တို့မျိုးဆက်ဟာ ပညာတတ်အောင်သင်ကြရမယ်။ တကယ့်ပညာတတ်ဖြစ်အောင် ကြိုးစားရမယ်။ မကျက်တကျက် ပေါင်မုန့်တွေ ဖြစ်လို့ မရဘူး။ ပညာသင်တဲ့အခါမှာ လောက်လောက်လားလားဖြစ်ဖို့ လိုတယ်။ အပေါ်ယံ ရှပ်သိတယ်ဆိုတာ ဘာမှ အလုပ်မဖြစ်ဘူး။ မြည်တွန်တောက်တီးတတ်တာ ပညာ မဟုတ်သေးဘူး။ ကြားဖူးနားဝနဲ့ ရမ်းတုပ်တတ်တာ ပညာမဟုတ်သေးဘူး။ သူများ ပြောတာ ကြားပြီး ပြန်ပြောပြနိုင်တာ ပညာ မဟုတ်သေးဘူး။

ပညာသင်တယ်ဆိုတာ အသုံးချမှု တန်ဖိုးလည်း ရှိမှရမယ်။ ဘဝ တန်ဖိုးနဲ့ အသုံးဝင်မှုတန်ဖိုး ကို ချိန်ညှိနိုင်ဖို့ လိုတယ်။ ငယ်ရွယ်စဉ်မှာ ပညာကို တတ်အောင် သင်ရမယ်။ အတတ်ပညာ တစ်ခုခု၊ အသိ ပညာ တစ်ခုခုကို အထင်သေးလို့ မဖြစ်ဘူး။ အတတ်ပညာ တစ်ခုကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားခြင်းဟာ အသက်မွေးဝမ်းကျောင်း အတွက် အထောက်အကူပြုတယ်။ ဘဝရပ်တည်မှုအတွက် ကျေးဇူးပြုတယ်။ ပညာ ဟာ ဘဝ နဲ့ ဆက်စပ်နေတယ်။ အသက်မွေးဝမ်းကျောင်းနဲ့ ဆက်စပ်နေတယ်။

တို့နိုင်ငံမှာ တို့မျိုးဆက်ဟာ ပညာကို အထင်သေးတယ်။ ဒီလို အထင်သေးတာလည်း မဆန်းဘူး။ အထင် သေးစရာ အကြောင်းတရားက ရှိနေတာကိုး။ ဘယ်လို အထင်သေးစရာ အကြောင်းတရားပဲ ရှိရှိ တကယ့် ပညာကို မပစ်ပယ်ဖို့၊ ပညာတန်ဖိုးကို မြင်အောင် ကြည့်ဖို့ တိုက်တွန်းချင်တယ်။ ပညာ အရေခြုံထားတဲ့ တတ် ယောင်ကားတွေရဲ့ ပယောဂတွေကိုတော့ သတိထားရလိမ့်မယ်။ တို့ပတ်ဝန်းကျင်မှာ တတ်ယောင်ကားတွေ၊ ရမ်းတုပ်၊ ကန်းတုပ်၊ မှန်းတုပ်တွေ များနေတော့ တို့ဟာ ပညာကို အထင်သေးသွားကြတယ်။ ဒါ့ကြောင့် တကယ့် ပညာကို မြင်အောင်ကြည့်ပြီး၊ တကယ့်ပညာတတ်တစ်ယောက်ဖြစ်အောင် တို့မျိုးဆက်က ကြိုးစားရမယ်လို့ ထင်တယ်။

လူမှုဗေဒပညာရှင် တော်ဖလာက ပြောဖူးတယ်။ ကမ္ဘာကြီးကို ပြောင်းတာ၊ ကွန်မြူနစ်လည်း မဟုတ်ဘူး။ အရင်း ရှင်လည်း မဟုတ်ဘူး။ ကမ္ဘာကြီးကို ပြောင်းတာ ပညာတတ်တွေပဲလို့ ပြောတယ်။ သမိုင်းကို လိပ်ပတ်လည် အောင် လေ့လာကြည့်တဲ့အခါမှာလည်း ဒီအဖြေပဲ ထွက်တယ်။ သမိုင်းကို ကိုယ်မြင်ချင်တာ ကိုယ်ကြည့်ပြီး ဖတ်တဲ့သူကတော့ ဒီသဘောကို မမြင်နိုင်ဘူး။ ကိုယ့်သမိုင်းကိုလည်း ဟိုစပ်စပ် ဒီစပ်စပ်၊ ကမ္ဘာ့သမိုင်းကိုလည်း မတောက်တစ်ခေါက် ဖတ်ဖူးရုံမျှလောက်နဲ့တော့ မရဘူး။ သမိုင်းကို ဂဃနဏ သိအောင် လေ့လာကြည့်ရင်၊ တကယ် ကမ္ဘာကြီးကို ပြောင်းတာဟာ ၊ တကယ့်ပညာတတ်တွေဆိုတာ နားလည်နိုင်မယ်လို့ ထင်တယ်။
ပညာကို သင်တဲ့အခါမှာ ရွေးပြီးသင်ရမယ်။ ပညာကို ရွေးပြီး မသင်ရင် ဟိုစပ်စပ် ဒီစပ်စပ် နဲ့ ယောင်ဝါးဖြစ်သွား တတ်တယ်။ ဒါကို သတိထားသင့်ရမယ်။

