ဝေါဟာရပုဒ်ခွဲ

မတူကွဲပြားတယ်လို့ ပြောနေတဲ့ လူ့အဖွဲ့အစည်းကို မြန်မာပြည်မှာတွေ့ရပါတယ်။ ဒီနေရာမှာ ဝေါဟာရပုဒ်ခွဲ နှစ်ခုတွေ့ရပါတယ်။ မတူခြင်း နဲ့ ကွဲပြားခြင်း ဆိုတဲ့ စကားလုံး နှစ်လုံးဖြစ်ပါတယ်။ မတူခြင်းကို ဆန်းစစ်ကြည့် ရအောင်။ ဘယ်နိုင်ငံ၊ ဘယ်လူမျိုး၊ ဘယ်ယဉ်ကျေးမှု၊ ဘယ်ဓလေ့စရိုက်၊ ဘယ်သမိုင်းကြောင်း၊ ဘယ်နယ်မြေ အနေအထားက ထပ်တူကျနေပါသလဲ။ ထပ်တူကျတယ်ဆိုတာ ရှိပါသလား။ နိုင်ငံနဲ့ချီပြီး စဉ်းစားကြည့်ပါ။ မရှိနိုင်ပါဘူး။ လူအချင်းချင်းရော တူကြရဲ့လား။ လူမျိုးချင်း တူရင်တောင် လူလူချင်း တူရဲ့လား။ ယုတ်စွအဆုံး၊ တစ်မိတည်းပေါက်သူချင်းတောင် အားလုံး ထပ်တူတူတယ်ဆိုတာ ရှိပါသလား။ မရှိနိုင်ပါဘူး။ ရုပ်ချင်းဆင်တူတဲ့ အမွှာတွေတောင် စိတ်ဓာတ်ချင်း၊ စရိုက်ချင်းထပ်တူကျနေတယ်ဆိုတာ ရှိပါသလား။ မရှိနိုင်ပါဘူး။

ဒါ့ကြောင့် မတူခြင်းဆိုတဲ့ စကားလုံးကို ကြားရတိုင်း၊ ဒါဟာ သဘာဝကိစ္စဖြစ်တယ်လို့ တွေးမိပါတယ်။ မတူဘူး ဆိုတာ ပြဿနာ မဟုတ်ပါဘူး။ မတူဘူးဆိုတာက သဘာဝဖြစ်ပါတယ်။ မတူခြင်းသည် သဘာဝဖြစ်ပါတယ်။ မတူတာဟာ အပြစ်လည်း မဟုတ်ဘူး၊ ပြဿနာလည်း မဟုတ်ဘူး၊ မတူတာဟာ သဘာဝဖြစ်ပါတယ်။ ဘယ်အရာက ထပ်တူဖြစ်နေပါသလဲ။

မေးခွန်း

မတူခြင်းကို အကြောင်းပြုပြီး၊ ပြဿနာလုပ်၊ အပြစ်လုပ်နေတာဟာ သဘာဝကျရဲ့လား။ ဖြစ်သင့်ရဲ့လား ဆိုတာ စဉ်းစားဖို့ လိုပါတယ်။

• လူမျိုးစု မျိုးကွဲတွေ ဖြစ်နေတာ ဘာဖြစ်သလဲ။
• ကိုးကွယ်ရာ ဘာသာတွေ မတူတော့ ဘာဖြစ်သလဲ။
• စားသောက်မှုပုံစံတွေ မတူတော့ရော ဘာဖြစ်သလဲ။
• သုံးစွဲတဲ့ အသုံးအဆောင်တွေ မတူတော့ရော ဘာဖြစ်သလဲ။
• အလုပ်အကိုင်တွေ မတူတော့ရော ဘာဖြစ်သလဲ။
• ဘာသာစကားတွေ မတူတော့ရော ဘာဖြစ်သလဲ။
• ဝတ်ပုံစားပုံတွေ မတူတော့ရော ဘာဖြစ်သလဲ။

မတူခြင်းဟာ ပြဿနာ မဟုတ်ပါဘူး။ မတူခြင်းကို ပြဿနာလုပ်တဲ့ လူတွေက ပြဿနာဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းရဲ့ သမိုင်းနောက်ခံတွေကို လေ့လာကြည့်ပါ။ လူ့အဖွဲ့အစည်းအတွင်းမှာ ပြဿနာတွေ၊ ပဋိပက္ခတွေ၊ စစ်ပွဲတွေ၊ တိုက်ခိုက်မှုတွေဟာ သဘာဝကြောင့်လား၊ လူ့ပယောဂတွေကြောင့်လား ဆိုတာ စဉ်းစားကြည့်စေချင်ပါတယ်။

