ဂျင်းနိုင်ငံ ၊ ဇော်ကန့်လန့်နိုင်ငံ ၊ ဘဲလို နိုင်ငံ

ဗုဒ္ဓအဆုံးအမနဲ့ ကြီးပြင်းလာတဲ့ နိုင်ငံ…တဲ့။
ယဉ်ကျေးသိမ်မွေ့တဲ့နိုင်ငံ…တဲ့။

ကမ္ဘာကလူတွေကို မြန်မာဟာ ဘာဘာသာကို ကိုးကွယ်သလဲလို့ မေးရင်၊ ဗုဒ္ဓဘာသာလို့ တော်တော်များများ ဖြေကြလိမ့်မယ်။ မြန်မာပြည်က လူတွေကလည်း ပြောတယ်။ တို့ဟာ ငယ်ငယ်လေးကတည်းက ဗုဒ္ဓအဆုံးအမ နဲ့ ကြီးပြင်းလာတဲ့ နိုင်ငံ…တဲ့။ အင်မတန် ယဉ်ကျေးသိမ်မွေ့တယ်။ သဒ္ဓါတရားထက်သန်တယ်။ ရက်ရောတယ် လို့ ပြောကြတယ်။ မြန်မာပြည်ကို ရွှေမြန်မာလို့လည်း ပြောကြတယ်။ ရွှေအဆင်းနဲ့ ဝင်းဝါပြီး ကျက်သရေ ရှိတဲ့ နိုင်ငံ….တဲ့။

စာတွေ၊ ကဗျာတွေ၊ သီချင်းတွေ၊ ကြွေးကြော်သံတွေ၊ ဆိုင်းဘုတ်တွေမှာ ဒီလိုပဲ ဖတ်ဖူး၊ မှတ်ဖူးပါတယ်။

လွန်ဆွဲနေ

ငယ်စဉ်တုန်းက နားထဲမှာ အဆက်မပြတ်ကြားလာရတဲ့ ဒီစကားလုံးတွေဟာ အသက်ကြီးတဲ့အထိ ကျနော့်ရင် ထဲမှာ စွဲမြဲနေခဲ့တယ်။ ဒီလိုစွဲမြဲမှုဟာ ဝါဒဖြန့်ချိရေးလက်နက်ရဲ့ အောင်မြင်မှုဆိုတာ ကျနော် မသိခဲ့ဘူး။ သိစိတ် က ‘ဒါက ဟုတ်ရဲ့လား…. တကယ်လား’ ဆိုတာကို မေးနေပေမယ့်၊ မသိစိတ်ထဲမှာတော့ ‘တို့နိုင်ငံဟာ ဗုဒ္ဓ အဆုံးအမနဲ့ ကြီးပြင်းလာတဲ့ နိုင်ငံ…. တို့လူမျိုးဟာ ဗုဒ္ဓအဆုံးအမနဲ့ ကြီးပြင်းလာတဲ့ လူမျိုး… ယဉ်ကျေးတယ်၊ သိမ်မွေ့တယ်… သဒ္ဓါတရားထက်သန်တယ်’ လို့ စွဲနေတယ်။ ဒီအစွဲကို တော်ရုံနဲ့ ဖျောက်လို့ မရဘူး။


ဒီလို အစွဲက ဖျောက်လို့ မရလေလေ၊ ကျနော် နေ့စဉ်တွေ့ထိကြားသိနေရတဲ့ အရာတွေနဲ့ တိုးတိုက်မှုတွေ ဖြစ်လာလေလေ ဖြစ်လာတယ်။

• ကျနော်တို့ နဘေးမှာ၊
• ကျနော်တို့ ဝန်းကျင်မှာ၊
• ကျနော်တို့ အသိုင်းအဝိုင်းမှာ၊
• ကျနော်တို့ အနီးအနားမှာ၊
• ကျနော်တို့ မြင်ကွင်းရှေ့မှာ
အမြဲလိုလို ကြားနေ၊ မြင်နေရတဲ့ အရာတွေက မနှစ်မြို့စရာ။ မသတီစရာ။ နောက်ဆုံး ကိုယ့်ကိုယ်ကို ပြန်ကြည့် တော့လည်း ဒီလို မနှစ်မြို့စရာ၊ မသတီစရာ အမူအကျင့်တွေက ဒုနဲ့ ဒေးနဲ့ လျှံလို့ ကျနေတယ်။

