သူရဲကောင်းဖြစ်ချင်သူ ဘယ်သူလဲ
အမျိုးသားရေးဝါဒ ဘယ်လိုလဲ…

သူရဲကောင်းဝါဒဆိုတာကို အရင်ရှင်းပါ့မယ်။ သူရဲကောင်းဆိုတာ သတ္တိရှိသူကို ခေါ်တယ်။ အန္တရာယ်နဲ့ကြုံလာ ချိန်မှာ ကယ်တင်နိုင်တဲ့သူကို ဆိုလိုတယ်။

• ကူညီတယ်၊
• ကယ်ဆယ်တယ်၊
• စောင့်ရှောက်တယ်၊
• ရဲရင့်တယ်၊
• သတ္တိရှိတယ်၊
• ကိုယ်ကျိုးစွန့်တယ်၊
• ကြောက်ရွံ့မှုက ကင်းအောင်လုပ်ပေးနိုင်တယ်၊
• သေရဲတယ်၊
• စွန့်စားရဲတယ်၊
• အားကိုးအားထား ပြုထိုက်တယ်…
• ခွန်အားကြီးတယ်… ဆိုတဲ့ အဓိပ္ပာယ်တွေပါဝင်နေပါတယ်။

လူတွေက ဘယ်လိုအချိန်မှာ ကြောက်တတ်ကြသလဲ။ လူတွေက ဘယ်လိုအချိန်မှာ စိုးရိမ်တတ်ကြသလဲ၊ လူတွေက ဘယ်လိုအခြေအနေမျိုးမှာ မလုံမခြုံခံစားနေတတ်သလဲ….။ ဒီလိုအကြောင်းအချက်တွေကို တွေ့ အောင် ရှာတာဟာ လူမှုစိတ်ပညာကို လေ့လာတာပဲဖြစ်ပါတယ်။ စိတ်ပညာကို ကောင်းကောင်းနံှ့စပ်ကျွမ်းကျင် သူဟာ တစ်ဦးချင်းစိတ်အခြေအနေကနေ လူအုပ်စုရဲ့စိတ်နေသဘောထားထိ ချည်းကပ်နိုင်စွမ်းရှိပါတယ်။ လူအုပ်စုတစ်ခုချင်းရဲ့စိတ်နေဓာတ်ခံကို ချည်းကပ်နိုင်ရင် လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးရဲ့စိတ်သဘာဝကို ချည်းကပ်ဖို့ လွယ်သွားပါပြီ။ စိတ်အခြေအနေတွေရဲ့သဘော၊ သဘာဝကို ဘယ်လိုဆက်စပ်ကြည့်ကြမလဲ။

စဉ်းစားချက်

ကြောက်ရွံ့ခြင်းဟာ ဘယ်က ဖြစ်ပေါ်လာသလဲ။ ကြောက်ရွံ့ခြင်းဆိုတဲ့ မေးခွန်းက စပါတယ်။ တစ်ဦးချင်းစီ ကနေ လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးဆီကို တဖြည်းဖြည်း ဆွဲဆန့် စဉ်းစားမိဖို့ လိုပါတယ်။ လူဟာ အသက် အန္တရာယ်နဲ့တွေ့ရင် ကြောက်တယ်။ ငတ်မှာကြောက်တယ်။ သေမှာကြောက်တယ်။ ကောင်းကောင်းမနေရမှာ ကြောက်တယ်။ ပိုင်ဆိုင်ပြီးသား ဆုံးရှုံးမှာ ကြောက်တယ်။ အသိအမှတ်ပြုမခံရမှာကြောက်တယ်။ ကျဉ်ခံရမှာ ကြောက်တယ်။ အနိုင်ကျင့်မှာကြောက်တယ်။ ကဲ့ရဲ့ခံရမှာ ကြောက်တယ်။ ချစ်သောသူနဲ့ ကွေ့ကွင်းရမှာ ကြောက်တယ်။ မလုံခြုံမှာကြောက်တယ်။ စိတ်လုံခြုံမှု၊ ကိုယ်ခန္ဓာလုံခြုံမှု၊ စားမှုသောက်မှု လုံခြုံမှု၊ ရာထူး စည်းစိမ် အာဏာလုံခြုံမှု …. စသည်ဖြင့် အမျိုးမျိုးပါပဲ။

လူတွေဟာ ကြောက်ရွံ့မှု တစ်မျိုးမျိုးနဲ့ ကြုံတွေ့နေရပါတယ်။ အချိန်တိုင်း၊ နေ့တိုင်းလိုလို တစ်ခုခုကို စိုးရိမ်နေ တယ်။ ကြောင့်ကြနေတယ်။ စိုးထိပ်နေတယ်။ ကြောင့်ရွံ့နေတယ်။ လူသားဗီဇမှာ ကြောက်ရွံ့တဲ့စိတ်ဟာ သဘာဝအရ ပါလာပြီးသားပါ။ ဒါ့ကြောင့် လူသားဟာ တစ်ခုခုကို အားကိုးချင်တယ်။ မှီခိုချင်တယ်။ လုံခြုံမှု ပေးနိုင်မယ်ဆိုတဲ့အရာကို တွယ်ကပ်နေချင်တယ်။ အမှီသဟဲကို လိုက်ရှာတယ်။ ကိုးကွယ်မှုတွေဟာလည်း ဒီလိုနဲ့ တဖြည်းဖြည်း ဘာသာတရားအဖြစ် ပေါ်ပေါက်လာကြပါတယ်။

သူရဲကောင်းကိုးကွယ်တယ်ဆိုတာ၊ ကိုးကွယ်မှု အသေးစားလေးပါပဲ။ သူရဲကောင်းဝါဒကို ယုံကြည်တယ်ဆိုတာ ကိုးကွယ်မှု အသေးစားလေးပါပဲ။ အခြေခံအရင်းအမြစ်ကတော့ ကြောက်ရွံ့မှုကနေ လာတယ်။ ကြောက်ရွံ့မှု တစ်ခုခု ရှိနေမှ သူရဲကောင်းဟာ အထွဋ်အထိပ်မှာ မြှောက်စားခံနေရမယ်။ ဒါ့ကြောင့် သူရဲကောင်းဟာ ထိပ်ဆုံးမှာ အရေးကြီးတဲ့အခန်းကဏ္ဍမှာ ရှိနေဖို့အတွက် ကြောက်ရွံ့မှုကို ချဲ့ပေးမှရမယ်။ ကြောက်ရွံ့စိတ်ကြီး လေလေ၊ သူရဲကောင်းရဲ့အခန်းကဏ္ဍက ကြီးလေလေဖြစ်ပါတယ်။ အပြန်အလှန် အညမည ဆက်စပ်နေတာ ဖြစ်ပါတယ်။

သူရဲကောင်းရဲ့ အခန်းကဏ္ဍ မပျောက်ဖို့ ဆိုရင်၊ ကြောက်ရွံ့မှု တစ်ခုခု ပျောက်မနေဖို့ လိုတယ်။ ကြောက်ရွံ့မှု တစ်ခုခု ရှိနေမှ သူရဲကောင်းဟာ နေရရတဲ့အတွက်၊ ပြောင်းပြန်သဘောတရားအရ သူရဲကောင်းဟာနေရာရ ချင်ရင်၊ ကြောက်ရွံ့မှုကို မွေးယူထားရမယ်… ဆိုတဲ့ အဖြေထွက်ပါတယ်။
ကြောက်စရာ မရှိတော့ရင် အားကိုးစရာ မရှိတော့ဘူး၊ စိုးရိမ်စရာ မရှိတော့ဘူး၊ ထိတ်လန့်နေစရာလည်း မလို တော့ဘူး။ ဒါ့ကြောင့် အားကိုးရမယ့်၊ စိုးရိမ်မှုကို ဖြေဖျောက်ပေးနိုင်မယ့် သူရဲကောင်းလည်း မလိုတော့ဘူး။ ဘာကိုမှ စိုးရိမ်ကြောင့်ရွံ့မနေရတော့တဲ့အတွက် ကြောက်ရွံ့မှုကို ဖြေဖျောက်ပေးနိုင်မယ့် သူရဲကောင်းလည်း မလိုတော့ဘူး။ သူရဲကောင်း မလိုတော့ရင် သူရဲကောင်းအတွက် နေရာမရှိတော့ဘူး။ သူရဲကောင်းအတွက် နေရာ မရှိခြင်းဟာ သူရဲကောင်းအခန်းကဏ္ဍ ပျောက်ဆုံးသွားခြင်းပါပဲ။

ဒီတော့ သူရဲကောင်း မပျောက်ဆုံးချင်ရင် ကြောက်ရွံ့စရာ တစ်ခုခု ရှိထားမှ ဖြစ်နေမယ်ဆိုတာ ထွက်လာ တာပေါ့။

ဒါဆိုရင် ပထမစဉ်းစားချက်ရဲ့ ကောက်ချက် ထွက်လာပါပြီ။ သူရဲကောင်းရဲ့နေရာ မပျောက်ဖို့အတွက် ကြောက်ရွံ့မှုတစ်ခုခုကို မွေးထား၊ ဖန်တီးထားရမယ်… ဆိုတဲ့ အယူအဆဖြစ်ပါတယ်။
မေးခွန်း မေးစရာ ရှိပါတယ်။

