• ဝမ်းစာဖြည့်ဖို့
• ကိုယ်ခံအားကောင်းဖို့
• ကိုယ့်အလုပ် ကိုယ်လုပ်နေဖို့

ကျနော် လူငယ်တွေတော်တော်များများနဲ့ တွေ့ဖြစ်၊ ဆုံဖြစ်တယ်။ လူငယ်တွေက သူတို့ရဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒ တွေကို ပြောပြတယ်။ သူတို့ရဲ့ချင်ခြင်းတွေကို ဖွင့်ဟတယ်။ သူတို့ဝါသနာနဲ့ လွန်ဆွဲနေတဲ့အရာတွေကို ပြောပြ တယ်။ သူတို့ သွားချင်တဲ့ပန်းတိုင်၊ သူတို့လျှောက်ချင်တဲ့လမ်းကို ပြောကြတယ်။ လူငယ်တွေမှာ ကြီးပွားလိုစိတ်၊ အောင်မြင်လိုစိတ်၊ ပေါက်မြောက်လိုစိတ်တွေ ထက်သန်နေတာ သိရလို့ ပီတိဖြစ်မိတယ်။

ဒါပေမယ့်… လူငယ်တော်တော်များများက သူတို့လျှောက်နေတဲ့လမ်းခုလပ်မှာ ရပ်ပစ်လိုက်ကြတယ်။ တန့်နေ တတ်ကြတယ်။ လမ်းလွဲကို လိုက်သွားကြတယ်။ ခရီးဆုံးထိ မလျှောက်ဖြစ်လိုက်ကြဘူး။ အခြေအနေရဲ့ ပေးထားချက်တွေကို မလွန်ဆန်နိုင်ကြဘူး။ သူတို့လုပ်တဲ့အရာတွေက သူတို့ လုပ်ချင်လို့ လုပ်နေကြတာထက်၊ အခြေအနေအရ လုပ်နေကြတာတွေ များတယ်။ အခြေအနေက သူတို့ဘဝတွေကို ပြဌာန်းနေတယ်။ အခြေ အနေတွေက သူတို့ ဘဝကို ပုံဖော်နေတယ်။ သူတို့ဘဝကို သူတို့ စိတ်နဲ့ သူတို့ ပုံဖော်ဖို့ မလုပ်နိုင်ကြဘူး။ ဒါဟာ ဘာ့ကြောင့်လဲ အဖြေရှာဖို့ လိုနေပါတယ်။

ဒေါက်တာသန်းထွန်း စကားတွေ

ဆရာကြီး ဒေါက်တာသန်းထွန်း ပြောဖူးတဲ့ စကားတွေကို အမှတ်ရမိတယ်။

“Hobby နဲ့ Profession ထပ်တူကျရင် ထွန်းပေါက်တာပဲ။ ငါ့ ဝါသနာက သုတေသန။ ငါ့အလုပ်က သမိုင်းဆရာ။ ငါ့အလုပ်နဲ့ ငါပျော်နေတာပဲ။ သူများ မသိသေးတဲ့ အသိသစ်တွေ ရှာဖွေရတဲ့အလုပ်ကို လုပ်ရတာ ငါပျော်တယ်။”

