားချက်တွေကို တကူးတက ကိုးကားတည်ဆောက်ပြီး ရေးသားရသလား…လို့ စိတ်ထဲ ခဏ ခဏ ခံစားမိပါတယ်။ နောက်ပြီး ဦးစိုးသိန်းဟာ တပ်ရဲ့စပွန်ဆာနဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကာလမှာ သမ္မတရုံးဝန်ကြီးအဖြစ် ကက်ဘိနက်မှာ ထိပ်တန်း ဝန်ကြီးတစ်ပါး ဖြစ်ခဲ့သူ ဖြစ်တယ်။ ဒီလိုလူက ဒီလိုစာမျိုးတွေကို ယုံယုံကြည်ကြည် ကိုးကားသလားဆိုတာ အတော် အံ့ဩမိပါတယ်။ ယုတ်စွအဆုံး အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကို တည်ထောင်တဲ့ စီးပွားရေးသမား၊ စာရေးဆရာ နေဇင်လတ် (ယခင် စစ်ဗိုလ်ဟောင်း) ရေးတဲ့ လူမှုကွန်ယက်ပေါ်က စာတွေကို ကိုးကားကူးယူဖော်ပြ တယ်ဆိုရင်၊ အနည်းငယ်ခံသာသေးတယ်။ အခုဟာက အဲသည်လို မဟုတ်။

ဒါ့ကြောင့် ဦးစိုးသိန်းစာအုပ်ဟာ သူ ပထမဆုံးရေးသားတဲ့ “ဒီမိုကရေစီနိုင်ငံတော်သစ်နှင့် သမ္မတဦးသိန်းစိန်”ဆိုတဲ့ စာအုပ်နဲ့ နှိုင်းယှဉ်ရင်၊ ရေးသားတင်ပြချက်တွေဟာ လမ်းဘေးဆန်ကြောင်း အံ့ဩစွာ တွေ့ရပါတယ်။ ဦးစိုးသိန်းရဲ့ ယခုစာအုပ်ထက် စာရင် ပြန်ကြားရေးဝန်ကြီး (အငြိမ်းစား) ရဲထွဋ်ရေးသားပြုစုတဲ့ စာအုပ်ဟာ ရေးသားတင်ပြပုံနဲ့ စနစ်ကျမှုမှာ မိုးနဲ့ မြေလို ကွာဟကြောင်း တွေ့ရပါတယ်။ ရဲထွဋ်စာအုပ်ဝေဖန်ချက်ကို ထိုးထိုးနှက်နှက် ရေးသားခဲ့ဖူး တဲ့ ကျနော်တောင် ဦးစိုးသိန်းစာအုပ်ကို ဖတ်မိပြီး၊ ရဲထွဋ်စာအုပ်အပေါ် ရေးသားချက်တွေကို ပြန်အားနာရတာ ရှိပါတယ်။ ဒါပေမယ့် အထက်မှာ ကျနော် တင်ပြခဲ့သလို၊ ဦးစိုးသိန်းစာအုပ်ဟာ တပ်ထောက်ခံတဲ့ အသိုင်းအဝိုင်းနဲ့ မြန်မာမျိုးချစ်အုပ်စုရဲ့ သဘောထားကို (၈၀) ရာခိုင်နှုန်း (၉၀) ရာခိုင်နှုန်းလောက်အထိ ထင်ဟပ်ဖော်ပြနိုင်ကြောင်း တွေ့ရှိရပါတယ်။ ထားတော့။

စစ်အာဏာသိမ်းစေချင်ကြောင်း ဦးစိုးသိန်း ဖွင့်ဟ

ဒီနေရာမှာ စစ်အာဏာသိမ်းမှုအပေါ် ဦးစိုးသိန်းရဲ့သဘောထားကို ၎င်းစာအုပ် (ဒုတိယတွဲ) စာမျက်နှာ – ၁၇၆ နဲ့ ၁၇၇ တွေမှာ ထင်ထင်ရှားရှား ဖတ်ရှုရပါတယ်။ အဲသည့်ထဲက ရေးသားချက်တွေကို အနည်းငယ်ကောက်နှုတ်ပြီး တချို့ကို ပြန်လည်တင်ပြပေးပါ့မယ်။

ဦးစိုးသိန်း၏ မျှော်လင့်ချက်

ဦးစိုးသိန်းအနေနဲ့ ဒီမိုကရေစီဒုတိယအစိုးရသက်တမ်းကာလအတွင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်၊ အစိုးရနဲ့ ပါတီတို့ရဲ့ အထွေထွေသော ချွတ်ယွင်းချက်တွေ၊ အမှားတွေ၊ လွှဲချော်မှုတွေ၊ မြန်မာစစ်တပ် အပေါ် ထိုးချ ထိုးကျွေးမှုတွေကို ယုတ္တိပေါင်းမြောက်မြားစွာနဲ့ စွဲချက်တင်ပြီး သကာလ သူ့ရဲ့ စိုးရိမ်ချက်နဲ့ မျှော်လင့် ချက်တွေကို ၎င်းစာမျက်နှာတချို့မှာ ရေးသားတင်ပြထားတာတွေ့ရပါတယ်။ ဦးစိုးသိန်းဟာ တပ်က စစ်အာဏာသိမ်းဖို့ မျှော်တလင့်လင့် ဖြစ်နေကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲကနေ NLD အနေနဲ့ အစိုးရသစ် ပြန်လည် ဖွဲ့စည်းပြီး အုပ်ချုပ်သွားမှာကို ရင်လေးနေဆဲ ဖြစ်ကြောင်း အခုလို ရေးသားထားပါတယ်။