နေ့စဉ်လိုလို….
• အွန်လိုင်း သတင်းမီဒီယာတွေရဲ့ စာမျက်နှာအောက်မှာ၊
• လော်ဘီတွေ ဆော်ဘီတွေရဲ့ လော်ပို့စ်၊ ဆော်ပို့စ်တွေ အောက်မှာ၊
• အမျိုးမျိုးသော ရေးသားချက်၊ ရိုက်ကူးချက်တွေရဲ့ အောက်မှာ….
ကျနော်တို့ တွေ့နေရတယ်။ မြင်နေရတယ်။ စိတ်မချမ်းသာစရာ အောက်လုံး၊ ထေ့လုံးတွေ။ ဆဲသံ ဆိုသံတွေ။ ညစ်ပတ်စော်ကားသံတွေ။ လူမြင်မရှောင် သူမြင်မရှောင် သမ္ဖပ္ပလာပ စကားတွေ၊ မှတ်ချက်တွေ။ ချက်အောက် ပိုင်းက စကားလုံးတွေ၊ အညစ်အထေးတွေ၊ အညီအဟောက်တွေ။ ဆဲသံဆိုသံတွေရဲ့နောက်မှာ တိုက်ခိုက် အပုတ်ချတာတွေ… အများကြီးမှ အများကြီး။ ကျနော်တို့ မြင်နေကြားနေရတယ်။

ေဩာ်…. ဒီလို အပြုအမူတွေဟာ ဗုဒ္ဓဘာသာ ဆိုတာနဲ့ မဆိုင်သလို ပါပဲလားလို့ မြင်မိတယ်။ ဗုဒ္ဓအဆုံးအမနဲ့ တခြားစီ ဆိုတာ မြင်မိတယ်။ လူဟာ လူပါပဲ။ လူဟာ လူ့သဘာဝ၊ လူ့ဗီဇကို ပြကြတာပါပဲ။ ဗုဒ္ဓဘာသာတို့၊ ဗုဒ္ဓ အဆုံးအမ တို့ဆိုတာလည်း ကြာလာတော့ ‘ခေတ်သစ်ဝါဒဖြန့်ချိရေး’ စကားလုံးဆိုတာ ပိုပိုပြီး နားလည်လာ တယ်။ ဒီခေတ်အခေါ် ‘ဂျင်းထည့်တယ်’ ဆိုတာကို မြင်မိလာတယ်။

ကျနော် စဉ်းစားမိတယ်။
• ကျနော်တို့ဟာ ဗုဒ္ဓအဆုံးအမနဲ့သာ ကြီးပြင်းလာရရိုးမှန်ရင်
• ကျနော်တို့ဟာ တကယ်ယဉ်ကျေးတဲ့ လူမှုဓလေ့ကို ပိုင်ဆိုင်ထားရိုးမှန်ရင်
• ကျနော်တို့ဟာ ဗုဒ္ဓဘာသာလို့ ခံယူကြရိုးမှန်ရင်
ကျနော်တို့ နှုတ်က၊ ကျနော်တို့ ပါးစပ်က၊ ကျနော်တို့ အပြုအမူတွေက ဒီလောက် ဆိုးဝါးနေစရာ အကြောင်း မရှိဘူးလို့ ကျနော်ထင်တယ်။