ဒီနေ့ခေတ်မှာ သင်စရာ ၊ တတ်စရာတွေ များလွန်းတယ်။ တို့ဟာ ငယ်ရွယ်စဉ် ဘဝမှာတော့ တော်တော်များများ ကို သိနားလည်အောင် လုပ်ရမှာပဲ။ ဒါ့ကြောင့် ဗဟုသုတများများ ရှိအောင် စာဖတ်တာ၊ မေးမြန်း စူးစမ်းတာကို လုပ်ရမယ်။ တို့မျိုးဆက်ကို တို့ရှေ့က မျိုးဆက်က သင်းသတ်ထားတာတွေ ရှိတယ်။ တို့ငယ်ငယ်တုန်းက ကြုံဖူး မှာပေါ့။ တို့သိချင်တဲ့ကိစ္စကို အလိုက်မသိဘဲ လူကြီးတွေကို လိုက်မေးနေရင်…. ဘာပြောကြလဲ။ ‘ဟယ်… အသာ နေစမ်း… ဒီကလေး….. ၊ အမေးအမြန်း ထူလိုက်တာ…. ဒီမှာ စကားပြောတာ အာရုံပျက်တယ်….’ ဆိုတဲ့ အပြောအဆိုမျိုး။ ဒါကို တို့ငယ်ငယ်တုန်းက ကလေးဘဝမှာ ခံရဖူးမယ် ထင်တယ်။ အဲသည်လို ခံရဖူးလား။ ဒါဆိုရင် ဘယ်လို ခံစားလိုက်ရသလဲ။ ငယ်ငယ်တုန်းက စွဲထင်နေတဲ့ ဒီလို အဖြစ်အပျက်မျိုး ရှိရင်၊ ကျနော့်ကို ပြောပါအုံးလား။

ဒါဟာ တို့တွေရဲ့ သိချင်စိတ်ကို သင်းသတ်ခံလိုက်ရတာပဲ။ ဒါက ဒီအတိုင်းကြည့်ရင် သာမန် အပြုအမူနော်။ ဘာမှ သိပ်ထူးမယ် မထင်ဘူး။ ကျောင်းမှာလည်း တို့ ငယ်ငယ်တုန်းက ကြုံဖူးမယ်။ ဆရာမ စာသင်တာကို တို့တတွေ မေးတဲ့အခါမှာ ကျေကျေနပ်နပ် ချိုချိုသာသာ ကောင်းကောင်းမွန်မွန် ရှင်းပြတဲ့ ဆရာ/ ဆရာမ ဘယ်နှယောက်ကြုံဖူးသလဲ။ စဉ်းစားကြည့်။ စဉ်းစားလို့ ရရင် မှတ်ချက်ပေးသွားအုံး။

ဒါကို ကြည့်ရင် တို့မျိုးဆက်သာ လူကြီးတွေရဲ့ တမင် ပြုမူမှု မဟုတ်ပေမယ့်၊ သူတို့ရဲ့ သာမန်တုံ့ပြန်မှုလေးတွေ ကြောင့်ပဲ တို့အသိတွေဟာ သင်းသတ်ခံရသလိုဖြစ်ခဲ့တယ်။ တို့ဟာ မေးမြန်းစူးစမ်းမှုမှာ တွန့်ဆုတ်လာခဲ့တယ်။ တို့ဟာ လေ့လာမှုမှာ တွန့်ဆုတ်လာခဲ့တယ်။ ဒီလို တွန့်ဆုတ်ရင် တွန့်ဆုတ်ရင်းနဲ့ တို့အသိတွေဟာ တဖြည်းဖြည်း နောက်ရောက်လာတော့တာပဲ။


