မြန်မာပြည်ရဲ့အမျိုးသားရေးကို တည်ဆောက်ချင်ရင်၊ မဘသ နဲ့ မတည်ဆောက်ပါနဲ့။ အားကစားနဲ့ တည်ဆောက်ပါ။ အားကစားမှာ လူမျိုးမရှိဘူး။ နိုင်ငံပဲ ရှိတယ်။ မြန်မာတွေရဲ့ အားကစားအပေါ် အားပေးတဲ့ အမူအကျင့်တွေကို သေချာဂရုစိုက်လေ့လာကြည့်ပါ။ အားကစားဟာ လက်ရှိမြန်မာပြည်အတွက် အမျိုးသားရေး စိတ်ဓာတ်ကို ဆွဲစုနိုင်မယ့် သံလိုက်ဖြစ်တယ်ဆိုတာ တွေ့လိမ့်မယ်။ အထူးသဖြင့် ဘောလုံး အားကစား။ ပြည်ပ နဲ့ ပြိုင်နဲ့ ပွဲတွေမှာ သိသာတယ်။ သေချာဂရုစိုက်ပြီး ကြည့်ကြည့်ပါ။

မြန်မာက ခေါင်းဆောင်တွေဟာ၊ national building ကို ငြိမ်းချမ်းရေးဖိုရမ်တွေမှာ တည်ဆောက်လို့ရမယ် ထင်နေတာ။ မဟုတ်ပါဘူး။ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးဖိုရမ်တွေကြောင့်ပဲ ပိုပြီး သဘောထား ကွဲလွဲကုန်တာ၊ ယုန်ထင်ကြောင်ထင် ဖြစ်လာတာ၊ သို့လော သို့လောတွေ ဖြစ်လာကြတာ တွေ့ရတယ်။

အခုဖြစ်နေတဲ့ ငြိမ်းချမ်းရေး ခေါင်းစဉ်တပ် activity တွေဟာ အကျိုးစီးပွာ ခွင် ရှာကြံရေးကိစ္စတွေသာဖြစ်နေ တယ်။ လက်နက်ကိုင် အင်အားစုတွေနဲ့ နိုင်ငံတကာ အသိုင်းအဝန်းအကြားမှာ Buffer သဘော ခံပေးထားတဲ့ mechanism လိုဖြစ်နေတယ်။ ဒါတွေအပေါ်မှာ အာရုံမကျပဲ အမျိုးသားရေးစိတ်ဓာတ်ကို ဆွဲစုလို့ ရမယ့် အရာ ကတော့ အားကစား (sport) ကနေ လူထုနှလုံးသည်းပွတ်ကို ဆွဲဆောင်ခြင်းပဲလို့ မြင်တယ်။

အားကစားမှာ မြန်မာတွေဟာ လူမျိုးကို အခြေပြုပြီး မကြည့်ဘူး။ ဗမာစစ်တပ်က ကချင်လက်နက်ကိုင်တပ်နဲ့ တိုက်တာပဲ။ သို့ပေမယ့် အောင်လအန်ဆိုင်း လက်ဝေ့ပွဲနိုင်တော့ ကာ/ချုပ်ကြီးကတောင် ဂုဏ်ယူချီးကျူး ကြောင်းလုပ်သေးတယ်။ ဒါကို ဗမာစစ်တပ်ရဲ့ ပီအာ (public relation) လို့ပဲ ပြောပြော၊ ဗမာတွေ ကိုယ်တိုင် လည်း အောင်လအန်ဆိုင်းကို အားပေးကြတာပဲ။ ဒါက သာဓက တစ်ခု။

သာဓက

အခုလည်း ကြည့်လေ။ ကြက်တောင်ရိုက်ပြိုင်ပွဲဝင်နေတဲ့ သက်ထားသူဇာက နိုင်ငံတော်အထောက်အပံ့ ချို့တဲ့ စွာနဲ့ နိုင်ငံတကာမှာ ယှဉ်ပြိုင်နေတာကို မြန်မာမျိုးချစ်တွေသိသွားပြီး မီဒီယာကနေ တစ်ဆင့် နိုးဆော်လိုက်တာ၊ ကြက်တောင်ရိုက်ပြိုင်သူ သက်ထားလေး မြန်မာပြည်သူဌေးသူကြွယ်တွေရဲ့ ငွေကြေး အထောက်အပံ့ကို တော် တော်ရသွားတယ်။ စီးပွားရေးကုမ္ပဏီတွေကလည်း ထောက်ပံ့ကူညီလို့။ ဘာပဲဖြစ်ဖြစ် အားကစားနဲ့ မြန်မာလူထု ကို ဆွဲစုရင် ရတယ်ဆိုတာ ပေါ်လာတယ်။