သင့်တင့်သော နှလုံးသွင်းမှု

ဂေါတမဗုဒ္ဓဟာ ‘ယောနိသော မနသိကာရ’ ဆိုတာကို ဟောပါတယ်။ အသင့်အတင့်နှလုံးသွင်းမှု လို့ အဓိပ္ပာယ် ရပါတယ်။ သဘာဝကြောင့်ဖြစ်ပေါ်လာတဲ့ ဖြစ်စဉ်၊ ဖြစ်ရပ်တွေအပေါ်မှာ နှလုံးသွင်းမှု မှားယွင်းခြင်းကြောင့် မလို လားအပ်တဲ့ ပြဿနာတွေ ဖြစ်လာရတယ်လို့ မြင်ပါတယ်။
နှလုံးသွင်းမှုဆိုတာ ဘာနဲ့ ဆက်စပ်နေသလဲ။

နှလုံးသွင်းမှုဆိုတာ အသိနဲ့ ဆက်စပ်နေပါတယ်။ ပညာနဲ့ ဆက်စပ်နေပါတယ်။ ခံယူချက်နဲ့ ဆက်စပ်နေပါတယ်။ ဘဝအမြင်နဲ့ ဆက်စပ်နေပါတယ်။ ဘဝဖြတ်သန်းမှုအပေါ်မှာ ကိုယ့်ရဲ့ ရှုမြင်ပုံနဲ့ ဆက်စပ်နေပါတယ်။

လူရယ်လို့ ဖြစ်လာရင် မွေးဖွားခြင်း၊ ဖြစ်တည်ခြင်း၊ ကြုံဆုံခြင်းတွေ မတူညီနိုင်တာကနေစပြီး၊ နှလုံးသွင်းမှုတွေ မတူကြတာဖြစ်ပါတယ်။ ဒါကလည်း သဘာဝဖြစ်နေပြန်ပါတယ်။ အားလုံးသော လူသားတွေမှာ နှလုံးသွင်းမှု တူညီတယ်ဆိုတာ ပြဿနာမဟုတ်ပါဘူး။ သဘာဝကိုက ဒီလိုဖြစ်တည်နေတာဖြစ်ပါတယ်။ ဒါပေမယ့် အသိနဲ့ ပညာဟာ နှလုံးသွင်းမှုကို ပြဌာန်းတာဖြစ်လို့၊ လူ့အဖွဲ့အစည်းအတွင်းမှာ ဆင်ခြင်တုံတရားနဲ့ အသိ ပညာကို ဖြည့်တင်းနိုင်ရင် အစွန်းမရောက်တဲ့ နှလုံးသွင်းမှုကို ဖြစ်ပေါ်နိုင်ပါတယ်။

လူ့အဖွဲ့အစည်းဟာ လူတစ်ဦးချင်းစီကနေ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ တစ်ဦးချင်းစီရဲ့ စိတ်နှလုံး၊ ဦးနှောက်၊ အသိအမြင်ထဲမှာ ခံယူတဲ့ ပုံသဏ္ဍာန် မမှန်ရင် လူ့အဖွဲ့အစည်းဟာ ပုံသဏ္ဍာန်မှန်တဲ့ လူ့အဖွဲ့အစည်းကို ရမှာ မဟုတ်ပါဘူး။ တစ်ဦးချင်းစီရဲ့ ပညာဟာ လူ့အဖွဲ့အစည်းကို ပြဌာန်းတယ်။ ပုံဖော်တယ်။

ဒုတိယမေးခွန်း

မတူကွဲပြားခြင်းဆိုတဲ့ စကားလုံးကို ထပ်ပြီး ဆန်းစစ်ကြည့်ရအောင်။
• ကွဲပြားတယ်ဆိုတာ ဘာလဲ။
• မတူတိုင်း ကွဲပြားကြသလား။
• တူတဲ့သူတွေရော မကွဲပြားကြဘူးလား။
• ကွဲပြားတိုင်းရော မတူတာ ဟုတ်လို့လား။
• တူတဲ့သူတွေ ကွဲကြတာ ကြားဖူးလား။

