လူ့ပယောဂလို့ ပြောတဲ့နေရာမှာ ထပ်မံခွဲခြမ်းစိတ်ဖြာဖို့ လိုပါတယ်။ လူလို့ ပြောတာဟာ ခြုံငုံပြီး ပြလိုက်တဲ့ သဘောဖြစ်ပါတယ်။ လူဆိုတဲ့နေရာမှာ ဘယ်လိုလူလဲလို့ ထပ်မေးစရာ ရှိပါတယ်။ အမေးရှိရင် အဖြေပေါ်လာရ ပါတယ်။

လူဆိုတာ မြန်မာနိုင်ငံအတွင်းက လူ။

မြန်မာနိုင်ငံအတွင်းက လူတွေက အများကြီးပဲ။ ဒါတွေကို ထပ်ခွဲခြားရင် အလွှာလိုက်ပေါ်လာမယ်။ အကန့်လိုက် ပေါ်လာမယ်။ အလျားလိုက်ပေါ်လာမယ်။ အစုလိုက် အကွက်လိုက် ပေါ်လာမယ်။

လူမှုအလွှာ

နိုင်ငံထဲမှာရှိတဲ့ လူတွေအားလုံးကို ခြုံကြည့်ရင်၊ အခြေခံနှစ်မျိုးရှိပါတယ်။ နိုင်ငံသား ဖြစ်တဲ့လူ၊ နိုင်ငံသားမဖြစ်တဲ့ လူ။ နိုင်ငံသားဖြစ်တဲ့လူအားလုံးဟာ ပြည်သူလူထုတွေဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ ပြည်သူလူထုတွေဖြစ်ပါတယ်။ ပြည်သူလူထုဆိုတာမှာ လူမှုလူတန်းစားမျိုးစုံပါဝင်နိုင်ပါတယ်။ လူမှုအလွှာ၊ လူတန်းစားအလွှာကို အခြေခံသတ် မှတ်ရင် ပုံစံ (၃) မျိုးရှိတယ်။ အခြေခံလူတန်းစား၊ အလယ်အလတ်တန်းလွှာ လူတန်းစားနဲ့ အထက်တန်းလွှာ လူတန်းစား ဆိုပြီး ရှိပါတယ်။

အခြေခံလူတန်းစား ဆိုတဲ့ အလွှာကို ကွန်မြူနစ်အဌကထာဆရာတွေက အခုလို အဓိပ္ပာယ်ဖွင့်ခဲ့ဖူးပါတယ်။ ‘ကျောမွဲ၊ နင်းပြား၊ ပစ္စည်းမဲ့လူတန်းစား’ ဆိုပြီး ပညတ်ခဲ့ပါတယ်။ ကျောမွဲဆိုတာက ပြောင်ပြောင်ရောင်ရောင် မရှိဘူးဆိုတဲ့ အဓိပ္ပာယ်ကို ပြောတာဖြစ်ပါတယ်။ နင်းပြားဆိုတာက ဖိနှိပ်ခံရတယ်ဆိုတဲ့ အဓိပ္ပာယ်ကို ပြောတာ ဖြစ်ပါတယ်။ ပစ္စည်းမဲ့ဆိုတာက နှောင်ကြိုးမှလွဲ၍ ပိုင်ဆိုင်ထားတာ ဘာမှမရှိ … ဆိုတဲ့အဓိပ္ပာယ်ကို ပြောတာ ဖြစ်ပါတယ်။


အထက်တန်းလွှာ လူတန်းစားဆိုတာကို ကွန်မြူနစ်အဌကထာဆရာတွေ အဓိပ္ပာယ်ဖွင့်တာလည်း ရှိပါသေး တယ်။ အထက်တန်းလွှာ လူတန်းစားကို ရေပေါ်ဆီ၊ လူ့မလှိုင်လို့ ပြောကြတယ်။ ခေါင်းပုံဖြတ်တဲ့သူ၊ အရင်းရှင် လို့လည်း သုံးနှုန်းကြတယ်။ လူတန်းစားနိုင်ငံရေးခေတ်ထစဉ် အချိန်တုန်းက ပစ္စည်းမဲ့လူတန်းစားနဲ့ အရင်းရှင် လူတန်းစား တိုက်ပွဲတွေဟာ ပြင်းထန်တယ်။ ဒါပေမယ့် ပညာရပ်ဆိုင်ရာ သမာသမတ်ကျတဲ့လူတွေက အထက် တန်းလွှာကို နိုင်ငံရေးဘက်အခံနဲ့ အဓိပ္ပာယ်မဖွင့်ကြဘူး။ သူတို့အနက်အဓိပ္ပာယ်ဖွင့်ပုံက ဒီလို။

