• အလုပ်မလုပ်ပဲ အစာမစားရ။
• လုပ်သလောက် စားရမယ်။

မြန်မာ့လူ့အဖွဲ့အစည်းမှာ ကျင့်ထုံးတွေ ပျက်တာကြာနေပြီ။ အခြေခံကျင့်ဝတ်တွေ ပျက်နေတာကြာပြီ။ လူတွေက အချောင်စားချင်တယ်။ ရေသာခိုတယ်။ ဖြတ်လမ်းနည်း လိုက်တယ်။ မလုပ်ပဲ စားချင်တယ်။ ဖြတ်စား လှီးစား၊ အမှီးကျက် အမှီးစား ခေါင်းကျက် ခေါင်းစား လုပ်တယ်။ လည်ရင် လည်သလို လုပ်တယ်။ ထိုက်တန်တဲ့ ရင်းနှီးမှု မလုပ်ချင်ဘူး။ အလွယ်လိုက်ကြတယ်။ ဆူလွယ်နပ်လွယ်တွေပဲ မျှော်နေတယ်။

ဒါဟာ မြန်မာ့လူ့အဖွဲ့အစည်းမှာ တွေ့နေရတဲ့ လူ့အမူအကျင့်တွေ ဖြစ်ပါတယ်။ ဘယ်နေရာ၊ ဘယ်ဌာန၊ ဘယ်ဒေသ၊ ဘယ်အချိန်ကာလ၊ ဘယ်နယ်ပယ်မှာမဆို တွေ့နေရတဲ့ အပြုအမူတွေဖြစ်ပါတယ်။ ကျင့်ထုံးပျက် လူ့အဖွဲ့အစည်း ဖြစ်နေပါတယ်။
မြန်မာ့လူ့အဖွဲ့အစည်းရဲ့ အနာဂတ်ကို ဉာဏ်မှီသလောက် မှန်းကြည့်လိုက်စမ်းပါ။ နှစ်လိုဖွယ်၊ နေပျော်ဖွယ် ဖြစ်မယ့် လူ့အဖွဲ့အစည်းပုံစံတွေထဲက ဘယ်လိုပုံစံထွက်လာနိုင်ပါလိမ့်။ မျှော်လင့်လို့ရတဲ့ ရာခိုင်နှုန်းဟာ ဘယ်လောက်လဲ။ (၉၀) ရာခိုင်နှုန်းလား၊ (၇၀) လား၊ (၅၀) လား၊ သို့မဟုတ်… (၃၀) လား၊ (၁၀) လား။ သုည လား။ ဒါမှမဟုတ် သုညအောက် အနုတ် (၄၀) လောက်လား။

ကိုယ့်နဘေး၊ ကိုယ့်ဝန်းကျင်၊ ကိုယ့်နယ်ပယ်၊ ကိုယ့်အသိုင်းအဝန်း၊ ကိုယ့်ဌာန၊ ကိုယ့်ဒေသကို မျက်လုံး ပြူးပြဲ ကြည့်ဖို့ တိုက်တွန်းလိုက်ချင်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ အလုပ်လုပ်ပြီး စားနေတဲ့လူ ဘယ်နှယောက်ရှိ သလဲ။ အလုပ်မလုပ်ဘဲ စားနေတဲ့လူ ဘယ်နှယောက်ရှိသလဲ။
အလုပ်လုပ်ပြီးစားနေတဲ့လူ ဆိုတာ အလုပ်တစ်ခုမှာ ထိုက်တန်တဲ့အားထုတ်မှု၊ ထိုက်တန်ရဲ့လုပ်အား၊ ထိုက်တန် တဲ့ ရင်းနှီးမြုပ်နှံမှု ပြုထားပြီး စားသောက်နေထိုင်တဲ့လူကို ခေါ်တာဖြစ်ပါတယ်။

• အလုပ်မလုပ်ပဲ အစာမစားရ။
• လုပ်သလောက် စားရမယ်။

အလုပ်မလုပ်ဘဲ စားနေတဲ့လူဆိုတာ အလုပ်တစ်ခုကို ဟန်ပြ၊ ယောင်ပြ လုပ်ပြီး အချောင်စား၊ ရေသာခို၊ ဖြတ်စားလှီးစား၊ ခေါင်းပုံဖြတ် အမြတ်ထုတ်၊ ဖြတ်စား ခုတ်စားလုပ်ပြီး စားသောက်နေထိုင်နေတဲ့လူကို ခေါ်တာ ဖြစ်ပါတယ်။ ထိုက်တန်တဲ့ လုပ်အားကို မပေးဘဲ ခိုးစား၊ လာဘ်စားပြီး ရှင်သန်နေတဲ့လူ ကို ခေါ်တာဖြစ်ပါတယ်။