  • “အချိန်ကတော့ စောင့်ရင် သိပ်ကြာသလိုပဲ၊ နိုင်ငံတော်၊ လူမျိုး၊ ဘာသာ သာသနာ အတွက် ရင်လေးနေဆဲ၊ မနက်ဖြန် ဘာတွေ ဖြစ်လာမလဲ၊ စာရေးသူပင် မခန့်မှန်းနိုင်၊ ဒါပေမယ့် Hope, Wishful thinking ကတော့ ရှိနေသေးသည်။ စာရေးသူ ပြောနေကျ စကားတစ်ခွန်း ရှိသည်။ ၁၉၆၂ ခုနှစ် မတ်လ ၁ ရက်နေ့ ညသန်း ခေါင်အထိ နောက်တစ်နေ့ အာဏာသိမ်းမည်ကို သမ္မတ စပ်ရွှေသိုက်၊ ဝန်ကြီးချုပ် ဦးနုတို့ပင် မသိခဲ့၊ ဒီတော့ စာရေးသူတို့ မျိုးချစ်တွေက နောက်ဆုံးအချိန်အထိ မျှော်တလင့်လင့်။” (စိုးသိန်း၊ စာ – ၁၇၆)

ဦးစိုးသိန်း၏ သောက

ဦးစိုးသိန်းဟာ “တတိယအကြိမ် လွှတ်တော်အစည်းအဝေး” ဖြစ်မြောက်ပြီး NLD အစိုးရအဖွဲ့သစ် ဖွဲ့ဖြစ်လိုက်မှာကို အင်မတန် သောကကြီးစွာ စိုးရိမ်ချက် ရှိကြောင်း သူ့စာအုပ်မှာ ရေးသားထားပါတယ်။ သူ့ရဲ့ စိုးရိမ်ချက်ကြီးမှုကို၊ တပ်မတော် သတင်းမှန်ထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းရဲ့ “အာဏာမသိမ်းဘူးဟု မှတ်ယူ၍ မရကြောင်း” ဆိုတဲ့ တုန့်ပြန်ချက်က မျှော်လင့်ချက်တွေကို နိုးထအောင် လုပ်ပေးခဲ့ကြောင်း ရေးသားထားပါတယ်။ မူရင်းက အခုလို။

  • “တကယ်ပဲ တတိယအကြိမ် လွှတ်တော် ဖြစ်မြောက်တော့မလား၊ စိတ်ထဲ ကျဉ်းကြပ်နေရသည်။ ဒီရက်ပိုင်း အတွင်း တပ်မတော်သတင်းမှန် ထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်၊ တုန့်ပြန်ချက်များကို ဖတ်ရှုရပြန်သဖြင့် မျှော်လင့်ချက်တွေ နိုးထလာပြန်ပါတော့သည်။” (စိုးသိန်း၊ စာ – ၁၇၆)

ဦးစိုးသိန်း ပျော်ပြီ

ဦးစိုးသိန်းက ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၃၁) ရက်နေ့အထိ သူဟာ အားပျော့ပျော့ပဲ ကျန်တော့ကြောင်း ရေးသားထား ပါတယ်။ လွှတ်တော်သစ်ခေါ်ယူရက်နီးလာလေလေ၊ အချိန်တိုင်းဟာ ဦးစိုးသိန်းအပေါ်ကို စိတ်ဖိစီးမှု ဖိအားပြင်း ထန်ကြောင်း ပေါ်လွင်နေပါတယ်။ ၂၀၂၁ ၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်အာဏာမသိမ်းခင် ညပိုင်းက အဖြစ် အပျက်ကို ဦးစိုးသိန်းက အတိအကျ ရေးသားတင်ပြထားပါတယ်။ မူရင်းက အခုလို။

  • မနက်ဖြန် လွှတ်တော်တက်ရောက်ရန် တိုက်ပုံ၊ ခေါင်းပေါင်း ပြင်ဆင်ရတော့သည်။ တဖက်မှာလည်း ဦးခင်ရီ၊ ဦးခင်မောင်စိုး၊ ဦးညိုအုန်းမြင့်တို့နှင့် အဆက်အသွယ် မပြတ်စေခဲ့၊ ည (၉) နာရီခွဲလောက်အထိ နားစွင့်နေဆဲ၊ နောက်ဆုံး ဦးညိုအုန်းမြင့်ထံမှတဆင့် အခြေအနေ တီးခေါက်ရင်း၊ စိတ်ပျက် အားလျော့ခါ၊ အိပ်ယာဝင်ခဲ့သည်။ ဦးခင်ရီက ည (၁၁) နာရီကျော်က ဆက်သွယ်သော်လည်း စာရေးသူအနေဖြင့် အိပ်မက် ဆိုးများဖြင့် နောက်တစ်နေ့ နံနက်ကို ရှေ့ရှုနေခဲ့ပါတော့သည်။ (စိုးသိန်း၊ စာ – ၁၇၇)
  • ၁.၂.၂၀၂၁ စာရေးသူတို့ မြန်မာနိုင်ငံတော်ကြီးရဲ့ လွတ်လပ်ရေး ပြန်လည် ရယူနိုင်ခဲ့ပါပြီ။ (စာရေးသူရဲ့ ကိုယ်ပိုင်ခံစားချက်ပါ) သိပ် သပ်ရပ် သေသပ်စွာ ဆောင်ရွက်နိုင်ခဲ့သည်။ (စိုးသိန်း၊ စာ – ၁၇၇)

မင်းသေ့

ည ၇း၄၉

၁၃၊ ဧပြီ၊ ၂၀၂၂။

Previous post လူ့အောက်ကျို့ဖို့ သင်ကြားခံရဖူးသလား
Next post မြန်မာ့တပ်မတော် နေထွက်ချိန်နှင့် နေဝင်ချိန် (The Rise and Fall of Tatmadaw)