• အမျိုးသားရေးဝါဒနဲ့ သူရဲကောင်း ဘယ်သူဖြစ်ချင်တာလဲ။
• သူရဲကောင်းဖြစ်ချင်မှုကို အမျိုးသားရေးဝါဒနဲ့ အကောင်အထည်ဖော်နိုင်တာ ဘယ်သူလဲ။
• သူရဲကောင်းဝါဒ ထွန်းကားဖို့ အမျိုးသားရေးဝါဒက အထောက်အပံ ခံလား။
• သူရဲကောင်းဝါဒနဲ့ အမျိုးသားရေးဝါဒဟာ ဘယ်လို ဆက်နွှယ်နေသလဲ။

အမျိုးသားရေးဝါဒ

အမျိုးသားရေးဝါဒဟာ အမျိုးကို အခြေပြုပြီး ထွက်ပေါ်လာတဲ့ဝါဒဖြစ်ပါတယ်။ ဗီဇသွေးသားတော်စပ်မှုကို အခြေခံပြီး ထွက်ပေါ်လာတဲ့ အယူအဆတစ်ခုဖြစ်ပါတယ်။ သွေးသားအရ တော်စပ်နေတဲ့ လူ့အဖွဲ့အစည်း၊ လူအုပ်စုဟာ သဘာဝတရားက အလိုအလျောက်တည်ဆောက်ပေးလိုက်တဲ့ နိုင်ငံရေးကွန်မြူနတီတစ်ခုဖြစ်နေ ပါတယ်။ နိုင်ငံရေးအရ ဆွဲစုချင်ရင်၊ အသွေးအရောင်ကို အကြောင်းပြုပြီး စုစည်းလိုက်ရုံပါပဲ။ နိုင်ငံရေးဝါဒကို ခက်ခက်ခဲခဲ သွတ်သွင်း ဆွဲဆောင်နေစရာ မလိုတော့ပါဘူး။ လူ့ခန္ဓာထဲမှာ အလိုအလျောက်ဖြစ်တည်နေတဲ့ သွေးသားဆန္ဒကို နှိုးဆွပြီး စည်းရုံးရတာဖြစ်လို့၊ တော်ရုံအားထုတ်မှုမျိုးနဲ့ ရနိုင်ပါတယ်။

လူသားသဘာဝဆိုတာကလည်း သွေးသားဆန္ဒနဲ့ ဆင်ခြင်တုံတရားယှဉ်လာရင် သွေးသားဆန္ဒအပေါ်ကို ယိမ်း ယိုင်တတ်ကြတာများပါတယ်။ ဆင်ခြင်တုံတရား ရှေ့သွားရှိနေဖို့ကြတော့ ခက်တယ်။ မလွယ်ဘူး။ လူအများကြီး မှာ ဆင်ခြင်တုံတရားက အမြဲတမ်း မဦးဆောင်နိုင်ဘူး။ လူတိုင်းကလည်း ပညာတတ်တွေ၊ ပညာရှိတွေ မဟုတ် ဘူး။ အမျိုးချစ်တယ်၊ အမျိုးခင်တယ်၊ သွေးဆူတယ်၊ သွေးပူတယ်၊ သွေးနီးတယ်… စတဲ့ဗီဇသဘာဝတွေ ရှိနေ ကြပါတယ်။ ဒါ့ကြောင့် လူသားတွေရဲ့စိတ်ချင်ခြင်းကို အသုံးချပြီး နိုင်ငံရေးဝါဒတစ်ခု သွတ်သွင်းလိုက်တာ ဖြစ် ပါတယ်။ ဒီလိုနဲ့ အမျိုးသားရေးဝါဒဆိုတာ ဖြစ်တည်လာပါတယ်။

လူမှာ လူ့စရိုက်တွေရှိတယ်။ လူ့သဘာဝတွေ ရှိတယ်။

• လူဆိုတာ ချစ်ရင်ဖော့တယ်၊ မုန်းရင် ဖိတယ်။
• ငါနဲ့ မတူ ငါ့ရန်သူ လို့ သဘောထားတယ်။
• အနိုင်ကျင့်ချင်တယ်၊ ဗိုလ်ကျချင်တယ်။
• လုံခြုံချင်တယ်။
• ကြောက်စိတ်ရှိတယ်။
• အတ္တရှိတယ်။
• အသိအမှတ်ပြုခံချင်တယ်။
• ကိုယ့်ထက်သာရင် မနာလိုတယ်။
• ကောင်းကောင်းစားချင်တယ်၊ ကောင်းကောင်းဝတ်ချင်တယ်၊ ကောင်းကောင်းနေချင်တယ်။
• ကာမရာဂစိတ် ရှိတယ်။

စိစစ်ကြည့်ရအောင်။

ချစ်ရင် ဖော့တယ်၊ မုန်းရင် ဖိတယ်။ လူရယ်လို့ ဖြစ်လာရင် ဗီဇရှိတယ်။ သွေးသားဆက်နွယ်မှု ရှိတယ်။ ဒါ့ကြောင့် ကိုယ့်ကိုယ်ကို ချစ်တယ်။ ကိုယ်နဲ့အမျိုးတော်စပ်သူကို ချစ်တယ်။ ကိုယ့်မိသားစုကို ချစ်တယ်။ ကိုယ့် ညီအစ်ကို မောင်နှမကို ချစ်တယ်။ ကိုယ့်ဆွေမျိုးကို ချစ်တယ်။ ကိုယ်နေတဲ့နေရာကို ချစ်တယ်၊ ကိုယ့်မြေကိုယ့် ရေကို ချစ်တယ်။

ဒ့ါကြောင့် ကိုယ့်သွေးသားနဲ့ ပတ်သက်လာရင်၊ သွေးမတော် သားမစပ်သူကို မနှစ်မြို့တဲ့စိတ်ရှိတယ်။ လက်မခံ လိုတဲ့စိတ်ရှိတယ်။ ငြင်းပယ်တဲ့စိတ်၊ ရှောင်ဖယ်လိုတဲ့စိတ်က အလိုလိုရှိနေတယ်။ ‘ခွေးချင်းယှဉ်ကိုက်ရင်တောင် ကိုယ့်အိမ်က ခွေးကို နိုင်စေချင်တာပဲ မဟုတ်လား’ ။ ဒါဟာ လူသားဗီဇပါ။

ဘောလုံး မကန်တတ်တဲ့လူ၊ ဘောလုံးအားကစားအကြောင်း ဂဃနဏ နားမလည်တဲ့မြန်မာတစ်ယောက်ကို မေးကြည့်ပါ။ ဘောလုံးပွဲမှာ ထိုင်းနဲ့မြန်မာ ကန်နေကြရင် ဘယ်သူ့နိုင်စေချင်သလဲလို့…။ ၉၀ ရာခိုင်နှုန်းက မြန်မာနိုင်စေချင်တယ်လို့ပဲ ဖြေမှာပဲ။ ဘောလုံးအားကစားအကြောင်း နားမလည်တဲ့လူကတောင်၊ သွေးသား ဗီဇကို ပြတတ်တာပဲ။
အခု ကချင်လက်နက်ကိုင်တပ်နဲ့ မြန်မာစစ်တပ်က စစ်ဖြစ်နေတယ်။ ဒီအတိုင်းကြည့်လိုက်ရင် ကချင်တွေက ၊ ဗမာတွေကို မုန်းတယ်၊ ဗမာတွေက ကချင်တွေကို မုန်းတယ်လို့ မြင်လို့ရတယ်။ ဒါပေမယ့် တစ်ဖက်မှာ အဲသည် လို မဟုတ်ဘူး။ ဗမာတွေက ကချင်ကို ဘယ်လောက်မုန်းတယ်လို့ ဆိုဆို အောင်လအန်ဆိုင်း (ကချင်လူမျိုး) နဲ့ နိုင်ငံခြားသား တစ်ယောက်ယောက်နဲ့ လက်ဝှေ့ယှဉ်ထိုးရင် အောင်လအန်ဆိုင်းကို နိုင်စေချင်ကြတာပဲ။ သူ့ကိုပဲ အားပေးကြတာပဲ။ ဗမာတွေ ရှမ်းနဲ့ ဘယ်လိုပဲ မတည့်ဘူး ပြောပြော သီချင်းနားထောင်ရင် စိုင်းထီးဆိုင်ကြီး သီချင်းကို နှစ်နှစ်ခြိုက်ခြိုက်နားထောင်ကြတာပဲ။ စိုင်းဆိုင်မော့ဝ်သီချင်းကို အမြဲတမ်းနားထောင်နေကြတာပဲ။ ဗမာတွေကို မေးလိုက်ရင် စိုင်းထီးဆိုင်၊ စိုင်းဆိုင်မော့ဝ်၊ စိုင်းခမ်းလိတ်ကို မသိတဲ့သူ မရှိသလောက်ပါပဲ။

သွေးသားအရ အရမ်းကြီး မနီးဘူး။ သို့သော်လည်း နယ်မြေအရ ဆက်စပ်နေတယ်။ နယ်နိမိတ်တစ်ခုတည်း မှာ နေထိုင်တယ်။ ကုန်းမြေအရ ဆက်စပ်ဖြစ်တည်နေတယ်။ ကူးလူးနေတယ်။ ကိုယ်နေထိုင်ရာဒေသ ဆက်စပ်မှု ကို လိုက်ပြီး အမျိုးချစ်စိတ်ဆိုတာလည်း ဖြစ်နိုင်သားပဲ။