မြန်မာပြည် လူ့အဖွဲ့အစည်းရဲ့ (၆၀) ရာခိုင်နှုန်းကျော်က အလုပ်မလုပ်ဘဲ စားနေတဲ့လူတွေသာ များနေပါ တယ်။ သူတောင်းစား အပေါဆုံးက မြန်မာပြည်မှာပါ။ သူတောင်းစားလို့ ပြောတဲ့အခါမှာ လမ်းဘေးက၊ ကားဂိတ် နားက၊ ရွာစဉ်လှည့်လှည်နေတဲ့ ခွက်လက်ဆွဲတောင်းစားနေတဲ့သူတွေကိုချည်း ပြောတာ မဟုတ်ပါဘူး။ ဌာန တိုင်းမှာ ခွင်ရှာပြီး အမြတ်ထုတ်၊ ခိုးစား၊ တောင်းစားနေတဲ့လူတွေလည်း ပါဝင်နေပါတယ်။ ခွင်ကောင်းကောင်း ရှာကြံရေးဟာ မြန်မာ့လူ့အဖွဲ့အစည်းမှာ ဓလေ့တစ်ခုလို ဖြစ်နေပါတယ်။

လူတွေဟာ ထိုက်တန်တဲ့လုပ်အားကို မပေးဘဲ ပိုက်ဆံရချင်တယ်။ ဒီလိုအမူအကျင့်တွေဟာ မြန်မာ့လူ့အဖွဲ့ အစည်းကို သတ်ဖြတ်နေတာကြာပါပြီ။ လူတွေက ခိုးတာ၊ ဝှက်တာ၊ လိမ်တာကို ရှက်စရာလို့ မမြင်တော့ပါဘူး။ ခွင်ကောင်းကောင်း တစ်နေရာ ရထားသူဟာ သူငယ်ချင်းတွေထဲမှာ၊ မိသားစုတွေထဲမှာ ဂုဏ်တက်တယ်လို့ ယူဆကြတဲ့ လူ့အဖွဲ့အစည်းဖြစ်နေပါတယ်။

• အလုပ်မလုပ်ပဲ အစာမစားရ။
• လုပ်သလောက် စားရမယ်။

ကြားပေါက် ဆိုတာ မြန်မာတွေရဲ့ပါးစပ်ဖျားမှာ နေစဉ်လိုလို သုံးတဲ့ အသုံးဖြစ်နေပါတယ်။ ဒီအလုပ်က ကြား ပေါက်သိပ်ရတာ… ဆိုတဲ့ ပြောဆိုမှုတွေ ခပ်များများ ကြားဖူးမယ် ထင်ပါတယ်။ ဒီနေရာ ရလိုက်ရင်တော့ ခွင်ပဲ…. ဆိုတာတွေက မြန်မာတွေရဲ့နှုတ်ဖျားမှာ အာဝဇွန်းရွှင်ရွှင် ကြားရတဲ့ကိစ္စ ဖြစ်နေပါတယ်။

ခိုးတာ၊ ဝှက်တာ၊ လိမ်တာ၊ ရိုက်တာ၊ ဖြတ်စားလှီးစားလုပ်တာ၊ ကြားပေါက်ရှာတယ် ဆိုတာတွေက လုပ်ပိုင်ခွင့် များများရထားတဲ့ ဌာနဆိုင်ရာတွေ၊ အာဏာရှိတဲ့ အဖွဲ့အစည်းတွေ၊ ငွေရပေါက်ရလမ်းများတဲ့ စီမံကိန်းတွေ မှာ အများဆုံးတွေ့နေရတယ်။ ရာထူးဌာနန္တရဟာ မြန်မာတွေအတွက် ဖြတ်စားလှီးစား၊ ခွင်ဖန်စားနိုင်မယ့် အခွင့်အရေးတွေလို ဖြစ်နေပါတယ်။
ဒီလို ဓလေ့ဆိုး၊ စရိုက်ဆိုး၊ အမူအကျင့်ဆိုးတွေဟာ စာပေတွေနဲ့ မှတ်တမ်းတင်မထားပေမယ့် မြန်မာတွေရဲ့ နေ့စဉ်ဘဝမှာ အမြဲလိုလို ကြုံနေရပါတယ်။ ကိုယ့်နဘေးမှာ ၊ ကိုယ့်ဝန်းကျင်မှာ အလွယ်တကူ ကြားနိုင်၊ မြင်နိုင် နေတာချည်းပါပဲ။ သတိမူမူထား ကြည့်တဲ့လူကတော့ ပိုမြင်ပါလိမ့်မယ်။ ဖာသိဖာသာနေတဲ့သူကတော့ သတိထားမိမယ်တောင် မထင်ပါ။ သတိမမူ ဂူမမြင်၊ ဖာသိဖာသာသမားကလည်း မြန်မာတွေမှာ အများသား။

