ကျနော် ကြိုးစားအားထုတ်သမျှသော အရာတွေနဲ့ပတ်သက်ရင်၊ ကျနော် အမြဲတမ်းလိုလို နှလုံးသွင်းပြီးလုပ်လေ့ ရှိတဲ့ အကျင့်လေး တစ်ခုရှိတယ်။ အဲဒါကတော့ — “ငါ အားထုတ်သမျှအရာတွေက အဟောသိကံတော့ ဖြစ်သွားမှာ မဟုတ်ဘူး” ဆိုတဲ့ အချက်ပါပဲ။ ငါအားထုတ်သမျှ ငါ လုပ်ကိုင်သမျှအရာတွေဟာ တနည်းနည်းနဲ့ တော့ အကျိုးပေးလိမ့်မယ်လို့ ကျနော့်မှာ ယုံကြည်ထက်သန်တဲ့စိတ်ရှိပါတယ်။ အထူးသဖြင့် ကောင်းသော အကြောင်းတရားတွေကို လုပ်တဲ့အခါ၊ ချက်ချင်းလက်ငင်း အကျိုး မပြတာတွေ အတော်များများ ရှိတယ်။ ဒါပေမယ့် ကျနော့် ယုံကြည်စိတ်ဟာ — ငါ အားထုတ်တဲ့အရာက အဟောသိကံတော့ မဖြစ်ဘူး…. လို့၊ ကိုယ့် ဘာသာသိမှတ်လက်ခံထားတယ်။ ဒါဟာ ကျနော့် နှလုံးသွင်းမှုပါ။

ကျနော် စာရေးခြင်းအလုပ်ကို စဉ်ဆက်မပြတ် တစိုက်မတ်မတ် လုပ်လာတာ အတော်ကြာပါပြီ။ အခုလည်း ဆက်လုပ်အုံးမယ်။ နောက်လည်း လုပ်ခွင့်ရသမျှ ဆက်လုပ်နေမယ်။ အနာဂတ်မှာ ရေးခွင့်သားခွင့်ရှိအောင်လည်း ကြိုတင်ပြင်ဆင်နေထိုင်ပါတယ်။ ကိုယ်ယုံကြည်တဲ့အလုပ်ကို ဘယ်လောက်အချိန်ကြာကြာ စွဲစွဲမြဲမြဲ လုပ်နိုင် သလဲဆိုတာ အရေးကြီးတယ်။ 

တချို့ကတော့ လုပ်ချင်စိတ် ရှိပေမယ့် လုပ်ခွင့်ရတဲ့ အခြေအနေကို ကိုယ့်လက်ထဲမှာ မထားနိုင်ဘူး။ ကျနော့် သဘောကတော့ – ကိုယ်ယုံကြည်တာကို တစိုက်မတ်မတ် လုပ်နေနိုင်ခွင့်ဟာ သူများပေးရတာ မဟုတ်ဘူး။ ကိုယ်တိုင် ဖန်တီးယူတာလို့ နားလည်ထားတယ်။ ကိုယ်ယုံကြည်တာကို မယိမ်းမယိုင်နဲ့ တစိုက်မတ်မတ် လုပ်နေ နိုင်ခွင့်ဟာ သူများပေးလို့ ရတာ မဟုတ်ဘူး။ ကိုယ်တိုင် ရွေးချယ်ရတာ။ 

လုပ်ရပ်တိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်ဆိုတဲ့ နိယာမကို ကျနော် လက်ခံထားတယ်။ အကြောင်း – အကျိုး ဆက်စပ်မှုကို ကျနော် လက်ခံထားတယ်။ အကြောင်းရှိရင် — အကျိုးဖြစ်မယ်ဆိုတာကို လက်ခံထားတယ်။ အကျိုးကောင်းဖြစ်ဖို့ အကြောင်းကောင်းတွေ ဖန်တီးထားရမယ်ဆိုတဲ့ ယုံကြည်ချက်ထားပါတယ်။ 

ကိုယ်လုပ်သမျှ အလုပ်တွေဟာ — ချက်ချင်းလက်ငင်း အကျိုးပေးချင်မှ ပေးမယ်။ အကြောင်းအကျိုး ညီညွတ် တဲ့အချိန် အကျိုးပေးလိမ့်မယ်။ ဒါဟာ ကျနော့် ယုံကြည်ချက်ပါ။ 