ဒါဟာ လူမျိုးအရ၊ ဒေသအရ၊ နိုင်ငံအရ အမျိုးချစ်ဆိုတာ ဖြစ်နိုင်ကြောင်း သက်သေပြလိုက်တာဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း နိုင်ငံရေးသိပ္ပံမှာ အမျိုးသားရေးဝါဒကို အခြေခံ (၂) ခုနဲ့ တည်ထောင်ကြတာဖြစ်ပါတယ်။ အဲဒါတွေကတော့ လူမျိုးအပေါ်အခြေပြုတဲ့ အမျိုးသားရေးဝါဒနဲ့ ဒေသ (သို့မဟုတ်) နိုင်ငံကို အခြေပြုတဲ့ အမျိုးသားရေးဝါဒဆိုပြီး ဖြစ်ပေါ်လာတာဖြစ်ပါတယ်။

လိုအပ်ချက်

အမျိုးသားရေးဝါဒ ထူထောင်ဖို့အတွက် လိုအပ်ချက်တွေ ရှိပါတယ်။ လိုအပ်ချက်ဆိုတာလည်း အထက်က ပြောခဲ့တဲ့ လူသားဗီဇ၊ လူ့စရိုက်သဘာဝကို အခြေခံပြီး အမျိုးသားရေးဝါဒကို တည်ဆောက်ကြတာဖြစ်ပါတယ်။ လူ့ဗီဇ၊ လူ့စရိုက်ကို သိရှိရေးဟာ အမျိုးသားရေးဝါဒ ထူထောင်ဖို့ အရေးကြီးတဲ့ သိမြင်ချက်ဖြစ်ပါတယ်။

လူ့သဘောက ချစ်ရင် ဖော့တယ်၊ မုန်းရင် ဖိတယ်… ဆိုတဲ့ သဘာဝရှိတယ်။ အမျိုးကို ချစ်တယ် ဆိုတဲ့ စိတ် ရှိတယ်။ ဒါ့ကြောင့် အမျိုးသားရေးဝါဒီတွေဟာ အမုန်းတရားကို ပွားအောင် လုပ်ပါတယ်။ အမုန်းတရားကို ပွား အောင်လုပ်တဲ့ နည်းတွေ ရှိပါတယ်။ ငါနဲ့ မတူ ငါ့ရန်သူ ဆိုတဲ့ စိတ်ဓာတ်ကို ပြင်းပြအောင် လုပ်ပေးတယ်။ ငါနဲ့ မတူ ငါ့ရန်သူဆိုတဲ့သဘောထားကြီးလေလေ၊ အမုန်းတရားစိတ်ကြီးထွားလေလေ ပြင်းထန်လေလေဖြစ်ပါ တယ်။

လူမျိုးရေးကို ထိပ်တင်တယ်။ လူမျိုးအားဖြင့် မတူဘူးလို့ လူတွေ ခံယူအောင် လုပ်တယ်။ အသွေးအရောင်အရ မတူတဲ့လူတွေက ကိုယ့်ကို အန္တရာယ်ပြုနေတယ်လို့ ခံစားနေရအောင် လုပ်တယ်။ လုပ်တဲ့နေရာမှာလည်း ယုတ္တိတန်အောင် လုပ်တယ်။ လူမျိုးနှစ်ခု အပြိုင်တည်ရှိနေခြင်းဟာ အန္တရာယ်ဖြစ်တယ်လို့ မြင်အောင် မီးထိုး ပေးတယ်။ သူမရှိမှ ငါ ရှင်သန်နိုင်မယ်ဆိုတဲ့ အမြင်ဖြစ်အောင် လှုံ့ဆော်တယ်။ သူရှုံးမှ ငါနိုင်မယ်၊ သူဆင်းရဲမှ ငါကြီးပွားမယ်၊ သူမရှိမှ ငါရှိနိုင်မယ် ဆိုတဲ့ သဘောထားကို ပြင်းထန်အောင် လုပ်ပေးတယ်။ ဒီနည်းအားဖြင့် ရန်သူအပေါ် အငြိုးကြီးကြီးနဲ့ အာဃာတထားလေလေ၊ မျိုးချစ်စိတ်ဗီဇပြသလေလေလို့ ခံယူတယ်။ ရန်သူကို မွေးယူတယ်။ ရန်သူမွေးပြီး မျိုးချစ်စိတ်ကို ပြင်းထန်အောင်လုပ်တယ်။ တစ်ဖက်ကလည်း အန္တရာယ်ရှိတဲ့ လုပ်ရပ်တွေ လုပ်နေတတ်ရင် ပိုလို့တောင် ဆိုးလာတယ်။

ဒါ့ကြောင့် အမျိုးသားဝါဒကို တည်ဆောက်ဖို့အတွက် ….

နံပါတ် (၁) အမုန်းတရားကို မွှေးပေးရမယ်၊ မွေးယူရမယ်။

နံပါတ် (၂) ငါတို့နဲ့ မတူဘူး… ဆိုတဲ့အမြင်ကို ကြီးထွားအောင် လုပ်ရမယ်ဆိုတဲ့ နည်း (၂) နည်းထွက် လာတယ်။

လူ့ရဲ့စိတ်မှာ ကြောက်စိတ်ရှိတယ်။ မလုံမခြုံခံစားရတဲ့စိတ်ရှိတယ်။ တစ်ဖက်လူမျိုး၊ တစ်ဖက်အုပ်စု ဖြစ်တည် ခြင်းဟာ မလုံခြုံဘူး၊ ကြောက်နေရတယ်ဆိုတဲ့ အမြင်ဖြစ်အောင် လုပ်မှ အမျိုးသားရေးဝါဒကို တည်ဆောက် လို့ ရတယ်။ ဒါ့ကြောင့် ကြောက်စိတ်ကို မွှေးပေးတယ်။ မလုံခြုံဘူးဆိုတာကို ဝါဒဖြန့်တယ်။ ဒီလိုနည်းနဲ့ အမျိုးသား ရေးဝါဒကို ထပ်မံ တည်ဆောက်ယူတယ်။
ဒါ့ကြောင့် အမျိုးသားရေးဝါဒကို တည်ဆောက်ဖို့အတွက် ….

နံပါတ် (၃) ကြောက်စိတ်ကို မီးမွှေးပေးရမယ်။

နံပါတ် (၄) တစ်ဖက်ရဲ့တည်ရှိမှုဟာ ငါတို့အတွက် မလုံခြုံဘူးဆိုတာ လူတွေ သိမြင်လက်ခံအောင် ဝါဒဖြန့်ရမယ်…. ဆိုတဲ့ နည်း (၂) နည်း ထပ်ထွက်လာတယ်။
လူ့သဘာဝမှာ ဗိုလ်ကျချင်တဲ့စိတ် ရှိတယ်။ လွှမ်းမိုးချင်တဲ့စိတ်ရှိတယ်။ အနိုင်ကျင့်ချင်တဲ့စိတ်ရှိတယ်။ ဒါ့ကြောင့် နိုင်ချင်စိတ်ကို နှိုးဆွပေးဖို့ လိုတယ်။ နိုင်ချင်စိတ်ကို နှိုးဆွတဲ့အခါမှာလည်း အမျိုးသားရေးဝါဒကို အပံ့အပိုးဖြစ် အောင် လုပ်ဖို့ လိုတယ်။ ဒါ့ကြောင့် ‘သူရှုံးမှ ငါနိုင်မယ်၊ သူဆင်းရဲမှ ငါကြီးပွားမယ်၊ သူမရှိမှ ငါရှိနိုင်မယ်’ ဆိုတဲ့ အမြင်ကို သွတ်သွင်းတယ်။ ဝါဒဖြန့်တယ်။ ဒီလိုနည်းနဲ့ အမျိုးသားရေးဝါဒဟာ တစ်ဖက်အုပ်စုကို ဖိအားများများ ပေးနိုင်အောင် လူထုကို လှုံ့ဆော်တည်ဆောက်ယူတယ်။

အမျိုးသားရေးဝါဒကို တည်ဆောက်ဖို့ နံပါတ် (၅) နည်းဟာ၊ ‘သူရှုံးမှ ငါနိုင်မယ်၊ သူဆင်းရဲမှ ငါချမ်းသာမယ်၊ သူ မရှိမှ ငါရှိနိုင်မယ်’ ဆိုတဲ့ အမြင်ကို ကြီးထွားအောင် ဝါဒဖြန့်ပေးတာပဲ ဖြစ်ပါတယ်။ ဒါမှ လူတွေဟာ ဗိုလ်ကျလို့ ရမယ်။ လွှမ်းမိုးလို့ ရမယ်။ အနိုင်ကျင့်လို့ရမယ်။ ဘယ်သူပဲဖြစ်ဖြစ် အနိုင်နဲ့ အရှုံးကို ရွေးလို့ ပြောရင် နိုင်ချင်ကြ တာချည်းပဲ မဟုတ်လား။