အထက်တန်းလွှာ လူတန်းစားကို ပုံစံ (၃) မျိုးခွဲတယ်။ အာဏာအထက်တန်းလွှာ၊ စီးပွားရေးအထက်တန်းလွှာနဲ့ ပညာအထက်တန်းလွှာ ဆိုပြီး သုံးမျိုးခွဲကြည့်နိုင်တယ်။ သာမန်အတိုင်းအတာထက် ဩဇာအာဏာပိုရှိတဲ့သူဟာ အာဏာအထက်တန်းလွှာမှာ ပါတယ်။ သာမန်ဓနဥစ္စာပိုင်ဆိုင်မှုထက် ပိုသာနေတဲ့သူဟာ စီးပွားရေးအထက် တန်းလွှာမှာပါဝင်တယ်။ အသိပညာတတ်မြောက်မှုဟာ သူတကာထက် ပိုနေရင်၊ သူတကာထက် ခေါင်းတစ်လုံး ပိုမြင့်နေရင် ပညာအထက်တန်းလွှာမှာ ပါတယ်။ သာမန်ထက် ခေါင်းတစ်လုံးပိုမြင့်နေတဲ့သူကို အထက်တန်းလွှာ ထဲမှာ ထည့်လိုက်တာပါပဲ။ ကဏ္ဍအလိုက်၊ နယ်ပယ်အလိုက် အသီးအသီးအဓိပ္ပာယ်ဖွင့်လို့ ရပါတယ်။
လူတစ်ယောက်ဟာ ပစ္စည်းဥစ္စာအရင်းအနှီး၊ ဓနဥစ္စာပိုင်ဆိုင်မှု မမြင့်မားပေမယ့် အာဏာလုပ်ပိုင်ခွင့်ကို သာမန် ထက် ပိုကိုင်ထားနိုင်သူဖြစ်လို့ ရှိရင်၊ သည်လူ့ကို ပါဝါအထက်တန်းလွှာလို့ ပြောလို့ ရပါတယ်။ ဒါဆိုရင် ကွန်မြူ နစ် နိုင်ငံတွေမှာ အုပ်ချုပ်ခဲ့တဲ့ ပစ္စည်းမဲ့အာဏာရှင်အစိုးရတွေဟာ အာဏာအထက်တန်းလွှာ လူတန်းစားတွေ လား။ ပါဝါအထက်တန်းလွှာ လူတန်းစားတွေဖြစ်မနေဘူးလား…. ဆိုတာ အဖြေပေါ်လိမ့်မယ် ထင်ပါတယ်။

လူလတ်တန်းစား

လူလတ်တန်းစားဆိုတာကို ဘယ်ပေတံနဲ့ တိုင်းတာမှာလဲ။ အခြေအနေနဲ့ အချိန်အခါပေါ်လိုက်ပြီးတော့ ပေတံ နှုန်းစံက ကွဲပြားမသွားနိုင်ဘူးလား။ ဆင်းရဲတဲ့ နိုင်ငံတစ်နိုင်ငံမှာရှိတဲ့ ပြည်သူတစ်ယောက်ဟာ တစ်ရက်ကို (၅) ဒေါ်လာရရင် လူလတ်တန်းစား စာရင်းဝင်နိုင်ပေမယ့်၊ ဖွံ့ဖြိုးပြီးနိုင်ငံတစ်နိုင်ငံမှာရှိတဲ့ ပြည်သူတစ်ယောက်ရဲ့ တစ်ရက်ဝင်ငွေဟာ ပျမ်းမျှအားဖြင့် ဒေါ်လာ (၂၀) နဲ့ (၃၀) အကြားရှိမှ လူလတ်တန်းစားစာရင်းမှာ ဝင်နိုင်မယ် လို့ ယူဆနိုင်စရာ ရှိပါတယ်။ လူလတ်တန်းစားဖြစ်မှုဟာ နေရာကို လိုက်ပြီး ပြောင်းလဲနိုင်တယ်ဆိုတာကို နမူနာ ပြလိုက်တာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ (၅) နှစ်လောက်တုန်းက၊ ပန်းသီးတစ်လုံး (၁) ဒေါ်လာ ရှိစဉ်တုန်းက လူတစ်ယောက် တစ်ရက်ဝင်ငွေ ဟာ (၃၀) ရှိရင် လူလတ်တန်းစား စာရင်း ဝင်နိုင်ပေမယ့်၊ ယခု ပန်းသီးတစ်လုံးရဲ့ ဈေးနှုန်းဟာ (၃) ဒေါ်လာဖြစ် နေရင် တစ်ရက် ဒေါ်လာ (၃၀) ရတဲ့ လူတစ်ယောက်ဟာ လူလတ်တန်းစား စာရင်း မဝင်နိုင်တော့ပါဘူး။ အခြေခံလူတန်းစား အဆင့်ကို လျောကျသွားမှာဖြစ်ပါတယ်။ ဒါဟာ အချိန်ကို လိုက်ပြီး ငွေတန်ဖိုးကျသွားခြင်း အပေါ်မူတည်ပြီး လူတန်းစားအလွှာတွေ ရွေ့လျားသွားနိုင်တာကို နမူနာပြလိုက်တာဖြစ်ပါတယ်။ ဒါ့ကြောင့် လူတန်းစားနိုင်ငံရေးဟာ အချိန်နဲ့အမျှ ရွေ့လျား ပြောင်းလဲနေတယ်။ နေရာဒေသကို လိုက်ပြီး ရွေ့လျားပြောင်း လဲနေတယ်။ ခေတ်ကို လိုက်ပြီး ရွေ့လျား ပြောင်းလဲနေတယ်။

