ငါတို့ဟာ ကိုယ်ချစ်တဲ့အလုပ်ကို ကိုယ်လုပ်ရမယ်။
ဒါပေမယ့် ငါတို့မျိုးဆက်ဟာ ကိုယ့်အချစ်ကို ကိုယ် ရှာဖွေခွင့်နည်းတယ်။
ကိုယ်ချစ်တာကို ကိုယ်လုပ်ခွင့် များများစားစားမရဘူး။
မရဘူး ဆိုပြီး ဒီအတိုင်း ငုတ်တုပ်ထိုင်ပြီး ပျင်းရိစိတ်ပျက်နေလို့လည်း မရဘူး။
တချို့တွေဟာ ကိုယ်ချစ်တဲ့အရာက ဘာလဲ… ဆိုတာကိုလည်း အမြဲတမ်း ရှာနေရမှာဖြစ်သလို၊
ကိုယ်ချစ်တာကို လုပ်ခွင့်ရနေဖို့ကိုလည်း အမြဲတမ်း ကြိုးစားနေရမယ်။

တချို့က ကိုယ် လုပ်ချင်တဲ့အလုပ်က ဘာလဲ ဆိုတာကို သေချာ ဂဃနဏ သိတယ်။
တချို့ကတော့ မသိဘူး။
ယောင်ဝါးပဲ။
ကိုယ့်ကိုယ်ကိုလည်း မရှိဘူး။
ကိုယ့်အချစ်ကိုလည်း မရှာဘူး။
လူဟာ ကိုယ်ချစ်တဲ့အလုပ်ကို ကိုယ်လုပ်မှ ပေါက်မြောက်မယ်။
ကိုယ်ချစ်တဲ့အလုပ်ကို ကိုယ်လုပ်နေမှ မပင်ပန်းတဲ့အလုပ်ကို လုပ်ရသလိုဖြစ်မယ်။
ကိုယ်ချစ်တဲ့အလုပ် မဟုတ်ဘဲ လုပ်နေရရင် အင်အားတွေဟာ ကုန်လွယ်တယ်။
စိတ်ပင်ပန်းလွယ်တယ်။
စိတ်ဖိစီးလွယ်တယ်။
ကိုယ်မချစ်ဘဲ လုပ်နေရတဲ့အလုပ်က သိပ်ခက်ခက်ခဲခဲကြီး မဟုတ်ပေမယ့်၊
ကိုယ်နဲ့ မကိုက်တဲ့အလုပ်ကို လုပ်နေရလို့ ပိုပြီး ပင်ပန်းရတယ်။
ကိုယ်ချစ်တဲ့အလုပ်ကို တော်ရုံနဲ့ လုပ်ခွင့်ရဖို့ မလွယ်ဘူး။
ကိုယ်က ဘာကို လုပ်ရတာကို ချစ်နေတယ်ဆိုတာလည်း ဂဃနဏ သိမှ။
ကိုယ် ချစ်တဲ့အလုပ်ကိုလည်း ကြိုးကြိုးကုတ်ကုတ် အာရုံစိုက် မပြတ်လုံ့လထုတ် အားထုတ်နေမှ။
အဲသည်လိုမှ မဟုတ်ရင်၊
လူဟာ သူများ ခိုင်းတဲ့အလုပ်ကိုလုပ်နေရင်းပဲ အသက်ကြီးသွားမယ်။

ကိုယ်ချစ်တဲ့အလုပ်ကို လုပ်နေရသူဟာ ပေါက်မြောက်တယ်။ အောင်မြင်တယ်။
ကိုယ်ချစ်တဲ့အလုပ်ကို လုပ်နေရလို့ သက်သောင့်သက်သာလည်းဖြစ်နေတယ်။
ကိုယ် ထုတ်လိုက်သမျှ စွမ်းအားတွေကလည်း အရည်အသွေးပြည့်ပြည့်ဖြစ်နေတယ်။
အရည်အသွေးမှီမှီဖြစ်တယ်။
ကိုယ်ချစ်တဲ့အလုပ်ကို လုပ်နေရင်း ၊
ကိုယ်ကိုယ်တိုင်ကလည်း အရည်အချင်းတွေ တက်နေတယ်။
အရည်အချင်းတွေ တက်ရင်း ကိုယ်ချစ်တဲ့အလုပ်ကို ထပ်ပြီး လုပ်နေတဲ့အခါ ၊
တီထွင်ကြံဆမှုတွေ လုပ်လာနိုင်တယ်။ တီထွင်ဖန်တီးမှုတွေ လုပ်လာနိုင်တယ်။
တီထွင်မှု၊ ကြံဆမှုတွေမှာလည်း ကိုယ်ချစ်တဲ့အလုပ်ပေါ် ကိုယ်က အာရုံစွဲနှစ်နေလို့ ပိုပြီး အကျိုးများတဲ့ အရာတွေ ဖြစ်လာနေတယ်။ ဒီလိုနဲ့ ကိုယ့်ပတ်ဝန်းကျင်ကို အကျိုးပြုလာနိုင်တယ်။

