ပြီးခဲ့တဲ့ ဩဂုတ်လတုန်းက – အဝေးက မိတ်ဆွေတစ်ယောက်က မန္တလေးမှာ၊ စာအုပ်တွေ ရှာရင်း ဖွေရင်း – ကျော်ဝင်း နဲ့ မင်းသေ့ ကို တွဲပြီး မြင်လိုက် တွေ့လိုက်ရလို့ “ကျက်သရေရှိလိုက်တဲ့ ဖြစ်ခြင်း” လို့ သုံးနှုန်းပြီး၊ ချီးမွှမ်းခန်းတဲ့ စကားလေး လှမ်းပို့တယ်။ ပြီးတော့ စာအုပ်ပုံကိုလည်း လှမ်းပို့လိုက်သေးတယ်။ 

စာဖတ်သမားတွေထဲမှာ ကျနော့်ကို မင်းသေ့ရဲ့ ကိုယ်ပိုင်သီခြားဟန်နဲ့ ရေးသားဖို့ လွန်ခဲ့တဲ့ လေးငါးနှစ်လောက်ကတည်းက တိုက်တွန်းလာတဲ့ မိတ်ဆွေတွေ ရှိသလို၊ ဆရာကျော်ဝင်းတို့ မျိုးဆက်နောက်ပိုင်း အားကိုးအားထားပြုရမယ့် နိုင်ငံရေးစာရေးဆရာတစ်ယောက်လို့ မှတ်ယူထားခဲ့တဲ့ စာဖတ်သမားတွေလည်း ရှိကြပါတယ်။ တချို့ကလည်း ဆရာကျော်ဝင်းရဲ့ အယူအဆနဲ့ ရှု့ထောင့်တွေကို မကြိုက်လို့ မနှစ်သက်လို့ – လူပုဂ္ဂိုလ်အစွဲနဲ့ တိုက်ခိုက်တာတွေ တွေ့ရပါတယ်။ ကျနော့်ကိုလည်း နေ-စူး-ကျော် နောက်ပေါက်ထဲက စာရေးဆရာတစ်ယောက်လို ထင်မှတ်ဆက်ဆံကြတာတွေလည်း ကြုံဖူးပါတယ်။ 

ကျနော်ဟာ ဆရာကျော်ဝင်းရဲ့ စာပေအမြောက်အမြားကို ဖတ်ရှုလာခဲ့သူ လူငယ်စာဖတ်သမားတစ်ယောက်ဆိုတာ သီးခြားဝန်ခံနေစရာ မလိုပါ။ ကျနော် ရေးသားတဲ့ စာအုပ်အညွှန်းတွေနဲ့ ကျနော်ရေးတဲ့ဆောင်းပါးတွေမှာ ဘယ်လိုရှုမြင်ချက်၊ ဘယ်လိုရေးသားဟန်၊ ဘယ်လိုအကြောင်းအရာတွေဆိုတာ ပေါ်လွင်ပြီးသားဖြစ်ပါတယ်။ ဆရာကျော်ဝင်းဟာ ကျနော်သဘောကျနှစ်ခြိုက်တဲ့ နိုင်ငံရေးစာရေးဆရာတစ်ယောက်၊ ဘာသာပြန်ဆရာတစ်ယောက်၊ လေးစားချစ်ခင်ရတဲ့လူပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း နိုင်ငံရေးဆောင်းပါးတွေ ခပ်စိပ်စိပ် ရေးသားခဲ့တဲ့ ၂၀၁၇ – ၁၈ ခုနှစ် ကာလအပိုင်းအခြားမှာ ကျနော်ဟာ ဆရာကျော်ဝင်းရဲ့ နိုင်ငံရေးဆောင်းပါးရေးဟန်မျိုး လွှမ်းမိုးခံရတာ ရှိခဲ့ဖူးပါတယ်။ ဒါကို တချို့ကလည်း သဘောကျပြီး၊ တချို့ကလည်း မင်းသေ့ဟန်အဖြစ် ကွဲထွက်ရေးသားတာမျိုးကို ဖြစ်စေချင်ကြတယ်။ ဒီလို မှတ်ချက်မျိုးတွေ၊ တိုက်တွန်းချက်မျိုးတွေလည်း အများအပြား ကြားခဲ့ပြီးပါပြီ။ 