ကွဲပြားခြင်းဟာ ပုံသေ မဟုတ်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် အယူအဆခြင်း ကွဲပြားတာ သဘာဝပဲ။ အမြင်တွေ ကွဲပြားတာလည်း သဘာဝပဲ။ ဖြစ်တည်လာပုံတွေမှ မတူကြဘဲ ကွဲပြားကြတာ ထုံးစံပဲ မဟုတ်လား။ ဘယ်လိုပဲ မတူမတူ၊ ဘယ်လိုပဲ ကွဲပြားကွဲပြား ပညာရှိရင် ပေါင်းပြီး လုပ်နိုင်ကြတယ်။ ပေါင်းစပ်ပြီး လုပ်နိုင်ကြ တယ်။ ပညာရှိရင် ပူးပေါင်းပြီး လုပ်နိုင်ကြတယ်။ မတူတာတွေကို ညှိပြီး လုပ်နိုင်တယ်။ ပညာရှိရင် ညှိနိုင်ကြ တယ်။ မတူပေမယ့် ပေါင်းနိုင်ကြတယ်။ ကွဲပြားပေမယ့်လည်း ကြားအဖြေရှာနိုင်တယ်။ အလုပ်ဖြစ်အောင် လုပ် နိုင်ကြတယ်။ မတူတာကို အကြောင်းပြပြီး စကားများမနေကြတော့ဘူး။ မတူတဲ့အကြောင်း၊ ကွဲပြားခြင်း အကြောင်းတွေ ပြောကြတယ်ဆိုရင်တောင် သူနိုင်ကိုယ်နိုင် ငြင်းခုန်တဲ့ ပုံစံ မဟုတ်တော့ဘူး။ ဆွေးနွေးတဲ့ ပုံစံ ဖြစ်လာတယ်။ ညှိနှိုင်းတဲ့ ပုံစံဖြစ်လာတယ်။ ဝိုင်းဝန်းအဖြေရှာတဲ့ ပုံစံဖြစ်လာတယ်။ တစ်ယောက်သဘော တစ်ယောက်နားလည်အောင် ပြသကြတဲ့ သဘောဖြစ်လာတယ်။ ဒါဟာ ပညာဓာတ်ခံရှိတဲ့သူတွေ လုပ်နိုင်ကြ တဲ့ အလုပ်ဖြစ်ပါတယ်။

မြန်မာ့လူ့အဖွဲ့အစည်း

မြန်မာပြည်ရဲ့လူ့အဖွဲ့အစည်းဟာ၊ မတူခြင်းကို အကြောင်းပြုပြီး ကွဲပြားကြတယ်။ မတူတာကို အကြောင်းပြု သလို၊ အကြောင်းလည်း ပြတယ်။ ကွဲပြားတယ်ဆိုတာကို ကောင်းကောင်းနားလည် သဘောမပေါက်ဘူး။ ကွဲပြားတာဟာ သဘာဝလို့ နားမလည်ကြဘူး။ မတူခြင်း၊ ကွဲပြားခြင်းကို အကြောင်းပြုပြီး ပေါင်းမလုပ်နိုင်ကြဘူး။ မညှိနှိုင်ကြဘူး။ မခေါ်နိုင် မပြောနိုင်ဖြစ်ကြတယ်။ မတူတာတွေပေါင်းရင် တန်ဖိုးဖြစ်တယ်ဆိုတာ မြန်မာတွေ မသိကြဘူးလားလို့ မေးချင်တယ်။

မြန်မာပြည်ရဲ့ နိုင်ငံရေးဟာ လူ့ပယောဂတွေအကြားမှာ ဝဲလည်လိုက်နေတယ်။ ရှေ့မတိုးသာ၊ နောက်မဆုတ် သာ အနေအထားကို ရောက်နေတယ်။ နိုင်ငံရေးအုပ်စုတွေကလည်း လူ့ပယောဂကို ကျော်ပြီး မကြည့်နိုင်ကြ ဘူး။ လူမျိုးရေးလှုပ်ရှားသူတွေကလည်း လူ့ပယောဂကို ကျော်ပြီး မကြည့်နိုင်ကြဘူး။ ဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေး လို့ အော်နေကြတဲ့ လူတွေကလည်း လူ့ပယောဂတွေကို မမြင်ကြဘူး။