တို့ငယ်ငယ်တုန်းက တို့ရှေ့က အစ်ကိုတွေ၊ အစ်မတွေ ကြုံရတာကို တွေ့ဖူးတယ်။ တို့တွေရဲ့ ပညာရေးမှာ။ ဆယ်တန်းနဲ့ အဝေးသင်တက္ကသိုလ်တွေမှာပေါ့။ မှတ်မိကြမယ် ထင်ပါတယ်။ တို့ရှေ့မျိုးဆက်က အစ်ကိုတွေ၊ အစ်မတွေ တော်တော်များများဟာ ခိုးခွင့်ပေးတဲ့ ပညာရေးစနစ်ထဲ အထည့်ခံကြရတယ်။ တကယ်တော့ သူတို့ဟာ စာမေးပွဲကို ခိုးမဖြေချင်ကြပါဘူး။ သို့ပေမယ့် ခိုးအောင် စနစ်က ခွင့်ပေးထားတယ်။ မှားခွင့်ပေးလိုက် တယ်။ ခိုးခွင့်ပေးလိုက်တယ်။ လူကလည်း ခက်တာနဲ့ လွယ်တာဆို လွယ်တာကို ရွေးတယ်လေ။ ပြီးတော့၊ အများ မိုးခါးရေသောက်ရင် လိုက်သောက်ရတဲ့သဘောရှိတယ် မဟုတ်လား။ အများက လုပ်ပြီး ကိုယ်တစ် ယောက်တည်းက မလုပ်ရင် တို့ဟာ ငပေါ (သောက်ရူး) လို့ အပြောခံကြရတယ်လေ။ ဒါ့ကြောင့် တို့ရှေ့မျိုးဆက် က အစ်ကိုတွေ၊ အစ်မတွေဟာ သူတို့မလုပ်ချင်ပေမယ့် အခြေအနေက တွန်းလို့ လုပ်မိသွားတဲ့ သူတွေ အများ ကြီးရှိတယ်။ ဒါကို သူတို့ကိုယ်တိုင်လည်း သတိထားမိကြမယ် မထင်ဘူး။ အချိန်ကြာလာတော့မှ သတိထားမိတဲ့ သူ အနည်းငယ်ရှိလာမယ် ထင်တယ်။ ထားတော့။ တို့လည်း အဲသည်လို ကြုံခဲ့ဖူးကြသလား။

ပညာရေးမှာ ခိုးခွင့်ကို ဘာလို့ ပေးထားသလဲ။ ဒါက ရှင်းတယ်လေ။ အပြစ် လုပ်ထားတဲ့သူက နည်းပြီး၊ အပြစ် မလုပ်ထားတဲ့သူက များရင် ရာဇဝတ်သားတွေဟာ မလုံခြုံဘူးလေ။ ဒါ့ကြောင့် သူတို့အထိုင်မြဲအောင် အားလုံး ကို သူတို့လို ပုံစံတစ်မျိုးမဟုတ် တစ်မျိုးနဲ့ မှားယွင်းအောင် လုပ်လိုက်ကြတယ်။ ဒီလိုဆိုရင် အုပ်ချုပ်ရလွယ်သွား ပြီ။ ထိန်းကွပ်ရ လွယ်သွားပြီ။ လွှမ်းမိုးလို့ လွယ်သွားပြီ။ သူတို့ကိုယ်တိုင်လည်း စိတ်လုံသွားပြီလေ။ သူတို့က တော့ သူတို့ သောက်ကျင့်တွေကို ပြင်ဖို့ မကြိုးစားကြဘူးလေ။ ဘယ်ပြင်လို့ လွယ်မလဲ။ အာဏာနဲ့ အကျိုးစီးပွား က သူတို့ကို ဂုတ်ခွစီးထားတာကိုး။

ခိုးထားတဲ့သူ၊ မှားထားတဲ့သူက တော်ရုံ ဘယ် ပြန်ပြောရဲတော့မလဲ။ တော်ရုံ ဘယ်တော်လှန်ရဲတော့မလဲ။ သူကိုယ်တိုင်လည်း အမှားလုပ်ထားတာကိုး။ ဒါ့ကြောင့် သူ့မသိစိတ်မှာကို မလုံခြုံတဲ့စိတ်ဖြစ်နေမယ်။ သူ့ကိုယ် သူ မသိစိတ်မှာ အထင်သေးနေမယ်။ ဒါ့ကြောင့် သူက အမှန်တွေ့ရင် မပြောရဲတော့ဘူး။ အမှားတွေ့ရင်လည်း ကိုယ့်ကို မထိသေးသရွေ့ ရေငုံနှုတ်ပိတ်ပြီးနေမယ်။ ဒီလိုနဲ့ အမှားလူ့အဖွဲ့အစည်းကို တည်ဆောက်သလိုဖြစ် လာပြီး တစ်နိုင်ငံလုံးကို ငြိမ်ဝပ်ပိပြားအောင် နှစ်ပေါင်းများစွာ ကြာအောင် ထိန်းကွပ်လို့ လွယ်သွားတာပေါ့။
ဒါကို Blackmail လုပ်တယ်လို့လည်း ခေါ်နိုင်တယ်။ Blackmail အကြောင်းကို နောက်တစ်ခါ ထပ်ကြုံရင်၊ သီးသန့်သေချာ ထပ်ရေးပါအုံးမယ်။