လူမျိုးစုနိုင်ငံရေး

အခု ၂၁ ရာစုမှာတော့၊ လူတန်းစားနိုင်ငံရေးနေရာမှာ လူမျိုးစုနိုင်ငံရေးက အစားထိုးဝင်ရောက်လာတယ်။ လူမျိုးစုတွေဆိုတာ သွေးသားဗီဇမျိုးရင်းဓာတ်ခံအပေါ်မူတည်ပြီး ကွဲပြားလာတာဖြစ်ပါတယ်။ သွေးသားဗီဇ ဆိုတာက ဇီဝသဘောဖြစ်ပါတယ်။ ဇီဝဆိုတဲ့သဘောက အော်ဂဲနစ်ဆန်တယ်။ အသွေးအရောင်နဲ့ ဗီဇအပေါ် မူတည်တာဖြစ်လို့ လူ့သွေးသားဖြစ်တည်မှုအပေါ်လိုက်ပြီး နိုင်ငံရေးပုံစံသစ်တွေ ဖြစ်ထွန်းလာတယ်။ ပြဿနာ အသစ်တွေ၊ ပဋိပက္ခပုံစံအသစ်တွေ ဖြစ်လာတယ်။

လူမျိုးတွေမှာ ဆိုင်းဘုတ်ကိုယ်စီ ရှိနေတယ်။ အမှတ်သရုပ်ကိုယ်စီရှိနေတယ်။ ကိုးကွယ်ယုံကြည်မှု ပုံစံတွေ သီးခြားစီရှိနေတယ်။ ဘာသာစကား၊ ဓလေ့စရိုက် စသည်ဖြင့် ထပ်တူကျ မနေတဲ့ ပုံစံတွေ ရှိနေတယ်။ သမိုင်း ဖြတ်သန်းမှုတွေလည်း မတူကြဘူး။ အသွေးအရောင်လည်း မတူကြဘူး။ ယဉ်ကျေးမှုအားဖြင့်လည်း မတူကြ ဘူး။
ဒေသအားဖြင့် နီးကပ်တဲ့လူမျိုးစုတွေအကြားမှာတော့ ယဉ်ကျေးမှု၊ ဓလေ့စရိုက်သွင်ပြင်လက္ခဏာတွေဟာ ထပ်နေတာတွေ ရှိတယ်။ တူနေတာတွေ ရှိတယ်။ အခြေခံအားဖြင့် တူညီနေတာတွေလည်း တွေ့ရတယ်။ ဒါပေမယ့် လူဆိုတဲ့အမျိုးက တူတဲ့အရာတွေထက် မတူတဲ့အရာတွေကို ပိုမြင်၊ ပိုမှတ်မိကြတာ သဘာဝပဲ မဟုတ်လား။

ခွဲခြားပိုင်းဖြတ်ကြည့်

ဒီနေရာမှာ လူတန်းစား အလွှာတွေ ဘယ်လိုမျိုးလဲဆိုတာ တွေ့ရတယ်။ လူမျိုးစုပုံစံတွေ ဘယ်လိုမျိုးလဲဆိုတာ တွေ့ရတယ်။ လူဆိုတာ ဘယ်လူကို ပြောတာလဲ။ လူ့ပယောဂဆိုတာ ဘယ်လူတန်းစား၊ ဘယ်လူမျိုးစုနဲ့ ပိုပြီး သက်ဆိုင်သလဲ။ အားလုံးနဲ့ သက်ဆိုင်နေတာရော မဖြစ်နိုင်ဘူးလား။