ကိုယ့်ရဲ့ဆင်းရဲမှုဟာ ကိုယ့်ကြောင့်လို့ မမြင်ဘဲ သူတစ်ပါးကြောင့်လို့ မြင်အောင် လုပ်တာဟာ အမျိုးသားရေးဝါဒ ကို တည်ဆောက်ခြင်း တစ်မျိုးဖြစ်ပါတယ်။ ဥပမာ – ဂျာမနီက ဟစ်တလာရဲ့ ဝါဒကို ကြည့်ပါ။ ဟစ်တလာရဲ့ နာဇီဝါဒဟာ ဂျာမန်အမျိုးသားရေးဝါဒဖြစ်ပါတယ်။ ဂျာမန်လူမျိုးတွေ၊ ဆင်းရဲငတ်ပြတ် မွဲတေနေတာဟာ ဂျူးတွေ ကြောင့်လို့ နာမည်တပ်ပါတယ်။ ဒါလိုမြင်အောင် လှုံ့ဆော်ဝါဒဖြန့်ပါတယ်။ ဂျာမန်တွေကို ကြည့်လိုက်ရင်လည်း ငတ်ငတ်ပြတ်ပြတ်၊ ဆင်းဆင်းရဲရဲ မွဲမွဲတေတေ ဖြစ်နေတာများတယ်။ ဂျူးတွေက ဗီဇကောင်းရှိတယ်။ အလုပ် လုပ်တတ်တယ်။ ငွေရှာတတ်တယ်။ လာဘ်မြင်တယ်။ ကြိုးစားကြတယ်။ မပျင်းဘူး။ ဒီတော့ နိုင်ငံအတည်တကျ မရှိပေမယ့် ဘယ်ဒေသရောက်ရောက် ချမ်းသာကြတယ်၊ ကောင်းကောင်းနေ ကောင်းကောင်းစားနိုင်ကြတယ်။ အထက်တန်းစားအလွှာမှာ နေနိုင်ကြတယ်။ ဂျူးတွေ ကောင်းစားနေတာဟာ ၊ ငတ်ပြတ်နေတဲ့ ဂျာမန်တွေ အတွက် မနာလို၊ မရှုစိတ်ကို ကြီးထွားစေတာပါပဲ။ ဒါ့ကြောင့် ဟစ်တလာက ဂျာမန်တွေ ဆင်းရဲရခြင်းဟာ ဂျူးတွေကြောင့်လို့ နာမည်တပ်တယ်။ ဒီလိုမြင်အောင် ဝါဒဖြန့်တယ်။ ဂျာမန်တွေကမှာလည်း မနာလိုစိတ်က ပိုပြီး ကြီးထွားလာတယ်။ ဒီလိုနည်းနဲ့ လူမျိုးရေး အမုန်းတရား ပွားလာတယ်။ အမုန်းတရားနဲ့ ဂျာမန်အမျိုးသား ရေးဝါဒကို တည်ဆောက်ခဲ့တယ်။

လူဆိုတာက ကောင်းကောင်းနေ၊ ကောင်းကောင်းစားချင်စိတ်ရှိတယ်။ ကိုယ့်ထက် သူများက သာနေရင် မနာလိုတယ်။ ကိုယ်က ရုန်းကန်နေရပြီးတော့ တဖက်လူက စည်းစိမ်တက်နေရင် မနာလိုတယ်။ ဝန်တိုတယ်။ ဒီလိုလူသားဗီဇကို အသုံးချပြီးတော့ အမျိုးသားရေးဝါဒကို တည်ဆောက်တယ်။

အမျိုးသားရေးဝါဒကို တည်ဆောက်တဲ့ နံပါတ် (၆) နည်းနာကတော့၊ လူတွေရဲ့ အာသာချင်ခြင်းကို မက်လုံးပေး ပြီး မနာလို၊ မရှု့စိတ်ဖြစ်အောင် မီးထိုးလှုံ့ဆော်ပေးတာပဲဖြစ်ပါတယ်။ လူတွေရဲ့မနာလိုစိတ် အားကြီးလာ လေလေ၊ အမုန်းတရား ပိုပွားလာပြီး လူမျိုးရေးအရ လှုံ့ဆော်စည်းရုံးဖို့ လွယ်လေလေပါပဲ။

လူသားမှာက မွေးကတည်းက နဂိုဗီဇစိတ်မှာ လိင်စိတ်ဆိုတာ ပါလာပြီးသားဖြစ်ပါတယ်။ လူသားအပြုအမူ တော်တော်များများကို လိင်စိတ်က မောင်းနှင်ပါတယ်။ လိင်စိတ်ဆိုတာလည်း ဖိုမသဘာဝ ဆက်ဆံရေးမှာပဲ ရှိတယ်လို့ မြင်လို့ မရပါဘူး။ လိင်စိတ်ဟာ လူ့အပြုအမူအမျိုးမျိုး အသွင်ဆောင်ပြီး ပြသနေတတ်ပါတယ်။ ကလေးယောက်ျားလေးဟာ မိခင်နို့စို့ရင် လိင်စိတ်ဖြစ်တယ်။ သမီးမိန်းကလေးဟာ ဖခင်ရင်ခွင်ထဲ တိုးဝေ့ ဆော့ကစားရင် လိင်စိတ်ဖြစ်တယ်။ ကြက်ဖဟာ ဝါးတန်းပေါ် ခုန်တက်ပြီး တွန်တယ်။ ခြင်္သေ့ထီးဟာ ခြသေ့ၤမ ရှေ့မှာ တခြားခြင်္သေ့တွေကို အနိုင်ယူတိုက်ခိုက်ပြတယ်။ ကောင်ကလေးတွေဟာ ကောင်မလေးတွေရှေ့မှာ စကားကျယ်ကျယ် ပြောတတ်ကြတယ်။ ယောက်ျားတွေဟာ မိန်းမတွေရှေ့မှာ စကားလုံးတွေကို ပိုပြီး ရွေးချယ်သုံးနှုန်းလေ့ရှိတယ်။ ဒါတွေဟာ လိင်စိတ်ရဲ့သက်သေပြချက်တွေ ဖြစ်ပါတယ်။


လူသားဟာ လိင်စိတ်ရဲ့မောင်းနှင်ခြင်းကို တနည်းမဟုတ် တနည်းနဲ့ ဖော်ပြကြတယ်။ လိင်စိတ်ဆိုတာ ကာမရာဂ စိတ် တစ်ခုတည်းကို မဆိုလိုပဲ အသွင်သဏ္ဍာန်အမျိုးမျိုးနဲ့ လူ့အပြုအမူတွေကို မောင်းနှင်နေတယ် ဆိုတာကို ပြောတာဖြစ်ပါတယ်။

အမျိုးသားရေးဝါဒ တည်ဆောက်ခြင်းဟာ လူသားဗီဇကို အခြေပြုပြီး တည်ဆောက်တာဖြစ်ပါတယ်။ ဒါ့ကြောင့် လူသားဗီဇမှာ စွဲစွဲနှစ်နှစ်ပါဝင်နေတဲ့ လိင်စိတ် (ကာမရာဂစိတ်) ကို အကြောင်းပြုပြီး အမျိုးသားရေးဝါဒကို တည်ဆောက်ယူကြပါတယ်။

လူမျိုးခြားကို မနှစ်မြို့တာ၊ လူမျိုးခြားနဲ့ လက်ထပ်တဲ့သူကို ရှုတ်ချတာ၊ ကိုယ့်လူမျိုး အမျိုးသမီးတစ်ယောက် ယောက်ကို လူမျိုးခြား၊ ဘာသာခြားက လက်ထပ်ယူတာ၊ သွေးနှောတဲ့ လူတွေကို မျိုးမစစ်လို့ သတ်မှတ်တာ၊ လူမျိုးအချင်းချင်း လက်ထပ်ဖို့ လှုံ့ဆော်စည်းရုံးတာ၊ ကိုယ့်လူမျိုး အမျိုးသမီး လူမျိုးခြားနဲ့ လိင်ဆက်ဆံတာကို လူမျိုးယုတ်နိမ့်စေတယ်လို့ ခံယူတာ…. ဒီလိုကိစ္စရပ်တွေဟာ လိင်စိတ် (ကာမရာဇစိတ်) တွေနဲ့ ဆက်စပ်နေတဲ့ ကိစ္စရပ်တွေ ဖြစ်ပါတယ်။
လူမျိုးစွဲဝါဒီတွေက တည်ဆောက်ပြုပြင်စီရင်ထားတဲ့ အမျိုးသားရေးဝါဒဟာ ဒီလိုပုံစံမျိုးတွေနဲ့ ပေါ်ပေါက်လာ တာဖြစ်ပါတယ်။ အမျိုးသားရေးဝါဒရဲ့ ဖြစ်တည်မှုပုံစံတွေက ဒီလိုပုံစံမျိုးနဲ့ ဖြစ်ထွန်းလာတာဖြစ်ပါတယ်။