လူဆိုတာ ကိုယ်ပျော်တဲ့အလုပ်ကို ကိုယ်လုပ်မှ စိတ်ကျေနပ်မှု အစစ်အမှန်ရနိုင်မယ်။ ကိုယ့်ဝါသနာကိုလည်း ကိုယ်သိဖို့ လိုတယ်။ ကိုယ့်ဝါသနာကိုလည်း ကိုယ်ကိုယ်တိုင် ပျိုးထောင်ဖု့ိ လိုတယ်။ ဝါသနာဆိုတာ သူ့အလို လို ဖြစ်လာနေတာတော့ မဟုတ်ဘူး။
ဝါသနာနဲ့ပတ်သက်ပြီး ဒေါက်တာသန်းထွန်းပြောခဲ့ဖူးတာ ရှိသေးတယ်။
“ဝါသနာဆိုတာ မွေးကတည်းက ပါလာတာ မဟုတ်ဘူး။ မွေးရာပါ ဗီဇစိတ်ဖြစ်တယ်လို့ ငါ မယုံဘူး။ ဝါသနာဟာ မွေးစားယူရတာ။ ဇွဲ၊ လုံ့လ နဲ့ အားထုတ်ယူရတာ။ အားထုတ်ယူရင်းနဲ့ ဝါသနာပါလာတာ။ မင်းတို့က ဝါသနာ ဝါသနာနဲ့ ခပ်လွယ်လွယ် ခပ်ပေါ့ပေါ့ ပြောတယ်။ ဘာမှ ဟုတ်တိပတ်တိ မလုပ်ဘဲနဲ့။”

ဒေါက်တာသန်းထွန်းက ဝါသနာဆိုတာ မွေးယူရတာ လို့ ပြောတယ်။ ကိုယ့်အထုံကို ကိုယ်ကိုယ်တိုင် ပျိုးထောင် ယူမှ၊ မယ်မယ်ရရ အားထုတ်ယူထားမှ ဝါသနာက ထုံလာပြီး ထင်ထင်ရှားရှားဖြစ်လာမယ်ဆိုတာ ပြောတယ်။ လူငယ်တွေအတွက် ဝါသနာနဲ့ပတ်သက်ပြီး စဉ်းစားစရာ ဖြစ်ပါတယ်။

ကိုယ့်ဝါသနာ အထုံကို ပြင်းပြင်းပြပြ မွေးယူခဲ့တာ ရှိပါသလား။
ကိုယ့်အလုပ်ဟာ ကိုယ့်ဝါသနာနဲ့ ဆက်စပ်နေမှ ကောင်းမယ်။ ကိုယ့်ဝါသနာကလည်း ဘဝအဓိပ္ပာယ်နဲ့ ဆက်စပ် နေမှ ကောင်းမယ်။ ကိုယ်ဝါသနာပါတဲ့ အလုပ်ကို လွတ်လွတ်လပ်လပ် လုပ်နေရမှ လူ့ဘဝက အနှစ်သာရ ရှိ မယ်။

ဒေါက်တာသန်းထွန်းက ထပ်ပြောသေးတယ်။

“ဘဝကို အဓိပ္ပာယ်ရှိစေဖို့၊ အဓိပ္ပာယ်ပြည့်စုံစေဖို့ ပဓာနလိုအပ်ချက်က ကိုယ်လုပ်ရမယ့် အလုပ်၊ ကိုယ်ဝါသနာ ပါတဲ့ အလုပ်ကို လွတ်လွတ်လပ်လပ် လုပ်နေခြင်းပဲ။”
ကိုယ်ချစ်တဲ့အလုပ်၊ ကိုယ်ဝါသနာပါတဲ့အလုပ်ကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ရနေခြင်းဟာ မင်္ဂလာဖြစ်ပါတယ်။ ဒီလိုလူဟာ အစွမ်းအစတွေ အများကြီးထွက်တယ်။ အရည်အချင်းတွေ အမြဲတမ်းတိုးနေတယ်။ ဒါ့ကြောင့်လည်း သူ့ဘဝကို ကျေနပ်နေတယ်။

