ခေတ်သည် ရွေ့လာသည်။ ခေတ်သည် ပြောင်းလာသည်။ ရွေ့ခြင်း၊ ပြောင်းခြင်း၏ နောက်ကွယ်တွင် အသစ် အဟောင်း၏ အားပြိုင်မှုကို တွေ့ရသည်။ အသစ်သည် ဘာလဲ။ အဟောင်းသည် ဘယ်လိုလဲ။ အဟောင်းနှင့် အသစ်ကို ပုံဖော်ကြည့်ရန် လိုသည်။ အသစ်သည် ဘယ်လောက် သစ်နိုင်ပြီလဲ။ အဟောင်းသည် ဘယ်လောက် ဟောင်းသွားပြီလဲ။

သမိုင်း

သမိုင်းကို ပြန်ကြည့်လျှင်၊ မြန်မာသည် ခေတ်အမျိုးမျိုး စနစ်အမျိုးမျိုးကို ဖြတ်သန်းခဲ့သည်။ အစိုးရပုံစံအမျိုးမျိုး ကိုလည်း ကြုံရသည်။ လူ့အဖွဲ့အစည်းသည် ထိပ်ပိုင်းအုပ်စု၏ အနေအထားကို လိုက်၍ ရွေ့နေရသည်။ သို့သော် အတိုင်းအတာနှင့် ဖြစ်သည်။ အကန့်အသတ်နှင့်ဖြစ်သည်။ လူ့အဖွဲ့အစည်းကို ပုံသွင်းသည်များရှိ သလို၊ လူ့အဖွဲ့အစည်းက ပုံသွင်းခံရခြင်းများလည်း ရှိသည်။ ထိုနှစ်ခုသည် တစ်ခုနှင့်တစ်ခု အပြန်ပြန် အလှန် လှန်၊ အညမည သဘော။

ပဒေသရာဇ်စနစ် သက်ဦးဆံပိုင် ဘုရင်စနစ်၊ ကိုလိုနီနယ်ချဲ့ခေတ်၊ ဖက်ဆစ်ခေတ်၊ ပါလီမန်ဒီမိုကရေစီခေတ်၊ စစ်ခေတ်၊ ဆိုရှယ်လစ်ခေတ်၊ စစ်အစိုးရခေတ်၊ အသွင်ကူးပြောင်းမှုခေတ်။ ခေတ်များကို ပညတ်လိုက်ရာ တန်းစီ ပြီး ထွက်လာသည်။ ထိုအရာများသည် အတိတ်သာ ဖြစ်သည်။ ပစ္စုပ္ပန်ကို သမိုင်းဆရာတို့ ဘယ်လိုအဓိပ္ပာယ် ဖွင့်ပါမည်နည်း။ အနာဂတ်ကို လူ့အဖွဲ့အစည်းသည် ဘယ်ပုံရှိပါမည်နည်း။

အတိတ်ကို ကြည့်လွန်းလျှင်လည်း အတိတ်၏အကျဉ်းသားဖြစ်နေမည်။ အနာဂတ်ကို ကြည့်လွန်းလျှင်လည်း လက်တွေ့နှင့် ကွာဟနိုင်သည်။ ပစ္စုပ္ပန်တည့်တည့်ကြည့်လျှင်လည်း အတိတ်နှင့်အနာဂတ်ကို လျစ်လျှူရှုရာကျ နေလိမ့်မည်။ သမိုင်းသည် အတိတ်ဖြစ်သည်။ ဖြစ်ပြီးခဲ့တာကို မှတ်တမ်းတင်ခြင်းသည် သမိုင်းသည်။ မြန်မာ၌ ဘယ်လို အတိတ်မှတ်တမ်းများက များပြားနေပါသလဲ။ လေ့လာဆန်းစစ်သူများ၊ သုတေသီများ အဖြေထုတ်ကြ ဖို့ လိုမည် ထင်သည်။

လက်ရှိ

အတိတ်သည် အားကြီးနေသည်။ လူ့အဖွဲ့အစည်းသည် အတိတ်နှင့် ပစ္စုပ္ပန်ကို ရန်ပြုခိုင်းနေသည်။ အတိတ်နှင့် လက်ရှိကို ရန်ဖြစ်ခိုင်းလျှင် ဘယ်လို ရလဒ် ထွက်လာနိုင်ပါသလဲ။ အတိတ်မှာတင် ကျောက်ချရပ်နားနေမည့် အလားအလာ ရှိသည်။ အတိတ်က မခွာနိုင်ဖြစ်နိုင်သည်။ အတိတ်စွဲ အလွမ်းနာသည် အားကြီးတတ်သည်။ အားကောင်းတတ်သည်။ တစ်ချိန်က ရွှေထီးဆောင်းခဲ့သော ကာလများကို သေသည်အထိ တဖွဖွ ရွတ်နေမိ တတ်သည်။ အတိတ်ဆိုတာ ပြီးပြီးသား ကိစ္စ။ ပစ္စုပ္ပန်သည် လက်တလော ကိစ္စ။ လက်ရှိကိစ္စ။ လက်ရှိနှင့် အတိတ်ယှဉ်လျှင် ဘယ်အရာက ပိုအရေးကြီးပါသနည်း။ အတိတ်သည် ကျန်ခဲ့ပြီ။ အတိတ်သည် ချန်ထားရစ် ကောင်းသော အရာ မဟုတ်သော်လည်း၊ ဆက်လက်သယ်ယူရန် ရကောင်းသော အရာလည်း မဟုတ်။ အမှန် တကယ်ဆိုလျှင် အနာဂတ်အတွက် လမ်းကြပ်၊ လမ်းညပ်နေနိုင်သည်။