သူတို့ အမြင်

လူမျိုးစွဲ၊ ဘာသာစွဲသမားတွေဟာ အမျိုးသားရေးဝါဒကို နှစ်ခြိုက်ကြတယ်။ လိုလားကြတယ်။ အမျိုးသားရေးဝါဒ ကို ဆုပ်ကိုင်ထားခြင်းဟာ သူတို့အတွက် မှီခိုရာ အားကိုးရာ၊ လုံခြုံရာဖြစ်တယ်လို့ မြင်တယ်။ လူ့ဘဝမှာ အသက်ရှင်နေထိုင်ရခြင်းဟာ လုံလုံခြုံခြုံဖြစ်မှ နေပျော်ဖွယ်ဖြစ်တယ်လို့ မြင်တယ်။ လုံခြုံမှုဆိုတာလည်း ကိုယ့် အဝန်းအဝိုင်းထဲမှာ နေမှ လုံခြုံမယ်လို့ မြင်တယ်။ ဒါ့ကြောင့် ကိုယ့်အသိုင်းအဝိုင်း၊ ကိုယ့်အဝန်းအဝိုင်းကို မပျက် မစီး တည်ဆောက်ယူရမယ်လို့ ယူဆတယ်။


ကိုယ့်အဝန်းအဝိုင်း၊ ကိုယ့်အသိုင်းအဝိုင်းဆိုတာလည်း လူမျိုးအရ၊ ဘာသာအရ၊ ကိုးကွယ်မှုအရ၊ ယဉ်ကျေးမှု အရ၊ ဒေသအရ ပုံဖော်တည်ဆောက်ထားတာဖြစ်တယ်လို့ မြင်တယ်။ လူမျိုးအရ မသန့်စင်တော့ရင် မလုံခြုံဘူး လို့ ခံစားလာရမယ်။ ဘာသာအရ ရောထွေးနေရင် မတူဘူးလို့ ခံစားရမယ်။ ကိုးကွယ်မှု မတူရင် အသိုင်းအဝိုင်း ပျက်မယ်လို့ မြင်ကြတယ်။ ယဉ်ကျေးမှုကွဲပြားတာဟာ လူ့အသိုင်းအဝိုင်းကို ဖျက်တာလို့ မြင်တယ်။ ဒါ့ကြောင့် မတူခြင်းတွေဟာ ရန်သူလို့ ခြုံမြင်ပစ်လိုက်တယ်။ ဒီတော့ လုံလုံခြုံခြုံဖြစ်ချင်ရင်၊ မကြောက်လန့်နေချင်ရင်၊ အနိုင်ယူချင်ရင်၊ ဂုဏ်သိက္ခာရှိချင်ရင် အမျိုးသားအမှတ်လက္ခဏာတွေ ပြမှဖြစ်မယ်လို့ ယုံကြည်ရတယ်။

အမျိုးသားရေးဝါဒီတွေအတွက် အမျိုးသားအကျိုးစီးပွား၊ အမျိုးသားလုံခြုံရေး၊ အမျိုးသားအမှတ်သရုပ်၊ အမျိုးသား စရိုက်လက္ခဏာ၊ အမျိုးသားရေးဝါဒ ဆိုတာတွေက ဆွဲကိုင်ချက်တွေ ဖြစ်လာတယ်။

အမျိုးသားရေးဝါဒကို ဘယ်လိုနည်းတွေနဲ့ တည်ဆောက်သလဲ ဆိုတာကို ပြောပြီးသွားပါပြီ။ နောက်ထပ် အမျိုးသားရေးဝါဒကို မေးခွန်းတွေနဲ့ စိစစ်ကြည့်ရအောင် ထပ်မံတိုက်တွန်းချင်ပါတယ်။

နိုင်ငံရေးမနုဿဗေဒ ရှုထောင့်

အမျိုးသားရေးဝါဒီတွေက မူရင်းကိစ္စတွေကို အတော်ပြောကြပါတယ်။ လူမျိုးဆိုရင်လည်း သွေးသားရင်းခြာ ဖြစ်ရမယ်။ ယဉ်ကျေးမှုကလည်း မူရင်းဇာစ်မြစ်ဖြစ်ရမယ် ဆိုတာတွေ ပြောကြတယ်။ သွေးသားဗီဇပဲဖြစ်ဖြစ်၊ ယဉ်ကျေးမှုပဲဖြစ်ဖြစ်၊ ကိုးကွယ်ရာ ဘာသာတရားပဲဖြစ်ဖြစ်၊ ဘာသာစကားပဲဖြစ်ဖြစ် မူရင်းကို စစ်လိုက်ရင် မူရင်းက ကိုယ့်ဟာ မဟုတ်ဘူး ဆိုတာ ပေါ်လွင်နေတာ တွေ့ရပါလိမ့်မယ်။ မြန်မာပြည်ကို ကြည့်ပါ။

မနုဿဗေဒ ရှုထောင့်ကနေ ကြည့်ရင် မြန်မာဆိုတာ မရှိပါဘူး။ မြန်မာတွေရဲ့ မူရင်းက ဘယ်ကလာသလဲ။ သမိုင်းပညာရှင်တွေ၊ မနုဿဗေဒပညာရှင်တွေ ဖော်ထုတ်ထားတာ ရှိပါတယ်။ မြန်မာမျိုးရင်းဟာ မွန်ဂိုလွိုက် / တိဘက်တိုဘားမန်းတွေ ဖြစ်ပါတယ်။ တရုတ်ပြည်မြောက်ခြမ်း မွန်ဂိုမျိုးနွယ်တွေ၊ တိဘက်နွယ်ဖွားတွေ၊ ဟိမဝန္တာတောင်တန်းဘက်ကနေ ဧရာဝတီမြစ်ဝှမ်းလွင်ပြင်ဘက်ကို ရေကြည်ရာ မြက်နုရာရွေ့ပြောင်းနေထိုင် လာရင်း အခြေချနေထိုင်လာတာဖြစ်ပါတယ်။ ဒီလိုနည်းအားဖြင့် မြန်မာလူမျိုးရယ်လို့ ဖြစ်တည်လာတာဖြစ် ပါတယ်။ ဒါ့ကြောင့် ကျနော်တို့မြန်မာတွေရဲ့ သွေးသားဗီဇတွေထဲမှာ မွန်ဂိုတရုတ်တွေရဲ့သွေးတွေပါသလို၊ ဟိမဝန္တာကိုအခြေပြုပြီးနေထိုင်လာတဲ့ ကုလားတွေရဲ့သွေးလည်း ပါဝင်နေတာ တွေ့ရပါလိမ့်မယ်။

နောက်ပြီး မြန်မာတွေရဲ့ ဂီတနဲ့ လက်မှုပညာတွေကိုကြည့်ရင်လည်း ယိုးဒယားရဲ့ အမွေဆိုတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ရှေးမြန်မာဘုရင်တွေ ယိုးဒယား၊ ဇင်းမယ် (ချင်းမိုက်) တို့ကို တိုက်ခိုက်သိမ်းပိုက်ပြီး အဲသည့် ဒေသခံတွေကို မြန်မာပြည်ခေါ်လာ။ ရွာတည်ပေးပြီး အခြေချနေထိုင်ခိုင်းတယ်။ လူတွေနဲ့အတူ သူတို့ရဲ့ အနုပညာ၊ ဂီတ၊ လက်မှုပညာအတတ်တွေ ပါလာတယ်။ မြန်မာတွေက အတုခိုးသင်ယူပြီး၊ မြန်မာ့ရေမြေနဲ့ အပ်စပ်အောင် လုပ်လိုက်ကြ။ ဒီနည်းနဲ့ မြန်မာမှုဆိုတာတွေ ဖွံ့ဖြိုးပွားစီးလာတာဖြစ်ပါတယ်။ မြန်မာသီချင်းကြီးတွေကို ကြည့်လိုက်ပါ။ ယိုးဒယားဂီတကို တွေ့ရပါလိမ့်မယ်။ လက်မှုအတတ် တချို့ကို ကြည့်လိုက်ပါ။ ယိုးဒယားဆီက သင်ယူထားကို တွေ့ရပါလိမ့်မယ်။ ဥပမာ – ယွန်းထည်။ အစားအစာကို ကြည့်လိုက်ရင်လည်း ထိုနည်းလည်းကောင်းပါပဲ။

နောက် အဝတ်အထည်။ မြန်မာတွေ တိုက်ပုံဝတ်တယ်၊ ပုဆိုးဝတ်တယ်။ တိုက်ပုံဆိုတာ တရုတ်ဆီက လာတာ ဖြစ်ပါတယ်။ ပုဆိုးဆိုတာ ကုလားဆီက လာတာဖြစ်ပါတယ်။ ဝတ်ပုံစားပုံကို မြန်မာမှုပြုထားတာဖြစ်ပါတယ်။ ဒါကို မြန်မာမှုလို့ သတ်မှတ်ထားတာဖြစ်ပါတယ်။ ကိုးကွယ်ရာ ဘာသာတရားကို ကြည့်ပါ။ ဗုဒ္ဓဘာသာဆိုတာ အိန္ဒိယက လာတာဖြစ်ပါတယ်။


မြန်မာပြည်မှာ စားနေကျ အစားအစာတွေကို ကြည့်လိုက်ရင်လည်း တရုတ်ဆီက၊ အိန္ဒိယ (ကုလား) ဆီက လာတဲ့ အစားအစာတွေကို တွေ့ရမှာဖြစ်ပါတယ်။ အိန္ဒိယနယ်ထဲ ပေါင်းထည့်ခံရပြီး အင်္ဂလိပ်ရဲ့ ကိုလိုနီနယ် ဖြစ်ခဲ့တော့ အိန္ဒိယလူမျိုးတွေ မြန်မာပြည်ထဲကို လှိမ့်ဝင်လာတယ်။ လူမျိုးနဲ့အတူ အစားအစာယဉ်ကျေးမှု ပါလာတယ်။ ချပါတီ၊ ပူရီ၊ နံပြား စတဲ့ အစားအစာတွေကို မြန်မာတွေ ခံတွင်းတွေ့နေကြပြီ။ အထူးသဖြင့် နံပြား ဆိုရင် မြန်မာတွေ ပိုပြီး ခံတွင်းတွေ့တယ်။