ဝမ်းစာဖြည့်ဖို့

တကယ့်ဘဝကမှာ ဝါသနာနဲ့ ရပ်တည်မှုဆိုတာက ထပ်တူကျဖို့ မလွယ်ပါ။ ကိုယ့်ဝါသနာက ဘဝရပ်တည်မှု အတွက် အာမခံချက် မပေးနိုင်ရင် ပိုပြီးတော့တောင် ခက်ခဲပါတယ်။ ဝါသနာဆိုတာကိုလည်း စောစောစီးစီး ရှာတွေ့ဖို့ ခက်တယ်။ ဟိုစပ်စပ် ဒီစပ်စပ် လုပ်ကြည့်ရုံနဲ့ ဝါသနာက ထုံမလာနိုင်ပါဘူး။ ဆရာကြီး ဒေါက်တာ သန်းထွန်းပြောသလို၊ ဝါသနာကို မွေးယူမှ ရပါလိမ့်မယ်။ ကိုယ့်ဝါသနာအတွက် ကိုယ်လုပ်နေစဉ်မှာလည်း ဝမ်းစာကို ဖြည့်နေမှရပါတယ်။ ဝမ်းစာ ဖြည့်မထားရင် ဝမ်းစာ မပြည့်ဘူး။ ဝမ်းစာ မပြည့်ဘဲ လုပ်နေတဲ့ ဝါသနာ ဟာ မအောင်မြင်ဘူး။ မပေါက်မြောက်ဘူး။ အကောင်းဆုံးဖြစ်မလာဘူး။ ကိုယ့်ဝါသနာအတွက် ဝမ်းစာကို ဘယ်လောက်ဖြည့်ထားသလဲဆိုတာ အရေးကြီးပါတယ်။ လူငယ်တွေ ကိုယ့်ဘာသာ ကိုယ် မေးခွန်းထုတ်ကြည့် စမ်းပါ။

ကိုယ်ခံအားကောင်းဖို့

ဝမ်းစာဖြည့်နေသူဟာ ဝမ်းစာပြည့်နေသူ ဖြစ်ပါလိမ့်မယ်။ ဝမ်းစာဆိုတာ ပြည့်တယ်ဆိုတာ မရှိပါဘူး။ အမြဲတမ်း ဖြည့်နေရမှာပါပဲ။ ဖြည့်နေရင် ပြည့်နေတယ်။ မဖြည့်တော့ရင် မပြည့်တော့ဘူး။ ဒီသဘောပါပဲ။ ဝမ်းစာပြည့်သူ ဟာ ကိုယ်ခံအားကောင်းသူဖြစ်တယ်။ ကိုယ်ခံအားကောင်းသူဟာ ကိုယ့်အလုပ်မှာ ခံနိုင်ရည်ရှိတယ်။ အကောင်း ပဲ ကြုံကြုံ အဆိုးပဲ ကြုံကြုံ ကိုယ်လုပ်စရာရှိတာကို မယိုင်မလဲတမ်း လုပ်နေနိုင်တယ်။ ဒီလိုလူကို ခံနိုင်ရည် ရှိ တယ်လို့ ပြောနိုင်တယ်။ ခံနိုင်ရည်ဆိုတာလည်း ဝမ်းစာဘယ်လောက် ဖြည့်ထားသလဲ ဆိုတဲ့အပေါ်မှာ မူတည် ပြီးဖြစ်တည်လာတယ် မဟုတ်လား။

ကိုယ့်အလုပ် ကိုယ်လုပ်နေဖို့

ဝမ်းစာပြည့်ခြင်း ၊ ကိုယ်ခံအားကောင်းခြင်း၊ ခံနိုင်ရည်ရှိခြင်းတွေဟာ တစ်ခုနဲ့ တစ်ခု ဆက်စပ်နေတယ်။ နောက်ပြီး ကိုယ့်ဝါသနာကို ကိုယ်ရှာတွေ့ပြီး မွေးယူနေတဲ့အချိန်မှာ ယောင် မသွားဖို့ လိုတယ်။ ဒီနေ့ခေတ်မှာ လူမှုကွန်ယက်မီဒီယာ အားကောင်းလာတယ်။ ဘယ်သူတွေ ဘာဖြစ်နေသလဲဆိုတာ အလွယ်တကူ မြင်နေ တွေ့နေရပြီ။ သူဖြစ်လို့ ကိုယ်မဖြစ်ရင် စိတ်အားငယ်တယ်၊ အားပျက်တယ်၊ စိတ်ဓာတ်ကျတယ်ဆိုတာ ဖြစ်လာ တယ်။ တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ ဖြတ်သန်းမှု မတူသလို၊ အားထုတ်မှုချင်းလည်း မတူဘူး။ အခြေအနေချင်းလည်း မတူဘူး။ အနေအထားတွေလည်း မတူပါဘူး။ သူများတွေ ဘာဖြစ်နေပြီ၊ ညာဖြစ်နေပြီ ဆိုတာကို ငေးမောကြည့်ရင်း ကိုယ့်လုပ်စရာ ရှိတာတွေ ပျောက်နေတတ်တယ်။ ပျောက်သွားတတ်တယ်။ ဝေဝါး သွားတတ်တယ်။ ဒါဟာ ကောင်းတဲ့အချက် မဟုတ်ဘူး။