ဘုန်းကြီးတွေ

ကျနော်တို့ နိုင်ငံမှာ ဘုန်းကြီးသံဃာပေါင်း (၄) သိန်းကျော် ရှိတယ်။
မြန်မာပြည်မှာ လူဦးရေ သန်း (၅၀) ကျော် ရှိတယ်။ မြန်မာပြည်မှာ ရှိတဲ့ လူဦးရေနဲ့ ရှိနေတဲ့ ဘုန်းကြီးသံဃာ အရေအတွက်ကို ချိန်ထိုးကြည့်ရင် ဘုန်းကြီးသံဃာအရေအတွက်ဟာ နည်းပါးတဲ့ ပမာဏ မဟုတ်ဘူး။ လူ အရောက် (၁၀၀) မှာ ဘုန်းကြီး တစ်ပါးနှုန်းရှိတယ်ဆိုတဲ့ သဘော။ နေ့စဉ်လိုလို ပြည်သူလူထု ဒါယိကာ၊ ဒါယိကာမတွေက ရဟန်းသံဃာတွေရဲ့ နေ့စဉ် ဆွမ်းကွမ်းဆေးကျောင်းဆိုတာတွေအတွက် ထမ်းပေးနေရတဲ့ ဝန်က နည်းတာ မဟုတ်ဘူး။
ဒီတော့ မေးခွန်း နှစ်ခုထွက်လာပြီ။ ဘုန်းကြီးသံဃာတွေကပဲ တာဝန်မကျေတာလား။ ဗုဒ္ဓဝင်ဆိုသူတွေကပဲ မိုက်ရိုင်းညစ်ထေးနေကြတာလား။

အဖြေကတော့ ကိုယ့်ဘာသာ ဖြေရမယ် ထင်ပါတယ်။

စစ်သားတွေ

ကျနော်တို့ နိုင်ငံမှာ စစ်သားပေါင်း (၄) သိန်းကျော်လောက်ရှိတယ်လို့ ပြောတယ်။
မြန်မာပြည်မှာ လူဦးရေ သန်း (၅၀) ကျော် ရှိတယ်။ မြန်မာပြည်မှာ ရှိနေတဲ့ လူဦးရေနဲ့ ရှိနေတဲ့ စစ်သားအရေ အတွက်ကို ချိန်ထိုးကြည့်ရင် စစ်သားအရေအတွက်ဟာ နည်းပါးတဲ့ ပမာဏတော့ မဟုတ်ဘူး။ လူအယောက် (၁၀၀) မှာ စစ်သား တစ်ယောက်နှုန်းရှိတယ်ဆိုတဲ့ သဘော။ နေ့စဉ်လိုလို နိုင်ငံတော်ဆီက အခွန်ဘဏ္ဍာနဲ့ တိုင်းပြည်ရဲ့ အရင်းအမြစ်တွေနဲ့ မြန်မာ့တပ်မတော်ရဲ့ နေ့စဉ် စားနပ်ရိက္ခာ၊ လက်နက်၊ အသုံးအဆောင်၊ နေထိုင်မှု၊ လစာ၊ အဆောင်အယောင်တွေအတွက် ထမ်းပေးနေရတဲ့ ဝန်က နည်းတာ မဟုတ်ဘူး။ ကျနော်တို့ နိုင်ငံမှာ အခုအချိန်ထိ လက်နက်ကိုင်တိုက်ပွဲတွေက မပြီးဆုံးသေးဘူး။ နေ့စဉ်လိုလို ခိုးတာ၊ ဝှက်တာ၊ လိမ်တာ၊ မုဒိန်းကျင့်တာ၊ စစ်ပြေးဒုက္ခသည်တွေ ဖြစ်တာ မနည်းတော့ဘူး။

တစ်နှစ်ထက် တစ်နှစ် တိုးလာတာပဲ ရှိတယ်။ ဒီလိုကိစ္စတွေဟာ လျော့သွားတယ်လို့ ပြောပလောက်အောင် မရှိ ဘူးလို့ ထင်ပါတယ်။ နောက်ပြီးထပ်ထည့် ပေါင်းထည့်ဖို့ လိုတာက၊ ကျနော်တို့ နိုင်ငံမှာ ရှိနေတဲ့ ရဲဝန်ထမ်း အရေအတွက်။ ကျနော်တု့ိနိုင်ငံမှာ ရှိနေတဲ့ တရားသူကြီး၊ တရားရေးဝန်ထမ်း အရေအတွက်။ ဘယ်မှာလဲ တရားဥပဒေ စိုးမိုးရေး။ ဘယ်မှာလဲ တရားမျှတမှု။ မေးခွန်းထုတ်စရာတွေက အများကြီး ရှိနေပါတယ်။ ကျနော် တို့ ပညာရေးဟာ အဖြေတွေကို အာဂုံကျက်ခိုင်းတာထက်၊ မေးခွန်းတွေ ထုတ်တတ်အောင် သင်ကြားပေးရင် ကို အတော်အရာရောက်လိမ့်မယ်လို့ ယူဆပါတယ်။