လုပ်ရမည့် ကိစ္စ

ဖြစ်သင့်သည်က အတိတ်နှင့် ပစ္စုပ္ပန် ရန်ဖြစ်ဖို့ မဟုတ်။ ပစ္စုပ္ပန်နှင့်အနာဂတ် ရန်ဖြစ်စေဖို့ ဖြစ်သည်။ အနာဂတ် သည် မလာသေး။ အနာဂတ်သည် မဖြစ်သေး။ အချိန်သည် အနာဂတ်ဆီကိုသာ သွားသည်။ အတိတ်ဆီကို မသွား။ ကျန်ရစ်ခဲ့သော အရာများအတွယ် ပြုပြင်စီရင်လို့ မရနိုင်။ မှတ်တမ်းအမှားကို စကားလုံးကွန့်မြူး၍ ရေးလျှင်တော့ ရသည်။ သို့သော် ဒါသည် အလုပ်မဟုတ်။
အနာဂတ်ကို ကြည့်မှ ရှေ့ကို ရောက်မည်။ မြန်မာ့လူ့အဖွဲ့အစည်းသည် အတိတ်ကိုသာ ပြန်လှန်နေသည်။ အနာဂတ်ကို စဉ်းစားဖော်မရ။ ရှေ့သွားရမည့်လမ်းအတွက် အတိတ်စွဲဝေဒနာ မကင်း။ နောက်ပြန် ကြည့်ကွက် ကြည့်ကွက် လုပ်နေ၍ ခရီးမတွင်။ ရှေ့လမ်းသည်လည်း မရေရာ။ မသေချာ။ ဝေဝါးလျက်ရှိသည်။ ပစ္စုပ္ပန်ကို အနာဂတ်နှင့် ယှဉ်၍ ရန်ဖြစ်စေသင့်သည်။

အာရုံပြု

သစ်ချင်လျှင် အသစ်အကြောင်းများများ ပြောမှ ဖြစ်မည်။ အသစ်ကို လိုချင်သော်လည်း အဟောင်းကိုချည်း ယိုးမယ်ဖွဲ့နေပါက အလုပ်မဖြစ်။ အသစ်သည် အဟောင်းကြောင့် ရှေ့မရောက်နိုင်။ အဟောင်းသည် ကျန်ခဲ့ပြီ။ အကုန်အစင် မကျန်ရစ်စေအုံးတော့၊ အချိန်တစ်ခုရောက်လျှင် ကျန်ခဲ့မည်သာ ဖြစ်သည်။ အတိတ်ကို ဆွဲခေါ်ချင် သူတို့ကြောင့်သာ အဟောင်းသည် အရေးပါနေရသည်။ အဟောင်းကို အသစ်ထဲ မဆွဲထည့်လျှင်၊ အသစ်ကိစ္စ ပြီးမြောက်နိုင်သည်။

ဘယ်လို

မြန်မာဟောင်းကို ကြည့်ပါ။ ဓနဥစ္စာကို ဘယ်လို ခွဲဝေခဲ့သနည်း။ ဆိုရှယ်လစ်သည် သာတူညီမျှဟု ဟောသည်။ ထို့ကြောင့် တစ်ဦးချင်းစီ၊ တစ်အိမ်ထောင်ချင်းစီအတွက် ရာရှင်စနစ်ကို အသက်သွင်းသည်။ သမဝါယမစနစ်ကို အသက်သွင်းသည်။ သို့သော် တကယ့်သာတူညီမျှမှုကို ဖန်တီးနိုင်ခဲ့သလား။ ဘာ့ကြောင့်လဲ။

ဓနဥစ္စာခွဲဝေမှုစနစ် ညံ့ဖျင်းသောအခါ၊ လူတန်းအလွှာတို့ ကသောင်းကနင်းဖြစ်ကုန်သည်။ ပိုမိုအားစိုက်ရသော လူမှုအလွှာ ပေါ်လာသည်။ အနင်းခံလူမှုအလွှာပေါ်လာသည်။ စံမြန်းလူ့အဖွဲ့အစည်းပေါ်လာသည်။ သာတူညီ မျှစနစ်သည် စာအုပ်ထဲမှာသာ ကောင်းသည်။ လက်တွေ့တွင် အကျိုးခံစားမှု မဖြစ်ထွန်း။