ဒီ့နောက်ပိုင်းတော့ ကျနော့်ကို ကနဦးကတည်းက မှတ်ချက်ပေးဖူးတဲ့ စာဖတ်သမားမိတ်ဆွေတွေနဲ့ တွေ့ရင် မေးဖြစ်သေးတယ်။ “ကျနော့်မှာ ကျော်ဝင်းဟန်တွေ တွေ့ရသေးလား” လို့ ပြန်မေးဖြစ်တော့။ “မတွေ့ရတော့ပါဘူး…တဲ့၊ အခုတော့ မင်းသေ့ဟန် အပီအပြင် ပေါ်နေပါပြီ” တဲ့။ 

စာရေးတဲ့သူတိုင်းဟာ သူတို့ အလွှမ်းမိုးခံရတဲ့ စာရေးဆရာတွေ ရှိစမြဲပါပဲ။ ကျနော်ကိုယ်၌ကလည်း တမင်တကာ လွှမ်းမိုးခံရအောင် လုပ်ယူခဲ့ဖူးပါတယ်။ ဒေါက်တာသန်းထွန်းကို သဘောကျလို့ ဒေါက်တာသန်းထွန်းဟန်ကို တုပရေးခဲ့ဖူးတယ်။ လူထုစိန်ဝင်းကို သဘောကျလို့ လူထုစိန်ဝင်းဟန်ကို တုပရေးခဲ့ဖူးတယ်။ ဆရာတော် ဦးဇောတိကကို သဘောကျလို့ ဆရာတော်ဦးဇောတိကဟန်ကို တုပရေးခဲ့ဖူးတယ်။ ဒဂုန်တာရာကို သဘောကျလို့ ဒဂုန်တာရာ့ဟန်ကို တုပရေးခဲ့ဖူးတယ်။ သင့်နော်ကိုသဘောကျလို့ သင့်နော်ရဲ့ဟန်ကို တုပရေးခဲ့ဖူးတယ်။ လူထုဦးလှကို သဘောကျလို့ လူထုဦးလှဟန်ကို တုပရေးခဲ့ဖူးတယ်။ ဒေါက်တာအောင်ခင်ကို သဘောကျလို့ ဒေါက်တာအောင်ခင့်ဟန်ကို တုပရေးခဲ့ဖူးတယ်။ ဒါဟာ စာရေးဆရာတစ်ယောက်ရဲ့ ကနဦးဘဝဖြတ်သန်းမှုမှာ ကြုံတွေ့နေကျ သဘာဝပါပဲ။ သိပ်ပြီး မထူးဆန်းပါဘူး။ 

စာရေးတဲ့သူတွေမှာလည်း အခြေခံဓာတ်သဘောတွေ တူတဲ့ အုပ်စုတွေ ရှိနေတတ်ပါတယ်။ ခေတ်စနစ်ကွာဟလို့သော်လည်းကောင်း၊ သမိုင်းဖြတ်သန်းမှုချင်းမတူမျှလို့သော်လည်းကောင်း အားလုံးကတော့ ထပ်တူကျနိုင်တာမျိုး မဟုတ်ပါ။ ကျနော်ဟာ ဆရာကျော်ဝင်းရဲ့ စာတွေကို အလေးအနက်ထား စွဲစွဲမြဲမြဲ ဖတ်ခဲ့သူတစ်ယောက်ဆိုတာ ဝန်ခံသလို၊ ဆရာ့ရေးဟန်တွေကိုလည်း အတုခိုးရေးခဲ့ဖူးသူတစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် ဆရာကျော်ဝင်းရှုမြင်တဲ့ အယူအဆမျိုးတွေကို လက်ခံသဘောကျခဲ့ဖူးသလို၊ ကျနော်နဲ့ အမြင်အယူအဆ ရှုထောင်ကွဲလွဲတာတွေလည်း ခပ်များများ ရှိခဲ့ပါတယ်။ ဒါဟာ အားလုံးသဘောညီစရာ လိုတဲ့ကိစ္စ မဟုတ်သလို၊ အားလုံးထပ်တူပြုရမယ့်အရာလည်း မဟုတ်ပါဘူး။ 