ဝန်ထမ်းတွေ

နောက် ရှိသေးတယ်။ အစိုးရဝန်ထမ်း အရေအတွက်။ မြန်မာပြည်က စာရင်းဇယား မှတ်တမ်းမှတ်ရာ အားနည်း လို့ ကျနော်တို့ တိတိကျကျ သိခွင့်မရကြဘူး။ ဒါပေမယ့် ပျမ်းမျှအားဖြင့် မြန်မာပြည်မှာလည်း အစိုးရဝန်ထမ်း ပမာဏဟာ နည်းတဲ့အရေအတွက် မဟုတ်ဘူး။ ပမာဏအားဖြင့် (၃) သိန်းနဲ့ (၄) သိန်းကျော် အကြားမှာ ရှိနေတယ်။ ဘယ်မှာလဲ ကောင်းမွန်တဲ့ ပြည်သူ့ဝန်ဆောင်မှု။ အစိုးရရုံးဌာနတွေဟာ နေရာတိုင်းလိုလို၊ မြို့ တိုင်းလိုလိုမှာ ပုံစံအမျိုးမျိုးနဲ့ ရှိနေကြတာပဲ။ ကျနော်တို့ ပြည်သူတွေဟာ ပြည်သူ့ဝန်ဆောင်မှုကောင်း ဆိုတာ ကို ဘယ်လောက်ရပြီးပြီလဲ။
နောက်ထပ် ထပ်ပြောချင်ပါသေးတယ်။

ဆရာ၊ ဆရာမတွေ

ကျောင်းဆရာ၊ ဆရာမများ ကိစ္စဖြစ်ပါတယ်။ ကျနော်တို့ နိုင်ငံမှာလည်း ကျောင်းဆရာ၊ ဆရာမ၊ တက္ကသိုလ် ဆရာ၊ ဆရာမ အရေအတွက်ဟာ နည်းတဲ့ ပမာဏ မဟုတ်ပါဘူး။ မြန်မာပြည်မှာ ရှိနေတဲ့ တက္ကသိုလ်တွေ တောင် စုစုပေါင်း (၂၀၀) ကျော်၊ (၃၀၀) နီးပါးလောက် ရှိမယ်လို့ ပြောလို့ရမယ် ထင်တယ်။ ဒီလို တက္ကသိုလ် အရေအတွက်ဟာ ကျနော်တို့ နိုင်ငံအတွက် နည်းတဲ့ အရေအတွက်တော့ မဟုတ်ဘူး။ များတယ်လို့တောင် ပြောလို့ရမယ်။ မြို့တိုင်း ရွာတိုင်းမှာ ရှိနေတဲ့ အခြေခံ ပညာကျောင်း အရေအတွက်ကိုတော့ မပြောတော့ပါ။

ဒီလောက်များပြားတဲ့ ကျောင်းတွေ၊ တက္ကသိုလ်တွေ၊ ဆရာ၊ ဆရာမတွေ ရှိနေတာတောင် ကျနော်တို့ဟာ ပညာ ကောင်းကောင်းတတ်တဲ့သူတွေ မဖြစ်ကြသေးဘူး။ ဘွဲ့တစ်ခုရလာရင် လုပ်ငန်းခွင်မှာ ချက်ချင်းအသုံးတည့် အောင် မလုပ်နိုင်ကြသေးဘူး။ ကျနော်တို့ သင်ယူခဲ့တယ်ဆိုတဲ့ ပညာတွေက ကျနော်တို့ကို ကိုယ်ရည်ကိုယ် သွေးကောင်းတဲ့ လူတွေ ဖြစ်အောင် လုပ်ပေးနိုင်ကြသေးဘူး။ ကျနော်တို့ အသိဉာဏ်နဲ့ အသက်မွေးဝမ်းကျောင်း အတွက် ကောင်းစွာ အထောက်အပံ့ မဖြစ်နိုင်ကြသေးဘူး။ ဘွဲ့သာရလာတယ်။ ကျနော်တို့ဟာ ဘဝရပ်တည်မှု အတွက် ပူပင်ကြောင့်ကြနေရတယ်။