စစ်ခေတ်ကို ကြည့်ပါ။ ဓနဥစ္စာကို ဘယ်လို စီမံခန့်ခွဲခဲ့ပါသနည်း။ အကျိုးတူ အုပ်စုများ စုဖွဲ့သည်။ လက်သင့်ရာ စားတော်ခေါ်သည်။ ဆရာမွေး တပည့်မွေးဖြင့် အလုပ်လုပ်သည်။ လူကို ဗဟိုပြု၍ အုပ်ချုပ်သည်။ ပေး,စား ထားသည်။ လုပ်ပိုင်ခွင့်ပေးထားသည်။ သို့သော် သစ္စာခံခိုင်းသည်။ မတော်လှန်ရန်ဖြစ်သည်။ သူ့လူ ကိုယ့်လူ ရှိသည်။ ဘက်ခွဲထားသည်။ အာဏာနှင့် နှီးနွှယ်လျှင် အကျိုးစီးပွား ခိုင်သည်။ ထို့ကြောင့် အာဏာရှိသူကို ကပ်သည်။ လုပ်ပိုင်ခွင့်သည် အခရာဖြစ်သည်။ ဌာနဆိုင်ရာ၌ လက်ရေးတိုစာရေးပင် အာဏာရှိသောခေတ်ဖြစ် သည်။ မြန်မာဟောင်းသည် ဤသို့။

ဘယ်သို့

မြန်မာသစ်သည် ဘယ်သို့ဖြစ်နေသနည်း။ မြန်မာသစ်၏ ပုံစံသည် မပီပြင်သေး။ မပြတ်သားသေး။ ဝေဝါးနေ သေးသည်။ ဝိုးတဝါးဖြစ်နေသေးသည်။ မြန်မာသစ်အတွက် မြန်မာဟောင်းဝေဒနာမှ မကင်းလွတ်နိုင်သေး။ မြန်မာသစ်တည်ဆောက်ရေး အင်အားစုများ၌၊ အတိတ်လွမ်း ဝေဒနာ ပြင်းရှလှသည်။ ထို့ကြောင့် အတိတ်ကိုပဲ ခေါ်၍ ပြောနေသည်။ အနာဂတ်သည် အဟောင်းကြောင့် ရှေ့မရောက်။ အတိတ်နွံမှ မထွက်နိုင်သေး။ ထို့ကြောင့် ခြေလှမ်းများသည် တွန့်ဆုတ်တွန့်ဆုတ်၊ တုံ့ဆိုင်းတုံ့ဆိုင်း။

@@@

လူ့အဖွဲ့အစည်းအတွက် အနာဂတ်လမ်းသည် ဝေဝါးနေသည်။ လူ့အဖွဲ့အစည်းသည် အဟောင်းကို သိသည်။ အကောင်းကို မသိ။ အသစ်ကို လိုသည်။ အဟောင်းကို မမေ့။ အသစ် အဟောင်း ကိစ္စသည်၊ မြန်မာ့အတွက် အကျပ်အတည်းဖြစ်နေသည်။ ပစ္စုပ္ပန်ကို တည့်တည့်ရှု၍ အနာဂတ်ကို ကြည့်ဖို့သာ ကောင်းသည်။ မြန်မာသည် သမိုင်းစွဲကြီးသည်။ သမိုင်းသည်လည်း မသန့်စင်။ ညစ်ထေးနေသည်။ ဘက်ကိုယ်စီဖြင့်ရေးသော မှတ်တမ်းများ သာ ပြည့်နက်နေသည်။ သမိုင်းကို စကားလုံးများဖြင့် မှတ်တမ်းတင်သည်ဖြစ်ရာ၊ သမိုင်းသည်ပင် စကားလုံး တစ္ဆေခြောက်ခံနေရသည်။

မြန်မာသစ်အတွက် အတိတ်တစ္ဆေသည် အကောင်ကြီးလာပြီ။ နေ့စဉ်နေ့တိုင်း အတိတ်တစ္ဆေအခြောက်ခံနေ ရသည်။ ဤသို့ဖြင့် မြန်မာသစ်ကို ဖန်တီးမည်ဟု ကြွေးကြော်နေကြသည်။ ကြုံးဝါးနေကြသည်။
စဉ်းစားဆင်ခြင်တော်မူကြပါကုန်။

မင်းသေ့
ည ၇ း ၂၉
၁၉ ၊ ဧပြီ ၊ ၂၀၁၉ ။
မန္တလေးမြို့။

Previous post ဂျင်းနိုင်ငံ ၊ ဇော်ကန့်လန့်နိုင်ငံ ၊ ဘဲလို နိုင်ငံ
Next post လူ့အဖွဲ့အစည်းနဲ့ လူ့ပယောဂ