ကိုယ်ချစ်တဲ့အလုပ်ကို လုပ်နေရမှပဲ လူဟာ ပျော်တယ်။
ကိုယ်ချစ်တဲ့အလုပ်ကို လုပ်နေရမှပဲ လူဟာ အရည်အချင်းတက်တယ်။
ကိုယ်ချစ်တဲ့အလုပ်ကို လုပ်နေရမှပဲ လူဟာ လူ့ပတ်ဝန်းကျင်ကို အကျိုးပြုနိုင်တယ်။

ကိုယ်ချစ်တဲ့အလုပ်ကို လုပ်ခွင့်မရတဲ့ အသိုင်းအဝိုင်းဟာ ကြာလာလေလေ ၊ နိမ့်ကျ လျော့ရွဲလာလေ လေ ဖြစ်လာမယ်။ ဒီလိုနဲ့ တစ်ဦးချင်း ဘဝလည်း ဆုတ်ယုတ်လာသလို၊ လူ့အဖွဲ့အည်းရဲ့ အရည်အသွေးလည်း နိမ့်နိမ့်လာမယ်။

နိုင်ငံကြီး တစ်ခုလုံး လျော့ရွဲနေတာ ဘာ့ကြောင့်လဲ။
လူတစ်ဦးချင်းစီဟာ ကိုယ်ချစ်တဲ့အလုပ်ကို လုပ်ခွင့်မရကြလို့ပါ။
ကိုယ်ချစ်တဲ့အလုပ်ကို လုပ်ခွင့်ရပေမယ့်၊ ကိုယ်က ဘယ်အလုပ်မျိုးကို ချစ်တယ်ဆိုတာကို ကောင်းကောင်း မသိကြတဲ့လူတွေ ရှိရင်လည်း လူ့အဖွဲ့အစည်းဟာ နိမ့်ကျ ပျက်စီးလာမှာပဲ။

လူ့အဖွဲ့အစည်းအတွက်ပဲဖြစ်ဖြစ်၊
လူတစ်ဦးချင်းစီအတွက်ပဲဖြစ်ဖြစ်၊
ကိုယ်ချစ်တဲ့အလုပ်ကို လုပ်ခွင့်ရခြင်းဟာ အင်မတန် ကျေးဇူးများတယ်။
အင်မတန် တန်ဖိုးရှိတယ်။
အင်မတန် အကျိုးရှိတယ်။

လူ့အဖွဲ့အစည်းရဲ့ အရည်အသွေးကို မြှင့်ချင်ရင် ၊
လူတစ်ဦးချင်းစီမှာ ကိုယ်ချစ်တဲ့အလုပ်ကို ဖန်တီးခွင့်ရနေဖို့ လိုတယ်။
ဒီလိုမှ မဟုတ်ရင် ၊
လူတစ်ဦးချင်း ဘဝကနေ လူ့အဖွဲ့အစည်းကြီး တစ်ခုလုံးအထိ
နိမ့်ကျ ပျက်ဆီးခြင်းကို တဖြည်းဖြည်းနဲ့ရောက်လာမယ်။

ကိုယ့်မိသားစုထဲမှာ ၊
ကိုယ့်ပတ်ဝန်းကျင်မှာ၊
ကိုယ့်အဖွဲ့အစည်းမှာ ၊
ကိုယ့်နိုင်ငံအတွင်းမှာ ၊
လူတစ်ဦးချင်းစီဟာ ကိုယ်ချစ်တဲ့အလုပ်ကို ဘယ်လောက် ရာခိုင်နှုန်းလောက်ထိ လုပ်ခွင့်ရနေသလဲ ဆိုတာကို တွက်ကြည့်ခြင်းအားဖြင့် ၊
အဲဒီ မိသားစု၊
အဲဒီ့ နိုင်ငံ ၊
အဲဒီ့ အဖွဲ့အစည်း ၊
အဲဒီ့ လူ့အဖွဲ့အစည်းရဲ့ အနာဂတ် အဆင့်အတန်းကို မှန်းဆကြည့်နိုင်ပါတယ်။

မင်းသေ့
ည ၉ း ၄၈
၂၇ ၊ ဩဂုတ် ၊ ၂၀၁၉ ။
ရန်ကုန်မြို့။

Previous post စာဖတ်သမားသို့ အမှာစာ
Next post တို့မျိုးဆက်