စာရေးဆရာတွေ

နေ့စဉ် ထွက်လိုက်တဲ့ စာအုပ်တွေ။ ရေးကြတဲ့ စာရေးဆရာတွေရဲ့အရေအတွက်ကိုလည်း ကြည့်လိုက်ပါအုံး။ များမှ များပဲ။ ဒါပေမယ့် ကျနော်တို့ဟာ အခုအချိန်ထိ စာအုပ်ဟောင်းကို ပြန်ပြီး ပုံနှိပ်လို့ ကောင်းနေတုန်း။ အဟောင်းတွေက အမြဲတမ်း အထွက်နှုန်းသာနေတုန်း။ အဟောင်းတွေကို ယှဉ်နိုင်တဲ့ အသစ်တွေမှ မရှိဘဲ။ အဟောင်းတွေကို ပြန်ထုတ်ရမှာပေါ့။ အသစ်တွေကလည်း မကောင်းသာ မကောင်းတာ၊ ထွက်လာတာတွေက တသွင်သွင်၊ တရဟော။ ဘယ်မှာလဲ အသိဉာဏ်။ ဘယ်မှာလဲ အသိတရား။ ကျနော်တို့ဟာ စာပေတွေ ဒုနဲ့ဒေး ရှိနေပါလျက်နဲ့ ယဉ်ကျေးသိမ်မွေ့တဲ့ လူ့အဖွဲ့အစည်းဖြစ်မလာသေးတာ ဘာ့ကြောင့်လဲ။
နောက်ထပ် ရှိသေးတယ်။

လယ်သမားတွေ

ကျနော်တို့ နိုင်ငံရဲ့ လူဦးရေ (၇၀) ရာခိုင်နှုန်းကျော်က ကျေးလက်မှာ နေထိုင်ကြတယ်။ တောင်သူလယ်သမား တွေလို့ ပြောကြတယ်။ ကျနော်တို့ နိုင်ငံက ဆန်ကို ကမ္ဘာအနှံ့မဖြန့်နိုင်ကြသေးဘူး။ နဘေးနားက ထိုင်းတို့၊ ဗီယက်နမ်တို့က ထွက်တဲ့ ဆန်ကို မယှဉ်နိုင်သေးဘူး။ ကျနော်တို့ ဘိုးအေတွေ ခေတ်ကတည်းက ကြားလာရ တာ။ မြန်မာပြည်ဟာ စိုက်ပျိုးရေးကို အခြေခံတဲ့ နိုင်ငံတဲ့။ အခုအချိန်ထိ စိုက်ပျိုးရေးဟာ အခြေခံအဆင့်ကနေ တက်မလာသေးဘူး။ ထိုင်းမှာ၊ ဗီယက်နမ်မှာ၊ အင်ဒိုနီးရှားမှာ စိုက်တဲ့ စိုက်ပျိုးနည်းပညာတွေကို လိုက်မမှီသေး ဘူး။

အခုကြည့်လေ။ ကျနော်တို့ဆီကို တရုတ်တွေက ဖရဲတွေ၊ သခွားတွေ၊ တစ်ရှုးငှက်ပျောတွေ လာစိုက်ကုန်ကြပြီ။ ကျနော်တို့ နိုင်ငံကို စိုက်ပျိုးရေးနိုင်ငံလို့ ဂျင်းထည့်ခဲ့တာ ဘယ်သူတွေလဲ။ မေးခွန်းထုတ်လိုက်ချင်တယ်။