တရုတ်တွေ စားတဲ့ ဝက်သားဒုတ်ထိုး၊ သည့်နောက်ပိုင်း ခေတ်စားလာတဲ့ မာလာဟင်း၊ အခုဆိုရင် ပိုပြီး နက်နက်ရှိုင်းရှိုင်းပါဝင်လာမယ့် ဟော့ပေါ့လို အစားအစာမျိုးတွေဟာ တရုတ်ဆီကနေ မြန်မာတွေ ခံတွင်းလိုက် စွာ စားသုံးဖြစ်နေတဲ့ အစားအစာတွေ ဖြစ်နေပါတော့တယ်။ ယိုးဒယားအစားအစာတွေဆိုရင်လည်း ထိုနည်း လည်းကောင်းပါပဲ။။ မြန်မာတွေ တီထွင်ပေါင်းစပ်ထားတယ်လို့ ပြောလို့ရမယ့် အစားအစာတွေလည်း ရှိပါတယ်။ ဒါပေမယ့် သီးသန့်တီထွင်ထားတာ မဟုတ်တာ များပါတယ်။ မုန့်တီ၊ မြီးရှည်၊ မုန့်ဟင်းခါး စတဲ့ အစားအစာ တွေဟာ မြန်မာမှုအစားအစာတွေ ဖြစ်နေပါတယ်။

ဘာသာစကားအားဖြင့်လည်း ပျူ၊ သက္ကတ၊ မွန်၊ ပါဠိ၊ အင်္ဂလိပ်…စတဲ့ ဘာသာစကားတွေကနေ တစ်ဆင့် ဖြစ်တည် ပေါက်ဖွားလာတာဖြစ်ပါတယ်။ အရင်းမူလတွေဟာ တစ်မျိုးတည်းက လာတာ မဟုတ်ပါဘူး။ မူရင်း တွေကို ရှာကြည့်ရင် မြန်မာစစ်စစ်ဆိုတဲ့အရာတွေ အတော်ရှားပါးနေတာ တွေ့ရပါလိမ့်မယ်။ ဒီဝိဝါဒတွေရဲ့ အဖြေကို သမိုင်းနဲ့ မနုဿဗေဒက အဖြေထုတ်ပေးနိုင်ပါလိမ့်မယ်။
ဒီသဘောတရားတွေကို လေ့လာကြည့်ရင် လူမျိုးဆိုတဲ့အစွဲ၊ ဘာသာဆိုတဲ့အစွဲ၊ ယဉ်ကျေးမှုဆိုတဲ့အစွဲတရား တွေကို အတော်အတန် ဖြေဖျောက်နိုင်လိမ့်မယ်လို့ ယူဆပါတယ်။ မနုဿဗေဒ၊ သမိုင်းဗေဒတွေကနေရှုကြည့် ပြီး အမျိုးသားရေးဝါဒဆိုတာကို မှန်ပြောင်းရှည်ရှည်နဲ့ ကြည့်နိုင်မှ လက်တွေ့ကျမယ်လို့ ယုံကြည်ပါတယ်။

မျှခြေသဘောကို နားလည်

အမျိုးသားရေးဝါဒဟာ နှစ်ဖက်ဓားသွားနဲ့ တူပါတယ်။ မျက်နှာစာ နှစ်ဖက်ရှိပါတယ်။ ကောင်းကျိုးရှိသလို၊ ဆိုးပြစ် လည်း ရှိပါတယ်။

ကောင်းကျိုးတွေကတော့ စည်းလုံးညီညွှတ်ဖို့အတွက် ကော်စေးဖြစ်တယ်။ ညီညီညွတ်ညွတ် ဝိုင်းဝန်းကြရမယ့် နေရာတွေအတွက် ကောင်းမွန်တယ်။ ဒါပေမယ့် စကားနှစ်ခုကိုတော့ ချင့်ချိန်ရမှာဖြစ်ပါတယ်။

• တစ်ယောက်အားနဲ့ ယူသော် မရ၊ တစ်သောင်းအားနဲ့ ယူသော် ရ၏။
• ပန်းချီဆရာ အယောက်တစ်ထောင်ကို တစ်ကန့်စီခွဲပေးပြီး ရေးခိုင်းလိုက်လို့ ‘မိုနာလီဆာ’ ပန်းချီကား ဖြစ်မလာနိုင်ဘူး….။

စည်းလုံး ညီညွတ်ခြင်းဟာ ကောင်းပါတယ်။ ဒါပေမယ့် နေရာတိုင်းသုံးလို့ မရပါဘူး။ ကိုလိုနီနိုင်ငံအဖြစ်က လွတ်မြောက်ဖို့ တော်လှန်ရေးလုပ်ငန်းမှာ စည်းလုံးညီညွတ်စွာ လုပ်ကြလို့ အောင်မြင်ခဲ့ပေမယ့်၊ လွတ်လပ်ပြီး နိုင်ငံထူထောင်ပြီး တိုင်းပြည်မှာ ဘုံလယ်ယာစနစ် တည်ထောင်လို့ ပျက်စီးခဲ့တဲ့ သာဓကပေါင်းများစွာ ရှိပါ တယ်။ ပေါင်းစည်းခြင်းမှာ ဘယ်လိုနည်းနဲ့ ပေါင်းစည်းမလဲ ဆိုတာ အရေးကြီးပါတယ်။

အများညီ ‘ဤ’ ကို ‘ကျွဲ’ ဖတ်တဲ့ အခြေအနေဟာလည်း မကောင်းမွန်ပါဘူး။ စုပေါင်းစွမ်းအားနဲ့ တစ်ဦးချင်း စွမ်း အားကို မျှခြေကြည့်နိုင်ဖို့ လိုပါတယ်။ စည်းလုံးညီညွတ်မှုဆိုပြီး ကြီးထွားလာရင် ကြာလာတော့ ၊ group think လို့ခေါ်တဲ့ အုပ်စုတွေး ကနေ ဖောက်မထွက်နိုင်တာလည်း ကြုံရနိုင်ပါတယ်။ တစ်ဦးချင်း လွတ်လပ်ခွင့်ကို ဦးစားပေးပြီးတော့ လွှတ်ပေးလိုက်ရင်လည်း လမ်းပေါ်ထွက် ဆေးရိုးလှမ်းမယ့်လူတွေ ရှိနိုင်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းက သူ့မိန့်ခွန်းတစ်ခုမှာ ပြောခဲ့ဖူးပါတယ်။

‘လွတ်လပ်ပြီ လွတ်လပ်ပြီ ဆိုပြီး လမ်းပေါ်ထွက် ဆေးရိုးလှမ်းလို့တော့ မရဘူး’ ဆိုတဲ့ စကားဖြစ်ပါတယ်။ ဒီစကားဟာ သိပ်ကောင်းပါတယ်။ လမ်းဆိုတာအရာက အများပိုင်ဖြစ်ပါတယ်။ အများသုံးဖြစ်ပါတယ်။ လမ်း အသုံးပြုခြင်းဟာ Community Right ဖြစ်ပါတယ်။ ဆေးရိုးလှမ်းတာကတော့ တစ်ဦးချင်းကိစ္စ ဖြစ်ပါတယ်။ တစ်ဦးနဲ့ ဆိုင်တဲ့ကိစ္စဖြစ်ပါတယ်။ တစ်ဦးချင်း လွတ်လပ်ခွင့်ဖြစ်ပါတယ်။ individual right ဖြစ်ပါတယ်။ ဒီနေရာမှာ လွတ်လပ်ရေးကို အကြောင်းပြုပြီး လမ်းမပေါ် ဆေးရိုးလှမ်းလို့ မရပါဘူး။ community right နဲ့ individual right ကို မျှခြေညှိရမှာ ဖြစ်ပါတယ်။ စည်းပေါက်လို့ မရပါဘူး။

တစ်ဦးချင်း လွတ်လပ်ခွင့်ဟာ ရှိရပါမယ်။ ရှိသင့်ပါတယ်။ လိုလည်း လိုအပ်ပါတယ်။ ဒါပေမယ့် ကိုယ့်လွတ်လပ် ခွင့်ဟာ တစ်ပါးသူကို မထိခိုက်စေရပါဘူး။ မထိခိုက်စေသင့်ဘူး။ တစ်ဦးချင်း လွတ်လပ်ခွင့်ကို သုံးစွဲတဲ့နေရာမှာ တာဝန်ယူမှု တာဝန်ခံမှု တွဲပြီးပါလာရမယ်။ တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့ လွတ်လပ်မှုဟာ တကယ့်လွတ်လပ် မှု မဟုတ်ပါဘူး။ အချီးနှီးဖြစ်ပါတယ်။ အန္တရာယ်ရှိပါတယ်။
တစ်ဦးချင်း လွတ်လပ်ခွင့်အရ ပြောတယ်၊ ဆိုတယ်ဆိုတာကို လက်ခံပါတယ်။ ဒါပေမယ့် ကိုယ်ပြောလိုက်တဲ့ စကားကို ကိုယ်တာဝန်ယူရမှာဖြစ်ပါတယ်။ ဒါမှ အနှစ်သာရရှိတဲ့ လွတ်လပ်မှုဖြစ်ပါတယ်။ ဗရမ်းဗတာဖြစ်တာ နဲ့ လွတ်လပ်မှု ဆိုတာက လုံးဝ မတူပါဘူး။ ခြားနားပါတယ်။