ပြီးတော့ ဘောလုံး။ အားလုံးသိကြတဲ့ ဘောလုံး။ ဘောလုံးပြိုင်ပွဲတွေကို ကြည့်။ ပြည်နယ်နဲ့ တိုင်း ပြိုင်ပွဲတွေမှာ တော့ ခပ်အေးအေးပဲ။ သို့ပေမယ့် အာဆီယံအဆင့်၊ ဒေသအဆင့်၊ အာရှ အဆင့် ပြိုင်ကြပြီဆိုရင် မြန်မာတွေ ဝိုင်းလာပြီ။ အုံလာပြီ။ ခဲလာပြီ။ နောက်ဆုံ ဖိုင်နယ်ဆိုရင် ပိုလို့ ကြွလာပြီ။ ဘောလုံးပွဲ ဝါသနာမပါတဲ့ သူတွေ တောင် မြန်မာတွေကို မရှုံးစေချင်ဘူး။ မြန်မာတွေကို နိုင်စေချင်တယ်။ တခါတရံ စစ်အစိုးရခေတ်က ကြွေးကြော် သံ ဖြစ်တဲ့ “မြန်မာ့အားကစားကမ္ဘာကိုလွှမ်းရမည်” ဆိုတာကို အောင့်သက်သက်နဲ့ ခနဲ့တဲ့တဲ့ ပြောကြတာ ရံဖန် ရံခါကြားကြားနေရတယ်။ ဒါကလည်း ဒီကြွေးကြောသံကို လှောင်တာ မဟုတ်ဘူး။ မခံချင်လို့ ပြောတာ။ လေကြီးပြီး ဘာမှ လုပ်မပြနိုင်ဘူးလို့ ခံပြင်းတာ။ ဒါက ဘယ်က လာလဲ။ မျိုးချစ်စိတ်က လာတယ်။ နိုင်ငံချစ် စိတ်က လာတယ်။

ကျယ်ပြန့်မှုထက် ကျဉ်းမြောင်းမှု

အခု မြန်မာပြည်ရဲ့ အမျိုးသားရေးလှုပ်ရှားမှုက အင်မတန် ကျဉ်းမြောင်းနေတယ်။ အင်မတန် သေးသိမ်နေ တယ်။ မြန်မာပြည်ရဲ့အမျိုးသားရေးလှုပ်ရှားမှုဟာ မဘသအပေါ်မှာပဲ အခြေပြုနေတယ်။ မဘသအပေါ်မှာပဲ အခြေတည်နေတယ်။ မဘသလှုပ်ရှားမှုကိုပဲ အမျိုးသားရေးလှုပ်ရှားမှုလို့ ပုံဖော်လာတယ်။ ဒါက မကောင်းဘူး။ မကောင်းတဲ့ အကြောင်းက နှစ်မျိုးဖြစ်တယ်။

နံပါတ်တစ်အကြောင်း။ မဘသလှုပ်ရှားမှုကို အမျိုးသားရေးလှုပ်ရှားမှုလို့ ခေါင်းစဉ်တပ်တာဟာ ကျယ်ပြန့်တဲ့ အမျိုးသားရေးလှုပ်ရှားမှုဖြစ်လာရမယ့်အရာကို သတ်ပစ်လိုက်သလိုပဲ။ တကယ်တော့ အမျိုးသားရေးလှုပ်ရှားမှု တွေမှာ တစ်နိုင်ငံလုံးက ပြည်သူတွေ ပါလာရမှာ။ ဒီလို ဖြစ်မလာတာဟာ မဘသကို လက်နက်(instrument) တစ်ခုလို လုပ်ပြီး သုံးလိုက်ခြင်းရဲ့ အကျိုးဆက်ပဲ။ ဒီတော့ နဂိုမူလကတည်းက မျိုးချစ်တဲ့သူ၊ နဂိုမူလကတည်း က ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို ချစ်တဲ့ ပညာတတ်သူတော်ကောင်းဟာ အမျိုးသားရေးလှုပ်ရှားမှုထဲ ပါမလာတော့ ဘူး။ ဘာလို့လဲ ဆိုတော့ မဘသရဲ့ လှုပ်ရှားသက်ဝင်မှုပုံစံကို မနှစ်မြို့လို့ဖြစ်တယ်။