အထူးသဖြင့် အသိပညာလေ့လာဆည်းပူးတဲ့အလုပ်မှာ – ကျနော်ဟာ အကြောင်းအကျိုး ဆက်နွှယ်မှုကို အထူး အာရုံပြုထားပါတယ်။ ကိုယ်ရှာဖွေစုဆောင်းထားတဲ့ အသိဗဟုသုတဟာ တနည်းနည်းနဲ့ ကိုယ့်ဘဝကို ကျေးဇူးပြု တယ်လို့ လက်ခံတယ်။ ကိုယ်ဖတ်လိုက်တဲ့စာ၊ ကိုယ်နားလည်ထားတဲ့အကြောင်းအရာ။ ဒါကို ကိုယ်ဟာ ဖတ်ပြီး နားလည်ပြီး ပြန်မမှတ်မိတော့လောက်အောင် မေ့သွားချင် မေ့သွားမယ်။ ဒါပေမယ့် ကိုယ်လေ့လာဆည်းပူးခဲ့တဲ့ အသိဟာ သတ္တိအနေနဲ့ ကျန်ခဲ့တယ်လို့ ကျနော် ယုံကြည်တယ်။ ဓာတ်သတ္တိအနေနဲ့ ကျန်ခဲ့တယ်။ 

ကိုယ်က တကူးတက နားလည်အောင် ကြိုးစားယူတဲ့ ဘာသာရပ်တွေ ရှိခဲ့ပါတယ်။ အခုလည်း ရှိနေဆဲပါပဲ။ ဘာသာရပ်တစ်ခု၊ ပညာရပ်တစ်ခုကို တဖြည်းဖြည်းနဲ့ နားလည်အောင် လေ့လာဆည်းပူးရတာဟာ ကျေနပ်စရာ ကောင်းတယ်။ ခေါင်းထဲမှာ တစ်ခုခုကို ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်သွားရတာလောက် အားရ ကျေနပ်စရာကောင်းတာ မရှိဘူး။ ငါ ဘာ့ကြောင့် ဒီအလုပ်တွေကို လုပ်နေတာလဲလို့ မေးရင် — သိနားလည်ချင် လို့ ဆိုတဲ့ စကားတစ်ခွန်းနဲ့ ဖြေလို့ ရတယ်။ 

သိအောင်နားလည်အောင် လုပ်ခဲ့တဲ့အားထုတ်မှုတွေကို မရပ်တန်း မနားတန်း လုပ်လာတာ – အခုဆိုရင် (၁၅) နှစ်ကျော်ပြီ။ တချို့ကလည်း ပြောကြတယ် — နာရီပေါင်း တစ်သောင်းတဲ့။ နာရီပေါင်းတစ်သောင်းပြည့်တဲ့အခါ၊ ဒါဟာ ပေမှီဒေါက်မှီတဲ့ ပြီးမြောက်မှုတစ်ခုကို မုချ ရလိမ့်မတဲ့….။ 

လေ့လာခြင်း၊ ဆည်းပူးခြင်း၊ သင်ယူခြင်း၊ ရေးသားဖြန့်ချိခြင်းအလုပ်အားလုံးရဲ့ အချိန် အပေါင်းအစုကို တွက်ကြည့်ရင်၊ ကျနော့်အတွက် နာရီပေါင်း တစ်သောင်းတော့ မကတော့ပါဘူး။ ဒါပေမယ့် အခုထိ မရပ်ချင်သေး ဘူး၊ မနားချင်သေးဘူး။ 

ကိုယ်ကျင်လည်တဲ့ ဝန်းကျင်တွေကို ငြီးငွေ့သွားတာ၊ စိတ်ပျက်သွားတာ၊ ထုံသွားတာ၊ အူသွားတာမျိုး ရှိပေမယ့် ဝန်းကျင်အသစ်အသစ်တွေကို ပြောင်းလဲပြီး ကျနော် ခြေဆန့် ခရီးနှင်ပါတယ်။ စိတ်ပျက်အားငယ်မှုတွေလည်း ဘဝမှာ ကြုံခဲ့ပါတယ်။ ရံဖန်ရံခါ စိတ်လေတာမျိုး၊ စိတ်က ပျံ့လွင့်နေတာမျိုးလည်း ရှိပါတယ်။ ဒါပေမယ့် လုပ်နေ တဲ့အလုပ်တွေအပေါ်  တစိုက်မတ်မတ် ရှိဖို့ သတိကပ်ထားပါတယ်။ 

မင်းသေ့ 

ည ၁၁း၃၀ 

၂၀ ၊ စက်တင်ဘာ၊ ၂၀၂၂။

Previous post ရှေ့နောက် ညီကြရအောင်
Next post ကျော်ဝင်း နဲ့ မင်းသေ့