ဒါဟာ လူ့အဖွဲ့အစည်း ပြဿနာဖြစ်နေပါတယ်။ ဒီအရာကို ပြဿနာလို့ မြင်ကို မြင်ရပါမယ်။ ပြဿနာကို ပြဿနာလို့ မမြင်သရွေ့ ဘယ်သူကမှ အရေးစိုက်မှာ မဟုတ်ဘူး။ ဘယ်သူကမှ ဖြေရှင်းစရာ၊ ကုစားရမယ့် အရာလို့ မြင်မှာ မဟုတ်ပါဘူး။ ပြဿနာကို ပြဿနာလို့ မမြင်သရွေ့ မြန်မာ့လူ့အဖွဲ့အစည်းက နောက်နှစ် (၁၀၀) လောက်မှာ ပျောက်ခြင်း မလှပျောက်သွားမှာ အသေချာပါပဲ။

• အလုပ်မလုပ်ပဲ အစာမစားရ။
• လုပ်သလောက် စားရမယ်။

မြန်မာပြည်မှာ ခိုးခွင့်ရှိနေတယ်။ ခိုးခွင့်က များများကို ရှိနေတယ်။ ခိုးခွင့်ရှိလို့ ခိုးကြတာ ထုံးစံပါပဲ။
မြန်မာပြည်မှာ အချောင်စားခွင့် ရှိတယ်။ အချောင်စားလို့ ရလို့ အချောင်သမားတွေပေါတာ သိပ်ထူးဆန်းတဲ့ ကိစ္စ မဟုတ်ပါဘူး။

ကျီးတွေအတွက် စစ်တမ်း

မြန်မာပြည်မှာ ဖြတ်စားလှီးစား လုပ်ခွင့်ရှိတယ်။ ဖြတ်စားလှီးစား လုပ်သူအတွက် ပြစ်ဒဏ်ဆိုတာ တိတိကျကျ မရှိဘူး။ ပြစ်ဒဏ်ဆိုတာ စာရွက်ထဲမှာ သာရှိနေတယ်။ လက်တွေ့မှာတော့ ငွေများ တရားနိုင်။ တရားရုံးတွေ ဆိုတာလည်း မတရားရုံးတွေ ဖြစ်နေတော့ ပြည်သူက တရားဥပဒေဆိုတဲ့အပေါ်မှာ အယုံအကြည် မရှိတော့။

စစ်တမ်းတစ်ခုလောက် လုပ်သင့်တယ်။ မြန်မာပြည်ရဲ့တရားရေးကဏ္ဍအပေါ်မှာ ပြည်သူလူထုရဲ့ယုံကြည်မှု ဘယ်လောက်ရှိသလဲဆိုတာကို ဆန်းစစ်တဲ့ စစ်တမ်းတစ်ခု။ သုတေသန အဆင့်ထိ မလိုသေးပါဘူး။ စစ်တမ်း လောက်ဆိုရင်ကို ရပါပြီ။ တရားရေးနယ်ပယ်နဲ့ သက်ဆိုင်နေတဲ့ တရားရုံးတွေ၊ တရားသူကြီးတွေ၊ ရှေ့နေတွေ၊ ဥပဒေအရာရှိတွေ၊ ရဲတွေအပေါ်မှာ ပြည်သူလူထုရဲ့ ယုံကြည်မှု ဘယ်လောက်ရှိသလဲဆိုတာကို စစ်တမ်း ထုတ် သင့်ပါတယ်။

စစ်တမ်းလုပ်လို့ ထွက်လာရင် အဖြေက သိနေပြီးသားပဲ။ ပြေးမကြည့်တွေးကြည့်ရင်ကို သိနိုင်ပါ့။ ဒါဟာ သိပ် ခက်တဲ့ မှန်းဆချက် ဟုတ်မယ် မထင်ပါဘူး။ စစ်တမ်းထွက်လာရင်လည်း အော်လိုက်ကြမယ့်ဖြစ်ခြင်း။ ကျီးတွေ လို။