အမျိုးသားရေးလှုပ်ရှားမှုထဲမှာ လူထုအားလုံးကို ပါလာစေချင်ရင် လူထုတစ်ရပ်လုံး နှစ်မြို့တဲ့ ယုံကြည် ထောက်ခံချင်စရာကောင်းတဲ့ ပုံစံနဲ့ အမျိုးသားရေးလှုပ်ရှားမှု ပုံစံဖြစ်ရမယ်။ ဒီလိုမှ မဟုတ်ရင် လူထုက ပါမလာဘူး။ ဒီတော့ လူတော်တော်များများဟာ မဘသကို အမျိုးသားရေးလို့ မြင်သွားတယ်။ အမျိုးသားရေးကို မဘသလို့ တွဲပြီး မှတ်လိုက်တယ်။ မဘသလှုပ်ရှားမှု နည်းနာကို မနှစ်မြို့တဲ့ လူထုက အမျိုးသားရေးလုပ်ငန်း စဉ်ထဲ ပါမလာတော့ဘူး။ ဒါဟာ လက်ရှိ မြန်မာပြည် အမျိုးသားရေးလှုပ်ရှားမှုက ထင်သလောက် မကျယ်ပြန့် လာရခြင်း အကြောင်းတရား တစ်ခုဖြစ်ပါတယ်။

နံပါတ် နှစ်။ နောက်နံပါတ် နှစ်အကြောင်းက ဘာလဲဆိုတော့…. အမျိုးသားရေးဟာ နိုင်ငံကို အခြေပြုရမယ့် အစား လူမျိုးကို အခြေပြုပြီး လှုပ်ရှားလို့ဖြစ်တယ်။ အမျိုးသားရေး အင်အားစုတွေဟာ ဗမာတွေ ဖြစ်တာတွေ့ နေရတယ်။ တကယ်တော့ ဗမာမှ မဟုတ်ဘူး။ တခြားလူမျိုးတွေလည်း သူတို့မှာ ကိုယ်ပိုင်အမျိုးသားရေးဝါဒီ တွေ ဖြစ်နေကြတာပဲ။ ရခိုင်မှာလည်း ရခိုင်အမျိုးသားရေးဝါဒီရှိတယ်။ ကချင်မှလည်း ကချင်အမျိုးသားရေးဝါဒီ ရှိတယ်။ မွန်မှာလည်း မွန်အမျိုးသားရေးဝါဒီရှိတယ်။ ရှမ်းမှာလည်း ရှမ်းအမျိုးသားရေးဝါဒီရှိတယ်။ လူမျိုးစုတွေ ရဲ့ အမျိုးသားရေးဝါဒီတွေဟာ နိုင်ငံကို အခြေပြုမစဉ်းစားကြဘဲ လူမျိုးကို အခြေပြုစဉ်းစားကြတဲ့သဘောရှိ တယ်။ ဒီလို အမျိုးသားရေးဝါဒီ ဆိုသူ အသီးသီးကို တကယ်ဇံကာတိုက် စစ်ချလိုက်ရင်တော့ တော်တော်များ များဟာ အမျိုးသားရေးဝါဒီတွေ မဟုတ်ဘဲ၊ လူမျိုးရေးဝါဒီတွေဖြစ်တာဆိုတာ တွေ့လိုက်ရမှာ ကြိမ်းသေပါပဲ။ ဒါပေမယ့် တော်တော်များများက အမျိုးသားရေးနဲ့ လူမျိုးရေးကို ကွဲကွဲပြားပြား နားမလည်ဘူး။ အမျိုးသားရေး ဟာ ကျယ်ပြန့်တယ်။ လူမျိုးရေးဟာ ကျဉ်းမြောင်းတယ်။ အခုတွေ့နေရတဲ့ ပုံစံက ဘာလိုဖြစ်နေလဲဆိုတော့၊ ကျဉ်းမြောင်းသူတွေက ကျယ်ပြန့်ရေးလုပ်ငန်းစဉ်ကြီးကို ဆင်ခြင်တုံတရားမဲ့စွာ စီရင်ပျိုးထောင်နေကြတာနဲ့ တူတယ်။ ဒါ့ကြောင့် နိုင်ငံကို အခြေပြုတဲ့ အမျိုးသားရေးလှုပ်ရှားမှုကို အခြေမခံနိုင်သေးသရွေ့ ၊ မြန်မာပြည်ရဲ့ အမျိုးသားရေး လှုပ်ရှားမှုတွေဟာ ကျဉ်းသထက် ကျဉ်းသွာမှာပဲ။ ကြာလာလေလေ ထောက်ခံအားလျော့ကျ သွားလေလေဖြစ်မှာပဲ။ ဆင်ခြင်တုံတရားမဲ့ လုပ်ဆောင်တဲ့ ကိုယ်ကျိုးစီးပွားဝါဒီ (အမျိုးသားရေးအရေခြုံ) တွေ ကြောင့်လည်း အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်သွားနိုင်မယ့် အခြေအနေမျိုးကိုလည်း ရောက်သွားနိုင်ချေ များတယ်။ ဒါကတော့ အတော်ကြီး သတိထားရမယ်။