အုပ်စုရဲ့အခွင့်အရေး တနည်းအားဖြင့် community right ဆိုတာကလည်း တစ်ဦးချင်း လွတ်လပ်ခွင့်ကို မထိပါး သင့်ဘူး။ တရုတ်မှာ ဖြစ်ခဲ့ဖူးတဲ့ ကိစ္စ ရှိပါတယ်။ ကမ္ဘောဒီးယားမှာလည်းဖြစ်ခဲ့ဖူးတယ်။ တရုတ်မှာ လူဦးရေ များလွန်းလို့ အစိုးရက မူဝါဒချမှတ်ပါတယ်။ တစ်အိမ်ထောင် ကလေးတစ်ယောက် မူဝါဒဖြစ်ပါတယ်။ One Child Policy ဖြစ်ပါတယ်။ ကွန်မြူနစ်အစိုးရဖြစ်လို့ တစ်ဦးချင်း ဘဝကို ချုပ်ကိုင်လို့ ရနေပါတယ်။ ခြင်ထောင်ထဲက ကိစ္စကို အစိုးရက ဝင်ရောက်စွက်ဖက်တာ ဖြစ်ပါတယ်။ တနည်းအားဖြင့် တစ်ဦးချင်း ကိစ္စကို လူ့အဖွဲ့အစည်း ကြီးကိစ္စအကျိုးအတွက် ဝင်ရောက်စွက်ဖက်တာဖြစ်ပါတယ်။ ကမ္ဘောဒီးယားမှာလည်း ခမာနီအစိုးရ လက်ထပ်က ဖြစ်ခဲ့ဖူးပါတယ်။ အတင်းအကျပ် အိမ်ထောင်ပြုခိုင်းတဲ့ကိစ္စပါ။ ပိုပေါ့အစိုးရ ဖြစ်မယ် ထင်ပါတယ်။ ကမ္ဘောဒီးယား က နယ်ကျယ်တယ်။ လူနည်းနည်းလေးပဲ ရှိတယ်။ ဒါ့ကြောင့် ကိုယ့်နယ်ကို ကိုယ်ကာကွယ်နိုင်လောက်တဲ့ လူဦးရေ ရှိရမယ်။ ဒါ့ကြောင့် အမျိုးသမီးတွေကို အတင်းအကျပ် လက်ထပ်ခိုင်းပါတယ်။ ယောက်ျားဖြစ်ရင် ပြီးရောဆိုပြီး တစ်ဦးချင်း ချစ်ခင်နှစ်သက်မှုကို မစဉ်းစားဘဲနဲ့ မျိုးဆက်ပွားခိုင်းဖို့ အတင်းအဓမ္မ လက်ထပ်ခိုင်း ပါတယ်။ ဒါဟာ တစ်ဦးချင်း လွတ်လပ်ခွင့်ကို စော်ကားလိုက်တာ ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ ကမ္ဘောဒီးယားမှာ ဖအေ မပေါ်တဲ့ ကလေးတွေ မြောက်များစွာ ပေါ်ထွက်လာတယ်။ ကိုယ့်ယောက်ျား ဘယ်သူ ဘယ်ဝါမှန်း မသိတဲ့ ကမ္ဘောဒီးယား အမျိုးသမီးတွေ မြောက်မြားစွာ ပေါ်ထွက်ခဲ့ဖူးတယ်။ အခုအချိန်ထိလည်း အသက်ရှင်ကျန်ရစ် တဲ့ လူတွေ ရှိနေဆဲ ဖြစ်ပါတယ်။
ဒါဟာ လူအုပ်စုကိစ္စနဲ့ တစ်ဦးချင်း ကိစ္စကို မျှခြေမညှိနိုင်လို့၊ ဖြစ်ခဲ့ကြတဲ့ ဆိုးရွားတဲ့ သက်သေသာဓကတွေ ဖြစ် ပါတယ်။

ညီညွတ်မှု အန္တရာယ်

စည်းလုံးမှု ၊ ညီညွတ်မှုကို အကြောင်းပြုပြီး တစ်ဦးချင်း ဘဝတွေကို စတေးလိုက်ရတဲ့ ကိစ္စရပ်တွေ အများအပြား ရှိနေပါတယ်။ စည်းလုံးမှုကို အကြောင်းပြုပြီး တစ်ဦးချင်း အစွမ်းအစတွေကို အသတ်ခံလိုက်ကြရတယ်။ ဒီလို ဖြစ်ရပ်တွေဟာ အများကြီး ရှိခဲ့ဖူးပါတယ်။ ရှိလည်း ရှိနေပါတယ်။ စည်းလုံးမှုကို အကြောင်းပြုပြီး မတူတဲ့ အိုင်ဒီယာတွေ၊ မတူတဲ့အတွေးအခေါ် အယူအဆတွေကို သင်းသတ် ပစ်ကြတယ်။ ဖယ်ရှားပစ်ကြတယ်။ သုတ်သင်ပစ်ကြတယ်။ အယူအဆသစ်တွေ၊ အိုင်ဒီယာသစ်တွေ၊ နည်းနာသစ်တွေ၊ တီထွင်မှုအသစ်တွေ ကျဆုံးကုန်ကြတယ်။

ဒီနေရာမှာ ပြောချင်တာက ညီညွတ်ခြင်းဟာ သူ့နေရာနဲ့သူ ဖြစ်ပါတယ်။ နေရာတကာ ညီညွတ်နေတာ မကောင်းပါဘူး။ အတွေးအခေါ်သစ်၊ အိုင်ဒီယာအသစ်၊ နည်းနာသစ်တွေဆိုတာ ညီညွတ်ခြင်း၊ အားလုံးတူညီ နေခြင်းက ပေါက်ဖွားလာတာ မဟုတ်ပါဘူး။ ဆန့်ကျင်ဘက်အရာတွေ တွန်းတိုက်ပြီးတော့ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အတွေးအခေါ်၊ အယူအဆ၊ အမြင်မတူတာဟာ မညီညွတ်တာ မဟုတ်ဘူးဆိုတာကိုလည်း နား လည်ထားသင့်တယ်။ အမြင်တွေ မတူရင်လည်း ညီညွတ်စွာနေထိုင်လို့ ရပါတယ်။ ညီညွတ်စွာနေထိုင်ရင်း အမြင်တွေ မတူခွင့်၊ သဘောထားတွေ ကွဲလွဲခွင့်ရှိနေပါတယ်။ မတူခြင်းဟာ ကွဲပြားခြင်း မဟုတ်ဘူး ဆိုတာ သတိချပ်သင့်ပါတယ်။

လစ်ဘရယ်လှိုင်း နဲ့ အမျိုးသားရေးလှိုင်း

အုပ်စုမှာလည်း အုပ်စုအလျောက် စွမ်းရည်တွေ ရှိတယ်။ တစ်ဦးချင်းမှာလည်း တစ်ဦးချင်းအလျောက် စွမ်းရည် တွေ ရှိတယ်။ တစ်ဦးနဲ့အများ ထိပ်တိုက်မတွေ့အောင် စီမံခန့်ခွဲကြရမှာဖြစ်ပါတယ်။ အမျိုးသားရေးဝါဒဟာ လူမျိုးအုပ်စုလိုက်ဝါဒဖြစ်လို့ အုပ်စုအလွှာတစ်ခုလုံးကို တည်ပြီး စဉ်းစားတယ်။ အဲသည့်အခါမှာ အမျိုးသားရေး ဝါဒနဲ့ တစ်ဦးချင်းအကြားမှာ ပြဿနာတွေ ဖြစ်လာရတယ်။
အမျိုးသားရေးဝါဒဟာ ရံဖန်ရံခါ တစ်ကိုယ်တော်လွတ်လပ်ခွင့်ကို ဦးစားပေးတဲ့ လစ်ဘရယ်ဒီမိုကရေစီနဲ့ ထိပ် တိုက်တွေ့လာစရာ ရှိပါတယ်။ မတူကွဲပြားမှုကို လက်ခံတဲ့သဘောထားဟာ လစ်ဘရယ်မှာ ရှိပါတယ်။ အမျိုးသားရေးဝါဒဟာ တူအောင်ဆွဲစုတာဖြစ်ပြီး မတူခြင်းကို ဖယ်ကျဉ်တာဖြစ်ပါတယ်။ နိုင်ငံကို ချစ်တာ ကောင်းပါတယ်။ လူမျိုးကို ချစ်တာကောင်းပါတယ်။ သို့ပေမယ့် ဆင်ခြင်တုံတရားမဲ့စွာ ပြုမူတာ မကောင်းပါဘူး။