လူ့ပယောဂကို စဉ်းစားတဲ့နေရာမှာ တစ်ဆင့်ချင်းစီ ခွဲခြားပိုင်းဖြတ်ပြီး ကြည့်နိုင်မှ ကောင်းပါမယ်။ ပဋိပက္ခ တစ်ခု၊ အကျပ်အတည်းတစ်ခု၊ ပြဿနာတစ်ခုဟာ ပြည်သူ့ကြောင့် ဖြစ်ဖို့ များသလား၊ သို့တည်းမဟုတ် အစိုးရ ကြောင့် ဖြစ်ဖို့ များသလား။ ဒီပြဿနာ၊ အကျပ်အတည်းဖြစ်ဖို့ ဘယ်သူ့မှာ နီးသောအကြောင်းရှိသလဲ။ ဒါဟာ စပြီးစဉ်းစားရမယ့် အရာဖြစ်ပါတယ်။ တစ်ယောက်ကို တစ်ယောက် လက်ညှိုးထိုး အပြစ်ဖို့နေကြတာဟာ၊ ပိုင်းခြားစဉ်းစားဉာဏ် နိမ့်ပါးလို့ ဖြစ်ပါတယ်။

ပြည်သူတွေထဲမှာ ….
• အမှုထမ်း ၊ အရာထမ်း
• ကုန်သည် ၊ ပွဲစား ၊ စီးပွားရေးသမား
• အခြေခံ အလုပ်သမား
• ဝန်ထမ်း
• အလုပ်သမား ၊ လယ်သမား ၊ တောင်သူ
• ပညာသည် ၊ ပညာတတ် ၊ ပညာရှင်
• အနုပညာသမား
• စာပေသမား
• စစ်သား
• ဘုန်းကြီး
• ကျောင်းသား
• လက်မှုသမား ၊ စက်မှုသမား
• ကျောင်းဆရာ
အမျိုးမျိုး ရှိနေပါတယ်။

ပုံကြမ်း

မြန်မာ့လူ့အဖွဲ့အစည်းကို အလွှာလိုက်၊ အလျားလိုက်၊ နယ်ပယ်အလိုက် ပုံကားချပ်ကြီးတစ်ခု ဖော်ယူရင် ဘယ်လိုပုံစံထွက်လာမယ် ထင်ပါသလဲ။ လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးရဲ့ အရှိတရားတွေကို ပုံဖော်မယ်။ ပြဿနာတွေကို စာရင်းချမယ်။ သမိုင်းနောက်ခံတွေကို ဖော်ထုတ်မယ်။ ပါဝင်ပတ်သက်နေသူတွေကို အဆင့် သတ်မှတ်မယ်။ ဘယ်အလွှာက ဘယ်လောက်ပါဝင်ပတ်သက်နေသလဲ ဆိုတာ ဆန်းစစ်ကြည့်မယ်။ လိုတာထက် ပိုနေတဲ့ ပါဝင်မှုတွေကို ကန့်သတ်ကြည့်မယ်။ အပိုလုံ့လ ထုတ်တာတွေ ရှိနေရင်၊ တားဆီး ဟန့်တားမယ်။ လူ့ပယောဂဆိုတဲ့ အတိုင်းအဆကို တွက်ဆကြည့်မယ်။ အဖြေထုတ်ကြည့်မယ်။ ပေးထားချက် တွေ စုံမယ်ဆိုရင် အဖြေနဲ့ နီးစပ်နိုင်ပါတယ်။ ကိုယ့်မှာ ဖော်မြူလာကောင်း ရှိရင်လည်း အဖြေနဲ့ နီးစပ်နိုင်ပါ တယ်။

လူ့အဖွဲ့အစည်းအကြောင်းကို အဖြေထုတ်တဲ့နေရာမှာ အဖြေတစ်မျိုးတည်းတော့ ထွက်လာမယ် မထင်ဘူး။ အနီးစပ်ဆုံးအဖြေ သုံးလေးငါးခု ထွက်လာတဲ့ထိ လုပ်ကြည့်ရမယ်။ မြန်မာ့လူ့အဖွဲ့အစည်းရဲ့လာရာကို ရှင်းရှင်း လင်းလင်း မြင်ကြမယ်ဆိုရင် အရှိတရားကို ပုံဖမ်းယူဖို့ မခက်ခဲပါဘူး။ အရှိတရားကို ပြတ်ပြတ်သားသား ဖော် ထုတ်နိုင်ရင် အနာဂတ်လားရာကို ခန့်မှန်းလို့ ရပြီ။ အနာဂတ်မှာ လိုချင်နေတာက ဘာလဲ။ ဖြစ်နိုင်ချေရှိတာက ဘာလဲ။ ပစ္စုပ္ပန်လုပ်ရပ်တွေက အနာဂတ်ကို ဘယ်လို ပုံမျိုး ဖော်နိုင်သလဲ။