အမျိုးသားရေးစိတ်ဓာတ်ကို အားကစားနဲ့ လှုံ့ဆော်တယ်ဆိုတာ… နိုင်ငံတချို့မှာလည်း လုပ်ခဲ့ကြတာပဲ။ အမျိုးသားရေး လက္ခဏာ ပြန်လည်တည်ဆောက်နိုင်ခြင်းကို သမားရိုးကျ နိုင်ငံရေးနည်းစဉ်တွေနဲ့ ချဉ်းကပ်ရင် အရာမရောက်နိုင်ဘူး။ ဖောက်ထွက်တွေးနိုင်မှ တော်ကာကျမယ်။ အခု ပြောနေတာက တကယ့်အမျိုးသားရေး ကို တည်ဆောက်ဖို့ လိုတယ်လို့ ယုံကြည်ယူဆတဲ့သူတွေအတွက် ရေးတာဖြစ်ပါတယ်။ ဘက်အစွဲနဲ့ တိုက်ခိုက် ပြီး နိုင်ငံရေးကုလားထိုင် လုဖို့ လော်နေ / ဆော်နေတဲ့ သူတွေအတွက် လုံးဝ မပါပါဘူး။

ဦးဇော်ဇော်

ဒါပေမယ့် အခုဖြစ်နေတဲ့ မြန်မာပြည်ရဲ့ အားကစားက…. လျစ်လျှူအရှုခံဖြစ်နေတယ်။ မြန်မာပြည်ရဲ့ ခရိုနီ သူဌေးတစ်ယောက်လို့ သမုတ်ခံရတဲ့ ဦးဇော်ဇော်ရဲ့ လှုပ်ရှားမှု ကောက်ကြောင်းတွေကို ကြည့်လိုက်ရင်လည်း တွေ့နိုင်ပါတယ်။ သူက ဘောလုံးကို ဝါသနာပါတယ်။ အခုလည်း မြန်မာပြည် ဘောလုံးအဖွဲ့ချုပ် ဥက္ကဌဖြစ်တာ ကြာပြီ။ တော်တော် ထောက်ပံ့ကူညီတာတွေလုပ်တယ်။ သူ ယခင်က ပုံရိပ်မည်းရှိခဲ့တယ်လို့ လူထုက ယူဆကြ တာတောင် အခု သူ့ ပုံရိပ်က ဘောလုံးအားကစားကြောင့်အတော်တက်လာတာတွေ့ရတယ်။ လူတော်တော် များများရဲ့အမြင်မှာ အရင်လို ဦးဇော်ဇော်ဆိုတဲ့ အထင်အမြင်မျိုး မဟုတ်ဘူး။ ဒါဟာ လူထုအမြင်ကိုပြောင်းလဲ နိုင်တဲ့သာဓက ရှိကြောင်း ပြလိုက်တာဖြစ်ပါတယ်။ မြန်မာဘောလုံးပွဲတွေမှာ ရှုံးပွဲတွေနဲ့ ကြုံတော့ ဘောလုံး အဖွဲ့ချုပ် ဥက္ကဌက အားကစားသမားတွေနဲ့အတူ ဝမ်းနည်းကြေကွဲ မျက်ရည်စပ်လက်ဖြစ်တဲ့ ပုံရိပ်ဟာ လူထု မီဒီယာအကြားမှာ ပျံ့ကုန်တယ်။ ဒီလိုနဲ့ ခရိုနီလို့ လူထုက မြင်ထားတဲ့ သူတို့အမြင်တွေကိုတောင် ပြောင်းပစ် လိုက်ကြတယ်။ မြန်မာလူထုက နှလုံးသား နူးညံ့ပါတယ်။ ဦးဇော်ဇော်ရဲ့ ဘောလုံးအားကစားအပေါ် ပေးစပ် ထားမှုကလည်း သေးငယ်တဲ့ ပမာဏ မဟုတ်ဘူးလေ။ ဒါကိုလည်းတော်တော်များများ သိကြမှာပါ။ ဒါကို ကြည့်ခြင်းအားဖြင့် ခေတ်သစ်မြန်မာပြည် တည်ဆောက်ရေး၊ ဒီမိုကရေစီ တည်ဆောက်ရေး၊ ငြိမ်းချမ်းရေး တည်ဆောက်ရေးနဲ့ အမျိုးသားလက္ခဏာ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်တွေကို သေချာ မဟာဗျူဟာ ကျကျ လေ့လာသုံးသပ်ပြီး၊ နိုင်ငံတော်က ငွေကြေးလည်း စိုက်ထုတ်မယ်။ အလှူရှင်တွေကိုလည်း ဖိတ်ခေါ် မယ်။ စမတ်ကျတဲံ မဟာဗျူဟာ ပေါ်လစီ နည်းနာကို ဖန်တီးပြီး ပီအာ (public relation) ရပ်ဝန်းကြီးကို အကောင်အထည်ဖော်နိုင်မယ်ဆိုရင် အမျိုးသားရေး အင်အားစုတွေက တကယ် ဆွဲကပ်လာမယ်။ အဲဒီ့ ဆွဲကပ် လာမယ့် အမျိုးသားရေးအင်အားစုတွေကိုလည်း နိုင်ငံတော်ရဲ့ ကဏ္ဍအသီးသီးမှာ ရွေ့နိုင်ဖို့ တွန်းအားပေးနိုင် စေမယ်ဆိုရင် တကယ်ကောင်းမွန်တဲ့ အမျိုးသားရေး လှုပ်ရှားမှုတွေတောင် ဖြစ်လာနိုင်တယ်။


စီးပွားရေးပဲဖြစ်ဖြစ်၊ ပညာရေးပဲဖြစ်ဖြစ်၊ ဖွံ့ဖြိုးတိုးတက်ရေးပဲဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးပဲဖြစ်ဖြစ် အမျိုးသားရေးက ကောင်းကောင်းတွန်းနိုင်တဲ့ တကယ့် factor ကောင်းဖြစ်တယ်လို့ ယုံကြည်ပါတယ်။

အခုဟာက ….
အမျိုးသားရေးဟာ အပြုသဘောထက် အဖျက်သဘောများနေတယ်။
အမျိုးသားရေးဟာ နိုင်ငံဆိုတာထက် လူမျိုးကို အခြေပြုနေတာများတယ်။
အမျိုးသားရေးဟာ ဆွဲစုတာထက် ကန့်ပစ်လိုက်သလိုဖြစ်နေတာ များတယ်။

စဉ်းစားတွေးခေါ်နိုင်ကြပါစေ……

မင်းသေ့
ည ၇ း ၄၁
၃ ၊ စက်တင်ဘာ ၊ ၂၀၁၉ ။
ပုသိမ်မြို့။

ဒီစာထဲမှာ ဦးဇော်ဇော်နဲ့ ပတ်သက်ပြီး အနည်းငယ်ရေးထားတယ်။ သူ့အကြောင်း ဗီဒီယိုဖိုင်ကို ကြည့်ပြီး ဒီစာကို ရေးဖြစ်တာဖြစ်လို့ ၊ လေ့လာလို့ရအောင် link ပေးထားလိုက်ပါတယ်။
Previous post တို့မျိုးဆက်
Next post တက္ကသိုလ်နေ့စွဲများ