ရှေးရိုးစွဲ အမျိုးသားရေးဝါဒီ

အစွန်းရောက်မျိုးချစ်တွေဟာ ခေတ်နဲ့လျော်ညီမှု မတွေ့ရတာ တွေ့ရပါတယ်။ တိုးတက်လာတဲ့ခေတ်မှာ နယ်နိမိတ်တွေကို ဘောင်ခတ်လို့ မရတော့ဘူး။ လူတွေဟာ တစ်နေရာတည်းမှာ ကျောက်ချနေထိုင်ကြတာ မဟုတ်တော့ဘူး။ အလုပ်အကိုင်အားဖြင့်၊ ပညာသင်ယူရေးအားဖြင့် ကူးလူးဆက်ဆံနေကြတယ်။ ယဉ်ကျေးမှု တွေလည်း ရောကုန်တယ်။ ထပ်ကုန်တယ်။ နယ်နိမိတ်တွေနဲ့သာ စည်းခြားထားတာ၊ လူတွေက ရောယှက် ကုန်တယ်။ ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်ကလည်း အပျံ့ကျယ်လာတယ်။ အနုပညာတွေ၊ ဂီတတွေ၊ ယဉ်ကျေး မှုတွေ၊ ဘာသာစကားတွေ၊ စားသောက်နေထိုင်ပုံတွေက နယ်နိမိတ်မျဉ်းတွေကို ဖျက်ပြီး စီးလာတယ်။

ဒီလို ဂလိုဘယ်လိုက်ဇေးရှင်းသက်ရောက်မှုတွေနဲ့ ထိပ်တိုက်တိုးမိတဲ့လူတွေ ရှိပါတယ်။ အဲသည့်အထဲမှာ ကွန်ဆာဗေးတစ်နေရှင်နယ်လစ်တွေ အများကြီးပါဝင်နေပါတယ်။ ကွန်ဆာဗေးတစ်နေရှင်နယ်လစ်ဆိုတာ၊ ရှေးရိုးစွဲအမျိုးသားရေးဝါဒီကို ပြောတာဖြစ်ပါတယ်။ ခေတ်ကို ဆန့်ကျင်ပြီး အမျိုးသားရေးစရိုက်လက္ခဏာလို့ မှတ်ယူထားတဲ့အရာတွေကို တမ်းတမ်းစွဲဖြစ်နေတတ်ပါတယ်။ အမျိုးသားရေးကိစ္စဆိုတာ နှစ်ပေါင်းများစွာ တရားသေဆုပ်ကိုင်ထားလို့ရတဲ့အရာ မဟုတ်ပါဘူး။ ခေတ်အလိုက် အလိုက်သင့် ပြောင်းလဲတိုးတက်သွားရမယ့် အရာဖြစ်ပါတယ်။ လူ့သမိုင်း၊ လူ့အသိုင်းအဝိုင်းဆိုတာ တဖြည်းဖြည်းနဲ့ အဆင့်မြင့်တက် ပြောင်းလဲလာရင်း ယဉ်ကျေးမှုမြင့်တဲ့လူ့အဖွဲ့အစည်းကို ရောက်ရှိလာဖြစ်ပါတယ်။

ပြောင်းလဲလူ့အဖွဲ့အစည်း

အသားစိမ်း ငါးစိမ်း စားတဲ့ ဘဝကနေ စိုက်ပျိုး လူ့အဖွဲ့အစည်းဖြစ်လာတယ်။ စိုက်ပျိုးတတ်တော့၊ မွေးမြူတတ် လာတယ်။ မွေးမြူတတ်တော့ ခိုင်းတတ်လာတယ်။ တိရိစ္ဆာန်တွေကို ခိုင်းတတ်လာပြီးတော့၊ နေရာ အတည် တကျ နေထိုင်တတ်လာတယ်။ ရေကြည်ရာ မြက်နုရာ မသွားတော့ဘူး။ တဖြည်းဖြည်းနဲ့ အခြေချနေထိုင်လာ ရင်း ယဉ်ကျေးမှု တစ်ဆင့်တစ်ဆင့် မြင့်တက်လာတယ်။ စိုက်ပျိုးခေတ်၊ စက်မှုခေတ်၊ သတင်းနည်းပညာခေတ်၊ ဂလိုဘယ်လှိုင်းစီးတဲ့ခေတ်… စသည်ဖြင့် တိုးတက်လာပါတယ်။

အမျိုးသားရေးဝါဒဟာ ပြောင်းလဲလာတဲ့ လူ့အဖွဲ့အစည်းနဲ့အတူ လိုက်လျောညီထွေ ဖြစ်တည်လာမှ သက်ဆိုး ရှည်နိုင်ပါတယ်။ ဒီလိုမှ မဟုတ်ရင်၊ အသစ်ဖြစ်တည်လာတဲ့ လူ့အဖွဲ့အစည်း နဲ့ ရှေးရိုးစွဲ အမျိုးသားရေးဝါဒဟာ ထိပ်တိုက်တွေ့ပြီး ပဋိပက္ခတွေ ဒင်းကြမ်းပြည့်လာပါလိမ့်မယ်။ အမျိုးသားရေးဝါဒဟာ ရုပ်ကြမ်း အဆင့်ကနေ တက်ဖို့ လိုပါတယ်။ ရုပ်ကြမ်းအဆင့်ကနေ ရုပ်ချောအဆင့်ကို ပြောင်းနိုင်မှ ကောင်းပါလိမ့်မယ်။

ဒီမိုကရေစီကို ကြည့်ပါ။ ဒီမိုကရေစီဆိုတာ အရင်းရှင်ဝါဒနေ တစ်ဆင့် ထပ်ဆင့်ပေါက်ဖွားလာတာဖြစ်ပါတယ်။ အရင်းရှင်ဒီမိုကရေစီဟာ ရုပ်ကြမ်းအဆင့်ဖြစ်ပါတယ်။ လစ်ဘရယ်ဒီမိုကရေစီက ရုပ်ချောအဆင့်ဖြစ်ပါတယ်။ အကြမ်းထည်ဘဝကနေ အနုထည် ဘဝကို ပြောင်းလဲလာပြီးဖြစ်ပါတယ်။ အရင်းရှင်ဒီမိုကရေစီမှာတွေ့ရတဲ့ အားနည်းချက်တွေကို လစ်ဘရယ်ဒီမိုကရေစီမှာ မတွေ့ရပါဘူး။ ပြောင်းလဲထားပါတယ်။ အလိုက်သင့် ပေါင်းစည်းထားတာတွေလည်း ရှိပါတယ်။ အမျိုးသားရေးဝါဒကလည်း ထိုနည်းလည်းကောင်းပဲဖြစ်ပါလိမ့်မယ်။

နယ်ချဲ့ဆန့်ကျင်ရေးအမျိုးသားရေးဝါဒနဲ့ အစပြုခဲ့ကြတယ်။ ဒီလိုနည်းနဲ့ တိုင်းပြည်စွဲ၊ လူမျိုးစွဲတွေ ပါဝင်လာ တယ်။ ရှေးရိုးစွဲအမျိုးသားရေးဝါဒဟာ ပြောင်းလဲမှု၊ တိုးတက်မှုတို့ကို ဆန့်ကျင်နေတာဖြစ်လို့ ဥခွံထဲမှာနေတဲ့ လူမျိုးတွေအတွက်သာ အသုံးတည့်ပါလိမ့်မယ်။ တိုးတက်ပြီး အမြင်သစ်ရှိတဲ့လူမျိုးတွေကို ဆွဲဆောင်နိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် အကြမ်းထည်အမျိုးသားရေးဝါဒကနေ အချောထည် အမျိုးသားရေးဝါဒဆီကို ပြောင်း လဲမှသာလျှင်၊ အမျိုးသားရေးဝါဒဟာ (၂၁) ရာစုနဲ့ အသုံးတည့်မယ်လို့ယူဆပါတယ်။

ခေတ်ကိုတိုင်ကလည်း ယဉ်ကျေးမှုတွေ၊ လူမျိုးတွေ ရောစပ်ပါဝင်နေတာဖြစ်လို့ လူမျိုးအခြေပြု အမျိုးသားရေး ဝါဒဟာ အလုပ်မဖြစ်နိုင်ပါဘူး။ နိုင်ငံအခြေပြုအမျိုးသားရေးဝါဒကတော့ လက်တွေ့ကျနိုင်ပါတယ်။ သို့သော် လည်း နိုင်ငံနဲ့ လူမျိုးရေးကိစ္စကို ဘယ်လို ပိုင်းခြားမြင်အောင်ကြည့်မလဲဆိုတာ ခက်ခဲနိုင်ပါလိမ့်မယ်။ အစွန်းရောက်အမျိုးသားရေးဝါဒနဲ့ ရှေးရိုးစွဲအမျိုးသားရေးဝါဒဟာ ပညာတတ်လူတန်းစားနဲ့ လူလတ်တန်းစား အလွှာကို ရေရှည်ဆွဲဆောင်နိုင်မှာ မဟုတ်ပါဘူး။ လစ်ဘရယ်အမျိုးသားရေးဝါဒကတော့၊ ပိုပြီး စမတ်ကျတဲ့ နိုင်ငံရေးဝါဒ ဗားရှင်းအသစ် ဖြစ်နိုင်ပါတယ်။

မင်းသေ့
ည ၈ း ၂၇
၁၃ ၊ မေ ၊ ၂၀၁၉ ။

Previous post မြန်မာ့အပြောင်းအလဲ
Next post ကျင့်ထုံးပျက် လူ့အဖွဲ့အစည်း