တို့ဟာ ပညာ တစ်ပိုင်းတစ်စ နဲ့ ထင်ရာစိုင်းကြတဲ့ မျိုးဆက် ဖြစ်နေတယ်။ တို့ဟာ သိသလိုလိုနဲ့ မသိဘူး။ တို့ဟာ မမေးရင် သိတယ်၊ မေးရင် မသိဘူး ဆိုတဲ့ မျိုးဆက်ဖြစ်နေတယ်။ ဒါဟာ ယောင်းဝါးပဲ။ ဒါဟာ တတ် ယောင်ကားပဲ။ တို့တတွေရဲ့ အသိဟာ လောက်လောက်လားလား ဖြစ်မနေဘူး။ တို့မျိုးဆက်ရဲ့အသိဟာ ထုလိုက် ထည်လိုက် ဖြစ်မနေဘူး။ တစ်ဝက်တစ်ပျက်တွေ များတယ်။ တို့ခနိဆိတ်ကနန်းတွေ များတယ်။ ကြားဖူးနားဝတွေ များတယ်။ ဟိုတစ်စ ဒီတစ်စ တွေဖြစ်နေတယ်။ တို့အသိဟာ ဖွာလန်ကျဲနေတယ်။ ကျစ်လစ် မနေဘူး။ စုစည်းမနေဘူး။ အသုံးလိုလို့ ထုတ်သုံးမယ်ဆိုရင် ကောက်သင်းလိုက်ကောက်နေရတာတွေ များ တယ်။ အရံသင့် သုံးလို့ရတာ ရှားတယ်။

ဒီလို ပုံမျိုးနဲ့ မိုးကြီးချုပ်ရင်တော့…… တို့မျိုးဆက်ဟာလည်း တို့ရှေ့က မျိုးဆက်ဟောင်းတွေလို ပျောက်ဆုံးမျိုး ဆက် ဖြစ်ကုန်ကြအုံးမှာပါပဲ။ တို့ရှေ့က မျိုးဆက်က သင်းသတ်ခံကြရတာ၊ ဖိနှိပ်ခံကြရတာ၊ ပိတ်ဆို့ခံကြရတာ။ တို့မျိုးဆက်ကိုတော့ ဖိနှိပ်လို့ မရတော့ဘူး။ ပိတ်ဆို့လို့ မရတော့ဘူး။ ခေတ်က ပွင့်လင်းလာပြီ။ သို့ပေမယ့် တို့မျိုးဆက်ကို တို့တတွေရဲ့ သောက်ကျင့်လေးတွေကပဲ တို့ကို ပျက်သုဉ်းအောင် လုပ်နေကြတယ်။ ဒါကို သတိထားမိရင် တို့မျိုးဆက်ဟာ တို့လူ့အဖွဲ့အစည်းကို ရှေ့လူတွေထက် တစ်ဆင့်မြှင့်ပြီး တွန်းတင်နိုင်မယ်လို့ ထင်တယ်။ အဲသည်လိုမှ မဟုတ်ရင်တော့ မလွယ်။
သတိနဲ့ ကြည့်ပြီး စဉ်းစားကြည့်ပေါ့။

နဖူးပေါ်လက်တင်ပြီး စဉ်းစား စဉ်းစား။ လက်ပေါ် နဖူးတင်ပြီးပဲ စဉ်းစား စဉ်းစား
တို့ဟာ လေးလေးနက်နက် စဉ်းစားဖို့တော့ လိုနေပြီ ထင်တယ်။

မင်းသေ့
ည ၈ း ၀၉
၃၁ ၊ ဩဂုတ် ၊ ၂၀၁၉ ။
ရန်ကုန်မြို့။

Previous post ကိုယ်ချစ်တဲ့အလုပ်
Next post အမျိုးသားရေး… အားကစားနဲ့ မဘသ