ဇော်ကန့်လန့် လို

ကျနော် တို့ မြန်မာတွေ အဖြစ်က ဘာနဲ့ တူသလဲ ဆိုတော့ ‘ဇော်ကန့်လန့်’ လို ဖြစ်နေတယ်။ ‘ဘဲတစ်ကောင်လို’ ဖြစ်နေတယ်။ ဘဲဆိုရင် ကြည့်လေ။ ငှက်တွေလောက် မိုးပေါ်ပျံနိုင်လား ဆိုတော့ မပျံနိုင်ဘူး။ ပျံတတ်လား ဆိုတော့ ပျံတတ်တယ်။ ဒါပေမယ့် အမြင့်ကြီးတော့ မရောက်ဘူး။ ရေငုပ်နိုင်လား ဆိုတော့ ငုပ်နိုင်တယ်။ ငါးလို ကျင်ကျင်လည်လည် နက်နက် ငုပ်နိုင်လားဆိုတော့ မငုပ်နိုင်ပြန်ဘူး။ ကုန်းပေါ်လမ်းလျှောက်နိုင်လား ဆိုတော့ လျှောက်နိုင်တယ်။ ကျားတို့၊ သမင်တို့လို မြန်မြန် ပြေးနိုင်လားဆိုတော့ မပြေးနိုင်ပြန်ဘူး။ ဘဲလိုဖြစ်နေတဲ့ တို့နိုင်ငံလို့ ပြောရမလားပဲ။
နောက် ပြောစရာတွေ ကျန်သေးတယ်။

အလုပ်သမားတွေ

တို့ နိုင်ငံမှာ နေ့စဉ် အခြေခံ လုပ်သားတွေ အများကြီး ရှိတယ်။ အထွေထွေ လုပ်သားတွေ အများကြီး ရှိတယ်။ ကျားမ၊ အရွယ် အကြီးအလတ် အငယ် အစုံစုံပဲ ရှိတယ်။ အခု ကျနော်တို့ နိုင်ငံရဲ့ ရန်ကုန်လို မြို့ကြီး၊ မန္တလေး မြို့ကြီးတွေမှာ ဆောက်တဲ့ အထပ်မြင့် အဆောက်အအုံတွေမှာ သုံးနေတာတွေက မြန်မာလုပ်သားတွေ မဟုတ်တော့ဘူးဗျ။ တရုတ်လုပ်သားတွေ။ မြန်မာပြည်ရဲ့ မြို့တိုင်း ရွာတိုင်းမှာ အလုပ်သမား၊ လက်သမား၊ ပန်းရံ၊ သံချည်သံကွေး၊ ဝါယာရိန်း၊ အုတ်သယ်၊ ကျောက်သယ် အလုပ်သမားတွေ အများကြီး ရှိတယ်။ ကုန်စည် ဖလှယ်ရေးဗဟိုအချက်အချာတွေမှာလည်း ကူလီ၊ ကုန်ထမ်းတွေ အများကြီး ရှိနေတာပဲ။ ကယ်ရီလုပ်စားတဲ့ သူတွေဆို ဒုနဲ့ဒေး။

ဒီလို အခြေခံလုပ်သား၊ အလုပ်ကြမ်းသမား ပေါတဲ့ နိုင်ငံမှာတောင် ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ တရုတ် အလုပ်သမားတွေ ဝင်ကုန်ပြီ။ အားလုံးက အကြောင်းပြတယ်။ ကျွမ်းကျင်လုပ်သား မရှိလို့…တဲ့။ ဒီဆင်ခြေဟာ ဒီလောက်နဲ့တင် ရပ်ထားလို့ မရနိုင်ဘူး။ ကျနော်တို့ဟာ အခြေခံအလုပ်ကြမ်းဈေးကွက်မှာတောင် နေရာဖယ်ပေး နေကြရပြီ။