ကျင့်ထုံးနှစ်ခု

အမေရိကန် သမ္မတတစ်ယောက် ပြောဖူးတာ ရှိတယ်။ ‘သူခိုးတစ်ယောက်ဟာ ရထားတွဲပေါ်က အထုပ် တစ်ထုပ်ကိုသာ ခိုးနိုင်တယ်။ တက္ကသိုလ်ပညာတတ်တစ်ယောက်ကတော့ ရထားတွဲကြီးတစ်ခုလုံးကို ခိုးနိုင် တယ်’ ဆိုလား။ စဉ်းစားသာ ကြည့်ပေတော့။

မြန်မာ့လူ့အဖွဲ့အစည်းမှာ မြန်မာတွေဟာ ကိုယ့်အချင်းချင်း ကျင့်ထုံးကောင်းတွေကို သွတ်သွင်းပေးဖို့ တာဝန် ရှိတယ်။ အနုပညာကလည်း အနုပညာအလျောက်၊ စာပေကလည်း စာပေအလျောက်၊ ပညာရေးကလည်း ပညာရေးအလျောက်၊ ဘာသာရေးကလည်း ဘာသာရေးအလျောက်။ အခုဖြစ်နေတာက အခုလို ပြောနေတဲ့ အနုပညာ၊ စာပေ၊ ပညာရေး၊ ဘာသာရေး…. ဆိုတာတွေ အပြင် တခြားနယ်ပယ်တွေမှာကိုယ်က အခြေခံ ကျင့်ဝတ်တွေ ပျက်စီးနေတာ တွေ့ရလို့ ဝမ်းနည်းစရာ ကောင်းနေပါတယ်။

• အလုပ်မလုပ်ပဲ အစာမစားရ။
• လုပ်သလောက် စားရမယ်။

လူတွေကို အလုပ်မလုပ်ဘဲ မစားစေရဘူး။ ကလေးတစ်ယောက်ကိုတောင် ကိုယ့်အားကိုယ်ကိုးတတ်အောင်၊ သူ့ထမင်း သူခူးစားတတ်အောင်၊ သူ့ပန်းကန် သူဆေးတတ်အောင်၊ သူ့သွား သူတိုက်တတ်အောင်၊ သူ့လွယ် အိတ်သူ လွယ်တတ်အောင်၊ သူစားပြီးသား အမှိုက် သူကြုံးတတ်အောင် သင်ကြားပေးရမှာဖြစ်ပါတယ်။ အမှီ အခိုကင်းတဲ့ လူ့အဖွဲ့အစည်းဖြစ်အောင် ပျိုးထောင်ပေးရမှာ ဖြစ်ပါတယ်။ နို့သက်ခံစို့ တဲ့ လူ့အဖွဲ့အစည်းကို ငြင်းပယ်ရမှာဖြစ်တယ်။

မြန်မာတွေဟာ အလုပ်လုပ်ကြပါတယ်။ သို့ပေမယ့် ခေတ်စနစ် အပြောင်းအလဲမှာ လုပ်သလောက် မစားရတဲ့ လူ့အဖွဲ့အစည်းပေါ်လာတယ်။ တစ်ဖက်မှာလည်း မလုပ်ဘဲနဲ့စားရတဲ့ လူ့အဖွဲ့အစည်းပေါ်လာတယ်။ ဒါ့ကြောင့် ထိုက်ထိုက်တန်တန် လုပ်အားထုတ်ထားတဲ့လူတွေမှာ အမြင်တစ်ခု အမြစ်စွဲသလို စွဲလာတယ်။ မလုပ်ဘဲနဲ့ စားရတဲ့ လူတွေလို ဖြစ်ချင်လာတယ်။ မလုပ်လည်း စားရသားပဲ… ဆိုတဲ့ စိတ်ဓာတ်တွေ ဝင်လာ တယ်။ ဒါ့ကြောင့် ရေသာခို၊ အချောင်စားချင်တဲ့စိတ်တွေ ပေါက်ဖွားလာတယ်။ ဒီလိုစိတ်ဓာတ်တွေအတိုင်း ပြုမူကြတော့တာပဲ။

• အမှားဟာ အမှန်ဖြစ်။
• အစတုန်းက လူတွေက အကျင့်တွေကို လုပ်။
• အခုတော့ အကျင့်တွေက လူတွေကို ပြန်လုပ်။
ဒီလိုနဲ့ မြန်မာ့လူ့အဖွဲ့အစည်းဟာ ပြောင်ပြောင်ရောင်ရောင် ရှိမနေတော့တာ ကြာပြီ။

မင်းသေ့
ည ၇ း ၁၉
၁၆ ၊ မေ ၊ ၂၀၁၉ ။

Previous post အမျိုးသားရေးဝါဒ ဘယ်လိုလဲ…
Next post တို့လူငယ်