ကျောင်းတော်က ရန်စ ရှိခဲ့ဖူးသလေလား… သို့တည်းမဟုတ် (ဆရာ) ကျော်ဝင်းကို ပုဂ္ဂိုလ်ရေးအမြင်မကြည်ခဲ့သူတွေက ကျနော့်ကိုလည်း — ဒုတိယကျော်ဝင်း (ခ) မင်းသေ့ လို့ အမည်ပညတ်တာတွေလည်း ရှိတာတွေ့ရပါတယ်။ ဒါတောင်မှ ရိုးရိုးကလေး မဟုတ်ပါဘူး။ ရှေ့မှာ နာမဝိသေသနပုဒ် တစ်ခုကို ညွှန်းပြီး ထည့်ခေါ်ပါတယ်။ “ပါးပါးလေးနဲ့ ပူးသတ်နေသော” ဆိုတာနဲ့ မျဉ်းခတ်ပါတယ်။ 

နိုင်ငံရေးအယူဝါဒနဲ့ နိုင်ငံရေးရဲ့ အတိမ်အနက်၊ လူ့အဖွဲ့အစည်းတွေရဲ့ ဖြစ်တည်မှုသဘောကို သဘာဝကျကျ ယထာဘူတကျကျ နားလည်သဘောပေါက်မှု နည်းပါးတဲ့အခါမှာ – ဘက်နှစ်ဘက်ဘဲ ရှိသကဲ့သို့၊  အဖြူနဲ့ အမည်းပဲ ရှိသကဲ့သို့၊ ရန်သူနဲ့ မိတ်ဆွေ နှစ်မျိုးပဲ ရှိသကဲ့သို့ — အမြင်ကျဉ်းမြောင်းစွာ ရှုမြင်တဲ့အခါ ကျနော်လည်း “ပါးပါးလေးနဲ့ ပူးသတ်သူ” လို့ စွပ်စွဲခံရတာပါပဲ။ 

ကျနော်ကတော့ ခပ်ပြုံးပြုံးဖြစ်မိတယ်။ ကျေးဇူးလည်း တင်တယ်။ 

ကျနော့် အရွယ်၊ ကျနော့် ဖြတ်သန်းမှု၊ ကျနော့် အားထုတ်မှု၊ ကျနော့်အရည်အချင်း၊ ကျနော့် ဖြန့်ချိနိုင်မှုဟာ အလွန်အင်မတန် သေးငယ်နေပါသေးတယ်။ ကျနော်က ကျနော့် ရှေ့က မျိုးဆက် နှစ်ဆက်လောက်ခြားတဲ့ ဆရာ့ဆရာတွေနဲ့ ယှဉ်ဖက်တွဲဖက်ဖြစ်တည်နေတာမျိုး မခံယူဝံ့ပါဘူး။ 

အသက်ရှင်နေသရွေ့၊ အသက်သေဆုံးသည်အထိ စာရေးခြင်းအလုပ်အပေါ်မှာ စွဲမြဲမယ်… ဆိုတဲ့ ယုံကြည်ချက်ကလွဲလို့ တခြားများများစားစား မရှိပါ။ 

ကျနော် ရေးတဲ့စာတွေဟာ စာဖတ်သူလူထုရဲ့ ဘောင်ခတ်မှုကို ငြင်းဆန်ပြီး ကိုယ်တွေ့တာ၊ ကိုယ်မြင်တာ၊ ကိုယ်ယုံကြည်တာ၊ ကိုယ်နားလည်ထားတာ၊ ကိုယ်ခံစားမိတာတွေကိုသာ ရေးပါမယ်။ 

လွတ်လပ်မှုကို တန်ဖိုးထားတဲ့ စာရေးဆရာတစ်ယောက်အဖို့၊ ကိုယ့်ကို အားပေးတဲ့ ပရိသတ်က ဘောင်ခတ်ပေးရင်တောင် ရုန်းထွက်ဖို့ ဝန်မလေးတဲ့ အလေ့အကျင့်ကို‌ မွေးမြူထားပြီးဖြစ်ပါတယ်။ 

မင်းသေ့ 

ညနေ ၄း၀၆

၁၈ ၊ စက်တင်ဘာ၊ ၂၀၂၂။

Previous post အဟောသိကံ မဖြစ်ပါဘူး
Next post အန်ယူဂျီ ဩဇာမညောင်းသေးတဲ့ ကာကွယ်ရေးအဖွဲ့တွေ