ပြည်ပရောက်မြန်မာတွေ

နိုင်ငံခြားကို အလုပ်ထွက်လုပ်တဲ့ မြန်မာလူငယ်တွေလည်း သန်းနဲ့ချီရှိတယ်လို့တောင် ပြောရမယ်။ အနီးဆုံး ထိုင်းမှာ၊ မလေးရှားမှာ၊ စင်္ကာပူမှာ၊ ကိုရီးယားမှာ၊ ဂျပန်မှာ၊ ဒူဘိုင်းမှာ အလုပ်လုပ်နေကြတဲ့ မြန်မာတွေ တစ်ပုံကြီး ရှိတယ်။ သူများနိုင်ငံမှာ အလုပ်လုပ်နိုင်တာ ကောင်းပါတယ်။ နိုင်ငံခြားမှာ ငွေရှာနိုင်တာ၊ ကိုယ့်နိုင်ငံ က မိသားစုကို ငွေပြန်ပို့နိုင်တာကောင်းပါတယ်။ ဒါပေမယ့် တစ်ဖက်က ကြည့်ရင် တို့နိုင်ငံက လူတွေ ကိုယ့်မြေ ကိုယ့်ရေကို စွန့်ပြီး တိုင်းတပါးကို အရဲစွန့်သွားကြတာ ဘာ့ကြောင့်လဲလို့ စဉ်းစားသင့်တယ်။

ကိုယ့်တိုင်းပြည်ကို ခွာပြီး တိုင်းတပါးမှာ အလုပ်လုပ်တယ်ဆိုတာ အင်မတန် သွားချင်လွန်းလို့ သွားကြတဲ့ လူက ရာခိုင်နှုန်းနည်းပါလိမ့်မယ်။ ကိုယ့်အိမ်ကနေ ခွာပြီး ဘယ်သူက မိဝေးဖဝေးနဲ့ အလုပ်လုပ်ချင်ကြမှာလဲ။ နှစ်ရှည် လများ နေထိုင်ချင်မှာလဲ။ မသိတဲ့ မျက်နှာစိမ်းတွေအကြား ရုန်းကန်ချင်မှာလဲ။ ဒါပေမယ့် အခြေအနေအရ သွား ရမယ်။ လုပ်ရမယ်… မဟုတ်လား။ ဒါမှ ထူထူထောင်ထောင်၊ ချောင်ချောင်လည်လည်နေနိုင်ကြမယ် မဟုတ်လား။ ဒါ့ကြောင့် ရှိတဲ့ဟာလေး ချေးငှား ပေါင်နှံ ရောင်းချပြီး အမိနိုင်ငံရဲ့ အဝေးကို စွန့်စားသွားလာကြရ တာပဲ မဟုတ်လား။

@@@

ဒါဟာ ဒီအတိုင်းထားသင့်တဲ့ ကိစ္စ မဟုတ်ဘူး။

စဉ်းစားနိုင်တဲ့သူတွေ များများစဉ်းစားကြဖို့၊ အဖြေထုတ်ကြဖို့ လိုမယ်ထင်တယ်။ ကျနော် ထင်တာကတော့ ကျနော်တို့ နိုင်ငံ တစ်ခုခု မှားနေပြီ၊ ဒါမှမဟုတ် လွဲနေပြီလို့ ထင်တယ်။ ဘာက လွဲနေတယ်၊ ဘယ်အရာက အမှန်လဲဆိုတာကိုတော့ နုံ့နဲသေးတဲ့ ကျနော့်ဉာဏ်နဲ့ အလှမ်းမမှီပါ။


အခုလို စာမျိုးတွေလည်း မြန်မာပြည်ရဲ့ အွန်လိုင်းစာမျက်နှာတွေမှာ ဒုနဲ့ဒေး ရှိနေမှာပါ။ တွေ့နေရမှာပါ။ ဒီလိုတွေ ရေးနေကြပေမယ့်လည်း ရေးသူကိုယ်တိုင်က တစ်ခုခု မှားနေ လွဲနေတာလည်း ဖြစ်ကောင်းဖြစ်မှာပါ။

ကျနော်ကတော့ အလွဲကောင်းဖြစ်ရင် ကံကောင်းတယ်လို့ ထင်ပါတယ်။

မင်းသေ့
နေ့လယ် ၁၂ း ၃၉
၂၁ ၊ မတ် ၊ ၂၀၁၉ ။

Previous post အသစ်အဟောင်း ကိစ္စ
Next post မြန်မာသစ် ၊ မြန်မာဟောင်း