ကိုယ်လုပ်စရာ ရှိတာကို လုပ်နေမှ ခရီးရောက်တယ်။ ခရီးပေါက်တယ်။ ကိုယ့်အလုပ်ကို လုပ်နေကြဖို့ လိုတယ်။ သူများတွေ ဘာလုပ်နေကြပြီ၊ ညာလုပ်နေကြပြီ… ဆိုတာမှာ ယောင်မသွားဖို့လိုတယ်။ သူများတွေတော့ ဘာဖြစ်နေကြပြီ၊ ညာဖြစ်နေကြပြီ…. ငါကတော့ ဘာမှမဖြစ်သေးဘူး ဆိုတာတွေ တွေးပြီး စိတ်အားငယ်စရာ မလိုပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် အနေအထားချင်း၊ လျှောက်လှမ်းပုံချင်း ၊ ပေးထားချက်ချင်း တူတာမှ မဟုတ်တာ။ ကိုယ့်ဘဝနဲ့ ကိုယ်ပဲလေ။
သူများတွေ ဘာလုပ်နေတယ်ဆိုတာကို တွေးမနေဘဲ၊ ကိုယ်လုပ်စရာရှိတာကို ပြတ်ပြတ်သားသား စူးစူးစိုက် စိုက်လုပ်နေခြင်းသည်ပင် ပေါက်မြောက်မယ့်လမ်းကို လျှောက်နေခြင်း ဖြစ်တယ်။

နေ့စဉ်လိုလို လုပ်နေရမှာက….

• ကိုယ့်ဝါသနာကို ကိုယ်မွေးနေဖို့
• ကိုယ့်ဝမ်းစာကို အမြဲဖြည့်နေဖို့
• ကိုယ့်ကိုယ်ခံအားကို စမ်းသပ်နေဖို့
• ကိုယ့်ခံနိုင်ရည်ကို ကိုယ်ဆန်းစစ်ဖို့
• ကိုယ့်အလုပ် ကိုယ်လုပ်နေဖို့ အရေးကြီးပါတယ်။

လေ့ကျင့်နေခြင်းလောက် ဘယ်အရာမှ အခရာ မကျပါဘူး။ ကိုယ့်ဝါသနာအတွက်၊ ကိုယ့်ရည်မှန်းချက်အတွက် လုပ်စရာရှိတာတွေကို အမြဲတမ်း လေ့ကျင့်နေခြင်းဟာ အသာစီးရသွားပါလိမ့်မယ်။ လေ့လာရမယ်၊ သင်ယူရ မယ်၊ လေ့ကျင့်ရမယ်၊ ဝမ်းစာဖြည့်နေရမယ်၊ ကိုယ့်အလုပ်ကို ကိုယ်လုပ်နေရမယ်…. တချိန်ကျရင် ကိုယ့်အလှည့် ရောက်လာလိမ့်မယ်။

မင်းသေ့
ည ၁၁ း ၂၄
၂၄ ၊ မေ ၊ ၂၀၁၉ ။

Previous post ကျင့်ထုံးပျက် လူ့အဖွဲ့အစည်း
Next post ဆူလွယ်နပ်လွယ်