အနာဂတ်ရေး

မဖြစ်မနေ လုပ်ရမယ့် အလုပ်က အတိတ်နဲ့ ပစ္စုပ္ပန်ကို ဆက်စပ်ကြည့်ဖို့၊ ပစ္စုပ္ပန်နဲ့ အနာဂတ်ကို တွက်ဆကြည့်ဖို့ ဖြစ်ပါတယ်။ လက်ရှိဖြစ်နေတဲ့ ပစ္စုပ္ပန်ကို အရှိကို အရှိအတိုင်းမြင်နိုင်အောင် ကြည့်နိုင်ခြင်းသည်ပင် ပညာလို့ ပြောလို့ ရနိုင်ပါတယ်။ ပစ္စုပ္ပန်မှာ မြင်နိုင်တဲ့ဉာဏ်အမြင်ဟာ အနာဂတ်လူ့အဖွဲ့အစည်းကို ပုံဖော်ပြဌာန်းမှာဖြစ်ပါ တယ်။
ပစ္စုပ္ပန်တည့်တည့် ကြည့်နိုင်သူတွေသာ အနာဂတ်ကို မြင်နိုင်ပါလိမ့်မယ်။ မြန်မာ့လူ့အဖွဲ့အစည်းမှာ အနာဂတ် အကြောင်းကို တွေးနေသူထက်၊ အတိတ်အကြောင်းကို တွေးနေသူက ပိုများပါတယ်။ ပစ္စုပ္ပန်တည့်တည့်ကြည့် သူတွေထက် အတိတ်ကို လွမ်းဆွတ်တမ်းတနေသူတွေက ပိုများပါတယ်။ မြန်မာတွေဟာ အတိတ်ရဲ့အကျဉ်းစံ ဘဝကနေ မလွတ်မြောက်နိုင်သေးဘူး။ အနာဂတ်ကို မကြည့်နိုင်ကြဘူး။ ကိုယ့်တိုင်းပြည်ရဲ့နယ်နိမိတ်ကို ကျော် ပြီး ကြည့်ဖို့ ခဲယဉ်းနေကြသေးတယ်။ ဝါးလုံးခေါင်းထဲမှာ ပိတ်မိနေကြသေးတယ်။ ကိုယ့်ဥခွံထဲမှာ လူတွင်ကျယ် လုပ်နေကြသေးတယ်။ ငါ့လူမျိုး၊ ငါ့နယ်မြေ၊ ငါ ဆိုတာမှာ ပိတ်မိနေကြတယ်။

အနာဂတ်ကို ကြည့်ဖို့ထက် အတိတ်ကို ပိုကြည့်နေတယ်။ ကမ္ဘာနဲ့ ရန်ဖြစ်ဖို့ထက် ကိုယ့်အချင်းချင်းရန်ဖြစ်နေကြ တယ်။ မြန်မာတွေဟာ အတိတ်အကြောင်းကို အခုထက်ထိ စားမြုံ့ပြန်လို့ အားမရကြသေးဘူး။

မြန်မာပြည်ရဲ့အနာဂတ်ရေးမှာ လူ့အဖွဲ့အစည်းရဲ့ အာရုံညွှတ်မှုမှာ မူတည်နေပါတယ်။ လူ့အဖွဲ့အစည်းရဲ့ တိမ်းညွတ်မှုနဲ့ အာရုံကျမှုဟာ ဘယ်ဘက်မှာဖြစ်နေပါသလဲ။ ဒါဟာ အနာဂတ်လားရာကို ညွှန်ပြနိုင်မယ့် မေးခွန်း တစ်ခုဖြစ်နိုင်ပါတယ်။ လူတစ်ဦးချင်းစီကနေ လူ့အဖွဲ့အစည်းကို ဆင့်ကဲရိုက်ခတ်နေတဲ့ အကြောင်းအချက် တစ်ခုချင်းစီကို ဆန်းစစ်လေ့လာဖို့ လိုနေပါတယ်။

မင်းသေ့
ည ၁၁ း ၀၂
၂၄ ဧပြီလ ၂၀၁၉ ။

Previous post လူ့အဖွဲ့အစည်းနဲ့ လူ့ပယောဂ
Next post မြန်မာ့အပြောင်းအလဲ