မြန်မာပြည်ဟာ သဘာဝက ပေးတဲ့ ကောင်းသော အခြင်းအရာတွေ အများကြီး ရှိနေပြီးသားဖြစ်ပါတယ်။ သဘာဝက ကောင်းပေမယ့်၊ လူ့ပယောဂက မကောင်းဘူး။ ဒါ့ကြောင့် သဘာဝကို လူ့ပယောဂက ဖျက်နေ တယ်။ လူ့ပယောဂက ဖျက်ဆီးနေတယ်။ နိုင်ငံတစ်နိုင်ငံ ဆင်းရဲတယ်ဆိုတာ သဘာဝက ပေးတဲ့ အကြောင်း ခြင်းရာထက် လူ့ပယောဂကြောင့် ဆင်းရဲကြတာများပါတယ်။ ပြည်သူလူထုတွေ ငတ်မတ်ခေါင်းပါးကြတယ်ဆို တာလည်း သဘာဝအကြောင်းတရားတွေထက် လူ့ပယောဂကြောင့် ငတ်မွတ်ခေါင်းပါးမှုဘေးကျရောက်တာ များပါတယ်။

လူ့ပယောဂဟာ လူ့အဖွဲ့အစည်းကို သတ်နေတယ်။ လူ့အဖွဲ့အစည်းကို နိမ့်ကျအောင်လုပ်နေတယ်။ လူ့ အဖွဲအစည်း တစ်ခုနဲ့ တစ်ခုအကြား ပဋိပက္ခဖြစ်အောင် လုပ်နေပါတယ်။ ဆုတ်ယုတ်မှု၊ နိမ့်ကျမှု၊ ဘေးဒုက္ခ ရောက်မှုတွေကို ကြည့်ရင် သဘာဝအကြောင်းခြင်းရာကြောင့်ဆိုတာထက် လူ့ပယောဂကြောင့်ဖြစ်တဲ့အရာတွေ များ ပိုများနေတာ တွေ့ရပါလိမ့်မယ်။

အနာဂတ်ကိစ္စ

မြန်မာပြည်မှာ ဖြစ်နေတဲ့ လူ့ပယောဂတွေဟာ ဘာတွေပါလဲ။ ဆန်းစစ်ကြည့်ဖို့ လိုပါတယ်။ သုတေသီတွေ သုတေသန လုပ်သင့်ပါတယ်။ လူ့အဖွဲ့အစည်းရဲ့ ဖြစ်တည်မှုကို ပြန်လည် အဓိပ္ပာယ်ဖွင့်ဖို့ လိုနေပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ လားရာ၊ အနာဂတ်ကို မျှော်ကြည့်ဖို့ လိုပါတယ်။ နောက် နှစ် (၂၀) ၊ နှစ် (၃၀) မှာ ဘယ်လို အနေအထားမျိုးမှာ ရှိနေမှာလဲ။ ဘယ်လို ပုံစံမျိုး ရှိနေနိုင်သလဲ။ နောက် နှစ် (၅၀) လောက်ဆိုရင် မြန်မာ့လူ့အဖွဲ့အစည်းရောက်နေမယ့် နေရာက ဘယ်လိုပုံစံမျိုး၊ ဘယ်လိုအဆင့်မျိုးမှာ ရှိနေမှာလဲ။ နောက် အနှစ် (၃၀) လောက်မှာ လူတစ်ဦးချင်းစီရဲ့ နေ့စဉ်ဘဝက ဘယ်လို ဖြတ်သန်းမှုပုံစံနဲ့ ရှိနေမှာလဲ။


ကျနော်ကတော့ အနာဂတ်ကို မျှော်ကြည့်ပြီး၊ မြန်မာ့လူ့အဖွဲ့အစည်းရဲ့လားရာကို ခန့်မှန်းဆန်းစစ်ကြဖို့ တိုက်တွန်းနှိုးဆော်ချင်တာဖြစ်ပါတယ်။

မင်းသေ့
ည ၉ း ၅၂
၂၄ ၊ ဧပြီလ ၊ ၂၀၁၉ ။

Previous post မြန်မာသစ် ၊ မြန်မာဟောင်း
Next post လူ၊ လူ့ပယောဂ နဲ့ အနာဂတ်ရေး